← Chapters

သေလုမြောပါးချန်လု

Vol. 1 Ch. 37

သေလုမြောပါးချန်လု

Vol. 1 Ch. 37

“ ဝုန်း.... ဝုန်း....”

မိန်းမလှလေး၏တိုက်ကွက်နှင့် စီးတုမင်၏လက်သီး၊ သံမဏိတံတိုင်း၏လက်ဝါးချက်တို့ထိတ်တိုက်ဆုံတွေ့သွားပြီး ကျယ်‌လောင်သည့်မည်ဟည်းသံကြီးထွက်ပေါ်လာသည်။

ထိတ်တိုက်ရင်ဆိုင်မှုအရှိန်ကြောင့် စီးတုမင်နှင့်သံမဏိတံတိုင်းခြေတစ်လှမ်းစီသာဆုတ်ပေးလိုက်ရသော်လည်း မိန်းမလှလေးကားနောက်ဘက်သို့ခြေလှမ်းအတော်များများ‌ဆုတ်ပေးလိုက်ရသည်။

မိန်းမလှလေး၏ရင်ဘက်ထဲတွင် အောင့်တက်သွားပြီး လည်ချောင်းသို့ဆန်တက်လာသည့်သွေးတစ်လုပ်ကို အံကြိတ်ကမြိုချလိုက်ရာ သူမ၏နှုတ်ခမ်းထောင့်စွန်းတွင် သွေးစီးကြောင်းတစ်ခုထွက်ပေါ်လာသည်။

ထိုမြင်ကွင်းက ထိပ်သီးခြောက်ယောက်ကိုပါအားတက်သွားစေပြီး သူတို့၏တိုက်ကွက်များကိုပို၍ပြင်းထန်လာစေသည်။

သူတို့၏တိုက်ပွဲအစက မိန်းမလှလေး၏အတွင်းအားအပြည့်မရှိသည့်တိုင် သူမနှင့်ထိတ်တိုက်ရင်ဆိုင်မိတိုင်းနောက်ဆုတ်ပေးရသည်သာဖြစ်သည်။

ယခု အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီး စီးတုမင်တို့က တစ်စုံတစ်ရာမဖြစ်သော်လည်း မိန်းမလှလေးကပင် အတွင်းဒဏ်ရာပြန်လည်ရရှိသွားပေသည်။

“ ဝှစ်...”

“ ဝှစ်....”

လေတိုးသံနှစ်ခုကထွက်ပေါ်လာပြီး စီးတုမင်တို့၏လက်ချက်ကြောင့်နောက်သို့လွင့်လာသည့်မိန်းမလှလေးကို ရွှမ်ယွမ်ဓားညီနောင်တို့က အချိန်ကိုက်ဝင်ပိုင်းလိုက်သည် ။

ပေါ့ပါးလျှင်မြန်သည့်ဓားက ခြေအောက်ပိုင်းကိုဦးတည်တိုက်ခိုက်လာ၍ မိန်းမလှလေးလည်းအလျှင်အမြန်လေထဲသို့ခုန်တက်လိုက်ရသည်။

ထိုစဉ် သူမကိုအသင့်စောင့်နေသည့်ကျန်တစ်ယောက်က အားပြင်းသည့်မိုးဓားကွက်ဖြင့် အပေါ်တည့်တည့်မှပိုင်းချလာပြီး ထိုဓားချက်သာမိမိရရထိတွေ့သွားပါက နတ်မိမယ်တမျှလှပသည့်မိန်းကလေးလည်း ထက်ခြမ်းကွဲနေသာ့်အလောင်းတစ်ခုအဖြစ်ကူးပြောင်းသွားပေမည်။

ရွှမ်းယွမ်ဓားညီနောင်တို့၏တိုက်ကွက်များကအချိန်အဆက်မိလှပြီး သူတို့၏ဂုဏ်သတင်းက ကျော်ကြားမှုနှင့်အမှန်ပင်ထိုက်တန်မှုရှိပေသည်။

ယခုလိုအခြေအနေကို သိုင်းဝိဇ္ဇာတစ်ယောက်ပင် ခက်ခက်ခဲခဲလွတ်မြောက်အောင်ရှောင်တိမ်းရမည်ဖြစ်သော်လည်း မိန်းမလှလေး၏ခန္တာကိုယ်က အံ့ဩဖွယ်ကောင်းစွာဖြင့်ရွေ့လျားသွားပြီး အောက်ဘက်မှအားလွန်သွားသည့် တစ်ယောက်၏ဓားဖျားကိုနင်းကာ အပေါ်ဘက်မှလူ၏ မိုးဓားကွက်ကို ရှောင်တိမ်းလိုက်သည်။

“ ဝုန်း....”

ရွှမ်ယွမ်ဓားသမားတစ်ယောက်၏ပြင်းထန်လှသည့်ဓားချက်က မာကျောသည့်မြေပြင်တွင် နက်ရှိူင်းသည့်အက်ကြောင်းကြီးတစ်ခုရှိနေပြီး ထိုနေရာတွင်မိန်းမလှလေးသာရှိနေပါက သူမ၏ကံကြမ္မာကား မတွေးဝံ့စရာပင်။

သို့သော်လည်း မိန်းမလှလေး၏ကိုယ်ဖော့ပညာက အံ့မခန်းကောင်းမွန်လှပြီး လူတိုင်းထင်မှတ်မထားသည့်နည်းလမ်းဖြင့်ရှောင်တိမ်းသွားရာ သူတို့အားလုံး ကြောင်အမ်းအမ်းဖြစ်နေကြသည်။

ထိုအခိုက် အနက်ရောင်အရိပ်တစ်ခုက မိန်းမလှလေး၏နောက်ဘက်မှထွက်‌ပေါ်လာပြီး တောက်ပသည့်ဓားရောင်တစ်ခုကလက်ခနဲထွက်ပေါ်လာသည် ။

ပြင်းထန်သည့်အန္တရာယ်အငွေ့အသက်ကိုခံစားမိလိုက်၍ မိန်းမလှလေးလည်း သူမ၏ခန္တာကိုယ်ကိုအလျှင်အမြန်ရွေ့လျားလိုက်ရသည်။

“ ရွှပ်....”

မိန်းမလှလေး၏နောက်ကျောထက်၌ တစ်လက်မခန့်နက်သည့်ဓားဒဏ်ရာတစ်ခုပေါ်လာပြီး သွေးများက စီးကျလာသည်။

ပထမဆုံးရရှိလာသည့် ဒဏ်‌ရာကြောင့်မိန်းမလှလေး၏ခန္တာကိုယ်ပင်အနည်းငယ်ယိုင်ထိုးသွားသည်။

လူတစ်ယောက်ကိုနောက်ကျောဘက်မှအလစ်ဝင်တိုက်သည်က သိုင်းလောကသားများရှုံ့ချကြသည့်လုပ်ရပ်ဖြစ်ပြီး ယခုကိစ္စကိုလုပ်ဆောင်ခဲ့သူက ကျော်ကြားသည့်သိုင်းထိပ်သီးတစ်ယောက်ဖြစ်နေရာ သိုင်းမဟာမိတ်မှလူများသာမက ကျန်သိုင်းထိပ်သီးများပင်အံ့အားသင့်နေကြ၏ ။

သူတိူ့၏အမူအယာကိုဂရုမစိုက်ဘဲ ချန်လုက သူ၏ဓားတွင်ပေနေသည့်သွေးစက်အချို့ကိုခါချလိုက်ရင်း တင်းမာသည့်လေသံဖြင့်ပြောလိုက်သည်။

“ ဒဏ်ရာရသွားပြီမလား မိစ္ဆာမ မင်းဇာတ်သိမ်းခါနီးပါပြီ...”

ချန်လုက ပြောပြောဆိုဆိုဖြင့် မိန်းမလှလေးကိုလှစ်ခနဲဝင်တိုက်လိုက်ပြန်သည်။

သူ၏အပြုအမူကြောင့် ကျန်လူများလည်းအံ့ဩနေကြရာမှ သတိဝင်လာပြီး မနေနိုင်ဘဲ မိန်းမလှလေးကို ဝိုင်းဝန်းတိုက်ခိုက်လိုက်ကြပြန်သည်။

သို့သော် မိန်းမလှလေး၏မျက်နှာထက်၌ ကြောက်ရွံ့တုန်လှုပ်သည့်အမူအယာတစ်စက်ကလေးမှရှိဟန်မတူဘဲ လှပသည့်မျက်ဝန်းလေးထဲတွင် ယခင်ကထက်ပို၍အေးစက်သည့်အရိပ်အယောင်များသာထွက်ပေါ်လာသည်။

“ အရိပ်မဲ့ဓားသိုင်း....”

“ အစိမ်းရောင်လေလက်ဝါး....”

မိန်းမလှလေး၏ခန္တာကိုယ်နှင့် ချန်လု၏ကိုယ်တို့ကလျှင်မြန်စွာပူးကပ်သွားကြပြီး ရာနှင့်ချီသည့်ဓားရိပ်များ လက်ဝါးရိပ်များထွက်ပေါ်လာသည်။

သို့သော်အသက်ရှူချန်သုံးကြိမ်အတွင်း ချန်လု၏ခန္တာကိုယ်က ကြိုးပြတ်သည့်စွန်တစ်ကောင်လိုနောက်သို့လွင့်စင်လာရာ သူနှင့်အနီးဆုံးဖြစ်သည့် သံမဏိတံတိုင်းက ဆီးဖမ်းထားလိုက်ရသည်။

မိန်းမလှလေးကိုတိုက်ခိုက်ရန်ရှေ့သို့တိုးလာကြသူများလည်း ယခုအဖြစ်ကြောင့်ထိတ်လန့်သွားမိကြပြီး သူမကိုမည်သူမှဝင်ရောက်တိုက်ခိုက်ဝံ့ခြင်းမရှိတော့ပေ။

ချန်လုလိုသိုင်းထိပ်သီးတစ်ယောက်ပင် တခဏအတွင်း ဒဏ်ရာအကြီးအကျယ်ရရှိလာရာ သူတို့ဆိုလျှင်လည်းတူညီသည့်ကံကြမ္မာကိုဆုံတွေ့ရပေမည်။

“ ခေါင်းဆောင်ချန် ...”

ကျန်လူများ၏စိုးရိမ်ပူပန်သည့်အကြည့်များအောက်တွင် ချန်လု၏မျက်နှာကဖြူဖျော့နေပြီး သွေးတစ်လုပ်အန်ထုတ်လိုက်ရသည် ။

“ ဝေါ့....”

သွေးအန်ပြီးနောက် ချန်လု၏အမူအယာက ပို၍ဆိုးရွားလာပြီး ချက်ခြင်းပင် အင်္ကျီစကိုဖြဲ၍ သူ၏ရင်ဘက်နေရာကို ပြန်၍ကြည့်လိုက်သည်။

ချန်လု၏ရင်ဝတည့်တည့်တွင် အစိမ်းရောင်သမ်းနေသည့်လက်ဝါးရာကြီးရှိနေပြီး ဤသည်က အစောပိုင်းက မိန်းမလှလေး၏လက်ချက်ကြောင့်ဖြစ်ပေသည်။

အစိမ်းရောင်လက်ဝါးရာကိုမြင်သည့်အခါ ချန်လု၏အမူအယာကချက်ခြင်းပျက်ယွင်းသွားပြိး ဒဏ်ရာ၏ဘေးတစ်ဝိုက်မှသွေးကြောများကိုချက်ခြင်းထိုးပိတ်လိုက်သည်။

“ ဒါက တဟုန်ကိုရိုက်ခဲ့တဲ့လက်ဝါးချက်မျိုးပဲ ။ တစ်ချက်ထိမိရုံနဲ့ သွေးကြောတွေအပိုင်းပိုင်းပြက်ပြီး ဒုက္ခိတတစ်ယောက်ဖြစ်နိုင်တယ်။ ကျုပ်ရဲ့လက်ကျန်အတွင်းအားနဲ့ထိမ်းချုပ်ထားပေမယ့် အခြေအနေသိပ်မကောင်းဘူး...”

ချန်လုက အနည်းငယ်ပင်ပန်းနေသညိ့လေသံဖြင့်ပြောလိုက်သည်။ သူ၏စကားထဲတွင် ထိတ်လန့်သည့်အရိပ်အယောင်အနည်းငယ်ပါဝင်နေသည်။

“ မင်းတို့ရဲ့ခေါင်းဆောင်ကို မြန်မြန် အတွင်းအားနဲ့အကူအညီပေးလိုက်ကြ ကျန်တဲ့လူတွေက သူ့ကိုကာကွယ်ပေးလိုက်....”

စီးတုမင်က သိုင်းမဟာမိတ်၏သိုင်းထိပ်သီးများကိုပြောလိုက်ပြီး ချန်လု၏ခန္တာကိူယ်ကို သူတို့ဆီသို့လွှဲပေးလိုက်သည်။

အစောပိုင်းကတိုက်ပွဲ၌ သိုင်းမဟာမိတ်နှင့် ချနိမျိုးနွယ်စု၏ထိပ်သီးငါးယောက်ထဲတွင် လေးယောက်ခန့်အထိအတွင်းဒဏ်ရာရရှိခဲ့သော်လည်း ယခုတိုက်ပွဲဖြစ်နေစဉ်ကုစားခဲ့ကြ၍ အတော်အတန်သက်သာနေပြီဖြစ်သည်။

ချန်လု၏အခြေအနေက အတွင်းအား‌ဆက်၍ကူညီပေးရန်အလျှင်လိုနေပြီး ထိုသိုင်းထိပ်သီးများလည်း တိုက်ပွဲနှင့်အနည်းငယ်လှမ်းသည့်‌နေရာသို့ အလျှင်အမြန်သွားကာ သူတို့၏ခေါင်းဆောင်ကိုကူညီပေးလိုက်ကြသည်။

ကျန်ရှိနေသည့်ထိပ်တန်းအဆင့်သိုင်းသမားများလည်းချန်လုနှင့်အဆင့်လွန်သိုင်းသမားများကိုကာကွယ်ပေးနေကြပြီးအ‌ခြေအနေကိုတည်ငြိမ်အောင်ထိမ်းချုပ်ပြီးမှ စီးတုမင်က မိန်းမလှလေးကိုကြည့်လိုက်သည်။

သူမ၏လက်ချက်ကြောင့် ချန်လုလွင့်စင်လာပြီးနောက်တွင် ကျန်လူများလည်းဝင်ရောက်တိုက်ခိုက်ဝံ့ခြင်းမရှိဘဲ မိန်းမလှလေးကို ဝိုင်းရုံသာဝိုင်းထားကြသည်။

အမှန်အတိုင်းဆိုရပါက သူတို့၏စိတ်ထဲတွင်လည်း ကြောက်မက်ဖွယ်ကောင်းလှသည့်ထိုမိန်းမပျိုကို ကြိတ်၍ကြောက်လန့်နေကြပြီဖြစ်ကာ အတွင်းဒဏ်ရာရရှိထားသည်ကိုပင် ချန်လုအားသေလုမြောပါးဖြစ်အောင်လုပ်နိုင်သည်က ကြောက်စရာကောင်းလှ၏။

ထို့အပြင် သူတို့နှင့်တိုက်ခိုက်စဉ်ကသူမ၏အတွင်းအားအပြည့်မကျန်တော့သည်ကို သတိပြုမိပြီးဖြစ်ကာ သူမ၏အကောင်းဆုံးအခြေအနေတွင်သာရှိပါက သူတို့ခြောက်‌‌ယောက်ပင်နောက်ဆုတ်ထွက်ပြေးရနိုင်သည်။

“ မိန်းကလေး မင်းက မရက်စက်လွန်းဘူးလား...ဒီနေရာမှာတောင် မင်းလက်ချက်ကြောင့် သေသွားတဲ့လူတွေနဲ့ ဒဏ်ရာအပြင်းအထန်ရထားတဲ့လူတွေအများကြီးပဲ ။

ပြီးတော့ အခုတစ်ပတ်အတွင်းမှာ မင်းသတ်ခဲ့တဲ့လူတွေဆိုတာ အယောက်တစ်ရာကျော်နေပြီ ...ဘာလို့ဒီလောက်ရက်စက်ကြမ်းကြုတ်နေတာလဲ...”

စီးတုမင်က မိန်းမလှလေးကိုကြည့်၍ စိတ်မကောင်းဖြစ်သည့်လေသံဖြင့်ပြောလိုက်ခြင်းဖြစ်သည်။

မှန်ပေသည်။

ထိုမိန်းကလေး၏အသက်အရွယ်ဖြင့် ယခုလိုအစွမ်းထက်လှသည်မှာ သူမ၏ပါရမီက ကျိန်းသေပေါက်မြင့်မားလှပြီး သိုင်းလောက၏ထိပ်ဆုံးသို့ပင်ရောက်နိုင်ချေရှိသည်။

ယခုလို အလားအလာကောင်းလှသည့် ပါရမီရှင်မျိုးက ရက်စက်သည့်လူသတ်သမားတစ်ယောက်ဖြစ်နေရာ သိုင်းမဟာမိတ်နှင့် အဖြူရောင်အဖွဲ့အစည်းများက သူမကိုအလွတ်ပေးကြမည်မဟုတ်ပေ။

စီးတုမင်၏စကားကြောင့် မိန်းမလှလေး၏မျက်ဝန်းထဲတွင်ထူးခြားသည့်အရိပ်အယောင်အချို့ပေါ်လာသော်လည်း စကားတစ်ခွန်းမှမဆိုပေ။

စီးတုမင်က သက်ပြင်းတစ်ချက်ချ၍ဆက်ပြောလိုက်သည်။

“ မင်းဆက်ပြီးမခုခံဘဲ အရှုံးပေးရင် မင်းရဲ့သိုင်းပညာကို ဆုံးရှုံးရနိုင်ချေရှိပေမယ့် အသက်ကိုတော့ငါအာမခံပေးနိုင်တယ် ။

မင်းမှာ အတွင်းဒဏ်ရာရထားတဲ့အပြင် ခေါင်းဆောင်ချန်ကို တိုက်ခိုက်ပြီးတော့ အတွင်းအားလည်းနည်းနည်းပဲကျန်တော့တာမဟုတ်လား ။

ဒီအခြေအနေမှာ ငါတို့ထဲကတစ်ယောက်ကိုတောင် ကောင်းကောင်းတိုက်ခိုက်နိုင်မှာမဟုတ်တော့ဘူး...။

စီးတုမင်က ဆက်၍ဖြောင်းဖျပြောဆိုလိုက်သည်။

သူ၏စကားကြောင့် ကျန်သိုင်းထိပ်သီးများလည်း အံ့အားသင့်သွားကြပြီး သိုင်းမဟာမိတ်မှခေါင်းဆောင်မုယုံက အလျှင်အမြန်ပြောလိုက်သည်။

“ ညီလေးစီးတု ဘာလို့အချိန်ကုန်ခံပြီးတရားဟောနေတာလဲ။ ဒီလိုမိစ္ဆာမမျိုးက ကောင်းကောင်းမွန်မွန်ပြောလို့မရဘူး။ သူ့ကိုဝိုင်းတိုက်ပြီးအနိုင်ယူပြီးမှ ဘယ်လိုစီရင်ချက်ချမယ်ဆိုတာ ဆုံးဖြတ်သင့်တယ်...”

အပြာရောင်ဝတ်စုံဝတ်မုယုံချန်က ‌အေးစက်စက်လေသံဖြင့်ပြောလိုက်ရင်း မိန်းမလှလေးကိုတင်းမာစွာကြည့်လိုက်၏ ။

အစောပိုင်းက ချန်လုအထိနာစဉ် သူကိုယ်တိုင်လည်းထိတ်လန့်တုန်လှုပ်မိသော်ငြား ယခုအခါ မိန်းမလှလေး‌များစွာမတိုက်ခိုက်နိုင်တော့သည်ကိုသိရှိ၍ မုယုံချန်က အားတက်သရောဖြစ်နေသည်။

စီးတုမင်၏စကားမှာ အမှန်ပင်ဖြစ်ပြီး သူနှင့် သံမဏိတံတိုသ်းရှန်းတုတို့၏လက်ချက်ကြောင့် မိန်းမလှလေးအတွင်းဒဏ်ရာရရှိသွားစဉ် ချန်လု၏အလစ်တိုက်ခိုက်မှုကြောင့် ‌နောက်ကျောတွင်ဒဏ်ရာရရှိသွားပြန်သညိ။

ထိုအခြေအနေတွင် ချန်လုကိုသေလုမျောပါးဖြစ်အောင်တိုက်ခိုက်နိုင်ခြင်းကလွန်စွာကြောက်မက်ဖွယ်ကောင်းပြီး သူမ၏အတွင်းအားများကိုလည်းအကုန်နီးပါးသူံးစွဲခဲ့ရ၏။

ထို့ကြောင့် လက်ရှိအချိန်တွင် အတွင်းအားများကိုကြိတ်၍စုစည်းနေသည့်အတွက် စီးတုမင်တို့ကို သူမဆက်လက်တိုက်ခိုက်နိုင်ခြင်းမရှိပေ။

စကားတစ်ခွန်းမှမဆိုဘဲ အေးစက်စွာစိုက်ကြည့်နေသည့် မိန်းမလှလေး၏ ခေါင်းမာသည့်ပုံစံကြောင့်စီးတုမင်လည်း စိတ်မကောင်းစွာဖြင့်ခေါင်းယမ်းရင်းပြောလိုက်သည်။

“ ဒါဆိုရင် ကျုပ်စတိုက်ပြီ သတိထားပါ...”

All Chapters