မြေကိုလျှိုးလို့မိုးပေါ်ပျံ
Vol. 1 Ch. 38
စီးတုမင်က အော်ဟစ်သတိပေးလိုက်ပြီး မိန်းမလှလေးဆီသို့လှစ်ခနဲတိုးဝင်သွားလိုက်သည်။ တစ်ဆက်ထဲမှာပင် ပြင်းထန်သည့်ဘယ်ညာလက်သီးတွဲလုံးများဖြင့်ဆက်တိုက်ထိုးနှက်လိုက်ပြီး သူ၏လက်သီးချက်များကလေထုကိုပင်တအုန်းအုန်းမည်ဟည်းသွားစေခဲ့သည်။
ဖောက်ထွင်းလက်သီးဖြင့်နာမည်ကျော်သည့်စီးတုမိသားစု၊ ခေတ်အဆက်ဆက်ကျော်ကြားသည့် ခုံတုံ၏ခုနစ်ဆင့်လက်သီး စသည့်သိုင်းပညာများကိုအပြည့်အဝဆက်ခံခဲ့သူတစ်ယောက်အနေဖြင့် စီးတုမင်မှာ အသက်သုံးဆယ်ဝန်းကျင်သာရှိသော်လည်း အဆင့်လွန်ထိပ်သီးထဲတွင် သူ့ကိုယှဉ်နိုင်သူဟူ၍ လက်တစ်ဖက်စာပင်မရှိပေ။
သို့တိုင် စီးတုမင်နှင့်ကျန်သိုင်းထိပ်သီးငါးယောက်တို့ကိုပင်အနိုင်ယူနိုင်စွမ်းရှိမည့်မိန်းမလှလေး၏သိုင်းပညာက မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို ဖော်ပြစရာပင်မလိုဘဲ သိုင်းဝိဇ္ဇာအဆင့်အောက်တွင်ပြိုင်ဘက်ကင်းပင်ဖြစ်နိုင်ပေမည်။
ယခု စီးတုမင်က အဆိုးဆုံးအခြေအနေသို့ရောက်ရှိနေသည့်မိန်းမလှလေးကိုငဲ့ညှာသောအားဖြင့် တစ်ဦးထဲတိုက်ခိုက်ခြင်းဖြစ်ပြီး သူ၏သဘောကိုနားလည်သည့်ကျန်လူများလည်းတိုက်ပွဲတွင်းသို့ဝင်ပါခြင်းမပြုဘဲ ဘေးမှရပ်ကြည့်နေကြသည်။
မိုးမြေတုန်ဟည်းမတတ်ပြင်းထန်လှသည့် စီးတုမင်၏လက်သီးချက်များဝင်ရောက်လာသည်နှင့် မိန်းမလှလေး၏ခန္တာကိုယ်ကရိပ်ခနဲရွေ့လျားသွားကာ ကြောက်စရာကောင်းသည့်လက်သီးချက်များက လေထုကိုသာထိုးခွဲသွားတော့သည်။
“ ဝုန်း...ဝုန်း...”
စီးတုမင်၏လက်သီးချက်များကိုထိထိမိမိခံလိုက်ရပါက သာမန်အဆင့်လွန်သိုင်းသမားတစ်ယောက်ပင် သွေးပွတ်ပွတ်အန်စေမည်ဖြစ်ပြီး မိန်းမလှလေးကား သူမ၏ခန္တာကိုယ်ကိုအနည်းငယ်လှုပ်ရှားလိုက်ရုံဖြင့်ရှောင်တိမ်းလိုက်နိုင်သည်။
သူမ၏ကိုယ်ဖော့ပညာက အံ့မခန်းဖြစ်ပြီးလှုပ်ရှားသည့်ဟန်ပန်များက ကကြိုးတစ်ခုကိုထုတ်ဖော်နေသည့်နှယ် လှပညက်ညောလှ၏။
သူ၏တိုက်ကွက်များလွဲချော်သွားသော်လည်း ရပ်တန့်မနေဘဲ စီးတုမင်က မိန်းမလှလေးကိုလိုက်လံတိုက်ခိုက်လိုက်သည်။
ပြင်းထန်လှသည့်လက်သီးချက်များကြား၌ လိပ်ပြာလေးသဖွယ်ပေါ့ပါးစွာရွေ့လျားနေသည့်မိန်းမလှလေးကိုကြည့်ရသည်မှာ လွန်စွာရင်သပ်ရှုမောဖွယ်ကောင်းလှပြီး မုယုံချန်တို့လေးယောက်လည်း အံ့ဩမင်တပ်မိနေကြသည်။
လက်သီးချက်သုံးဆယ်နီးပါးတိုက်ခိုက်ပြီးသည်အထိမိန်းမလှလေးကိုမထိသည့်အခါ စီးတုမင်၏မျက်နှာပင်တည်ကြည်လေးနက်သွား၏။
အစောပိုင်းက သူတို့ခြောက်ယောက်ပူးပေါင်းတိုက်ခိုက်သည့်အတွက်သာမိန်းမလှလေး ရှောင်တိမ်းနိုင်ခြင်းမရှိဘဲထိတ်တိုက်ရင်ဆိုင်ခြင်းဖြစ်ပြီး အကယ်၍တစ်ဦးချင်းသာဆိုပါက လုံးဝယှဉ်နိုင်မည်မဟုတ်ပေ။
စီးတုမင်၏စိတ်ထဲတွင် အံ့ဩတုန်လှုပ်နေစဉ်မိန်းမလှလေး၏ ဖြူနုသည့်လက်ဝါးကရှေ့သို့ဆန့်ထွက်လာပြီး လက်ဝါးရိုက်ချက်တစ်ခုထွက်ပေါ်လာသည်။
“ အစိမ်းရောင်လေလက်ဝါး....”
မိန်းမလှလေး၏ ကျောက်စိမ်းရောင်သမ်းနေသည့်လက်ဝါးက စိီးတုမင်၏လက်သီးရိပ်များကြားသို့ဝင်ရောက်သွားကာ စီးတုမင်၏မျက်နှာကွက်ခဲပျက်ယွင်းသွားသည်။
ထိုမိန်းကလေး၏လက်ဝါးချက်က လွန်စွာအားပြင်းခြင်းမရှိသလို ၊ ရှုပ်ထွေးခြင်း၊ လျှင်မြန်ခြင်းစသည်တို့လည်းမရှိပေ။
သို့သော်လည်း ရိုးစင်းပြီးနှေးကွေးသည့်ထိုလက်ဝါးချက်က သူ၏လက်သီးချက်များကိုတစ်ကွက်ထဲဖြင့်ချေဖျက်နိုင်ပြီး အံ့ဩတုန်လှူပ်သည့်စိတ်မပြယ်သေးမီ မိန်းမလှလေး၏နောက်ဆက်တွဲလက်ဝါးချက်များထွက်ပေါ်လာတော့သည်။
“ ဝှစ်...”
“ ဝုန်း...ဝုန်း....”
ပတ်ဝန်းကျင်တစ်ခုလုံးအားလှိုင်းများလွင့်ပျံ့နေပြီး အတွင်းအားပေါက်ကွဲသံများမကြာခဏထွက်ပေါ်နေသည်။
အဆက်မပြက်ထွက်ပေါ်နေသည့်စီးတုမင်၏လက်သီးချက်များက ပြင်းထန်အားကောင်းလှသလို တစ်ကွက်ဆိုတစ်ကွက်ထိရောက်သည့်မိန်းမလှလေး၏လက်ဝါးချက်များကလည်းကြောက်စရာကောင်းလွန်းသည်။
အတွင်းအားပြည့်ဝသူတစ်ယောက်ပီပီ စီးတုမင်က အားအင်ပြင်းထန်သည့်လက်သီးချက်များဖြင့် တရစက်တိုက်ခိုက်နေပြီး မိန်းမလှလေးက သူမ၏အံ့မခန်းကိုယ်ဖော့ပညာဖြင့်တိမ်းရှောင်ရင်း တန်ပြန်တိုက်ခိုက်နေခြင်းဖြစ်သည်။
ထိုမြင်ကွင်းကိုကြည့်၍ မုယုံချန်တို့လေးယောက်မှာ အကြီးအကျယ် အံ့ဩထိတ်လန့်နေကြပြီး ဒဏ်ရာအပြင်းအထန်ရရှိထားသည့်တိုင်စီးတုမင်လိုလူမျိုးကိုသူတင်ကိုယ်တင်တိုက်ခိုက်နိုင်သည့်မိန်းမလှလေးကို ကြောက်လန့်စိတ်ပင်ဝင်လာမိကြသည်။
အကယ်၍စီးတုမင်၏နေရာတွင် သူတို့သာဆိုပါက ရှုံးနိမ့်နေပြီးဖြစ်ကာ မုယုံချန်၏စိတ်ထဲတွင်လည်း ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချမှတ်လိုက်သည်။
“ ဒီမိန်းကလေး သေကိုသေရမယ်...”
ယခုလိုဝိုင်းဝန်းတိုက်ခိုက်သည့်ရန်ကြွေးကိုအသာထား သိုင်းမဟာမိတ်နှင့်ထိုမိန်းကလေးကြားရှိရန်ငြိုးကပင်လွန်စွာကြီးမားနေပြီးဖြစ်ကာ ထိုမိန်းကလေးသာ အသက်ရှင်လျက်လွတ်မြောက်သွားပါက သိုင်းမဟာမိတ်ပင်ပျက်စီးနိုင်ချေရှိသည်။
ထိုအချိန်တွင် မိန်းမလှလေးနှင့်ရင်ဆိုင်နေသည့်စီးတုမင်လည်း တုန်လှုပ်ခြင်းကြီးစွာဖြစ်နေပြီး ဟန်ပမူအယာကင်းမဲ့စွာဖြင့် အကြောက်အလန့်မရှိတိုက်ခိုက်နေသည့်မိန်းကလေးကိုကြည့်ရင်း သူ၏ဘဝတွင်လူတစ်ယောက်အပေါ် ပထမဆုံးအကြိမ်အဖြစ် ထိတ်လန့်စိတ်ဝင်လာမိသည်။
အကယ်၍ မိန်းမလှလေးသာအကောင်းဆုံးအခြေအနေတွင်ရှိပါက သိုင်းကွက်တစ်ရာမပြည့်မီသူရှုံးနိမ့်သွားနိုင်ပြီး ငယ်ငယ်ရွယ်ရွယ်နှင့် ကြောက်စရာကာင်းသည့်အဆင့်သို့ရောက်ရှိနေသည့်မိန်းမလှလေးကို လွန်စွာအံ့ဩနေမိသည်။
ရုတ်တရက် စီးတုမင်နှင့် သူတစ်ပြန်ကိုယ်တစ်ပြန်တိုက်ခိုက်နေသည့်မိန်းမလှလေး၏ခန္တာကိုယ်က တဆက်ဆက်တုန်ယင်သွားပြီး နောက်သို့အလျှင်အမြန်ဆုတ်သွားတော့သည်။
“ ဝေါ့....”
မိန်းမလှလေးမှာ ဟန်မဆောင်နိုင်ဘဲ သွေးတစ်လုပ်အန်ထုတ်ရင်း သူမ၏မျက်နှာက သွေးမရှိသလိုဖြူဖျော့သွားသည်။
လက်ရှိအချိန်၌ သူမ၏သွေးကြောများမှာ ပြက်တောက်လုမတတ်နာကျင်နေပြီး လက်တစ်ချောင်းကိုပင်မြောက်ရန်ခွန်အားမရှိတော့ပေ။
ဤသည်က အတွင်းဒဏ်ရာရရှိနေသည်ကို တွန်းအားပေးတိုက်ခိုက်ခြင်းဖြစ်ပြီး ရန်သူများ၏လက်မှလွတ်မြောက်နိုင်ခြင်းမရှိတော့သည်ကိုရိပ်စားမိ၍ သက်စောင့်အားပါမချန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် မိန်းမလှလေး၏လက်ရှိအခြေအနေက ချန်လုထက်ပက်ဆိုးရွားနေပြီး ကြံ့ခိုင်သည့်စိတ်ဓာတ်ကြောင့်သာ မြေပြင်ပေါ်သို့လဲမကျဘဲ အားတင်း၍ရပ်နေခြင်းဖြစ်၏။
“ မိန်းကလေး မင်းရှုံးသွားပြီ...”
မိန်းမလှလေး၏အခြေအနေကိုအသိဆုံးဖြစ်သည့်စီးတုမင်က တည်ငြိမ်စွာပြောလိုက်သည်။
ထိုအခါမှ ကြောက်စရာကောင်းသည့်တိုက်ပွဲကိုကြည့်ရင်း အံ့ဩမင်တပ်နေကြသည့် ကျန်သိုင်းထိပ်သီးများသတိဝင်လာကြပြီး မုယုံချန်က ဦးစွာလှုပ်ရှားလိုက်သည်။
“ မိစ္ဆာမ သေစမ်း....”
ကြုံးဝါးသံနှင့်တိုက်ကွက်က တစ်ဆက်ထဲဖြစ်သည်။ မိန်းမလှလေး၏အနီးသို့ ချဉ်းကပ်၍ရိုက်ထုတ်လိုက်သည့်လက်ဝါးချက်က ပြင်းထန်လှသည်။
မုယုံချန်၏တိုက်ခိုက်မှုကလျှင်မြန်လှ၍ စီးတုမင်ပင်အချိန်မီဟန့်တားနိုင်ခြင်းမရှိပေ။
အံ့ဩဖွယ်ကောင်းစွာဖြင့် မိန်းမလှလေးက မျက်တောင်တချက်မခတ်ဘဲ သူမ၏အသက်ကို နုတ်ယူရန်ရည်ရွယ်၍ တိုးဝင်လာသည့်လက်ဝါးချက်ကို အကြောက်အရွံ့ကင်းမဲ့စွာဖြင့်ကြည့်ရှုနေသည်။
ထိုမိန်းကလေးကား ကျားအသည်းနှင့်နဂါးနှလုံးကိုစားထားသည့်အလား ထိတ်လန့်မှုကိုမှ သိပါစ ။
“ ရွှီး....”
မုယုံချန်၏လုပ်ရပ်ကိုကျန်သိုင်းထိပ်သီးလေးယောက်လုံးအံ့ဩတုန်လှုပ်နေကြစဉ် အနက်ရောင်အရိပ်တစ်ခုက ကျယ်လောင်သည့်မည်သံနှင့်အတူ ပြေးဝင်လာပြီး မိန်းမလှလေး၏ခေါင်းပေါ်မှကျော်၍ မုယုံချန်၏လက်ဝါးဆီသို့ပြေးဝင်သွားလေသည်။
“ ဝုန်း....”
ကျယ်လောင်သည့်မည်သံကြီးနှင့်အတူ မုယုံချန်တစ်ယောက်နောက်သို့ခြေသူံးလှမ်းဆုတ်ပေးလိုက်ရပြီး အထိတ်တလန့်ဖြစ်သွားသည်။
ကျန်လူများလည်းဖြစ်ပျက်သွားသည့်အရာကို အံအားသင့်နေကြပြီး မုယုံချန်၏လက်ဝါးချက်ကိုထိတ်တိုက်ရင်ဆိုင်လိုက်သည့်အရာကိုမယုံကြည်နိုင်သလိုကြည့်လိုက်သည်။
အနက်ရောင်အဝတ်စ
မှန်ပေသည်။
အနည်းငယ်ဟောင်းနွမ်းနေပြီး တစ်တောင်ပတ်လည်ရှိမည့် သာမန်အဝတ်စလေးက မုယုံချန်၏ပြင်းထန်သည့်လက်ဝါးချက်ကိုဟန့်တားနိုင်ခဲ့သည်ကမယုံကြည်နိုင်စရာပင်။
ထိုအဝတ်ပိုင်းလေးကိုပစ်လွှတ်လိုက်သူ၏အတွင်းအားကမည်မျှနက်ရှိုင်းလှသည်ကိုသူတို့မခန့်မှန်းဝံ့ကြဘဲ ချက်ခြင်းလိုလိုဘေးပတ်လည်သို့လိုက်လံကြည့်ရှုလိုကိသော်လည်း လူသူတစ်စုံတစ်ရာမတွေ့ရပေ။
“ အလို ဘယ်သူပါလိမ့်....”
ရွှမ်ယွမ်ဓားသမားတစ်ယောက်က မယုံကြည်နိုင်သည့်လေသံဖြင့်ရေရွတ်ရင်းအဝတ်ပိုင်းလေးကိုငေးကြည့်နေမိသည်။
ထိုစဉ်
“ မုယုံချန် ခင်ဗျားရူးနေလား မခုခံနိုင်တော့တဲ့လူတစ်ယောက်ကိုသတ်ဖို့ကြံစည်တာမရှက်ဘူးလား...”
စီးတုမင်က ကျယ်လောင်စွာအော်ဟစ်၍ ရှေ့သို့ခုန်ဝင်လာသည်။
ပြီးခဲ့သည့်တိုက်ပွဲတွင် နောက်ကျောဘက်ကအလစ်ဝင်တိုက်သည့် ချန်လု၏လုပ်ရပ်ကိုသူသဘောမကျဖြစ်ခဲ့ရပြီးယခု မုယုံချန်၏လုပ်ရပ်သည်းခံနိုင်သည့်အတိုင်းအတာထက်ပင်ကျော်လွန်သွားခဲ့သည်။
ထိတ်လန့်နေရာမှ သတိဝင်လာသည့်မုယုံချန်ကလည်း စီးတုမင်၏အော်ငေါက်စကားကြောင့် အလျော့မပေးဘဲ အေးစက်စက်ပုံစံဖြင့်ပြောလိုက်သည် ။
“ စီးတုမင် မင်းရဲ့သိုင်းပညာနဲ့နောက်ခံကြောင့် ငါတို့ကလေးလေးစားစားဆက်ဆံတယ်ဆိုပေမယ့် မင်းကိုကြောက်နေတယ်လို့ဆိုလိုတာမဟုတ်ဘူး ။
ဒီမိန်းကလေးကအဆိပ်ပင်တစ်ပင်ပဲ။ သူ့ကြောင့် သေကြေပျက်စီးရတဲ့လူဘယ်လောက်ရှိလဲ။ ဒါကိုတောင် မင်းက သိုင်းလောကစည်းမျဉ်းတွေဘာတွေပြောပြီး ကာကွယ်ပေးချင်နေတာလား...”
မုယုံချန်၏လေသံကလည်းတင်းမာနေပြီး လုံးဝအလျော့ပေးမည့်ပုံမရပေ။
သူ၏စကားကြောင့် စီးတုမင်၏စိတ်ထဲတွင်လည်း ဒေါသဖြစ်သွားပြီး တည်ငြိမ်အေးစက်စွာဖြင့်မေးလိုက်သည်။
“ ကျုပ်နဲ့ ဒီကမိတ်ဆွေတွေကို ခင်ဗျားတို့သိုင်းမဟာမိတ်ကဖိတ်ခေါ်တာ ဒီမိန်းကလေးကိုလက်ရဖမ်းဆီးနိုင်ဖို့ပဲ။
ပြီးမှကျန်တာဆက်ပြီးဆုံးဖြတ်ကြတာပေါ့။ သိုင်းမဟာမိတ်မှာခင်ဗျားတစ်ယောက်ထဲခေါင်းဆောင်မဟုတ်ဘူး...”
စီးတုမင်ကလည်း သာမန်သိုင်းသမားတစ်ယောက်မဟုတ်ရာ မုယုံချန်ကိုကြောက်လန့်နေစရာမလိုပေ။
ထိုအချိန်တွင်
“ ဒီ... ဒီမှာ မရှိတော့ဘူး....”
အထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောလာသည့် သံမဏိတံတိုင်းရှန်းတု၏စကားကြောင့် အငြင်းအခုန်ဖြစ်နေသည့် စီးတုမင်နှင့်မုယုံချန်တို့လည်းမကျေနပ်သည့်ပုံစံဖြင့်ကြည့်လိုက်ကြသည်။
သို့သော် ရှန်းတုတစ်ယောက်ထဲသာမက ရွှမ်ယွမ်ဓားညီနောင်ပါ ပြူးကျယ်နေသည့်မျက်လုံးများဖြင့်ကျောက်ရုပ်ကြီးများလိုငြိမ်သက်နေကြသည်ကိုတွေ့လိုက်ရပြီး သူတို့၏အမူအယာများကအလွန်အမင်းထိတ်လန့်တုန်လှုပ်နေဟန်တူသည် ။
သူတိူ့ကြည့်နေသည့်နေရာသို့ကြည့်လိုက်မိသည့်အခါ မုယုံချန်နှင့်စီးတုမင်တို့လည်း အလားတူအမူအယာမျိုးဖြစ်သွားကြသည်။
“ ဒီနားက မိန်းကလေးက ဘယ်ကိုရောက်သွားတာလဲ...”
ပုံမှန်ဆိုသည့်တည်ငြိမ်အေးဆေးသည့်စီးတုမင်ပင် တုန်လှုပ်စွာဖြင့်ရေရွတ်လိုက်မိသည်။
ပြင်းထန်လှသည့်ဒဏ်ရာများကြောင့် ကြွေတော့မည့်သစ်ရွက်လိုယိုင်နဲ့နေသည့်မိန်းမလှလေးကား မျက်လှည့်ပြလိုက်သလို သူမ၏နေရာတွင်မရှိတော့ပေ။