လူသတင်းလူချင်းဆောင်
Vol. 1 Ch. 39
အလယ်ပိုင်းဒေသရှိအန်းစုမြို့
လူစည်ကားပြီး လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်သည့်နေရာတစ်ခုဖြစ်သည်နှင့်အညီ သူဌေးသူကြွယ်၊ကုန်သည်လယ်လုပ်စသည့်လူတန်းစားအသီးသီးမှလူများသာမက သိုင်းလောကသားများပါ ဝင်ထွက်သွားလာနေကြသည်။
မြို့လယ်ရှိလမ်းမပေါ်တွင် ဟိုမှသည်သို့သွားလာနေသည့်လူများကိုစည်ကားစွာတွေ့မြင်ရသလို မြို့ထဲရှိများစွာသောစားသောက်ဆိုင်များထဲတွင်လည်း ဧည့်ပရိတ်သက်များဖြင့်စည်ကားလျက်ရှိပေသည်။
မြို့ထဲတွင်အကောင်းဆုံးဟုဆိုရမည်က ရွှေဝတ်လွှာအမည်ရှိသည့်ခမ်းနားသည့် သူံးထပ်စားသောက်ဆိုင်ကြီးဖြစ်ပြီး အစားအသောက်ကောင်းမွန်လှသည်ဟုနာမည်ကျော်သလို ပေးရသည့်ဈေးနှုန်းကလည်း သာမန်အခြေခံလူတန်းစားများကိုမျက်လုံးပြူးစေနိုင်သည်။
ဆိုင်၏အဓိကထုတ်ကုန်ဖြစ်သညိ့ ရွှေဝတ်လွှာနတ်ဘုရားအရက်က ပတ်လည်လီတစ်ထောင်အတွင်းနာမည်ကျော်ကြားပြီး အခြားဒေသများသို့ပါတင်ပို့ရသည်အထိဂုဏ်သတင်းကျော်ဇောမှုရှိသည်။
ထို့ကြောင့်လည်း ရွှေဝတ်လွှာ၏ဈေးနှုန်းများကကြီးမြင့်သည့်တိုင် အကောင်းကြိုက်သူများဖြင့်အမြဲလိုလိုစည်ကားနေပြီး ဆိုင်၏စီးပွားရေးကလည်း တစ်နေ့တစ်ခြားဒီနေအလားတရိပ်ရိပ်တက်လာခြင်းဖြစ်၏။
သို့တိုင် အရက်ထုတ်လုပ်မှူကို ကန့်သက်ထား၍ တစ်ယောက်လျှင် နှစ်အိုးထက်ဝယ်ယူခွင့်မပြုဘဲ ရှားပါးလေတန်ဖိုးရှိလေလေဆိုသည့်ဆိုရိုးအတိုင်း သူ၏ဈေးနှုန်းက မိုးလောက်အထိပင်မြင့်တက်လျက်ရှိသည်။
ဆိုင်၏ဒုတိယထပ်မှာ လေဝင်လေထွက်ကောင်းမွန်ပြီး သန့်ရှင်းသပ်ရပ်မှုရှိကာ အစားအသောက်များကလည်း ပထမတန်းပင်။
သို့သော် သာမန်မဟုတ်သည့်နေရာဖြစ်သည့်အားလျော်စွာဤနေရာကုန်ကျစားရိတ်က အောက်ထပ်ထက်နှစ်ဆခန့်သာလွန်ကာ ငွေကြေးတတ်နိုင်သည့်လူတန်းစားများနှင့် ကျော်ကြားသညိ့လူများသာစားသောက်နိုင်ပေသည်။
ဤသို့ဆိုလျှင် ဆိုင်၏အမြင့်ဆုံးဖြစ်သည့်တတိယထပ်ကမည်သို့ရှိမည်နည်း။
ထိုမေးခွန်းကိုအဖြေပေးရပါလျှင် ဆိုင်တတိယထပ်သို့ရောက်ဖူးသူမှန်သမျှက တစ်သက်မမေ့စရာဟုတဖွဖွပြောသည်အထိစွမ်းဆောင်နိုင်ပေသည်။
ရွှေဝတ်လွှာတည်းဆိုသော အကန့်အသက်ဖြင့်ရောင်းချသည့်နတ်ဘုရားအရက်ကိုအလိုရှိသ၍ရရှိနိုင်သည့်အပြင် ဘုရင့်စားပွဲတော်နှင့်ယှဉ်နိုင်မည့်စားသောက်ဖွယ်ရာများစားပွဲဝိူင်းအပြည့်ခင်းကျင်းထားသည်ဟုဆိုကြသည်။
ထိုစကားမှာအနည်းငယ်ချဲ့ကားရာရောက်သော်လည်း ဆိုင်တတိယထပ်သို့သွားရောက်နိုင်သူမှသမျှက ကျိကျိတက်ချမ်းသာသည့်သူဌေးကြီးများ၊ နာမည်ကျော်ကြားသည့်လူပုဂ္ဂိုလ်များနှင့် ရာထူးဂုဏ်သိမ်ကြီးမားသည့်အရာရှိကြီးများသာဖြစ်သည်။
ယနေ့တွင်လည်း ရွှေဝတ်လွှာစားသောက်ဆိုင်၏ဒုတိယထပ်တွင် စားသုံးသူအသင့်အတင့်ရှိနေပြီး တစ်ကိုယ်တော်စားပွဲဝိုင်းနှစ်ခုသူံးခုရှိ၍ အများစုက ဝိုင်းဖွဲ့စားသောက်နေသူများဖြစ်ကြသည်။
ထိုအထဲတွင် သိုင်းလောကသားများက တစ်ဝက်တိတိပါဝင်ပြီး ဂိုဏ်းအဖွဲ့တစ်ခုခုမှဖြစ်ဟန်တူသည့် တူညီဝတ်စုံဝတ်လူအချို့လည်းရှိနေသည်။
ထိုလူများက ဆူညံသံများစွာဖြင့်ပျော်ရွှင်စွာစားသောက်နေကြပြီး သူတို့၏ပုံစံကအထက်တန်းမကျဘဲ ကိစ္စတစ်ခုခုကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့၍ အောင်ပွဲခံသည့်အနေဖြင့်လာရောက်စားသောက်ခြင်းဖြစ်မည်ဟုခန့်မှန်းရသည်။
သူတို့၏ရင်ဘက်ဘက်ရှိ ရွှေရောင်ချည်ထိုးထားသည့်ပျံလွှားပုံကိုကြည့်ခြင်းဖြင့် အလယ်ပိုင်းဒေသ၏နာမည်ကျော်ပျံလွှားအာမခံဌာနမှဖြစ်ကြောင်းသိနိုင်ပြီး သိုင်းလောက၏ထိပ်တန်းအာမခံဌာနငါးခုတွင်အပါအဝင်ဖြစ်သည်။
“ ဌာနမှူး ဌာနမှူးခေါ်လို့သာ ဒီကိုရောက်လာတာ မဟုတ်ရင်ကျုပ်တို့အခြေအနေနဲ့ဒီလိုမျိုးခမ်းနားတဲ့နေရာမျိုးကိုရောက်ဖို့မဖြစ်နိုင်ဘူး...”
အရက်ကလေးအနည်းငယ်ဝင်ရောက်နေပြီဖြစ်၍ အာသွက်လျှာသွက်ဖြစ်နေသည့်သိုင်းသမားတစ်ယောက်က စားပွဲထိပ်ရှိဌာနမှူးဆိုသူကိုကြည့်ရင်းချီးမြှောက်လိုက်၏။
သူတို့လူစုက စုစုပေါင်းကိုးယောက်ခန့်ရှိပြီး ရှစ်ယောက်ကသိုင်းပညာထိပ်တန်းအဆင့်ရှိကာ ဌာနမှူးဆိုသည့်သက်လက်ပိုင်းလူကမူ အဆင့်လွန်သိုင်းသမားတစ်ယောက်ဖြစ်သည်။
ထိုအချက်ကိုကြည့်ရုံဖြင့် ပျံလွှားအာမခံဌာန၏အင်အားကိုမြင်တွေ့နိုင်ပြီး ယခုလူများက သူတို့၏အဖွဲ့ခွဲတစ်ခုသာရှိသေးသည်။
သူ့တပည့်၏မြှောက်ပင့်သည့်စကားကြောင့် သက်လက်ပိုင်းအရွယ်ရှိသည့်ဌာနမှူးက ပါးစပ်နားရွက်ချိတ်မတတ်ပြုံးရွှင်သွားပြီး လက်ကိုဝေ့ယမ်းကာ အရေးမကြီးသည့်အမူအယာဖြင့်ပြောလိုက်သည်။
“ ကိစ္စမရှိပါဘူး စားကြ ။ ဒီနေ့ ငါမင်းတို့ကို အဝဒကာခံမယ်ပြောထားတာပဲ။ငါတို့ဒီတစ်ခေါက်ကိစ္စက အချီကြီးရထားတော့ မင်းတို့လည်း အခုလိုစည်းဇိမ်ခံသင့်တာပေါ့။။
ပြီးတော့ ငါသာဆန္ဒရှိရင် တတိယထပ်ကိုပါသွားစားလို့ရတယ်ဒါပေမယ့် ဘာလုပ်မှာလဲကွာ ဒီလိုကိုယ့်လူတွေနဲ့ အေးအေးဆေးဆေးစားသောက်ရတာ ဘယ်လောက်ကောင်းလိုက်သလဲ ...”
ဌာနမှူး၏လေသံကနှိမ့်ချဟန်တူသော်လည်း တိုက်ကြက်ဖကြီးတစ်ကောင်လိုမြောက်ကြွကြွဖြစ်နေသည့်သူ၏သွင်ပြင်က အဖွဲ့သားများကိုဝင့်ကြွားစွာကြည့်နေသည်။
အမြှောက်ကြိုက်ဟန်တူသည့် ဌာနမှူး၏ကြွားဝါသည့်စကားကြောင့် ကျန်အဖွဲ့သားများလည်း အထာနပ်သူများပီပီ တစ်ယောက်တစ်ခွန်းဝိုင်း၍ချီးမွမ်းလိုက်ကြသည်။
သူ့လူများ၏ချီးကျူးစကားများ၏ကြားတွင်ပျော်မွေ့နေရင်း ဌာနမှူးက သူ၏ရင်ကိုကော့၍ လည်ချောင်းတစ်ချက်ရှင်းရင်းပြောလိုက်သည်။
“ ဒီလောက်အထိကျေးဇူးတင်စရာမလိုပါဘူး ။ အသေးအဖွဲ့လေးပါ။ ဒီတစ်ခေါက် ပိုပြီးအားရစရာကောင်းတာက ဟိုသိုင်းမဟာမိတ်ဆိုတဲ့လူတွင်ကျယ်အဖွဲ့မရှူမလှခံရတာပဲ။။
ဘယ့်နှယ့်ကွာ အသက်နှစ်ဆယ်တောင်မပြည့်သေးတဲ့မိန်းကလေးတစ်ယောက်ကို တပြုံတမကြီးဝိုင်းတိုက်တာ လူမြင်မကောင်းအောင်ခံရတဲ့အပြင် ဖွတ်မရဓားမဆူံးဖြစ်သေးတယ်...”
တံတွေးများစင်မတတ် ကျေနပ်အားရစွာပြောနေသည့် ဌာနမှူး၏စကားကြောင့် ကျန်လူများလည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြပြီး တစ်ဦးကမေးလိုက်သည်။
“ ဌာနမှူးက ဘယ်အကြောင်းကိုပြောနေတာလဲ...”
အဖွဲ့သားတစ်ယောက်၏မေးခွန်းကြောင့် ပျံလွှားအာမခံဌာနမှူးလည်း ထိုလူ့ကို တုံးအသည် ဆိုသည့်အကြည့်ဖြင့်ကြည့်ရင်း ရှင်းပြလိုက်သည်။
“ ဘယ်အကြောင်းရှိရမှာလဲ ဒီရက်ပိုင်းမှာ ဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့ မြောက်ပိုင်းက ကျောက်စိမ်းနတ်မိမယ်ဆိုတဲ့ မိန်းကလေးရဲ့အကြောင်းပေါ့။
သိုင်းမဟာမိတ် ၊ ချန်ချင်းဂိုဏ်းနဲ့ ကျောက်စိမ်းနတ်မိမယ်တို့ရဲ့သုံးပွင့်ဆိုင်အကြောင်းအရာက လက်တလော သိုင်းလောကထဲမှာရေပန်းအစားဆုံးပဲလေ...”
ဌာနမှူး၏စကားကြောင့်ကျန်လူများလည်း အနည်းငယ်စိတ်ပျက်သည့်ဟန်ဖြင့်ခေါင်းယမ်းရင်းတစ်ယောက်က ဝင်ထောက်လိုက်သည်။
“ ဒါက အထူးအဆန်းမှမဟုတ်ဘဲဌာနမှူးရဲ့ ကျုပ်တို့ခရီးသွားတဲ့လမ်းတစ်လျှောက်မှာ ဒီအကြောင်းကိုလှိုင်လှိုင်ပြောနေကြတာကိုး ။
ကျောက်စိမ်းနတ်မိမယ်ဆိုတဲ့မိန်းကလေးက နတ်မိမယ်လိုလှပေမယိ့ ရက်စက်ကြမ်းကြုတ်ပြီးလူ့အသက်ကိုဖက်ရွက်ကလေးလောက်တောင်တန်ဖိုးမထားတတ်ဘူးဆိုဘဲ။
ပြီးတော့ သူ့ရဲ့သိုင်းပညာကအရမ်းအစွမ်းထက်ပြီး သိုင်းဝိဇ္ဇာအဆင့်အောက်မှာ ပြိုင်ဘက်ကင်းလို့ပြောလို့ကြတယ်...”
ထိုလူမှာ ပြောရင်း စိတ်ပါလာဟန်ဖြင့်ရှေ့သို့အနည်းငယ်တိုးကာ ဆက်ပြောလိုက်သည်။
“ ဒါတင်မကသေးဘူး။ အဲဒီမိန်းကလေးဘယ်လောက်လှသလဲဆိုရင် သူ့ကို ပထမဆုံးအကြိမ်ကြည့်မိတဲ့လူတိုင်း ကျောက်ရုပ်တစ်ရုပ်လိုကြောင်ငေးသွားစေတဲ့အထိလှပသတဲ့။ ဒုတိယအကြိမ်ကြည့်မိတဲ့လူတွေကျ မျက်စေ့မလွှဲနိုင်ဘဲ တန်းတန်းစွဲဖြစ်သွားစေသတဲ့။
သူ့ကိုမြင်ဖူးတဲ့လူတွေရဲ့စကားအရဆိူရင် အဲဒီမိန်းကလေးက ဇာတ်မြူပ်သွားတဲ့ သိုင်းလောကအလှနတ်သမီးသွမ့်ရှင်းရှောင်ထက်တောင်ပိုလှပြီး သူသွားရာနေရာတိုင်းမှာ ပြဿနာတွေဖြစ်လွန်းလို့မျက်နှာကိုပဝါနဲ့တောင်ကာထားရတယ်ဆိုပဲ ။
အဲဒီမိန်းကလေးကို မြောက်ပိုင်းကိုရောက်နေတဲ့ပန်းချွေမင်းသားလို့နာမည်ကျော်တဲ့ ချန်တဟုန်က တိုက်တိုက်ဆိုင်ဆိုင်သွားတွေ့တော့ သွားရေတမြားမြားဖြစ်ပြီး သူ့လူတွေနဲ့ဖမ်းခိုင်းတာပေါ့ ။
ဟီးဟီး ...ကံဆိုးချင်တော့ ဟိုမိန်းကလေးက မထိသင့်တဲ့မြွေဟောက်တစ်ကောင်ဖြစ်နေပြီး သူ့နောက်ကိုလိုက်နေတဲ့လူတွေကို မသေရင်တောင်ဒဏ်ရာအပြင်းအထန်ရအောင်ဆော်လွှတ်သတဲ့။
အသက်နှစ်ဆယ်မတိုင်ခင် ထိပ်တန်းလွန်အဆင့်ကိုရောက်ပြီး သိုင်းပါရမီရှင်ဆိုတဲ့ချန်တဟုန်လည်း မသေရုံတမယ်ကျန်ပြီး ဒုက္ခိတလုံးလုံးဖြစ်သွားတယ်။
ဒါကြောင့်လည်း သူ့အဖေချန်လုနဲ့ချန်ချင်းဂိုဏ်းကလူတွေယမ်းပုံမီးကျဖြစ်ပြီး သိုင်းမဟာမိတ်နဲ့ချန်ချင်းဂိုဏ်းသားတွေကိုသုံးပြီးမိန်းကလေးကိုလိုက်သတ်ကြတာပေါ့။
ဟိုမိန်းကလေးကလည်း ရက်စက်ကြမ်းကြုတ်ပြီးအညှာအတာကင်းမဲ့တဲ့အပြင် အကြောက်အလန့်တစ်စက်မှမရှိတော့ သူ့ကိုလာတိုက်တဲ့လူမှန်သမျှလက်သံပြောင်ပြောင်ဆော်လွှတ်ပြီး လေးငါးရက်အတွင်းမှာပဲလူတစ်ရာကျော်သေသွားကြတယ်...”
ထိုလူက မောပန်းသွားဟန်ဖြင့် သူ၏စကားကိုအဆုံးသတ်ကာ မွှေးပျံ့ပြင်းရှသည့်ရွှေဝတ်လွှာအရက်တစ်ခွက်ကိုမော့သောက်လိုက်သည်။
ကျန်လူများသည်လည်း ထိုအကြောင်းကိုသိရှိပြီးဖြစ်သော်ငြား ထိုလူကအတော်ပင်စကားပြောကောင်းလှ၍ နားစွန့်နေကြသည့် အခြားဝိုင်းရှိသိုင်းသမားများပါ ကိုယ်တိုင်မြင်တွေ့နေရသည့်အလား ကွက်ကွက်ကွင်းကွင်းမြင်သလိုခံစားမိလိုက်ကြသည်။
ထို့အပြင် သူတို့အချင်းချင်းလည်းအငြင်းအခုန်များပင်ဖြစ်လာကြပြီး အဓိကပြောဆိုနေကြသည့်အကြောင်းအရာအများက ပန်းနတ်သမီးထက်ပင်လှပသည်ဆိုသည့် ထိုမိန်းကလေး၏ရုပ်ရည် ၊ သိုင်းဝိဇ္ဇာအောက်၌ပြိုင်ဘက်ကင်းဆိုသည့်သိုင်းပညာတို့အကြောင်းကိုဖြစ်သည်။
သူတို့ဝိုင်းမှအစပြုလိုက်သည့်အကြောင်းအရာက ကျန်ဝိုင်းများသို့ပါပျံ့နှံ့သွားပြီး သိုင်းလောကသားမဟုတ်သူများပင်စိတ်ဝင်တစားပြောဆိုငြင်းခုန်နေကြသည်ကိုမြင်ရသည့်အခါ ဌာနမှူးလည်းဘဝင်ခွေ့သွားပြီး ချောင်းတစ်ချက်ဟန့်၍အသံကျယ်ကျယ်ဖြင့်ပြောလိုက်သည်။
“ ခက်တယ် မင်းတို့က လူတိုင်းသိနေတဲ့အကြောင်းအရာကိုပြောပြီး အရည်မရအဖက်မရငြင်းခုန်နေကြတယ်။
တကယ်တော့ လွန်ခဲ့တဲ့နှစ်ရက်ကပဲအလယ်ပိုင်းနဲ့မြောက်ပိုင်းနယ်စပ်က ရှင်းခုန်ဆိုတဲ့မြို့လေးနားမှာ သိုင်းမဟာမိတ်၊ ချန်ချင်းဂိုဏ်းနဲ့အဲဒီမိန်းကလေးတို့တိုက်ပွဲထပ်ဖြစ်တာ မသိကြဘူးမလား...”
“ ဟမ် ဒါများ သူတို့ကဒီလေးငါးရက်အတွင်းမှာ ခဏခဏတိုက်ပွဲဖြစ်နေတာ ခင်ဗျားပြောမှလား...”
ဘေးဝိုင်းရှိသိုင်းသမားတစ်ယောက်ကဖြတ်ပြောလိုက်၍ဌာနမှုးလည်းထိုလူ့ကို ဘုကြည့်ကြည့်ကာ မေးလိုက်သည်။
“ ဒီတိုက်ပွဲထဲမှာ ခုံတုံရဲ့ဆက်ခံသူစီးတုမင် ၊ မရှူံးနိမ့်နိုင်ဘူးလို့နာမည်ကျော်တဲ့ ရွှမ်ယွမ်ဓားညီနောင်နဲ့ နောက်ထက်တက်သစ်စတွေထဲမှာ ကျော်ကြားလာတဲ့ သံမဏိတံတိုင်းရှန်းတုတို့ပါနေတယ်ဆိုရင်ရော....”
ဌာနမှူးကသူ၏စကားကိုဖြတ်လိုက်ပြီး အရက်တစ်ခွက်ကို ဟန်ပါပါမော့သောက်လိုက်သည်။
သူ၏စကားက အစောပိုင်းကသိုင်းသမားကိုပါးစပ်ပိတ်သွားစေပြီးအခြားလူများပင်အံ့အားသင့်သွားကြသည်။
အကြောင်းက လက်ရှိမျိုးဆက်၏နံပါတ်တစ်ဟုညွှန်းဆိုရမည့် ခုံတုံဆက်ခံသူစီးတုမင်၊ နှစ်ယောက်တွဲဓားသိုင်းဖြင့်ထင်ရှားသည့် ရွှမ်ယွမ်ဓားညီနောင်၊ ဓားလှံမတိုးသည့်ခန္တာကိုယ်ပိုင်ရှင် သံမဏိတံတိုင်းဘွဲ့ရ ရှန်းတုတို့က တစ်ယောက်ချင်းစီးကပင် သိုင်းလောက၌ကျော်ကြားသူများဖြစ်ပြီး ဌာနမှူး၏စကားအရထိုလူများအားလုံး ယခုကိစ္စတွင်ပါဝင်လာပုံရ၏။
အခြားလူများ၏သိချင်စိတ်ကိုသိရှိသော်လည်း ဌာနမှူးဆိုသည့်သကောင့်သားက အရက်နောက်တစ်ခွက်ကိုပင်ဇိမ်ပြေနပြေငှဲ့သောက်နေသေးသည်။
လူကြားထဲ၌ထင်ပေါ်ကျော်ကြားမှုကိုနှစ်သက်သည့် သူတို့ဌာနမှူး၏စရိုက်အရ ပြောစရာတစ်ခုခုရှိနေမှန်းရိပ်စားမိ၍ ကျန်အဖွဲ့သားများလည်းဆက်ပြောပါရန်ဝိုင်းဝန်းတောင်းပန်လိုက်ကြပြီး အခြားဝိုင်းရှိလူများပင်တိတ်ဆိတ်သွားကာ ဌာနမှူး၏စကားအဆက်ကိုစောင့်နေကြသည်။
ဒုတိယထပ်တစ်ခုလုံးထူးဆန်းစွာငြိမ်သက်သွားပြီး သူ့ထံမှထွက်ပေါ်လာမည့်စကားကိုစောင့်မျှော်နေသည့်အခါမှ ဌာနမှူးလည်း ထိပ်တန်းအဆင့်သိုင်းကျမ်းတစ်ခုကောက်ရသည်ထက်ပင်သဘောကျသွားပုံရပြီး လည်ချောင်းရှင်းသည့်အနေဖြင့်ချောင်းတစ်ချက်ဟန့်ကာဆက်ပြောလိုက်သည်။
“ အဖြစ်က ဒီလိုကွ....”