← Chapters

အံ့ဩဖွယ်သိုင်းနတ်မယ်

Vol. 1 Ch. 40

အံ့ဩဖွယ်သိုင်းနတ်မယ်

Vol. 1 Ch. 40

“ အခုရက်ပိုင်းအတွင်းမှာ အဲဒီမိန်းကလေးကို ဝိုင်းဝန်းတိုက်ခိုက်ရင်းနဲ့ သိုင်းမဟာမိတ်နဲ့ချန်ချင်းဂိုဏ်းသား အများအပြားသေဆူံးခဲ့ရတာ အားလုံးသိပြီးဖြစ်မှာပေါ့။

သိုင်းမဟာမိတ်မှာ အဆင့်လွန်ထိပ်သီးအများအပြားရှိပေမယ့် သူတို့ကလည်းတခြားလုပ်စရာကိစ္စလေးတွေရှိနေတော့အင်အားကုန်သုံးလို့မရဘူးလေ။

သိုင်းမဟာမိတ်ရဲ့ခေါင်းဆောက်ဆယ်ယောက်ဆွေးနွေးအပြီးမှာ သိုင်းမဟာမိတ်ကမိန်းကလေးရဲ့နောက်ကိုခြေရာခံလိုက်ဖို့ အဆင့်လွန်ထိပ်သီးသုံးယောက်နဲ့ထိပ်တန်းအဆင့်သိုင်းသမားဆယ့်နှစ်ယောက်ကိုတာဝန်ပေးလိုက်တယ်။

ဒါတင်မရသေးဘူး ချန်ချင်းဂိုဏ်းကလည်း သူတို့ရဲ့အဆင့်လွန်ထိပ်သီးနှစ်ယောက်နဲ့ထိပ်တန်းအဆင့်သိုင်းသမားရှစ်ယောက်ကိုအကူအညီလွှတ်လိုက်သေးတာ ။

သူတို့ကိုဘာမဟုတ်တဲ့မိန်းကလေးတစ်ယောက်ကိုတိုက်ခိုက်ဖို့ အခုလိုအင်အားအများကြီးသူံးရသလားလို့မမေးနဲ့ဦး ။

အဲဒီမိန်းကလေးရဲ့လက်ထဲမှာ လေးငါးရက်အတွင်း လူတစ်ရာကျော်သေဆုံးပြီးတဲ့အပြင် သူတို့ထဲမှာ အဆင်လွန်ထိပ်သီးလေးငါးယောက်တောင်ပါသေးသတဲ့ ။

ဒါကြောင့်လည်း သိုင်းမဟာမိတ်နဲ့ချန်ချင်းဂိုဏ်းက အင်အားအပြည့်အစုံစေလွှတ်ခဲ့ပြီးတော့ အဲဒီအင်အားနဲ့က တော်ရုံတန်ရုံပထမတန်းစားအင်အားစုတစ်ခုနဲ့တောင်ညီမျှသေးတယ်မလား။

တစ်ဖက်မှာလည်း သိုင်းမဟာမိတ်ရဲ့ခေါင်းဆောင်ယောက်ထဲကနှစ်ယောက်ဖြစ်တဲ့ ချန်ချင်းဂိုဏ်းကချန်လုနဲ့ မုယုံမိသားစုက မုယုံချန်တို့က စောစောကငါပြောခဲ့တဲ့လူလေးယောက်ကိုဖိတ်ခေါ်ပြီး နောက်ကနေလိုက်ခဲ့ကြသတဲ့။

မြောက်ပိုင်းနဲ့အလယ်ပိုင်းရဲ့ကြားက ရှင်းခုန်ဆိုတဲ့မြို့လေးနားကတောင်တန်းပေါ်မှာ မိန်းကလေးကို သိုင်းမဟာမိတ်နဲ့ချန်ချင်းဂိုဏ်းသားတွေရှာတွေ့သွားပြီးသူတို့ချင်းတိုက်ပွဲဖြစ်ခဲ့ကြတယ်။

အဲဒီတိုက်ပွဲက ကျားလား ဖားလား ဆိုတာ ဆူံးဖြတ်ပေးတာပဲ။ သိုင်းမဟာမိတ်နဲ့ချန်ချင်းဂိုဏ်းမှာအဆင့်လွန်ထိပ်သီးငါးယောက်ပါပြီး ကျန်တဲ့လူတွေက ထိပ်တန်းအဆင့်တွေချည်းပဲ ။

ဒါတောင် မိန်းကလေးရဲ့အင်္ကျီစကိုထိအောင်မတိုက်နိုင်ကြဘဲနဲ့ မိန်းကလေးက ဓားလှံတွေကြားမှာ လိပ်ပြာလေးလိုရှောင်တိမ်းပြီး သူ့ဆီကတိုက်ကွက်တစ်ခုထွက်လာတိုင်းသိုင်းမဟာမိတ်နဲ့ချန်ချင်းဂိုဏ်းကလူတစ်ယောက်လွင့်စင်သွားကြတယ်။

ပြီးတောါ အဲဒီမိန်းကလေးက ပဝါတစ်ထည်နဲ့သူ့မျက်နှာကိုဖုံးကွယ်ထားတာတောင် ဆန်းသစ်စလခြမ်းကွေးလိုမျက်ခုံးအောက်က အရည်ရွှန်းလဲ့ပြီးလှပတဲ့မျက်ဝန်းလေးတွေကိုမြင်ရတဲ့အခါ သိုင်းမဟာမိတ်နဲ့ချန်ချင်းဂိုဏ်းကလူတွေတခဏလောက်ငေးကြောင်သွားကြတယ်ဆိုပဲ...”

ဌာနမှူးက ထိုင်ခုံပေါ်သို့တက်၍မတ်တပ်ရပ်နေပြီး သူ၏လက်ကိုဝေ့ယမ်း၍သရုပ်ပြသည်အထိ စိတ်ပါနစ်မျောသွားသည်။

အကယ်၍ မိန်းကလေးတိုက်ခိုက်သည့်ပုံစံကိုသာကိုယ်တိုင်တွေ့မြင်ရပါက ကျန်လူများလည်း အလားတူငေးမောသွားကြနိုင်သော်လည်း လက်နှစ်ဖက်ကိုဖြန့်ကား၍ လုပ်ပြနေသည့် ဌာနမှူး၏ပုံစံကား ခြေတစ်ဖက်နာနေသည့် ကြိုးကြာအိုကြီးတောင်ပံခတ်နေသလိုလွန်စွာကြည့်ရဆိုးနေသည်။

သို့သော်လည်း ဌာနမှူးက ဆက်မပြောတော့မည်စိုး၍မည်သူမှ ဝင်ရောက်နှောင့်ယှက်ဝံ့ခြင်းမရှိဘဲ သူ၏စကားကိုသာစောင့်မျှော်နေကြသည်။

တိုက်ခိုက်သည့်ဟန်ပန်ကိုအားရအောင်သရုပ်ဖော်ပြပြီးနောက် ဌာနမှူးက ကိုယ့်ကိုယ်ကိုပြန်သတိထားလိုက်မိကာ အရှက်ပြေချောင်းတစ်ချက်ဟန့်၍ဆက်ပြောလိုက်သည်။

“ ဆိုလိုချင်တာက သိုင်းမဟာမိတ်နဲ့ချန်ချင်းဂိုဏ်းကအစွမ်းထက်သိုင်းသမား‌အများအပြားကိုတောင်အနိုင်ယူနိုင်တာ အဲဒီမိန်းကလေးရဲ့သိုင်းပညာက ကောလဟာလတွေထဲကလို သိုင်းဝိဇ္ဇာအောက်မှာပြိုင်ဘက်ကင်းဖြစ်နိုင်တာပေါ့...”

ဌာနမှူးက စိတ်အားတက်ကြွသည့်ပုံစံဖြင့်ပြောလိုက်ပြီး ကျန်လူများလည်း သူ၏စကားကိုထောက်ခံသည့်အနေဖြင့်ခေါင်းညိမ့်လိုက်ကြသည်။

မိန်းကလေး၏သိုင်းပညာမည်မျှရှိသည်ကို သူတိ့ကိုယ်တိုင်မသိရသော်လည်း ဌာနမှူးပြောသည့်စကားသာအမှန်ဆိုပါက သူတို့ကြားရသည့်ကောလဟာလများလည်း မှန်ကန်ပုံရသည်။

သို့သော် တိတ်ဆိတ်နေသည့်အခြေအနေကို ခပ်ဩဩအသံတစ်ခုကဖြိုခွင်းသွားလေသည်။

“ သိုင်းမဟာမိတ်ကသိုင်းထိပ်သီးတွေဆိုတာ သူတို့သက်ဆိုင်ရာဂိုဏ်းအဖွဲ့တွေထဲက ထိပ်သီးတွေထဲမှာတောင်‌ အောက်ဆုံးမှာရှိတဲ့အဆင့်လွန်ထိပ်သီးတွေပဲ။

ဒါကြောင့်လည်း သက်ဆိုင်ရာဂိုဏ်းအဖွဲ့တွေက မ‌ကောင်းကျောင်းပို့ ဆိုတဲ့အတိုင်း သိုင်းမဟာမိတ်ဖွဲ့စည်းတော့ သူတို့ကိုရက်ရက်ရောရော‌ထည့်ပေးလိုက်တာပေါ့။

သိုင်းမဟာမိတ်မှာ သိပ်မဆိုးတာဆိုလို့ ခေါင်းဆောင်ဆယ်ယောက်ဆိုတဲ့ကောင်တွေပဲရှိတယ်။ ဒါတောင်သူတို့က မဆိုးဘူးလို့ပြောနိုင်ရုံပဲ ...”

အသံက များစွာကျယ်လောင်ခြင်းမရှိသော်လည်း ပီသကာ ရှင်းလင်းသည်။ ဆိုင်ဒုတိယထပ်ရှိလူတိုင်းကောင်းစွာကြားလိုက်ရသည်။

ထို့ထက်ပို၍အံ့ဩဖွယ်ကောင်းသည်က လက်ရှိအလယ်ပိုင်း၏နံပါတ်တစ်အဖွဲ့အစည်းဖြစ်ရန်အားသန်နေသည့် သိုင်းမဟာမိတ်ကိုပွင့်ပွင့်လင်းလင်းဝေဖန်ဝံ့သည့်ထိုလူ၏သတ္တိပင်ဖြစ်သည်။

အသံပိုင်ရှင်က ဌာနမှူးတို့ပျံလွှားအာမခံဌာနလူများနှငိ့တစ်ဝိုင်းကျော်တွင်ထိုင်နေသည့်လူနှစ်ယောက်ထဲမှာဖြစ်ပြီး အနက်ရောင်ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားသည့် သက်လက်ပိုင်းအရွယ်လူတစ်ယာက်ဖြစ်သည်။

သူ၏ပုံစံကသာမန်သာဖြစ်သော်လည်း တလက်လက်တောက်ပနေသည့်မျက်လုံးများက အတွင်းအားလွန်စွာကောင်းမွန်သည့်လူတစ်ယောက်ဟုဖော်ပြနေပြီး သူ့‌ဆီမှထွက်ပေါ်နေသည့် ထူးခြားသည့်အငွေ့အသက်ကြောင့် ထိုလူ၏စကားကိုသဘောမတူသူများပင် ကန့်ကွက်စကားမဆိုဝံ့ကြပေ။

အင်အားပေါင်းနှစ်ရာ့လေးဆယ်ဖြင့်စတင်ဖွဲ့စည်းခဲ့သည့်သိုင်းမဟာမိတ်အဖွဲ့ကယခုအချိန်တွင်လူငါးရာကျော်ရှိသည့်အဖွဲ့အစည်းကြီးတစ်ခုဖြစ်နေပြီဖြစ်သလို သူတို့အဖွဲ့အစည်းရှိအနိမ့်ဆုံးလူကပင်အဆင့်မြင့်သိုင်းအဆင့်ရှိရာ အခြားအဖွဲ့အစည်းများထက်ခေါင်းတစ်လုံးသာနေသည်ကအမှန်ပင်။

ထို့ကြောင့် သိုင်းမဟာမိတ်လိုအဖွဲ့အစည်းတစ်ခုကို ပွင့်ပွင့်လင်းလင်းဝေဖန်ဝံ့သည့်ထိုလူ၏ရဲ့ရင့်မှုကချီးကျူးထိုက်ပြီးကျန်လူများလည်းအချင်းချင်းတီးတိုးပြောလိုက်ကြသည်။

သို့သော် ထိုလူမည်သူမည်ဝါဖြစ်သည်ကိုသိရှိသူများကတော့ အံ့သြခြင်းမရှိဘဲ ယခုနေရာတွင်ထိုလူရောက်ရှိနေခြင်းကိုသာ အံ့အားသင့်နေဟန်တူသည်။

“ သူကဘယ်သူလဲ... သိုင်းလောကထဲက ကျော်ကြားတဲ့လူလည်းဟုတ်မယ်မထင်ပါဘူး ..ပြီးတော့ လက်ချောင်းတစ်ချောင်း...”

ဆိုင်ထောင့်ရှိသိုင်းသမားတစ်ယောက်က သူ့၏ဘေးရှိလူပိုမေးလိုက်သည်။ သို့‌သော် သူ၏စကားမဆုံးမီ ဘေးရှိလူက ထခုန်၍ထိုလူ၏ပါးစပ်ကိုပိတ်လိုက်ပြီး ကြိတ်၍ခပ်တိုးတိုးပြောလိုက်သည်။

“ မင်းက သေချင်လို့လား ...လက်ကိုးချောင်းရသေ့ဘွဲ့ခံ ခွန်လွန်ရသေ့လက်ဝါးဆိုတာ မကြားဖူးဘူးလား။

အရင်ထဲက သိုင်းထိပ်သီးဆယ်‌ယောက်စာရင်းဝင်တဲ့အပြင် သိုင်းလောကထဲက နှစ်နှစ်ကျော်ပျောက်ပြီးတော့ ကျုံဟွာတောင်တိုက်ပွဲမှာပြန်ပေါ်လာတော့ သိုင်းပညာအံ့မခန်းတိုးတက်လာတယ်တဲ့။

‌တစ်ချို့ကပြောတာတော့သူ့ရဲ့သိုင်းပညာကသိုင်းဝိဇ္ဇာအဆင့်ကိုတောငိရောက်နေပြီဆိုပဲ။ ကျုံဟွာတောင်တိုက်ပွဲမှာဆို ခရမ်းရောင်သွေးလဂိုဏ်းက သိုင်းထိပ်သီးတွေကို ကြက်ကလေးငှက်ကလေးလိုသတ်သွားတာ။

ပြီးတော့ မိန်းကလေးနေရာမှာ သူဆိုရင်လည်း စောစောက ပျံလွှားဌာနမှူးပြောသလို‌သေချာပေါက်လုပ်နိုင်တယ် ...”

ထိုလူက သူ၏အ‌ဖော်အားရှင်းပြသည့်နည်းတူ ကျန်စားပွဲဝိုင်းများတွင်လည်း တီးတိုးအသံများနှင့်ဆူညံသွားသည်။

ဌာနမှူးလည်း သူ၏စကားဝိုင်းကိုဝင်ရောက်နှောက်ယှက်သူအားမလိုလားသည့်အကြည့်ဖြင့်ကြည့်လိုက်သော်လည်း ထိုလူ၏ရုပ်သွင်ကိုတွေ့လိုက်သည့်အခါတွန့်ခနဲဖြစ်သွားသည်။

သိသိသာသာပင် ဌာနမှုးလည်း လက်ကိုးချောင်းရသေ့ဆိုသည့် ထိုလူ့ကိုသိရှိဟန်တူ‌ပြီး အနည်းငယ်တွန့်ဆုတ်သွားသော်လည်း အငြင်းအခုန်ပြုရာ၌ အလျော့မပေးတတ်သည့်သူ၏စရိုက်အတိုင်း ထပ်ပြောလိုက်သည်။

“ မိတ်ဆွေ‌ပြောတာ မှန်သင့်သလောက်မှန်ပါတယ်။ ဒါပေမယ့် ကျုပ်ဆက်ပြောမယ့်အကြောင်းကိုကြားရင်တော့ မိတ်ဆွေသေချာပေါက်လက်ခံလာစေရမယ်...”

ဌာနမှူး၏ယုံကြည်မှုပြည့်ဝသည့်စကားကြောင့် လက်ကိုးချောင်းရသေ့ပင်မျက်ခုံးပင့်လိုက်မိပြီး သူနှင့်တစ်ဝိုင်းထဲထိုင်နေသည့်ဝတ်စုံဖြူဝတ်လူက ‌ပြောလိုက်သည် ။

“ အေးအေးဆေးဆေးနားထောင်စမ်းပါအစ်ကိုကြီးရယ် သူပြောမယ့်ဟာကထူးခြားသတင်းဆိုရင် ကျုပ်တို့လည်း သိရတာပေါ့...”

လက်ကိုးချောင်းရသေ့နှင့်တစ်ဝိုင်းထဲထိုင်နေသည့်လူက အသက်လေးဆယ့်ငါးနှစ်ခန့်ရှိပြီး သန့်ရှင်းသည့်အဖြူရောင်ဝတ်စုံကိုသပ်ရပ်စွာဝတ်ဆင်ထားသည်။

သူ၏ရုပ်ရည်က ချောမောသည်ဟုမဆိုနိုင်သော်လည်း ကြည့်ကောင်းပြီးမျက်နှာထားနူးညံ့ချိုသာသည့်အတွက် ရှိရင်းစွဲအသက်ထက်ပို၍နုပျိုနေဟန်တူသည်။

“ အင်း...ဆက်ပြောပါ....”

လက်ကိုးချောင်းရသေ့က ဌာနမှူးကို ခေါင်းညိမ့်ပြကာ သူ၏လက်ညိုးတစ်ချောင်းပြက်နေသည့်လက်ယာဘက်လက်ဖြင့် အရက်တစ်ခွက်မော့သောက်လိုက်သည်။

လက်ကိုးချောင်းရသေ့လို ကျော်ကြားသူတစ်ဦးပင် သူ၏စကားကိုလက်ခံလာ၍ ဌာနမှူးလည်းပို၍မြောက်ကြွကြွဖြစ်သွားပြီး လည်ချောင်းတစ်ချက်ရှင်းကာ ဆက်ပြောလိုက်သည်။

“ အဟမ်း... ကျုပ်ပြောနေတာ ဘယ်ကိုရောက်သွားပါလိမ့် ။ ဟုတ်ပြီ မိန်းကလေးရဲ့လက်ချက်ကြောင့် သိုင်းမဟာမိတ်နဲ့ချန်ချင်းဂိုဏ်းကလူတွေအတုံးအရုံးဖြစ်နေချိန်မှာ နောက်ထပ်ခြောက်ယောက်ရောက်လာသတဲ့ ။။

အဲဒီခြောက်ယောက်က သိုင်းပေါင်းစုံအရှင်သခင်လို့နာမည်ကျော်တဲ့မုယုံမိသားစုက မုယုံချန်၊ ချန်ချင်းဂိုဏ်းက ချန်လု ၊ ခုံတုံဂိုဏ်းရဲ့ဆက်ခံသူ ဖောက်ထွင်းလက်သီးပိုင်ရှင်စီးတုမင် ၊ လူငယ်မျိုးဆက်ဆိုပေမယ့် ဓားလှံမတိုးတဲ့ခန္တာကိုယ်ပိုင်ဆိုင်ထားပြီး ထိပ်သီးတွေနဲ့ယှဉ်နိုင်တဲ့ သံမဏိတံတိုင်းရှန်းတု ၊ နောက်ဆုံးကတော့ ရှူံးပွဲမရှိသေးဘူးလိူ့နာမည်ကျော်တဲ့ ရွှမ်ယွမ်ဓားညီနောင်တို့ပဲ...”

ဌာနမှူးပြောပြသည့်နာမည်များက လက်ရှိသိုင်းလောက၏ထိပ်ဆုံးတွင်ရှိနေကြသူများဖြစ်၍ နားထောင်နေကြသူများလည်း အစွမ်းကုန်နားစွန့်လာကြသည်။

“ သူတို့ခြောက်‌ယောက်ရောက်လာတာအချိန်မီလေးလို့ဆိုရမယ် ။ ဘာကြောင့်လဲဆိုတော့ သူတို့သာရောက်မလာရင် မိန်းကလေးက သိုင်းမဟာမိတ်နဲ့ချန်ချင်းဂိုဏ်းသားတွေကို လုံးဝအမြစ်ပြတ်သတ်ဖြတ်တော့မှာဆိုပဲ ။

ဒီလိုနဲ့ သိုင်းထိပ်သီးခြောက်ယောက်က မိန်းကလေးကိုဝိုင်းဝန်းပြီးတိုက်ခိုက်ခဲ့ကြတယ်ဆိုပါတော့ ။

အံ့ဩစရာကောင်းတာက အဲဒီသိုင်းထိပ်သီးခြောက်ယောက်ကိုတောင် မိန်းကလေးက သူတင်ကိုယ်တင်ယှဉ်နိုင်ပြီး အစိမ်းရောင်လေလက်ဝါးဆိုတဲ့ သူ့ရဲ့အကြောဖျက်လက်ဝါးက သိပ်ပြီးကြောက်စရာကောင်းသတဲ့။

တစ်ချက်ကလေးရိုက်မိရုံနဲ့ လူတစ်‌ယောက်ရဲ့သွေးကြောတွေကိုအပိုင်းပိုင်းပြတ်သွားစေတဲ့သိုင်းပညာက လက်ရှိသိုင်းလောကထဲမှာတတ်မြောက်တဲ့လူမရှိသေးဘူး။

ဆိုတော့ မိန်းကလေးက သိုင်းထိပ်သီးခြောက်ယောက်နဲ့အကွက်ပေါင်းငါးရာကျော်ခြောက်ရာလောက်အထိယှဉ်တိုက်ခိုက်ခဲ့ပေမယ့် နောက်ဆုံးမှာ အများနဲ့တစ်ယောက်ဆိုတော့ သူ့ရဲ့အတွင်းအားတွေကုန်ဆုံးပြီးရှုံးနိမ့်ခဲ့ရတယ်။

ဒါကိုတောင် သူ့ရဲ့လက်ဝါးတစ်ချက်ရိုက်မိသွားတဲ့ချန်ချင်းဂိုဏ်းက ချန်လုဆိုရင်‌ နေရာတင်သေလုမျောပါးဖြစ်ပြီးသိုင်းပညာပျက်စီးခါနီးလို့ ကျန်တဲ့လူတွေအလျှင်အမြန်အတွင်းအားဆက်ကုသပေးမှသက်သာသွားတယ်ဆိုပဲ ။

ခင်ဗျားတို့ပဲစဥ်းစားကြည့်။ သိုင်းထိပ်သီးခြောက်ယောက်နဲ့မတိုင်ခင်က အဲဒီမိန်းကလေးကနေ့စဉ်ရက်ဆက်တိုက်ပွဲတွေဆင်နွဲပြီးပင်ပန်းနေသေးတယ်။

ဒါအပြင်သူတို့နဲ့တိုက်ခါနီးလေးမှာတောင် သိုင်းမဟာမိတ်နဲ့ချန်ချင်းဂိုဏ်းကသိုင်းသမားနှစ်ဆယ်ကျော်ကိုသူတစ်ယောက်ထဲရင်ဆိုင်အနိုင်ယူခဲ့သေးတာ။

ဒါကြောင့် မိန်းကလေးက သိုင်းထိပ်သီးခြောက်ယောက်နဲ့တိုက်ခိုက်တဲ့အချိန်မှာ သူ့ရဲ့အတွင်းအားအတော်များများကုန်ဆုံးထားပြီး ဒါကိုတောင် ခြောက်ယောက်တစ်ယောက်အချိန်အကြာကြီးလက်ရည်တူတိုက်ခိုက်နိုင်တယ်ဆိုတော့ သု့သိုင်းပညာဘယ်လောက်ကြောက်စရာကောင်းမယ်ဆိုတာခန့်မှန်းကြည့်ပေတော့။

သိုင်းထိပ်သီးခြောက်ယောက်ထဲမှာအစွမ်းအထက်ဆုံးဖြစ်တဲ့စီးတုမင်ကတောင် အဲဒီမိန်းကလေးသာ အကောင်းဆုံးအခြေအနေမှာရှိရင် သူတို့ခြောက်‌‌ယောက်အနိုင်မရဘူးလို့ဝန်ခံခဲ့တယ်ဆိုပဲ...”

ဌာနမှူး၏စကားအဆူံး၌ ဒုတိယထပ်တစ်ခုလူံးနောက်တစ်ကြိမ်တိတ်ဆိတ်သွားပြန်သည်။

All Chapters