ကြက်တူရွေး၏သတင်းများ
Vol. 1 Ch. 41
ဌာနမှူး၏စကားများသာမှန်ကန်ပါက ကျောက်စိမ်းနတ်မိမယ် သို့မဟုတ် သွေးအေးသခင်မဆိုသည့်မိန်းကလေး၏သိုင်းပညာကသူတို့ခန့်မှန်းထားသည်ထက်ပင်များစွာကျော်လွန်နေပြီး ဒုတိယထပ်ရှိသိုင်းသမားများအားလုံးအံ့ဩတုန်လှုပ်မှုကိုခံစားလိုက်ရသည်။
သိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိနေသူဟုနာမည်ကြီနေသည့် လက်ကိုးချောင်းရသေ့ပင် တိတ်ဆိတ်နေပြီး မျက်မှောင်ကြုတ်၍စဉ်းစားတွေးတောနေဟန်တူသည်။
ထိုမြင်ကွင်းကြောင့် သူ၏ရှေ့ရှိဝတ်စုံဖြူဝတ်လူကခပ်တိုးတိုးရယ်မောလိုက်ကာ လက်ကိုးချောင်းရသေ့၏ပခုံးကိုအသာပုတ်လိုက်သည်။
“ သိပ်လည်းစိတ်မကောင်းမဖြစ်ပါနဲ့အစ်ကိုကြီးရယ် သိုင်းလောကမှာ တစ်တောင်ထက် တစ်တောင်မြင့်တယ်ဆိုတဲ့ဆိုရိုးလည်းရှိတာပဲ။
အခုက အသက်နှစ်ဆယ်လောက်ပဲရှိတဲ့မိန်းကလေးက အစ်ကိုကြီးထက်သိုင်းပညာသာနေရုံလေးပါ။ အရေးမကြီးပါဘူး...”
ဝတ်စုံဖြူဝတ်လူ၏လေသံက လက်ကိုးချောင်းရသေ့ကို နှစ်သိမ့်နေဟန်တူသော်လည်း စင်စစ်စနောက်နေခြင်းသာဖြစ်သည်။
သူ၏စကားကြောင့် လက်ကိုးချောင်းရသေ့လည်းခေါင်းကိုဖြေးညင်းစွာညိမ့်လိုက်ပြီး အနည်းငယ်လေးလံသည့်လေသံဖြင့်ပြောလိုက်သည် ။
“ အာမခံဌာနကငကြွားကောင်သာ ပိုပိုသာသာပြောတာမဟုတ်ရင် ဒီမိန်းကလေးရဲ့သိုင်းပညာက တကယ်ကြောက်စရာကောင်းတာပဲ။ သိုင်းဝိဇ္ဇာအဆင့်အောက်မှာပြိုင်ဘက်ကင်းဆိုတာဖြစ်နိုင်တယ်။
ဝိညာဉ်နုတ်လက်ဝါးသိုင်းကိုအောင်မြင်ပြီးတဲ့နောက်မှာ ငါ့ရဲ့သိုင်းပညာကသိုင်းဝိဇ္ဇာအဆင့်ကိုရောက်ခဲ့တယ်။ အခုဆယ်နှစ်အတွင်းမှာ အတွင်းအားကိုဦးစားပေးလေ့ကျင့်နေတော့ သိုင်းဝိဇ္ဇာအဆင့်ကိုရောက်ဖို့နီးစပ်နေပြီ။
ပြောရရင် သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ပေါ့။ ဒါပေမယ့် စောစောကပြောတဲ့ထိပ်သီးခြောက်ယောက်သာငါ့ကိုဝိုင်းတိုက်ရင် ငါမရှုံးရင်တောင် သူတို့ကိူအနိုင်မယူနိုင်ဘူး ။
ကျန်တဲ့လူတွေကဒီလောက်မဟုတ်ပေမယ့် စီးတုမင်ဆိုတဲ့ကောင်ကတော့ တကယ့်ကိုထူးချွန်တယ်။ အေးလေ ဒါကြောင့်လည်း အဲဒီလူရဲ့ သွေးသောက်ညီတစ်ယောက်ဖြစ်နေတာပေါ့...”
လက်ကိူးချောင်းရသေ့ရည်ညွှန်းသည့်လူကမည်သူမည်ဝါဖြစ်သည်ကိုမသိရသော်လည်း ဝတ်စုံဖြူဝတ်လူ၏ပေါ့ပေါ့ပါးပါးဟန်ပင်ပျောက်ကွယ်သွားပြီးသူ၏ပုံစံကလေးနက်တည်ကြည်သွားသည်။
ထို့နောက် သူလည်းသက်ပြင်းတစ်ချက်ချ၍ရေရွတ်လိုက်သည်။
“ အဲဒီလူက တစ်ခေတ်တစ်ယောက်တောင်မဟုတ်ဘူး အနှစ်နှစ်ရာတောင်တစ်ယောက်မရှိနိုင်တဲ့လူမျိုးပဲလေ။
ဒါပေမယ့်အခုမိန်းကလေးကလည်း အသက်နှစ်ဆယ်လောက်နဲ့သိုင်းဝိဇ္ဇာအဆင့်အောက်ပြိုင်ဘက်ကင်းနေတာ သူ့ကိုသာ နောက်ထပ်ဆယ်နှစ်ဆယ့်ငါးနှစ်အချိန်ပေးလိုက်ရင် အဲဒီလူရဲ့အဆင့်ကိုရောက်နိုင်တယ်...”
မည်သည့်အရာကိုမှအလေးထားဟန်မတူသည့်ဝတ်စုံဖြူဝတ်လူပင် သူ၏စကားထဲရှိလူကိုလွန်စွာလေးစားပုံရသည်။
သို့သော်လည်း သူ၏စကားကိုလက်မခံဟန်ဖြင့်လက်ကိုးချောင်းရသေ့က ခေါင်းယမ်းရင်းပြောလိုက်သည်။
“ ငါကတော့မဖြစ်နိုင်ဘူးလို့ထင်တယ်။ သိုင်းလောကရဲ့ခေတ်အဆက်ဆက်မှာ ပါရမီရှင်တွေအများကြီးပေါ်ထွက်ဖူးပေမယ့် သမိုင်းမှာနာမည်ချန်နိုင်ခဲ့တာကလက်တစ်ဆုပ်စာပဲရှိတာလေ။
အခုမိန်းကလေးရဲ့သိုင်းပညာဘယ်လောက်ကောင်းကောင်း အဲဒီလူကိုမှီဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး...”
ထိုအချိန်တွင် ဆိုင်ထဲရှိလူများလည်း ဌာနမှူးပြောသည့်အကြောင်းအရာများကိုအပြန်အလှန်ပြောဆိုငြင်းခုန်နေကြပြန်ကာ ဆူညံပွတ်လောရိုက်နေသည်။
ထိုအချိန်တွင် ဌာနမှူးနှင့်သိကျွမ်းဟန်တူသည့်သိုင်းသမားတစ်ဦးက သူတို့၏ဝိုင်းသို့ကူးလာပြီး ဌာနမှူးကိုမေးလိုက်သည်။
“ ဌာနမှူးကျောက် ကျုပ်ခင်ဗျားကိုမယုံကြည်လို့တော့မဟုတ်ပါဘူး။ ဒါပေမယ့် ဒီသတင်းကိုဘယ်ကနေရခဲ့တာလဲ။
သိုင်းမဟာမိတ်ကိုယ်တိုက်ကအခုလိုထုတ်ပြန်တာမဟုတ်ဘဲ အသေးစိတ်အကြောင်းအရာတွေပါ ပါဝင်နေတာ တော်တော်အံ့ဩစရာကောင်းလို့ပါ...’”
ဌာနမှူး၏စရိုက်ကိုသိနေသည့် ထိုလူ၏မြှောက်ပင့်ဟန်ဖြင့်မေးသည့်စကားကြောင့် ဌာနမှူးလည်း သူ၏လက်ကိုဟန်ပါပါဝေ့ယမ်းရင်း လေးနက်သည့်ပုံစံဖြင့်ပြောလိုက်သည်။
“ အော် .. ဘယ်သူများလဲလို့ ...ဟူနန်နယ်က ဆရာစန်းပဲ ။ ကျုပ် ဒီသတင်းကို ကြက်တူရွေးစီကသိခဲ့တာပဲ။ သာမန်ကြက်တူရွေးမဟုတ်ဘူးနော် ။ သွေးကြက်တူရွေး ။
ခင်ဗျားသိတဲ့အတိုင်းပဲ ကျုပ်ကသိုင်းလောကအကြောင်းကိုနှံ့နှံ့စပ်စပ်စုံစမ်းလေ့ရှိတော့ ဒီကိုရောက်တာနဲ့ကြက်တူရွေးအဖွဲ့ဆီသွားပြီး လက်တလောသတင်းလေးဘာလေးသွားဝယ်တာပေါ့။
ကံကောင်းချင်တော့ အဲဒီမှာ သွေးကြက်တူရွေးကိုယ်တိုင်ရှိနေပြီး ကျုပ်ကို ဒီအကြောင်းတွေငွေတပြားမှမယူဘဲပြောခဲ့တာ။ တကယ့်ကိုစိတ်နေစိတ်ထားထူးဆန်းပြီး သတင်းစုံလင်တဲ့လူတစ်ယောက်ပဲ....”
ဌာနမှူး၏လေသံတွင် ချီးကျူးလိုသည့်အရိပ်အယောင်များပါဝင်နေပြီး ဆရာစန်းဆိုသည့်သိုင်းသမားလည်းအံ့ဩသွားဟန်ဖြင့်ခေါင်းတဆက်ဆက်ညိမ့်လိုက်သည်။
“ ဒီလိုကိုးဗျ ကြက်တူရွေးဆီကသတင်းဆိုရင်တော့စိတ်ချရပါတယ်လေ...”
ဆရာစန်းလည်း တစ်စုံတစ်ခုကိုသတိရသွားဟန်ဖြင့်ထပ်မေးလိုက်သည်။
“ ဒါနဲ ဟိုမိန်းကလေးရှုံးနိမ့်သွားပြီးတော့ ဘာဖြစ်သွားသေးလဲ...”
သူ၏စကားကြောင့် ဌာနမှူး၏မျက်နှာလည်းအနည်းငယ်ပြောင်းလဲသွားပြီး မချင့်မရဲပုံစံဖြင့်သက်ပြင်းတစ်ချက်ချကာပြောလိုက်သညိ။
“ ခင်ဗျားလိုပဲ ကျုပ်လဲဒီအကြောင်းကို သွေးကြက်တူရွေးကိုဆက်မေးတာပေါ့။ ဒါပေမယ့် သူကိုယ်တိုင်တောင် တိတိကျကျမပြောနိုင်ဘူး။။
ခင်ဗျားတို့သိတဲ့အတိုင်း သွေးကြက်တူရွေးက သတင်းစုံလင်ပြီး တိကျသေချာတယ်ဆိုပေမယိ့ မသေချာရင်သူကတစ်ခွန်းမှမဟဘူးလေ။
ပြီးတော့ သူလည်းလူသားတစ်ယောက်ပဲဆိုတော့ နတ်ဘုရားတွေလိုအရာအားလုံးကိုသိနေတာမှမဟုတ်တာ။
ဘာပဲဖြစ်ဖြစ် ဒီမိန်းကလေးက မသေရင်တောင် သိုင်းပညာဖျက်ဆီးခံရနိုင်တယ်။ သူသတ်ခဲ့တဲ့လူတွေကနည်းမှမနည်းတာ။ ဒီထဲကသုံးပုံနှစ်ပုံလောက်က သိုင်းမဟာမိတ်နဲ့ချန်ချင်းဂိုဏ်းကလူတွေလေ။
ဒီကောင်တွေရဲ့စရိုက်အရဆိုရင်ဘယ်လိုလုပ်အသက်ရှင်လျက်လွှတ်ပေးမလဲ ...”
ထိုစကားကိုတော့ ဌာနမှူးကျောက်က ခပ်တိုးတိုးသာပြောလိုက်ခြင်းဖြစ်သည်။
ထို့နောက် အတန်ကြာအောင်စားသောက်ပြီးနောက်တွင် ဌာနမှူးကျောက်နှင့်ပျံလွှားအာမခံဌာနမှသိုင်းသမားများလည်း ဆိုင်ထဲမှထွက်သွားကြတော့သည်။
လူမိုက်ကံကောင်းဟုဆိုရမည်ပင်။ ဟိုနေရာစပ်စပ်သည်နေရာစပ်စပ်ပါတတ်သည့်ဌာနမှူးကျောက် ပြောသည့်အကြောင်းအရာများကိုသဘောကျသည့် သဘောကောင်းသောသူဌေးတစ်ယောက်က သူတို့တစ်ဝိုင်းလုံးစားသောက်ထားးသမျှကိုရှင်းပေးခဲ့သည့်အတွက် နှလုံးပီတိဂွမ်းဆီထိကာ သူတို့တစ်ဖွဲ့လုံး တပြုံးပြုံးဖြင့် ထွက်သွားကြလေသည်။
ထိုလူများထွက်သွားပြီး ဆိုင်ဒုတိယထပ်တွင်အတော်ပင်တိတ်ဆိတ်သွားကာ ကိုယ့်ဝိုင်းနှင့်ကိုယ်ကြိတ်၍ဆွေးနွေးနေကြသူများသာကျန်တော့သည်။
“ ဟူး...သိုင်းလောကကြီးကလည်း နေ့စဉ်နဲ့အမျှပေါ်လာလိုက်တဲ့အဖွဲ့အစည်းအသစ်တွေ ထူးဆန်းတဲ့ဂိုဏ်းတွေနဲ့ အတော်လေးရှုပ်ထွေးနေတာပဲ။
ပြီးတော့ ဒီသိုင်းမဟာမိတ်ဆိုတဲ့ကောင်တွေကလည်း သိပ်မဟန်ဘူးရယ်။ ဒီကောင်တွေက နောက်ခံအားကိုးနဲ့နေရာတစ်ရာလူတွင်ကျယ်လုပ်ပြီး သူတို့ကိုယ်သူတို့ တရားမျှတတဲ့ပုံစံဖမ်းနေကြတာ။
ဘာမဟုတ်တဲ့ဒီကောင်တွေက နဂါးစိမ်းဂိုဏ်းကြီးကိုလိုက်ပြီးအတုခိုးနေတာသာကြည့်တော့ ငါတော့ အခုဆယ်နှစ်အတွင်းမှ ဒီကောင်တွေကိုခဏခဏတွေ့နေရတာ အတော်မျက်စေ့နောက်နေပြီ....”
လက်ကိုးချောင်းရသေ့က အနည်းငယ်အေးစက်နေပြီဖြစ်သည့်ဘဲသားခေါက်ဆွဲကိုတူဖြင့်ညပ်ရင်း မလိုလားသည့်လေသံဖြင့်ပြောလိုက်သည်။
သူ၏စကားကြောင့် အဆီဝေ့နေသည့်ပါးစပ်ကို လက်သုတ်ပဝါဖြင့်သုတ်နေသည့်ဝတ်စုံဖြူက ခေါင်းညိမ့်ထောက်ခံလိုက်ပြီး တက်ကြွသည့်လေသံဖြင့်ပြောလိုက်သည်။
“ ဒါပေါ့အစ်ကိုကြီးရဲ့ နဂါးစိမ်းဂိုဏ်းကြီးက တကယ့်ကိုအဖြူအနက်ညီညွတ်ရေးကိုဦးစားပေးလုပ်ဆောင်ခဲ့ပြီး သူတို့ကြီးစိုးတဲ့အချိန်က သိုင်းလောကြီးတကယ့်ကိုအေးချမ်းခဲ့တယ် ။
ဒီကောင်တွေကတော့ ဟိုနေရာထောင်ထောင် ဒီနေရာထောင်ထောင်လုပ်ပြီး အနက်ရောင်သိုင်းလောသားတွေကိူဖိနှိပ်လို့ မောက်မာဝံ့ကြွားနေလို့ အမှောင်လောကဆိုတဲ့မဟာမိတ်ပေါ်လာတာသာကြည့်တော့။
သူတို့နောက်ခံအဖွဲ့အစည်းတွေကလည်း ဒီကောင်တွေလုပ်သမျှမတားဘဲ အားပေးအားမြှောက်လုပ်နေတာ စိတ်ပျက်စရာပါ။
တလောကတောင် သိုင်းမဟာမိတ်ခေါင်းဆောင်ဆယ်ယောက်ထဲက နန်ကုန်းယန်ဆိုတဲ့ကောင်က ကျုပ်ကိုဆုငွေထုတ်သေးတယ်။ ပြီးတော့ သိုင်းမဟာမိတ်ကကောင်တွေကိုလည်းတွေ့တဲ့နေရာမှာဖမ်းဖို့မှာထားတယ်ဆိုပဲ။
ဟမ့် ဒီလိုကောင်တွေကိုအသာထားဦး သူတို့ခေါင်းဆောင်ဆယ်ယောက်ဝိုင်းဖမ်းရင်တောင် ကျုပ်ရဲ့အင်္ကျီစကိုထိမှာမဟုတ်ဘူး...”
စိတ်ဆိုးဒေါသထွက်ခဲသည့်ဝတ်စုံဖြူ၏မကျေမနပ်ပုံစံကိုမြင်ရသည်မှာ လက်ကိုးချောင်ရသေ့အတွက် အတော်ပင်ပီတိဖြစ်စေပြီး ဝတ်စုံဖြူ၏ပခုံးကိုအသာပုတ်၍ နှစ်သိမ့်သည့်လေသံဖြင့်ပြောလိုက်သည် ။
“ ဟဲဟဲ စိတ်လျော့ငါ့ညီ...မင်းက သူတို့မိသားစုက ရတနာသုံးမျိူးထဲကတစ်မျိုးကိုခိုးလာမှတော့ မင်းကိုသေတဲ့အထိမကျေတာအံ့ဩစရာမရှိပါဘူး...သိုင်းလောကရဲ့နံပါတ်တစ်ဆိုတဲ့မင်းရဲ့ကိုယ်ဖော့ပညာနဲ့ဆိုဘယ်လိုလုပ်ဖမ်းမိမှာလဲ...”
လက်ကိုးချောင်းရသေ့က လွန်ခဲ့သည့်အချိန်အနည်းငယ်က ဝတ်စုံဖြူလုပ်ခဲ့သည့်အတိုင်း သာသာနှင့်နာနာနှက်လိုက်ရာ ဝတ်စုံဖြူ၏မျက်နှာက ရှုံ့မဲ့သွားတော့သည်။
“ အသုံးမကျတဲ့ကျောက်စိမ်းခွက်အစုတ်ပလုပ်ကြောင့် ကျုပ်ကိုအခုချိန်ထိအခဲမကျေသေးတာ တွေးမိတိုင်းရင်နာတယ်။
ဒါကြောင့်လည်း ကျုပ်ကသူတို့ခွက်စုတ်ကိုပြန်မပေးသေးတာ ။ ကြုံတုန်းပြောလိုက်ဦးမယ်အစ်ကိုကြီးရေ သိုင်းလောကသားတွေက ကျုပ်ရဲ့ကိုယ်ဖော့ပညာကိုသိုင်းလောကနံပါတ်တစ်လို့သက်မှတ်ကြပေမယ့် ကျုပ်ထက်မနိမ့်တဲ့လူတွေလက်တစ်ဖက်စာလောက်တောင်ရှိသေးတယ် ...”
ဝတ်စုံဖြူဝတ်လူ၏စကားကြောင့်လက်ကိုးချောင်းရသေ့လည်းစိတ်ဝင်စားသွားပုံရပြီး စားတော့မည်ပြင်နေသည့်ဘဲသားတစ်ဖက်ကိုပင်ပြန်ချကာ မေးလိုက်သည်။
“ ဆိုစမ်းပါဦး မင်းဆီကဒီစကားကြားရတာ အထူးအဆန်းပါလား...”
လက်ကိုးချောင်းရသေ့၏မေးခွန်းကြောင့် ဝတ်စုံဖြူဝတ်လူလည်း သက်ပြင်းတစ်ချက်ချ၍ဖြေးညင်းစွာပြောလိုက်သည်။
“ ကျုံဟွာတောင်တိုက်ပွဲမတိုင်ခင်ကတော့ ကျုပ်လည်း ကိုယ့်ကိုယ်ကို ကိုယ်ဖော့ပညာသိုင်းလောကနံပါတ်တစ်ဆိုပြီး မြောက်ကြွကြွဖြစ်ဖူးသေးတာပေါ့။
သိုင်းလောကကြီးက တစ်တောင်ထက်တစ်တောင်မြင့်တယ်ဆိုတဲ့စကားကို ကိုယ်တိုင်ကြုံရမှပဲသိတော့တယ်။
လက်ရှိသိုင်းလောကထဲမှာ ကျုပ်ထက်ကိုယ်ဖော့ပညာမနိမ့်တဲ့လူတွေ လက်တစ်ဖက်စာရှိတာ အလကားပြောနေတာမဟုတ်ဘူး....”