← Chapters

ကိန်းကြီးခန်းကြီးနိုင်လှသူ

Vol. 1 Ch. 42

ကိန်းကြီးခန်းကြီးနိုင်လှသူ

Vol. 1 Ch. 42

“ သူတို့ထဲကတစ်ယောက်က ကျုပ်ရဲ့ဆရာတူညီဖန်းလွေဆိုတဲ့ကောင်ပေါ့။ ဒီကောင်က လျှို့ဝှက်ပြီးစရိုက်သိပ်မကောင်းပေမယ့် ကိုယ်ဖော့ပညာမှာ ကျုပ်နဲ့နင်လားငါလားပဲ ..”

“ ခဏ ခဏလေး...”

ဝတ်စုံဖြူ၏စကားမဆုံးမီ လက်ကိုးချောင်းရသေ့က ဖြတ်မေးလိုက်သည်။

“ မင်းငါ့ကိုပြောဖူးတာ မင်းရဲ့ဆရာတူညီက အရိပ်တစ္ဆေဝူယွမ်ဆိုတဲ့ကောင်မလား ဒီကောင်ကလည်းလက်ရှိသိုင်းလောကရဲ့ကိူယ်ဖော့ပညာအကောင်းဆုံးလူတွေထဲကတစ်ယောက်လေ။ ထိပ်သီးဆယ်ယောက်စာရင်းမှာ ငါ့ထက်တောင်တစ်ဆင့်မြင့်သေးတယ်...”

လက်ကိုးချောင်းရသေ့၏စကားကြောင့် ဝတ်စုံဖြူက နှာခေါင်းတစ်ချက်ရှုံ့ရင်းအထင်သေးဟန်ဖြင့်ပြောလိုက်သည်။

“ ဖွီ ဒီကောင်က ကိုယ်‌ဖော့ပညာနဲ့ လက်နက်ပုန်းပညာအားကိုးပြီး သိုင်းလောကထဲမှာလူတွင်ကျယ်လုပ်နေပေမယ့် သိုင်းပညာဒီလောက်မဟုတ်သလို ကိုယ်ဖော့ပညာကလည်းကျုပ်ထက်တစ်ဆင့်နိမ့်သေးတယ်။

အခု ကျုပ်ပြောတဲ့လူက ကျုပ်ရဲ့ဆရာတူညီဖန်းလွေပဲ။ ကျုပ်နဲ့ ဝူယွမ်ရဲ့အငယ်ပေါ့ ။ သူက ဘယ်လောက်အထိထူးချွန်လဲဆိုရင် ကျုပ်တို့သုံးယောက်ထဲမှာ ကျင့်ရခက်တဲ့ဒုတိယအပိုင်းကိုတောင် ဆူံးခန်းတိုင်အောင် အောင်မြင်သွားတဲ့ကောင်ပဲ။

ဒါပေမယ့် သူကလျှို့ဝှက်ပြီးအကြံကြီးတော့ ဆရာ့ရဲ့လေလွတ်မြောက်ခြင်းကိုယ်ဖော့ပညာကိုတောင်ခိုးပြီးလေ့ကျင့်ခဲ့တယ်လေ။

ဒါကြောင့်လည်းဆရာက သူ့ကို ဆုံးခန်း‌တိုင်အောင်ပညာသင်မပေးဘဲ နှင်ထုတ်ခဲ့ပြီး သူ့သတင်းကိုမကြားရတာတောင်အနှစ်နှစ်ဆယ်ကျော်ပြီ..။

ထားပါ သူ့အကြောင်းကို ကျုပ်ပြောမယ့်နောက်ထပ်နှစ်ယောက်က နှင်းငွေ့မိစ္ဆာသခင်နဲ့ပထမဓားသခင်တို့ပဲ။

ကျုံဟွာတောင်တိုက်ပွဲမှာ သရဲတစ္ဆေတွေလိုရွေ့လျားတိုက်ခိုက်နေတဲ့သူတို့ရဲ့ကိုယ်ဖော့ပညာကိုခင်ဗျားလည်းမြင်တာပဲ။ သေသွားတဲ့ကျုပ်ဆရာတောင် သူမသေခင်အဲဒီအဆင့်ပဲရှိတာ...”

ယခုစကားကိုတော့ လက်ကိုးချောင်းရသေ့ပင်အပြည့်အဝထောက်ခံလိုက်သည်။

“ သူတို့နှစ်ယောက်ကတော့ တစ်ခေတ်တစ်ယောက်ဆိုတာထက်တောင်ပိုတဲ့လူတွေပဲ။ အဘက်ဘက်ကပြီးပြည့်စုံပြီး သိုင်းလောကကိုကိုင်လှုပ်နိုင်ခဲ့တဲ့လူတွေ ။ တကယ့်ကိုလူမဟုတ်တဲ့လူတွေပါ...”

ထိုသို့ပြောလိုက်သော်လည်းသူ၏လေသံထဲတွင်နက်ရှိုင်းသည့်လေးစားမှုတို့ပါဝင်နေပေသည်။

ဝတ်စုံဖြူက ခေါင်းတစ်ချက်ညိမ့်၍ဆက်ပြောလိုက်သည်။

“ တတိယတစ်‌ယောက်ကိုကျုပ်ပြောရင် ခင်ဗျားတောင်အံ့ဩသွားဦးမယ် ။ ဟဲ ဟဲ သူက သိုင်းလောကသားတိုင်းသိတဲ့ အဖိုးကြီးစုလေ။

လေလွင့်တေလေဆိုတဲ့သူ့နာမည်နဲ့‌လိုက်အောင် သိုင်းပညာ‌နက်ရှိုင်းရုံတင်မဟုတ်ဘဲ ကိုယ်ဖော့ပညာပါအံ့မခန်းထူးချွန်သေးတယ်။။

ပညာလျှိုထားတဲ့အဲဒီအဖိုးကြီးအကြောင်းကိုကျုပ်တောင် တိုက်ဆိုင်လို့သိခဲ့တာ...”

ဝတ်စုံဖြူ၏စကားကြောင့် လက်ကိုးချောင်းရသေ့၏မျက်လုံးများပြူးကျယ်သွားပြီး အံ့ဩစွာရေရွတ်လိုက်သည်။

“ တေလေဂိုဏ်းချုပ်ကြီးရဲ့ သိုင်းပညာကို သံသယမရှိပေမယ့် သူ့ရဲ့ကိုယ်ဖော့ပညာကိုဒီလောက်အထိထင်မထားဘူး ။ သူ့ရဲ့သိုင်းပညာကိုတောင် ကျုံဟွာတောင်တိုက်ပွဲမှအားလုံးသိရတာ ကြောင်လက်သည်းဖွင်သလိုဖွက်ထားတဲ့ပညာရှင်တစ်ယောက်ပဲ...”

လက်ကိုးချောင်းရသေ့၏ပုံစံကိုကြည့်ရင်း ဝတ်စုံဖြူ၏မျက်နှာထက်၌လျှို့ဝှက်သည့်အပြုံးတစ်ခုပေါ်လာကာ ဆက်ပြောလိုက်သည်။

“ နောက်ဆုံးတစ်‌ယောက်ကိုသိရရင် အစ်ကိုကြီးပိုတောင်အံ့ဩသွားဦးမယ်။ အဲဒီလူက ခရမ်းရောင်သွေးလဂိုဏ်းမှာအရေးပါတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ဖူးတဲ့ အရိပ်တပ်ဖွဲ့ခေါင်းဆောင်ဟောင်း ဟုချန်းစီပဲ...”

“ ဘယ်လို ပျောက်ကွယ်သွားတဲ့ အရိပ်တပ်ဖွဲ့ကခေါင်းဆောင်ဟောင်းလား ပြီးတော့ သူ့နာမည်ကဟုချန်းစီလား...”

လက်ကိုးချောင်းရသေ့၏ အံ့ဩဟန်ရသည့်မေးခွန်းကို ဝတ်စုံဖြူက ခေါင်းညိမ့်ရင်းရှင်းပြလိုက်သည်။

“ အဲဒီအချိန်တွေက အစ်ကိုကြီးကသွေးလဖျက်ဆီးသူအဖွဲ့ထဲဝင်ပြီး ခရမ်းရောင်သွေးလဂိုဏ်းနဲ့တဂျိမ်းဂျိန်းချနေတော့ ဘယ်သိမှာလဲ။

ကျုပ်က အကျင့်မကောင်းတဲ့အဖိူးကြီးစုကို ကူညီပေးနေရတော့ ခရမ်းရောင်သွေးလဂိုဏ်းရဲ့လျှို့ဝှက်ချက်အတော်များများကိုလည်းသိထားခဲ့တယ်။

ခရမ်းရောင်သွေးလဂိုဏ်းအဲဒီလောက်အထိကြီးထွားလာတာ အရိပ်တပ်ဖွဲ့ရဲ့စွမ်းဆောင်မှုတွေလည်းအများကြီးပါတယ်။။

လူငါးဆယ်တောင်မပြည့်တဲ့အဲဒီတပ်ဖွဲ့ကို နှင်းငွေ့မိစ္ဆာသခင်ကလွဲပြီးဘယ်သူမှအမိန့်ပေးလို့မရဘူး ။။

သူတို့ရဲ့သိုင်းပညာကဒီလောက်မဟုတ်ပေမယ့် ကိုယ်ဖော့ပညာထိပ်တန်းအဆင့်မှာရှိကြတဲ့အပြင် ကိုယ်ယောင်ဖျောက်ပုန်းအောင်နိုင်စွမ်းက သိုင်းလောကရဲ့နံပါတ်တစ်ပဲ ။

အဖိုးကြီးစုတောင် အချိန်အကြာကြီးစုံစမ်းပြီးမှ ဒီလိုအချက်အလက်နည်းနည်းလေးပဲသိလာရတာကိုသာကြည့်တော့...”

ဝတ်စုံဖြူက အရက်တစ်ခွက်ကိုငှဲ့သောက်ရင်း သူ၏စကားကိုဆက်လိုက်သည်။

“ နောက်ပိုင်းမှာ သူတို့ကြားထဲအကွဲအပြဲတွေဖြစ်ပြီး အရိပ်တပ်ဖွဲ့ခေါင်းဆောင်ဟုချန်းစီက နှင်းငွေ့မိစ္ဆာသခင်ဆီကနေ ထွက်ပြေးခဲ့တယ်။

ပြီးတော့ အရိပ်တပ်ဖွဲ့ကလူတစ်ဝက်လောက်က သူနဲ့အတူပါသွားသေးတာ။ အစ်ကိုကြီးပဲစဉ်းစားကြည့် နှင်းငွေ့မိစ္ဆာသခင်လိုလူမျိုးကို သစ္စာဖောက်ဝံ့တဲ့သူ့ရဲ့သတ္တိကဘယ်လောက်ကောင်းသလဲဆိုတာနဲ့ သူနဲ့အတူ လိုက်ပါခဲ့ကြတဲ့နောက်လိုက်တွေကလည်း သူ့ကိုဘယ်လောက်ယုံကြည်သလဲဆိုတာ ။

အဲဒီဖြစ်ရပ်ပြီးသွားထဲက ခရမ်းရောင်သွေးလဂိုဏ်းရဲ့အရိပ်တပ်ဖွဲ့ဆိုတာ ပျက်စီးသွားသလို လက်ကျန်လေးငါးခြောက်ယောက်က သိပ်ပြီးမစွံတဲ့လူတွေပဲကျန်တော့တာ။

ဒါတောင် လက်ကျန်အရိပ်တပ်ဖွဲ့ကလူတွေက နှင်းငွေ့မိစ္ဆာစခင်ရဲ့အလောင်းနဲ့အတူပျောက်ကွယ်သွားပြီး အခုထိသူတို့ကိုရှာမရတာကြည့်တော့။

အဆုံးမှာ ဟုချန်းစီရဲ့လက်ချက်ကြောင့် ဒုတိယအကြိမ်စန်နုန်ကျတိုက်ပွဲဖြစ်ပြီး ငရဲဓားဝမ်းတုနဲ့ ခရမ်းရောင်သွေးလဂိုဏ်းက အစွမ်းထက်သိုင်းသမားတွေ သုတ်သင်ခံခဲ့ရသလို ခရမ်းရောင်သွေးလဂိုဏ်းက ဖမ်းဆီးထားတဲ့ ထိပ်တန်းအင်အားစုကလူငယ်မျိူးဆက်တွေဘယ်မှာလဲဆိုတာကို သူပဲဖော်ထုတ်ပေးခဲ့တာ ။

ပြီး‌ တေယ့ နှင်းငွေ့မိစ္ဆာသခင်ရဲ့အကြံအစည်တွေကို သူခန့်မှန်းနိုင်ပြီး ကြိုတင်ပြင်ဆင်မှူတွေလုပ်နိုင်ခဲ့တာပေါ့ ။။

ပြောရရင် ခရမ်းရောင်သွေးလဂိုဏ်းကျရှူံးခဲ့ရတာ သူ့ရဲ့ကူညီမှူလည်းအများကြီးပါဝင်တယ် ။

သူနဲ့ကျုပ်တစ်ကြိမ်ပဲတွေ့ဖူးလိုက်ပေမယ့် သူ့ရဲ့ကိုယ်ဖော့ပညာက ဩချရသလို ကျုပ်ထက်တောင်သာလွန်နိုင်သေးတယ်။

ပြီးတော့ အဖိုးကြီးစုလိုသတင်းအချက်အလက်စုံတဲ့လူတောင် ဟုချန်းစီရဲ့နာမည်ကလွဲပြီး ဘာမှမသိဘူး။ သူ့ရဲ့အသက်အရွယ် ၊ ရုပ်ရည်နဲ့ ယောင်္ကျားလားမိန်းမလားဆိုတာတောင် ကျုံ‌ဟွာတောင်တိုက်ပွဲပြီးတဲ့အထိသိမသွားဘူး။

ကျုံဟွာတောင်တိုက်ပွဲပြီးတော့ သူလည်းစုံးစုံးမြုပ်ပျောက်သွားတာ အခုထိပဲ...”

“ အင်း...သိုင်းလောကဆိုတာ ပုန်းနေတဲ့နဂါးတွေကျားတွေပြည့်နေတဲ့နေရာပဲကိုး...”

ဝတ်စုံဖြူ၏စကားအဆုံး၌ လက်ကိုးချောင်ရသေ့လည်း သက်ပြင်းကိုလေးလေးပင်ပင်ချလိုက်ခြင်းဖြစ်သည်။

&&&&&

ကျယ်ဝန်းလှပသည့်ကန်သာယာ

အရုဏ်ဦး၏အလင်းရောင်က ကန်ရေပြင်ပေါ်သို့ပတ်ဖြန်းနေ၍ ရွှေဝါရောင်အရောင်များတောက်ပတော့မလိုလိုအရိပ်များဖြတ်ပြေးနေသည်။

တစ်ခါတစ်ရံလေအဝှေ့တွင်တလိမ့်လိမ့်ဖြတ်ပြေးသွားသည့်လှိုင်းကြက်ခွပ်လေးများကိုလည်း ရှူမငြီးစဖွယ်တွေ့နိုင်ပြီး အမှိုက်တစ်စပင်မရှိသည့်လူလုပ်ရေကန်ပေမယ့် ကြည်လင်သည့်ကန်ရေပြင်ကိုအောက်ခြေထိဖောက်ထွင်းမြင်နိုင်ပေသည်။

သဘာဝအတိုင်းဖြစ်ပေါ်ခြင်းမဟုတ်သော်လည်း ကျွမ်းကျင်သူတို့ပြုစုထားသည့်ကြာမျိုးငါးပါးပလည်း ကန်ရေပြင်ပေါ်တွင်ကြွားဝင့်စွာတည်ရှိနေပြီး လေနှင့်အတူသင်းပျံလာတတ်သည့်ကြာရနံ့က သက်ရှိသက်မဲ့တို့ကိုစိတ်ကြည်နူးစေနိုင်သည်။

လေးထောင့်စပ်စပ်သဏ္ဍာန်ရှိပြီး ပတ်ပတ်လည်တိုင်းထွာလျှင် ပေပေါင်းလေးရာ့ရှစ်ဆယ်ခန့်ရှိမည့်အနှီရေကန်ကြီးမှာ လွန်စွာကျယ်ဝန်းသည့်ခြံဝန်းကြီးတစ်ခုထဲတွင်တည်ရှိခြင်းဖြစ်ပြီး အလျားအနံ စုစုပေါင်း သုံးလီခန့်ရှိမည့်ခြံဝန်းကြီး၏ရှေ့ဘက်တွင်ဖြစ်သည်။

ကန်ရေပြင်၏အလယ်ရှိကျောက်ဖြူဇရပ်လေးမှကြည့်လျှင် မလှမ်းမကမ်း၌ နတ်ဘုံနတ်နန်းအလားခမ်းနားသည့်သုံးထပ်အဆောက်အဦးကြီးကိုတွေ့နိုင်ပြီး ထိုအဆောက်အဦးကြီးက ခြံဝန်းအလယ်ရှိပင်မနေရာတစ်ခုဖြစ်သည်။

‌ကျောက်ဖြူဇရပ်လေးနှင့် ကန်စပ်ကို လူနှစ်ယောက်သာကောင်းကောင်းလျှောက်စာမည့် ဝါးတံတားလေးတစ်ခုဖြင့်သွယ်တန်းထားခြင်းဖြစ်ပြီး အုတ်ကြွတ်မိုးကာ လေးဖက်လေးတန်ဖွင့်ထားသည့် ဇရပ်လေးကား လူငါးယောက်ခန့်ချောင်ချောင်ချိချိထိုင်နိုင်အောင်ကျယ်ဝန်းသည်။

ကန်ရေပြင်၏အလှကို‌ကောင်းစွာရှူစားနိုင်သည့်ဇရပ်လေးထဲတွင် သက်ရှိလူသားတစ်ဦးရှိနေပြီး ကျောက်သားဖြင့်ပင်ပြုလုပ်ထားသည့်ထိုင်ခုံတစ်လုံးတွင်ထိုင်ကာ နေထွက်‌စအလှကိုငေးမောနေသည်။

ဤရေကန်သာနှင့် သူံးထိပ်အဆောက်အဦးပို ငွေကြေးမည်မျှသုံးစွဲထားသည်မသိရသော်လညိး တော်ရုံ‌တန်ရုံသူဌေးသူကြွယ်များပင်ထိုင်ငိုရမည့်ကုန်ကျစရိတ်ဖြစ်ပေမည်။

ဇရပ်လေးထဲရှိလူ၏ရုပ်ရည်ကို မမြင်တွေ့ရသော်လည်း ပိုးဖဲဖြင့်ချုပ်ထားသည့်အကောင်းစားဝတ်စုံကိုဝတ်ဆင်ထားကာ သူ့ရှေ့ရှိကျောက်စားပွဲလေးပေါ်တွင်တင်ထားသည့် ကျောက်စိမ်းရေနွေးခရားလေးကိုကြည့်၍ ထိုလူ၏ချမ်းသာကြွယ်ဝမှုကိုခန့်မှန်းနိုင်သည်။

ထိုအခိုက် ဝါးတံတားလေးကိုနင်း၍ ဖြတ်လျှောက်လာသည့်လူနှစ်ဦးက ကျောက်ဖြူဇရပ်လေးထဲတွင်ဆီသို့ဦးတည်၍လျှောက်လာနေကြသည်။

သူတို့နှစ်ဦးမှာ ကျောက်ဖြူဇရပ်နှင့်ခြေဆယ်လှမ်းအကွာတွင်ရပ်လိုက်ကြပြီး ရှေ့မှဦးဆောင်လာသူက ဇရပ်ထဲတွင်ထိုင်နေသူကိုအရိုအသေပေး၍ပြောလိုက်သည်။

“ ငယ်သား စုန်းယိက ခေါင်းဆောင်ကိုတွေ့ခွင့်တောင်းပါတယ်...”

ထိုလူက အနက်ရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားပြီး အသက်လေးဆယ်ခန့်အရွယ်ရှိသည်။

သူ၏ကိုယ်ဟန်ကတည့်မက်ပြီး တလက်လက်တောက်ပနေသည့်မျက်ဝန်းများနှင့် အတွင်းဘက်သို့အနည်းငယ်ချိုင့်ဝင်နေသည့်နားထင်နှစ်ဖက်တို့ကြောင့် အတွင်းအားပညာတွင်အဆင့်မနိမ့်လှသူတစ်ယောက်ဖြစ်သည်ကိုသိနိုင်သည်။

ယခုအခါ သူ၏ဟန်ပန်ကလွန်စွာရိုကျိုးနေပြီးဇရပ်ထဲရှိလူကိုအလွန်အမင်းကြည်ညိုလေးစားဟန်တူသည်။

နောက်ဘက်တွင်လိုက်ပါလာသူက အသက်နှစ်ဆယ်ဝန်းကျင်ရှိမည့်လူငယ်တစ်ဦးဖြစ်ကာ ရိုးသားပွင့်လင်းမည့်မျက်နှာသွင်ပြင်နှင့် ကြံ့ခိုင်သည့်ကိုယ်ကာယတို့ရှိသည်။

သို့သော် လူငယ်၏မျက်နှာကတည်ငြိမ်အေးစက်နေပြီး တစ်ချက်တစ်ချက်အံကိုတင်းတင်းကြိတ်နေသည်။

သူ၏နောက်ကျောတွင် အထုပ်ကြီးတစ်ထုပ်ကိုသိုင်းလွယ်ထားပြီး အထဲတွင်ထိုးထိုးထောင်ထောင်ဖြစ်သည့်အရာအချို့လည်းပါဝင်နေသည်။

အရှေ့အရပ်သို့လှည့်ကာ နေထွက်တော့မည့်ရှုခင်းကိုကြည့်ရှုနေသည့်လူက နောက်သို့တစ်ချက်ကလေးမှပြန်မကြည့်ဘဲ အေးဆေးသည့်လေသံဖြင့်ပြောလိုက်သည်။

“ လာခဲ့ပါ...”

ထိုလူ၏လေသံက ပျော့ပြောင်းခြင်း၊ တင်းမာခြင်းမရှိဘဲ စိတ်သက်သာရာရစေနိုင်သည့်အသံမျိုးဖြစ်သည်။

စုန်းယိဆိုသည့်အနက်ရောင်ဝတ်စုံဝတ်သိုင်းသမားလည်း နောက်ဘက်မှလူငယ်ကို ဆက်မလိုက်ရန်မျက်ရိပ်ပြကာ ဇရပ်လေးဆီသို့ခပ်သုတ်သုတ်လျှောက်လာခဲ့သည်။

လူငယ်ကား ဤမျှကိန်းကြီးခန်းကြီးနိုင်လှသည့်လူတစ်ယောက်ကိုတွေ့ဆုံရတော့မည်ဖြစ်၍အနည်းငယ်စိတ်လှုပ်ရှားမိသော်လည်း သူ၏စိတ်ထဲတွင် ကြီးမားသည့်ဆန္ဒတစ်ခုကတောက်လောင်နေရာ အမူအယာကအေးစက်ခတ်ထန်နေဆဲဖြစ်သည်။

စုန်းယိက ဇရပ်ထဲရှိလူ၏ဘေးတွင်အသာရပ်၍ ရိုကျိူသည့်လေသံဖြင့်ပြောလိုက်သည်။

“ ခေါင်းဆောင် ခေါင်းဆောင်လိုချင်တဲ့လူမျိုးတစ်ယောက်ကို သိုင်းလောကထဲကရှာတွေ့ခဲ့ပါတယ်။

သူက သိုင်းပညာအခြေခံအဆင့်ပဲရှိပေမယ့် ပန်းပဲပညာမှာ ဆရာတစ်ဆူလိုထူးချွန်ပြီး ဒီနိုင်ငံမှာသူ့ကိုမှီနိုင်မယ့်ပန်းပဲပညာရှင်ဆိုတာ လက်တစ်ဖက်တောင်မပြည့်ပါဘူး...”

စုန်းယိ၏စကားကြောင့် ပိုးဖဲဝတ်စုံဝတ်လူက နှုတ်ခမ်းနားသို့ရောက်နေပြီဖြစ်သည့် ကျောက်စိမ်းရေနွေး‌ခွက်ကိုပြန်ချ၍ ဘေးဘက်ရှိစားပွဲပေါ်သို့တင်လိုက်ကာ စိတ်ဝင်စားသည့်လေသံဖြင့်မေးလိုက်သည်။

“ သူ့ကိုခေါ်လိုက်စမ်းပါဦး....”

All Chapters