အနန္တမီးတောက်ကို ထိန်းချုပ်ခြင်း
Vol. 3 Ch. 32
ကြာနီမီးတောက်မှ သူ့ခန္ဓာကိုယ်ထဲ ဝင်သွားသည်နှင့် ရှန်မိုတစ်ယောက် မီးတောက်နေသော မီးသွေးကို မြိုချလိုက်ရသလို ခံစားရလေသည်။
သူ့ခန္ဓာကိုယ်မှာ အပြင်းအထန် ဆန့်ကျင်၍ ပြန်ကန်ထုတ်ရန် ကြိုးစားနေ၏။
သို့သော် ရှန်မိုတစ်ယောက် မသက်မသာ အခြေအနေကို သည်းခံကာ ကြာနီမီးတောက်အား သူ့ပုံရိပ်ငယ်ရှိရာအထိ ရောက်အောင် လမ်းပြပေးလေသည်။
သွေးကြော၊ အသားအရည်၊ အရိုးများအားလုံး အပူရှိန် တပြင်းပြင်းဖြင့် လောင်ကျွမ်းနေသလို ခံစားရ၏။
ရှန်မိုတစ်ယောက် အပူလွန်ကဲသည့်ဒဏ်ကို ခံစားရကာ အားနည်းချင်လာသည်။
“ခဏလေး ခဏလေး”
သူ အံကြိတ်၍ စွမ်းအင်တည်ငြိမ်ဆေး (၂) ပုလင်းနှင့် အနာသက်သာဆေး (၃) ပုလင်းတို့ကို အမြန် သောက်ချလိုက်သည်။
တစ်ချိန်တည်းတွင် ငရဲမီးတောက် ဖျက်ဆီးရေး ကျင့်စဉ်ကို စတင်ကာ ပျက်စီးသွားသော ကိုယ်တွင်းအင်္ဂါများအား ပြန်လည်ကျန်းမာလာစေ၏။
သို့သော် အပူချိန်အလွန်မြင့်လွန်း၍ တစ်ဖန် ပျက်စီးရပြန်သည်။
ဤသို့ဖြင့် ပျက်စီးလိုက် ပြန်ကောင်းလိုက်ဖြင့် သံသရာလည်ရင်း (၁၀) ရက်တိတိ ပြည့်ပြီးနောက် ကြာနီမီးတောက်မှာ သူ့ပုံရိပ်ငယ်ထဲ လုံးလုံး ဝင်ရောက် အသားကျသွားတော့၏။
တာအိုအခြေခံအား စိတ်ဝိညာဉ်စွမ်းအင်များ ပေးရင်း အထောက်အကူ ပြုနေသည်။
ရှန်မိုလည်း ထိုအခါမှ နောက်ဆုံး သက်ပြင်းချနိုင်၏။ ယခုအချိန်မှစ၍ သူ့အလိုဆန္ဒအတိုင်း လှုပ်ရှားတော့မည် ဖြစ်သည်။ သူ တစ်ချက်တွေးရုံဖြင့် အင်အားကြီးမီးတောက်မှာ နာခံရပေမည်။
ရှန်မို သူ့ခန္ဓာကိုယ်ကို ငုံ့ကြည့်၍
“ငါတောင် တော်တော် ပိန်သွားတာပဲ”
မီးတောက်၏ အပူရှိန်ကြောင့် ခန္ဓာကိုယ်ထဲမှ ရေတစ်ဝက်ခန့်မှာ အငွေ့ပျံသွားခဲ့သည်။
ခြေတည်အဆင့် အင်အားကြီးသူသာ မဟုတ်လျှင် ကြာနီမီးတောက်၏ တန်ပြန်အင်အားကြောင့် ဒုက္ခရောက်နိုင်၏။
လျှိုယွန်းရွှမ်၏ နဂိုကံကြမ္မာတွင် အတင်းအကြပ် မွမ်းမံခဲ့သောကြောင့် ကိုယ်တွင်းဒဏ်ရာများ ရခဲ့လေသည်။
ရှန်မို သူ့ကမ္ဘာငယ်ကို ပြန်ဆန်းစစ်ကြည့်၏။
အရင်က စိတ်ဝိညာဉ်စွမ်းအင် ရေကန်နှင့် ထိုအပေါ်တွင် တာအိုအခြေခံသာ ရှိသော်လည်း ယခုတော့ စိတ်ဝိညာဉ်စွမ်းအင်ကန်မှာ သိသိသာသာ သေးသွားပြီး တာအိုအခြေခံပေါ်၌ ကြာနီမီးတောက်မှာ တိတ်တဆိတ် တောက်လောင်နေသည်။
ရှန်မိုတစ်ယောက်တည်း ဆက်တွေးနေမိသည်။
မတိုက်ခိုက်ရသေးတာတောင် ကြာနီမီးတောက်က သူ့စိတ်ဝိညာဉ်စွမ်းအင်၏ ဆယ်ပုံတစ်ပုံကို ကုန်ဆုံးစေသည်။
ထို့ကြောင့် ရန်သူနှင့် တိုက်ခိုက်သည့်အခါ ပို၍အသုံးချရနိုင်သည်။
“အဲ့တာကြောင့် ကြာနီမီးတောက်ကို သာမာန်လူတွေ သုံးဖို့မဖြစ်နိုင်ဘူးလို့ ပြောကြတာကိုး”
“စိတ်ဝိညာဉ်စွမ်းအင်တွေ စုပ်ယူလိုက်တဲ့ ဖုန်စုပ်စက်ကျနေတာပဲ”
ရှန်မို ခေါင်းယမ်းကာ တွေးမိသည်။
သာမာန်အဆင့်ဖြင့် စိတ်ဝိညာဉ်စွမ်းအင်များ အမြန်ဖြည့်တင်းရန် မဖြစ်နိုင်သောကြောင့် ကြာနီမီးတောက်အတွက် လုံလောက်မည် မဟုတ်ပါ။
နောက်ဆုံး ကြာနီမီးတောက်၏ စွမ်းအင်များ အားလုံး စုပ်ယူခြင်းဖြင့် အရိုးခြောက်သာ ကျန်လိမ့်မည်။
“ကောင်းပြီ။ ငါ့အဆင့်က…”
ရှန်မို ရုတ်တရက် ရပ်သွားပြီး
“ငါ ခြေတည်အဆင့် အောင်မြင်မှုငယ်တောင် ရောက်သွားပြီလား”
“ဘာလို့ သတိမထားမိတာပါလိမ့်”
သူ ကြာနီမီးတောက် ထိန်းချုပ်ခြင်း၌သာ အာရုံစိုက်လွန်း၍ သူ့အဆင့်ကို လျစ်လျူရှုသလို ဖြစ်ခဲ့သည်။
ပြန်စဉ်းစားကြည့်မှ အဓိပ္ပာယ်ရှိပါသည်။
သူ အပူရှိန်ဒဏ်ခံနိုင်ရန် ဆေးများစွာ သောက်ရင်း လျင်မြန်စွာ အဆင့်တက်သွားနိုင်ခြင်း ဖြစ်၏။
“ငါ့မှာ အဆင့်တည်ငြိမ်ဆေးတွေ အများကြီး ကျန်သေးတယ်။ ဒီမှာက စိတ်ဝိညာဉ်စွမ်းအင်လည်း ကြွယ်ဝတယ်…”
ရှန်မို အားရပါးရ ရယ်မောလျက်
“ဒီအခွင့်အရေးကို လက်လွတ်ခံလို့ မဖြစ်ဘူး။ အတတ်နိုင်ဆုံး အဆင့်ထပ်တက်အောင် လုပ်ရမယ်”
မူယုံးယွဲ့ ပေးထားသော ဆေးပုလင်းများအားလုံး ထုတ်လိုက်ပြီး ပဲကြီးလှော်ဝါးသကဲ့သို့ အားလုံး ဝါးစားလိုက်၏။
ထို့နောက် ငရဲမီးတောက်ဖျက်ဆီးရေးကျင့်စဉ်ကို စတင် ကျင့်ကြံတော့သည်။
သူ့ခန္ဓာကိုယ်မှာ မီးဖိုအလယ်တွင်ရှိနေသကဲ့သို့ ခံစားရပြီး ဘေးပတ်လည်၌ စိတ်ဝိညာဉ်စွမ်းအင်များ အစွမ်းကုန် ရိုက်ခတ်နေကြ၏။
ထို့အပြင် ကြာနီမီးတောက်၏ လွှမ်းမိုးမှုဖြင့် ချင်းရွှမ်လိုဏ်ဂူထဲမှ စိတ်ဝိညာဉ်စွမ်းအင်များမှာ မီးစွမ်းအင်များကဲ့သို့ ဖြစ်နေသည်။
ရှန်မို၏ ခန္ဓာကိုယ်မှာလည်း မီးလျှံအင်အားကောင်း၍ အားလုံး လိုက်ဖက်ညီနေ၏။
သူ့ကျင့်ကြံမှုအရှိန်မှာ လျှပ်စီးကဲ့သို့ လျင်မြန်လွန်းလှသည်။
တစ်ချိန်တည်းတွင် လျှိုယွန်းရွှမ်လည်း မောမောပန်းပန်းဖြင့် (၄) ခုမြောက်ဂူထဲ ရောက်လာ၏။
အနန္တမီးကျောက်မျက်၏ ဆွဲဆောင်စေခိုင်းမှုမှာ အရမ်းတော့ မတိကျပေ။ (၄) ခုမြောက် သို့မဟုတ် (၅) ခုမြောက်တွင် ရှိမည်ဟုသာ သိရသည်။ သို့သော် သူ ရွေးချယ်စွာ မှားယွင်းစွာဖြင့် (၅) ခုမြောက်ဂူထဲ အရင် ဝင်သွားသောကြောင့် ယခုမှ ရောက်လာလေသည်
“အပူချိန်ကတော့ ဂူ (၅) နဲ့ အတူတူလောက်ပဲ။ ထပ်မှားပြန်တာလား။ ဒါမှမဟုတ်ကျောက်မျက်က လွဲနေတာလား”
လျှိုယွန်းရွှမ် စိတ်ညစ်လာ၏။
ထိုစဉ် ထောင့်တစ်ခုကို ချိုးလိုက်သောအခါ သူ မှင်တက်သွားမိသည်။
လိမ္မော်နီရောင်ရေကန်ကို တွေ့ရလေသည်။
အမှန်တော့ ရေကန်မဟုတ်ဘဲ မီးလျှံပင်လယ် ဖြစ်လေ၏။
“ကြာနီမီးတောက်က ဒီမှာဖြစ်ရမယ်”
လျှိုယွန်းရွှမ် အလွန်ပျော်ရွှင်သွားသည်။
ထို့နောက် အအေးဓာတ်ပေးနိုင်သော ပုတီးစေ့တစ်လုံး ထုတ်ကာ တစ်ကိုယ်လုံးကို နှင်းငွေ့အရှိန်အဝါများ ဖုံးလွှမ်းစေ၏။
ဂူထဲမဝင်ခင် သူ့အဖေ လျှိုယွမ်ဖုန်ပေးလိုက်သည့် ရတနာများထဲမှ တစ်ခုဖြစ်သည်။
ထိုရေခဲမြူစွမ်းအင်မှာ အနည်းဆုံး (၁၅) မိနစ်ဝန်းကျင် အစွမ်းထက်၏။
ဈေးအရမ်းကြီးသည့်ထဲ မပါသော်လည်း တစ်ခုကို အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး (၃၅၀) မျှ ပေးရသည်။
လျှိုယွန်းရွှမ်တစ်ယောက် လမ်းတစ်လျှောက်တွင် ရေခဲစေ့ (၆) လုံး သုံးပြီးလေပြီ။
နောက်ထပ်သိပ်မကျန်တော့၍ ကြာနီမီးတောက်ကို မွမ်းမံရန် ချန်ထားရဦးမည်။
ထို့နောက် ရေခဲအရှိန်အဝါများ လွှမ်းခြုံလျက် မီးပင်လယ်ထဲ ဆင်းသွားလိုက်သည်။
တစ်လှမ်း နှစ်လှမ်း သုံးလှမ်း…
အရှေ့တွင် ပန်းတိုင်ရှိသည်ဟူသည့် အသိဖြင့် အံကြိတ် တောင့်ခံနေရသည်။
ချင်းရွှမ်ဂိုဏ်း၌ အနန္တမီးတောက်ကို ထိန်းချုပ်နိုင်သူ တစ်ဦးမျှ မရှိသေးချေ။
ချင်းရွှမ်ဂိုဏ်းတည်ထောင်သူပင် မစွမ်းနိုင်ခဲ့သော ကိစ္စကို သူ လုပ်နိုင်ပါက ချင်းရွှမ်ဂိုဏ်းသမိုင်းတွင် ပထမဆုံးဖြစ်လာလိမ့်မည်။
နောက်ပိုင်း အခြားဂိုဏ်းတစ်ခုခုသို့ ပြောင်းလျှင်လည်း ကြာနီမီးတောက်အစွမ်းဖြင့် လွှမ်းမိုးနိုင်လိမ့်မည်။
ထို့ကြောင့် ရမှဖြစ်မည်။
ခြေလှမ်း (၁၀၀)၊ (၂၀၀)…
လျှိုယွန်းရွှမ် တစ်ဖက်ကုန်းမြေသို့ ရောက်သွားပြီး မီးတောက်ကြားမှ လူတစ်ဦးကို တွေ့ရသည်။
ထိုလူမှာ ကိုယ်လုံးတီးဖြင့် တင်ပျဉ်ခွေထိုင်နေ၏။
ပတ်ပတ်လည်တွင် မီးလျှံများ ဝိုင်းနေပြီး မီးဘုရင်ကဲ့သို့ ကြံ့ခိုင်သန်မာလှသည်။
သူ ထိုမျက်နှာကို ကောင်းကောင်း သိပါသည်။ နေ့ရော ညပါ သတ်ပစ်ရန် တွေးထားသောသူ ဖြစ်၏။
ရှန်မိုပင်။
ကြာနီမီးတောက်က ရှန်မိုနား ရစ်ဝဲနေတာလား။
သူ အရမ်းလိုချင်ခဲ့သော ကြာနီမီးတောက်ကို ရှန်မို ထိန်းချုပ်လိုက်ပြီလား။
လျှိုယွန်းရွှမ်၏ ချောမောသောမျက်နှာမှာ ဒေါသကြောင့် နီရဲနေသည်။
“ရှန်မို မင်းကို သတ်ပစ်မယ်”
သူ အော်ဟစ်ရင်း ခါးမှဓားကို ဆွဲထုတ်၍ ရှန်မို့ဆီပြေးသွားတော့သည်။