← Chapters

ချင်းရွှမ်လိုဏ်ဂူထဲက ထွက်ဖို့ အကြောင်းပြချက် လိုလို့လား

Vol. 3 Ch. 34

ချင်းရွှမ်လိုဏ်ဂူထဲက ထွက်ဖို့ အကြောင်းပြချက် လိုလို့လား

Vol. 3 Ch. 34

နှစ်ယောက်သား ချက်ချင်း အသံလာရာဘက်ကို ကြည့်လိုက်မိကြသည်။

ထိုအခါ ရင်းနှီးနေသော ထိုမျက်နှာကြောင့် လန့်သွားလေ၏။

လိုဏ်ဂူဝင်ပေါက်ကို ဘယ်လိုလုပ် ရောက်လာတာလဲ။ လျှိုယွန်းရွှမ် စုန်းကျန့်ကျဲအား လှမ်းကြည့်လိုက်သည်။

‘မင်းထောင်ချောက်က သေချာဆင်ထားတယ်ဆို’

‘ခြေတည်အဆင့် ကျင့်ကြံသူတောင် လွယ်လွယ် ပျက်စီးမှာဆို’

စုန်းကျန့်ကျဲလည်း လုံးဝ နားမလည်နိုင် ဖြစ်နေ၏။

ဘာတွေဖြစ်ကုန်တာလဲ။

ရှန်မို သူတို့၏ မျက်စိပျက်၊ မျက်နှာပျက် အခြေအနေကို ပြုံးကြည့်၍

“ဘာလို့လဲ စီနီယာတို့။ ကျွန်တော့်ကိုတွေ့ရတာ ဝမ်းမသာဘူးလား”

သူတို့ပြန်အဖြေကို မစောင့်ဘဲ ဆက်၍

“အမှန်တော့ နားလည်ပါတယ်လေ။ ငါ့ကိုတွေ့တာ စိတ်ပျက်သွားမှာပေါ့”

“မင်း…”

စုန်းကျန့်ကျဲ စွံ့အကာ စကားများ ထွက်မလာပေ။

ထောင်ချောက်ဆင်ခဲ့သည့်အကြောင်း ပေါ်တင် ထုတ်မပြောနိုင်ပါ။

ရှန်မို ပြုံးလျက်

“မင်းတို့ထောင်ချောက်ကို ဘယ်လိုရှောင်ခဲ့လဲ သိချင်လား”

စုန်းကျန့်ကျဲ အသိစိတ်မဲ့စွာ ခေါင်းငြိမ့်မိ၏။

ရှန်မို ရယ်မော၍

“မင်းထောင်ချောက်လောက်ကတော့ လူတိုင်း သိသာနေတာကို။ လွယ်လွယ် ရှောင်လို့ ရတာပေါ့”

စုန်းကျန့်ကျဲ တုန်လှုပ်သွားကာ စိတ်ထဲမှ တွေးမိသည်။

‘ငါ အဲ့လောက်ညံ့တာလား။ ထောင်ချောက်လေးတောင် သေချာ မဆင်နိုင်ဘူးလား’

လျှိုယွန်းရွှမ် သူ့ကိုကြည့်ကာ ခေါင်းယမ်းမိလေသည်။

ဒီငတုံးကောင်ကတော့ကွာ။

ရှန်မို အေးစက်စွာဖြင့်

“စုန်းကျန့်ကျဲ ဂိုဏ်းခေါင်းဆောင်ရဲ့ သီးသန့်တပည့်ကို ထောင်ချောက်ဆင်ပြီး ထိခိုက်အောင် လုပ်တယ်ဆိုတော့ မင်းကို ဘယ်လိုအပြစ်ပေးရမှာပါလိမ့်”

စုန်းကျန့်ကျဲ တုန်ရီခြောက်ခြားနေမိသည်။

သူ မှားသွားပြီ။

ရှန်မို့အမေးကို ပြန်မဖြေနိုင်ဘဲ စွံ့အနေ၏။

“အဲ့လောက်လည်း ဘဝင်မြင့်မနေပါနဲ့။ ဂိုဏ်းခေါင်းဆောင်ရဲ့ တပည့်ဆိုတာနဲ့ပဲ ဘယ်သူမှ မထိရဲတော့ဘူး ထင်မနေနဲ့”

လျှိုယွန်းရွှမ်မှ မကျေမနပ်ဆို၏။

ရှန်မို သူ့အနားလျှောက်လာပြီး စကားအပိုများ မပြောဘဲ ခပ်ပြင်းပြင်း ရိုက်ချလိုက်သည်။

ဖြောင်း!

လျှိုယွန်းရွှမ်၏ ချောမောသည့်မျက်နှာလေးတွင် ဘယ်ဘက်ပါးမှာ ချက်ချင်းယောင်ကိုင်းလျက် အနီရောင် လက်ဝါးရာကြီး ထင်းနေသည်။

“မင်း…”

သူ အလွန်ဒေါသထွက်သွား၏။

သူ့အဖေပင် ထိုသို့ မထိဖူးပေ။

ရှန်မိုပြုံး၍ ညာဘက်ပါးကို ထပ်ရိုက်လိုက်သည်။

ဖြောင်း!

နောက်ထပ်ပဲ့တင်သံ ထပ်ကြားရ၏။

ပါးတွင်လည်း လက်ဝါးရာ ထပ်ပေါ်လာသည်။

လျှိုယွမ်းရွှမ် စိတ်မထိန်းနိုင်တော့ဘဲ ပြန်တိုက်ခိုက်ရန် ပြင်လိုက်စဉ် ရှန်မိုမှ သူ့အရင်ဒဏ်ရာရှိသော ရင်ဘက်ကို ကန်လိုက်၏။

လျှိုယွန်းရွှမ် နာကျင်လွန်း၍ အသံကုန်အော်လိုက်မိသည်။

အနာမကျက်သေးသည့်အချိန်တွင် နောက်ထပ်ကန်ချက်ကြောင့် ဒဏ်ရာပြန်ပွင့်သွား၏။

“ငါ့ကိုများ ရာရာစစ။ ငါ့အဖေက ဒီအတိုင်း မနေ…”

ဖြောင်း!

သူ့စကားမဆုံးမီ နောက်တစ်ချက် ထပ်အရိုက်ခံလိုက်ရ၏။

“ငါ့အဖေ…”

ဖြောင်း!

“ငါ…”

ဖြောင်း!

လျှိုယွန်းရွှမ် ဒေါသအလွန်ထွက်နေသော်လည်း ဘာမှဆက်မပြောရဲဘဲ ပါးကိုသာကိုင်၍ လှမ်းကြည့်နေသည်။

ရှန်မိုပြုံးကာ ထပ်ရိုက်လိုက်ပြန်၏။

လျှိုယွန်းရွှမ် ဒေါပွလျက်

“ငါ ဘာမှမပြောရသေးဘူးလေ”

“မင်းကိုရိုက်ဖို့ အကြောင်းပြချက် လိုလို့လား”

ရှန်မို ပို၍ တောက်ပစွာ ပြုံးလာ၏။

သို့သော် လျှိုယွန်းရွှမ်အတွက်တော့ နတ်ဆိုးကဲ့သို့ ကျောချမ်းစရာကောင်းလှသည်။

သူ ရှန်မို့အနောက်မှ စုန်းကျန့်ကျဲအား လှမ်းကြည့်ကာ အကူအညီတောင်းရန် ပြင်လိုက်သည်။

သို့သော် စုန်းကျန့်ကျဲတစ်ယောက် ကြောက်လွန်း၍ သူတို့ကိုပင် မကြည့်ရဲဘဲ ရှိ၏။

သူနှင့်လည်း မဆိုင်သလိုပင်။ ရိုက်နှက်သံများမှာ နောက်ခံတေးဂီတဟု သတ်မှတ်ထားသည်။

လျှိုယွန်းရွှမ်မှာတော့ ဒေါသထွက်၍သာ နေ၏။

ဒီငကြောက်ကောင်ကတော့ကွာ။

ထိုစဉ် ဝင်ပေါက်၌ အပြာရောင်မီးတောက်များ စတင်တောက်ပလာပြီး တဖြည်းဖြည်း အပူရှိန် လျော့လာသည်။

လျှိုယွန်းရွှမ်နှင့် စုန်းကျန့်ကျဲတို့ အပြင်ထွက်ခွင့် ရတော့မည်ဖြစ်၍ အလွန်စိတ်လှုပ်ရှားနေ၏။

ချင်းရွှမ်လိုဏ်ဂူထဲမှာ ခဏလေးတောင် ဆက်မနေချင်တော့ဘူး။

“အပြင်ထွက်ခွင့် ပေးပါတော့”

ဂူအပြင်ဘက်တွင် မူယုံးယွဲ့၊ လျှိုယွမ်ဖုန်နှင့် စုန်းချောင်ဖုန်တို့ ရပ်ကာ မီးတောက်စိတ်ဝိညာဉ်စွမ်းအင် အကာအကွယ်များကို လျှော့ချနေသည်။

ထို့ထက်အပြင်ဘက်တွင်မူ အတွင်းဂိုဏ်းအကြီးအကဲ (၉) ဦး၊ အပြင်ဂိုဏ်းအကြီးအကဲ (၁၀) ဦးကျော်နှင့် အလုပ်သမားများ၊ အတွင်းဂိုဏ်း၊ အပြင်ဂိုဏ်းတပည့်များအားလုံး စောင့်ဆိုင်းနေကြ၏။

ကျောက်ထင်နှင့် လောင်ရှန်နန်တို့ နှစ်ဦးလည်း မိသားစုကိစ္စများ ပြီးသည်နှင့် အမြန်ပြန်လာကြသည်။

ဂူထဲဝင်ခွင့် မရလိုက်သည်ကိုတော့ အတော်လေး နှမျောနေကြ၏။

ယခု လိုဏ်ဂူပြန်ပွင့်လာတော့မည် ဖြစ်သောကြောင့် ဝင်သွားသော (၃) ဦး၏ ပြောင်းလဲမှုများကို တွေ့ရပေမည်။

လောင်ရှန်နန်မှ

“ကျောက်ထင် ချင်းရွှမ်လိုဏ်ဂူ ဒီတစ်ခါ စောစောပွင့်လာတာက ရတနာကြီးကြီးမားမား ပေါ်မှာမို့လို့တဲ့”

“(၃) ယောက်ထဲက ဘယ်သူ ရလာမယ်ထင်လဲ”

ကျောက်ထင် တည်ငြိမ်စွာဖြင့်

“ပထမဆုံး စုန်းကျန့်ကျဲတော့ မဖြစ်နိုင်ဘူး။ သူက သူ့အဖေရှိလို့ မြောက်ကြွမြောက်ကြွ ဖြစ်နေရုံပဲ”

“ရှန်မိုကျတော့ ဖြစ်နိုင်ခြေများများ ရှိပေမဲ့ လျှိုယွန်းရွှမ်လောက် အင်အားမကြီးဘူး”

“အဲ့တော့ ရှန်မိုသာ ရတနာကို အရင်ရသွားရင်လည်း လျှိုယွန်းရွှမ် ပြန်လုမှာပဲ”

“လျှိုယွန်းရွှမ် အရင်ရသွားရင်တော့ ရှန်မိုက မလုနိုင်ဘူး။ အဲ့တော့ ငါတော့ လျှိုယွန်းရွှမ်ရမယ် ထင်တယ်”

လောင်ရှန်နန် ရယ်မောလျက်

“ငါတော့ မထင်ဘူး။ ရှန်မိုက စိတ်ဝင်စားဖို့ကောင်းတယ်လေ။ အံ့ဩစရာ လုပ်ပြမလား ဘယ်သိနိုင်မလဲ”

ထို့နောက် ကျောက်ထင်၏ညီမ ကျောက်ရူကို လှမ်းကြည့်ကာ

“ညီမလေးရော ဘယ်လိုထင်လဲ”

“ကျွန်မတော့ ရှန်မို့ကို ယုံတယ်”

အတွင်းဂိုဏ်းတပည့်များထဲ၌ ချောမောသော စုံတွဲမှလည်း စိတ်ဝင်စားနေကြသည်။

ရှောင်ဖန်နှင့် လျှိုဖေးတို့ ဖြစ်၏။

လျှိုဖေးမှာ ရှောင်ဖန်ကို လက်တွဲ၍ ပုခုံးတွင်မှီကာ ခပ်တိုးတိုး ပြောလေသည်။

“အစ်ကိုရှောင်ဖန် ကျွန်မအဖေပြောတာတော့ အနန္တမီးတောက်ကို ကျွန်မအစ်ကိုပဲ သေချာပေါက် ရမှာတဲ့။ ရှန်မိုက ဂူထဲမှာ ကျန်ခဲ့လိမ့်မယ်တဲ့”

ရှောင်ဖန် နှာခေါင်းရှုံ့လျက်

“သူနဲ့ အဲ့တာပဲ တန်တယ်လေ”

“ချင်းရွှမ်ဂိုဏ်းထဲက အခြေအနေတွေကို လုံးဝ မသိရှာဘူး။ မူယုံးယွဲ့က ယုံကြည်ရတဲ့ နောက်ခံကောင်းမှ မဟုတ်တာ။ လက်ထောက်ခေါင်းဆောင်နဲ့ အကြီးအကဲချုပ်ကိုများ ဆန့်ကျင်ရဲတယ်တဲ့။ အသတ်မခံရတာမှ ထူးဆန်းဦးမယ်”

လျှိုဖေးမှ သူ့ရင်ဘက်ကို အသာတို့၍

“အစ်ကိုရှောင်ဖန်က သူမရှိရင် ပိုပျော်မှာလား”

ရှောင်ဖန် ပြုံးသွားပြီး

“ဒါပေါ့။ အခုတောင် တွေးရင်း ပျော်နေပြီ”

သူ လျှိုဖေးလက်ကိုတွဲကာ ခပ်တိုးတိုး ပြော၏။

“ဒီည တောင်အနောက်က ရေကန်မှာ ရေသွားဆော့ကြမလား”

လျှိုဖေးမှာ မျက်နှာလေးရဲလျက် အတိုးညှင်းဆုံး ပြန်ဖြေသည်။

“သွားမယ်”

ထိုအချိန်တွင်ဝင်ပေါက်ရှေ့မှ မီးတောက်ပြာများ အရှိန်လျော့၍ တံခါးပွင့်လာလေပြီ။

လျှိုယွမ်ဖုန်နှင့် စုန်းချောင်ဖုန်တို့၏ ယုံကြည်ချက် အပြည့်ရှိသောအမူအရာများကြောင့် မူယုံးယွဲ့ စိတ်ရှုပ်နေမိ၏။

သို့သော် ဂိုဏ်းခေါင်းဆောင်တစ်ဦးအနေဖြင့် မည်သူမျှ မသိအောင် ထိန်းထားနိုင်ပါသည်။

“ရှန်မို… ကျေးဇူးပြုပြီး ဘေးကင်းပါစေ”

သူ စိတ်ထဲမှသာ ကျိတ်ဆုတောင်းနေမိ၏။

ထို့နောက် ဝင်ပေါက်ဆီမှ ခြေသံများ စကြားရလေသည်။

စုန်းကျန့်ကျဲမှာ အနောက်မှ သားကောင်ကြီး လိုက်၍ ပြေးသကဲ့သို့ သူ့အဖေဆီ ကြောက်လန့်တကြား ပြေးလာ၏။

စုန်းချောင်ဖုန် သူ့သားကိုတွေ့၍ ကျေနပ်သွားသော်လည်း သူ့အမူအရာကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။

သို့သော် လူကြားထဲဖြစ်နေ၍ ဘာမှမမေးတော့ဘဲ လက်ကိုတင်းတင်းဆုပ်ကာ အားပေးလိုက်၏။

ထို့နောက် လျှိုယွန်းရွှမ် ထွက်လာသည်။

လျှိုယွန်းရွှမ်၏ ချောမောသောမျက်နှာမှာ အလွန်အမင်း ယောင်ကိုင်းလျက် ပေါင်မုန့်လုံးလို ဖြစ်နေသည်။

ရင်ဘက်၌ ပတ်တီးစည်းထားသော်လည်း သွေးများ တတောက်တောက် ကျလျက်ရှိသည်။

လျှိုယွန်းရွှမ်၏ ဆိုးဝါးသော အခြေအနေကိုကြည့်ကာ အားလုံး ထိတ်လန့်သွားကြ၏။

ချင်းရွှမ်လိုဏ်ဂူထဲမှာ ဘာတွေဖြစ်ခဲ့ကြတာလဲ။

All Chapters