← Chapters

မူယုံးယွဲ့၏ ဒေါသ

Vol. 3 Ch. 35

မူယုံးယွဲ့၏ ဒေါသ

Vol. 3 Ch. 35

ထိုအချိန်တွင် ဂူထဲမှ (၃) ယောက်မြောက်လူ ပေါ်လာ၏။

ရှန်မိုတစ်ယောက် ခြေလှမ်းကျဲကြီးများဖြင့် ထွက်လာလေသည်။

ပြင်ပမှ လတ်ဆတ်အေးမြသောလေကို တစ်ဝကြီး ရှူရှိုက်ပြီးနောက် အတော်လေး လန်းဆန်းသွား၏။

ရှန်မိုကို တွေ့သောအခါ စုန်းကျန့်ကျဲ ပိုထိတ်လန့်ကာ စုန်းချောင်ဖုန်အနောက်တွင် ဇက်လေးပု၍ ပုန်းနေသည်။

ရှန်မို ပေါ်လာသောကြောင့် လျှိုယွမ်ဖုန်နှင့် စုန်းချောင်ဖုန်တို့ မျက်နှာပျက်သွားကြသည်။

လူအုပ်ထဲမှ ရှောင်ဖန်နှင့် လျှိုဖေးတို့လည်း ထိုကဲ့သို့ပင်။

ရှန်မိုက ချင်းရွှမ်လိုဏ်ဂူထဲက ထွက်မလာရဘူးလေ။ ဘယ်လိုလုပ် အသက်ရှင်လျက် ထွက်လာတာလဲ။

ထို့အပြင် လျှိုယွန်းရွှမ်သည် အပြင်းအထန် ဒဏ်ရာရထားပြီး စုန်းကျန့်ကျဲမှာလည်း မကောင်းဆိုးဝါး တွေ့သကဲ့သို့ တုန်လှုပ်နေ၏။

ရှန်မိုမှာမူ အကောင်းအတိုင်းဖြစ်ကာ ကျင့်ကြံမှုပင် တိုးတက်လာပုံ ပေါ်သည်။

ဘာတွေဖြစ်ကုန်တာလဲ။

ရှောင်ဖန် စိတ်ရှုပ်ထွေးသွား၏။ အဖေ (၂) ဦးလည်း နားမလည်နိုင် ဖြစ်နေကြသည်။

စုန်းချောင်ဖုန် စူပုပ်လျက် လှမ်းဟောက်သည်။

“ရှန်မို မင်း ငါ့သားကို ဘာလုပ်လိုက်တာလဲ”

မြုတေဖွဲ့စည်းခြင်းအဆင့်တစ်ဦး၏ မမြင်ရသော ဖိအားများ ရှန်မို့အပေါ် ကျရောက်လာသည်။

မူယုံးယွဲ့ နှာခေါင်းရှုံ့၍ ရှေ့တိုးကာ ရှန်မိုအား ကာကွယ်ပေးလိုက်သည်။

“အကြီးအကဲချုပ် ဘယ်လိုပြောလိုက်တာလဲ။ ကျွန်မတပည့်ကို မဟုတ်တာတွေ စွပ်စွဲနေတာလား”

ဂိုဏ်းခေါင်းဆောင်ချောချောလေး၏ အသံမှာ အေးစက်လှသည်။

‘ဘာပဲဖြစ်ဖြစ် ငါ့တပည့်တော့ မမှားဘူး။ သူ အမှားလုပ်ခဲ့ရင်တောင် မှန်တယ်။ ရာရာစစ ငါ့တပည့်ကို ကြမ်းကြမ်းတမ်းတမ်း ပြောရလား’

ရှန်မိုမှာ တစ်ခါမှ တပည့်မမွေးဖူးသော ဂိုဏ်းခေါင်းဆောင်၏ သီးသန့်တပည့်ဖြစ်၏။

ရှန်မို ရုတ်တရက် ပြုံး၍

“အကြီးအကဲချုပ် ကျွန်တော် ရှင်းပြပါ့မယ်။ ဒါပေမဲ့ ဒီလို လူတွေအများကြီးရှေ့မှာ တကယ်ပဲ ရှင်းစေချင်တာလား”

“ပြောစမ်းပါ။ ငါက ဘာလို့ နားမထောင်ရဲရမှာလဲ။ ဘာမပြောနိုင်စရာ ရှိလို့လဲ”

စုန်းချောင်ဖုန် ဒေါသတကြီး လှမ်းအော်၏။

“ငါ့သားကို ဒီလိုအထိတ်တလန့် လုပ်လိုက်တဲ့ အကြောင်းအရင်းကို ပြောစမ်းပါ”

မူယုံးယွဲ့လည်း ရှန်မိုအား စိတ်ဝင်တစား လှမ်းကြည့်လိုက်သည်။

ရှန်မိုသည် သူ့ကိုပြန်လှမ်းကြည့်၍ စိတ်ချနေရန် ခေါင်းပြန်ငြိမ့်ပြ၏။

ထို့နောက်မှ ပြုံး၍

“ကောင်းပါပြီ။ အကြီးအကဲချုပ်က လက်ခံတယ်ဆိုတော့ ပြောရမှာပေါ့”

“လွန်ခဲ့တဲ့ ရက်ပိုင်းက ကျွန်တော် ကျင့်ကြံမှုပြီးလို့ ဝင်ပေါက်ဆီ ပြန်မယ့်အချိန် လမ်းတစ်ဝက်မှာ ထောင်ချောက်နဲ့ ကြုံရပါတယ်”

“အကြီးအကဲချုပ် မှန်းကြည့်ပါလား။ အဲ့တာကလေ စိတ်ဝိညာဉ်စွမ်းအင်အထိ ဖောက်နိုင်တဲ့ မြှားငယ်လေးတွေပေါ့”

သူ့စကားကြောင့် စုန်းချောင်ဖုန် အတော်လေး မျက်စိမျက်နှာပျက်သွား၏။ မူယုံးယွဲ့လည်း တစ်ခုခုကို တွေးမိကာ မျက်မှောင်ကြုတ်သွားသည်။

ရှန်မို သိုလှောင်လက်စွပ်ထဲမှ မြှားငယ်လေးများအား ထုတ်၍ မြေပြင်ပေါ် ပစ်ချလိုက်သည်။

“ကျွန်တော် ဂူဝင်ပေါက်ကို ပြန်တဲ့လမ်းမှာ ဘယ်သူက ထောင်ချောက်ဆင်ထားလဲတော့ မသိပါဘူး။ အစ်ကိုလျှိုလား အစ်ကိုစုန်းလားလို့တော့ ထင်တာပဲ။ မဟုတ်ရင် လွန်ခဲ့တဲ့ အနှစ် (၅၀) က ဝင်နေတဲ့ စီနီယာတပည့်ပဲ ဖြစ်ရမယ်”

ရှန်မို အဖေ (၂) ဦးကို လှမ်းကြည့်ကာ ပြောလိုက်သည်။

မူယုံးယွဲ့လည်း ထိုမြှားငယ်များအား လေပေါ်မြောက်စေ၍ ကြည့်နေသည်။ ဂိုဏ်းခေါင်းဆောင်တစ်ဦးအနေဖြင့် နွယ်ရှင်ဂိုဏ်း၏

အထိန်းအမှတ်အဆိပ်များ ပါနေကြောင်း ချက်ချင်း ရိပ်မိလိုက်သည်။

မူယုံးယွဲ့ အေးစက်စက် လှမ်းကြည့်၍

“ရှင်တို့ (၂) ယောက်။ ပြန်ရှင်းပြကြပါဦး”

ချောမောသော ဂိုဏ်းခေါင်းဆောင် ဒေါသထွက်သောအခါ အလွန်ကြောက်စရာ ကောင်းလှသည်။

သူ အတတ်နိုင်ဆုံး စိတ်ထိန်းထားသော်လည်း မျက်လုံးမှ မီးလျှံများ တောက်နေသကဲ့သို့ ဖြစ်နေလေသည်။

“ငါ ဘာမှ မသိပါဘူး”

လျှိုယွမ်ဖုန် ချက်ချင်း ခေါင်းယမ်းလျက် ပြော၏။

စုန်းချောင်ဖုန်လည်း အံကြိတ်ကာ

“ကျွန်တော်လည်း မသိပါဘူး”

“အခုချက်ချင်း အကြီးအကဲတွေအားလုံး ခေါ်လိုက်။ အစည်းအဝေး လုပ်မယ်”

မူယုံးယွဲ့ ခပ်မာမာ အမိန့်ပေးလိုက်သည်။

ဘုံး ဘုံး ဘုံး!

မိုးကြိုးသံကဲ့သို့ ခေါင်းလောင်းမှာ ချင်းရွှမ်ဂိုဏ်း တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။

ရှန်မိုတို့လို တပည့်များမှာတော့ မလိုအပ်၍ လိုက်စရာ မလိုပေ။

အဆိပ်သုတ်ထားသော မြှားငယ်လေးများကို တွေ့သည်နှင့် လုံလောက်သောသက်သေ ဖြစ်နေလေပြီ။

ရှန်မိုမှာလည်း အမှုကြီးစေရန် တမင် လူအများရှေ့ ပြောလိုက်ခြင်းပင်။

“အဘိုးကြီးက နည်းနည်းဦးနှောက်ရှိပေမဲ့ သူ့သားကတော့ တကယ်ငတုံးပဲ”

ရှန်မို နှာခေါင်းရှုံ့ကာ ရေရွတ်မိသည်။

သူသာ ချင်းရွှမ်လိုဏ်ဂူထဲ ကျန်ခဲ့ပါက ထိုအဖြစ်အပျက်ကို မည်သူမျှ သိနိုင်တော့မည် မဟုတ်ပါ။

နှစ် (၅၀) ကြာလျှင် အဆိပ်များ ခြောက်ကပ်၍ သက်သေလည်း မရှိတော့ချေ။

သို့သော် ကံကောင်းစွာဖြင့် ရှန်မိုမှာ စနစ်ကံကြမ္မာမှတစ်ဆင့် အားလုံးကို ကြိုသိထား၏။

ရှန်မို၊ လျှိုယွန်းရွှမ်နှင့် စုန်းကျန့်ကျဲတို့ လိုဏ်ဂူအပြင်ဘက် လျှောက်လာပြီးနောက် တပည့်များ အားလုံးမှာ ရှန်မို့ကိုသာ စိတ်ဝင်စားစွာဖြင့် ချဉ်းကပ်လာကြသည်။

လောင်ရှန်နန် သူ့ရင်ဘက်ကို ထိုးကာ နှုတ်ဆက်လိုက်၏။

“ရှင်ကတော့ တကယ် တစ်ခုခုပဲ”

ရှန်မို အားရပါးရ ရယ်မောနေလေသည်။

ထို့ကြောင့် လောင်ရှန်နန် သူ့အင်အားသူ အံ့ဩသွားရ၏။

ထိုစဉ် ကျောက်ထင်မှ ခပ်တိုးတိုးဖြင့်

“မင်း ရတနာ ရလာလား”

ရှန်မို ပြုံးကာ

“မရဘူးလို့ ပြောရင်ရော”

“လာနောက်မနေစမ်းပါနဲ့။ စုန်းကျန့်ကျဲကို ကြည့်လိုက်။ အောင်နိုင်သူပုံစံ ပေါ်လို့လား။ ဒဏ်ရာ အပြင်းအထန် ရလာတဲ့ လျှိုယွန်းရွှမ်ကရော ရတနာရနိုင်မလား”

ကျောက်ထင် သူ့ကို စိုက်ကြည့်၍

“နောက်ဆုံး အနိုင်ရတဲ့သူက မင်းပဲ ဖြစ်ရမယ်”

ရှန်မို ပြုံးနေ၏။

“ဟုတ်ပါပြီ။ ဒါက ဂိုဏ်းရဲ့လျှို့ဝှက်ချက်နော်။ စုန်းကျန့်ကျဲပဲ ရတနာရလာတယ် ဆိုပါတော့”

ရှန်မို အားရပါးရ ရယ်မောကာ ပြောလိုက်တော့သည်။

ခပ်လှမ်းလှမ်းမှ ထွက်သွားသော စုန်းကျန့်ကျဲသည် ထိုရယ်မောလှောင်ပြောင်သံများအား ကြားသောအခါ ပို၍ ရှက်ရွံ့စွာဖြင့် အမြန်ထွက်သွားလေ၏။

လျှိုယွန်းရွှမ်လည်း ရှောင်ဖန်၊ လျှိုဖေးတို့နှင့်အတူ ထွက်သွားသည်။

မသွားမီ ရှန်မိုအား အဓိပ္ပာယ်တစ်ခုခုပါသော အကြည့်ဖြင့် ကြည့်သွားသေး၏။

…

ညမှာ တဖြည်းဖြည်း မှောင်မိုက်၍ အစည်းအဝေးခန်းထဲမှ အပြင်းအထန် ဆွေးနွေးပွဲမှာလည်း ပို၍ ဇာတ်ရှိန်တက်လာသည်။

အခန်းရှေ့မှ ဖြတ်သွားလျှင် ကောင်းကင်၌ ရောင်စုံမီးရောင်များ လင်းလက်နေသည်ကို တွေ့နိုင်၏။

မြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ၏ ခံစားချက်အင်အားများ ဖြစ်လေသည်။

တပည့်များမှာလည်း ထိုအကြောင်းကို မမောနိုင် မပန်းနိုင် ပြောဆိုဆွေးနွေးကြ၏။

ဝူဟွေ့ရန်တစ်ယောက် အတွင်းဂိုဏ်းတပည့်များ အဆောင်ဘက် စိတ်လှုပ်ရှားစွာ လျှောက်လာသည်။

...

လမ်းတစ်လျှောက်တွေ့ရသော အတွင်းဂိုဏ်းတပည့်များမှာ အပေါ်ယံ ရိုသေစွာ နှုတ်ဆက်ကြသော်လည်း နောက်ကွယ်၍ ကဲ့ရဲ့ကြ၏။

ထိုအပြင်ဂိုဏ်းအကြီးအကဲ၏ အမူအကျင့်များကို အားလုံး သိထားကြပါသည်။

အရမ်းမထူးချွန်သော အတွင်းဂိုဏ်းတပည့်တိုင်း သူ့ကို တိတ်တဆိတ် လာဘ်ထိုးရ၏။

ဝူဟွေ့ရန်မှာတော့ သူ့နောက်ကွယ်မှ ကဲ့ရဲ့ခြင်းများကို ဂရုမစိုက်ပေ။

သူ လျှောက်လာရင်း မကြာမီ ခြံလေးတစ်ခုရှေ့ ရောက်လာ၏။

ဂိတ်ရှေ့တွင် လူတစ်ယောက်ရှိနေ၍ သူ အံ့ဩသွားမိ၏။

အပြင်အဆင်ကို ကြည့်လျှင် စာကြည့်တိုက်ဘက်မှလူ ဖြစ်ကြောင်း သိနိုင်ပါသည်။

“အကြီးအကဲဝူလည်း ရောက်လာတာလား”

ထိုလူမှ နှုတ်ဆက်လိုက်သည်။

“ဟုတ်တယ်… ရှန်မိုနဲ့ ပြောစရာရှိလို့”

“ကျွန်တော်ရောပဲ။ အကြီးအကဲဝူ အရင်ဝင်လိုက်လေ…”

ထိုလူမှ နေရခက်စွာ စပြောသည်။

“မဟုတ်ပါဘူး။ အရင်သွားလိုက်ပါ။ ကျွန်တော့်ကိစ္စက အရေးမကြီးဘူး”

“အာ မဟုတ်တာ အကြီးအကဲကလည်း။ စီနီယာကို လေးစားသမှု ထားရမှာပေါ့”

ထိုစဉ် ခြံတံခါးပွင့်လာ၏။

ရှန်မို သူတို့နှစ်ဦးကို မျက်မှောင်ကြုတ်ကာ လှမ်းကြည့်၍

“ဘာလုပ်နေကြတာလဲဗျ။ ကျွန်တော် ကျင့်ကြံတာကို လာနှောင့်ယှက်နေတာလား”

နှစ်ယောက်သား သူ့စကားကြောင့် နေရခက်သွားကြသည်။

All Chapters