တောင်းပန်ခြင်းနှင့် လျော်ကြေးပေးခြင်း
Vol. 3 Ch. 36
ရှန်မို ဝူဟွေ့ရန်ကိုကြည့်၍
“ကျွန်တော် မှတ်မိပါတယ်”
ဝူဟွေ့ရန် နေရခက်စွာဖြင့် ဦးညွှတ်ကာ
“အရင်တစ်ခါက မင်းအတွက် ဆုလာဘ်တွေကို အလွဲသုံးစား လုပ်မိသွားတယ်ကွာ။ ရှန်မိုရယ် အဲ့တာတွေ ဒီနေ့ ပြန်လာပေးတာပါ”
ထို့နောက် အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၁၀) ခုကို တရိုတသေ ပြန်ပေး၏။
ရှန်မို ပြုံးလိုက်မိသည်။
သူ အတွင်းဂိုဏ်းတပည့် စဖြစ်စဉ်က ကျန်းဝေ့ဟူ၏ လမ်းညွှန်မှုဖြင့် ဝူဟွေ့ရန်ထံမှ ဆုလာဘ်များ သွားယူဖူးပါသည်။
စည်းမျဉ်းများအရ အဆင့်နိမ့်စိတ်ဝိညာဉ် ကျောက်တုံး (၁၀၀) ရမည် ဖြစ်သော်လည်း ဝူဟွေ့ရန် ချန်ထား၍ (၈၀) သာ ရခဲ့၏။
ယခုတော့ ယခင်တန်ဖိုးထက်ပိုများသော ပမာဏကို လာပေးနေ၏။
ရှန်မို အနည်းငယ် အံ့ဩသွားမိသည်။
“ခင်ဗျားကရော”
ရှန်မို စာကြည့်တိုက်အစောင့်အား လှည့်ကြည့်၍ မေးလေသည်။
ထိုလူလည်း ဒူးထောက်ချလိုက်ပြီး
“စီနီယာရှန်မို ကျွန်တော် မှားသွားပါတယ်။ ကျွန်တော် အရမ်းမှားသွားပါတယ်”
“အဲ့တုန်းက လောဘမကြီးခဲ့သင့်ဘူး။ ဒီအတိုင်း စာကြည့်တိုက်လာတဲ့သူဆီကနေ စိတ်ဝိညာဉ်ကျောက်တုံး လုမိတယ်”
“အဲ့တည်းက ခဏခဏတော့ အပြစ်ရှိသလို ခံစားရပါတယ်။ ဒီနေ့တော့ လုံးဝ အသိစိတ်ဝင်သွားလို့ လာတောင်းပန်တာပါ”
ထို့နောက် အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၁) တုံး အစားပြန်ပေးလေ၏။
ရှန်မို ပြုံးမိပြန်သည်။
အပြစ်ရှိသလို ခံစားရတယ်။ အသိစိတ် ဝင်တယ်တဲ့လား။
ပေါက်ကရတွေ။
သူတို့ အဘယ်ကြောင့် လာတောင်းပန်သည်မှာ သိသာလှပါသည်။
ဂိုဏ်းခေါင်းဆောင်၏ တပည့်တစ်ဦးဖြစ်သည့်အပြင် ရှားပါးရတနာပါ ရရှိထားကြောင်း သတင်းကြားထား၏။
ထို့ကြောင့် သူတို့ ကြောက်လန့်စိုးရိမ်ကြမည်မှာ ပုံမှန်ပင်။
တစ်ချိန်က အနိုင်ကျင့်ခဲ့သော တပည့်လေးမှာ ယခုလို အထင်ကရတစ်ဦးဖြစ်လာမည်ဟု မထင်ခဲ့ကြ။
ရှန်မို စိတ်ဝိညာဉ်ကျောက်တုံးများကို လက်ခံလိုက်ပြီးနောက်
“သွားကြတော့။ ရိုးရိုးတပည့်လေးတွေကို ဒီလို ထပ်လုပ်နေတယ် ကြားလို့ကတော့ ချင်းရွှမ်ဂိုဏ်းမှာ ဆက်နေခွင့်ရဖို့ မတွေးနဲ့”
ရှန်မို အေးစက်စွာ ပြော၏။
“ဟုတ် ဟုတ်။ ကျေးဇူးပါ စီနီယာ”
အစောင့်မှ မျက်ရည်များပင်ဝဲလျက် ကျေးဇူးတင်စကား ဆိုလေသည်။
ဝူဟွေ့ရန် မှင်တက်နေရင်း
“ငါကရော…”
ရှန်မို ပြုံး၍
“အကြီးအကဲဝူက တပည့်တွေကို အနိုင်ကျင့်လာတာ ကြာပြီလေ။ အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၁၀) ခုပဲ ရှိတော့တာလား”
“သူတောင် တစ်ခု ပြန်ပေးတယ်”
ဝူဟွေ့ရန် ရှက်ရွံ့စွာဖြင့် စိတ်ဝိညာဉ်ကျောက်တုံး (၂၀) ထပ်ထုတ်ပေးရ၏။
“ဒီလောက်ဆို ရပြီလား”
ဝူဟွေ့ရန် မျှော်လင့်တကြီး မေးလိုက်၏။
ရှန်မို တိတ်ဆိတ်နေသည်။
ဝူဟွေ့ရန်မှ တောကြီးစပါးအုံးမြွေ၏ အရေခွံဖြင့် ပြုလုပ်ထားသော အလယ်အဆင့် ဒိုင်းကာကို ထုတ်ပေးလိုက်သည်။
“ဒါက တောကြီးစပါးအုံးမြွေနဲ့ လုပ်ထားတာပါ။ အကြမ်းခံပြီး သာမာန်လက်နက်တွေနဲ့ မီးကို ခံနိုင်ရည် ရှိတယ်”
ရှန်မို ခပ်ဖြည်းဖြည်း ခေါင်းငြိမ့်ပြ၏။
ဤမျှဆို လက်ခံနိုင်လောက်ပါသည်။
“အကြီးအကဲဝူလည်း နောက်ဆို ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီး အမှားတွေ ထပ်မလုပ်မိစေနဲ့”
ရှန်မို ပြုံး၍ ဆုံးမ၏။
“ဟုတ်ပါတယ် ဟုတ်ပါတယ်။ မလုပ်ရဲတော့ပါဘူး”
ဝူဟွေ့ရန် ကြောက်ကြောက်လန့်လန့် ကတိပေးလိုက်သည်။
…
ညမှောင်လာသည်နှင့် ရှန်မို ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်၍ ငရဲမီးတောက် ဖျက်ဆီးရေး ကျင့်စဉ်ကို ကျင့်ကြံနေ၏။
မကြာမီ ကျင့်စဉ်၏ ဒုတိယအဆင့်ကို တတ်ကျွမ်းတော့မည်ဟု ခံစားချက် ရလေသည်။
ထိုအခွင့်အရေးကို အသုံးချ၍ ခြေတည်အဆင့် ထိပ်ဆုံး ရောက်နိုင်၏။
ထိုစဉ် လေတစ်ချက်ဝှေ့သလို ခံစားရပြီး သူ့ကုတင်အရှေ့၌ ချောမောသော ခေါင်းဆောင် မူယုံးယွဲ့ ရောက်လာသည်။
ရှန်မို ချက်ချင်း မတ်တပ်ရပ်ကာ ဦးညွှတ်နှုတ်ဆက်၏။
အနည်းငယ် မျက်မှောင်ကြုတ်နေသော မျက်နှာလှလှလေးမှာ သူ့ကိုကြည့်၍ ထိုင်ရန် လက်ပြလိုက်သည်။
“ကိစ္စတွေ ရှင်းပြီလို့ လာတာထင်တယ်”
မူယုံးယွဲ့ ခေါင်းငြိမ့်ပြလျက်
“စုန်းချောင်ဖုန် ပြောတာတော့ ရန်သူနဲ့ တွေ့ခဲ့ရင် မတော်တဆ သုံးနိုင်အောင် စုန်းကျန့်ကျဲကို ထည့်ပေးလိုက်တာတဲ့။ ဒါပေမဲ့ မှောင်ခိုဈေးကွက်က ဝယ်ထားတာ ဖြစ်ပြီးတော့ နွယ်ရှင်ဂိုဏ်းနဲ့ ဘာမှ မပတ်သက်ဘူးတဲ့”
ရှန်မို နှာခေါင်းရှုံ့မိ၏။
ဆင်ခြေပေးနေမှန်း သိသာပါသည်။
မူယုံးယွဲ့၏ အတွေ့အကြုံနှင့် အသိဉာဏ်အရ သူလည်း မယုံကြည်ပေ။
“စုန်းချောင်ဖုန်က သူ့သားကို ကောင်းကောင်း မဆုံးမနိုင်ခဲ့တဲ့အပြစ်အတွက် ဂိုဏ်းရာထူးကနေ နှုတ်ထွက်ပြီး ဓားချောက်ကမ်းပါးမှာ (၄) နှစ်ကျင့်ကြံရင်း ပြန်သုံးသပ်မယ်တဲ့”
“စုန်းကျန့်ကျဲကတော့ နွယ်ရှင်ဂိုဏ်းက အဆိပ်မြှားကို ဝယ်ပြီး တပည့်အချင်းချင်း ထိခိုက်အောင်လုပ်မိတဲ့ အတွက် ဂိုဏ်းကနေ ရာသက်ပန် အထုတ်ပယ်ခံရမယ်”
“တပည့်အစစ် တစ်နေရာ လွတ်နေတာက မင်းကို ပေးမယ်”
ရှန်မို ဦးညွှတ်လျက်
“ကျေးဇူးတင်ပါတယ် ဆရာမ”
အားလုံး သူ မျှော်လင့်ထားသည့်အတိုင်းပင်။
“ရှန်မို ငါ့ဆရာ ခဏခဏ ပြောခဲ့ဖူးတယ်။ နာမည်ကြီးတယ်ဆိုတာ ပြောင်းလဲတတ်တယ်တဲ့။ လူတွေဟာ ရေဆန်ကို တက်ဖို့ မဖြစ်နိုင်ဘူး။ လေနှင်ရာအတိုင်း သွားကြရမှာပဲ”
“ဒါပေမဲ့ တစ်ခါတစ်လေလည်း တကယ် ပြောင်းလဲနိုင်လို့လား။ ဒီအတိုင်း သူတို့ကို ရိုက်သတ်လိုက်ရင် မရဘူးလား”
ရှန်မို မျက်ခုံးပင့်ကာ မေး၏။
မူယုံးယွဲ့ သူ့ကို လှမ်းကြည့်မိသည်။
ထိုသို့ သတ်ပစ်သည့်အစီအစဉ်မှာတော့ အန္တရာယ်များလှသည်။
တစ်ဖက်တွင် သူတို့နှင့် ရင်းနှီးသည့်ဂိုဏ်းများ ရှိနေ၏။
ရှန်မိုမှ
“ဆရာမ ကျွန်တော် အကြံရပြီ”
မူယုံးယွဲ့ ခေါင်းငြိမ့်ပြ၏။
ရှန်မိုမှ
“အများစုက ပြောင်းလဲတယ်လို့ ပြောတယ်လေ။ ဒါပေမဲ့ အင်အား လုံလောက်ရင် အဲ့ပြောင်းလဲမှုက ကိုယ့်ခြေထောက်အောက် ရောက်ပြီ”
မူယုံးယွဲ့ မျက်လုံးအရောင်လေး လက်သွား၏။
“တော်လိုက်တာ”
သူ ခဏစဉ်းစာပြီးမှ ပျော်ရွှင်စွာ ပြောလေသည်။
ထို့နောက် ရုတ်တရက် မူယုံးယွဲ့ အရှိန်အဝါများ ထိန်းချုပ်မရဘဲ အားကောင်းလိုက်၊ အားနည်းလိုက် တစ်လှည့်စီ ဖြစ်နေ၏။
ရှန်မို အံ့ဩကာ
“ဆရာမ ဘာဖြစ်တာလဲ…”
မူယုံးယွဲ့ ပြုံး၍
“ငါ အင်အားထိန်းမရလို့။ မြုတေဖွဲ့စည်းခြင်းအဆင့် ထိပ်ဆုံး ရောက်တော့မယ်ထင်တယ်”
ရှန်မို လက်ခုပ်တီး၍
“ဂုဏ်ယူပါတယ် ဆရာမ”
သူ အင်အားမလုံလောက်သေးမီ မူယုံးယွဲ့ ပိုအင်အားကြီးနေစေရန် မျှော်လင့်ခဲ့ပါသည်။
ထို့အပြင် လှပသော ထိုဂိုဏ်းခေါင်းဆောင်၏ လုပ်ရပ်တိုင်းမှာ သူ့အတွက်ဖြစ်ကြောင်းလည်း သိထားသည်။
ဖြစ်နိုင်လျှင် မူယုံးယွဲ့ကို တစ်လောကလုံးတွင် နံပါတ်တစ် ဖြစ်စေချင်၏။
မူယုံးယွဲ့ မျက်မှောင်ကြုတ်ထားသည်မှာ ပြေသွားပြီး
“မင်း ကြာနီမီးတောက်ကို မွမ်းမံနေတယ်မလား။ ငါ ကြည့်ဦးမယ်။ အနန္တမီးတောက်ကို တစ်ခါမှ မတွေ့ဖူးဘူး”
ရှန်မို ခေါင်းငြိမ့်ပြ၍ တစ်ချက် တွေးလိုက်သည်နှင့် လက်ဖဝါးပေါ်တွင် ကြာပန်းအနီရောင် မီးတောက် ပေါ်လာလေသည်။
တစ်ချိန်လုံး ငြိမ်နေသော်လည်း မူယုံးယွဲ့ ကိုင်ကြည့်လိုက်သောအခါ ချက်ချင်း တုံ့ပြန်တိုက်ခိုက်လေသည်။
သူ လန့်ကာ လက်ကို ပြန်ရုတ်လိုက်၏။
ရှန်မိုလည်း မီးတောက်အား ပြန်သိမ်း၍
“တောင်းပန်ပါတယ်။ သူက နည်းနည်း အရိုင်းဆန်သေးတော့ ကျွန်တော်မခိုင်းဘဲ တိုက်ခိုက်တတ်တယ်”
မူယုံးယွဲ့ ရယ်မောလျက်
“ရပါတယ်။ သူ အင်အားကြီးလေ ကောင်းလေပဲလေ”
“ငါ ခဏလောက် အခန်းပိတ် ကျင့်ကြံဦးမယ်။ တစ်ခုခု လိုတာရှိရင် အကြီးအကဲလီကို ပြောလေ။ နောက်ပြီး ဒါ မင်းအတွက်”
ထိုသို့ပြောကာ ပျောက်သွားလေသည်။
ရှန်မို အနီးကပ်ကြည့်လိုက်သောအခါ စားပွဲပေါ်တွင် သိုလှောင်လက်စွပ်အသစ်ကို တွေ့ရ၏။
ဖွင့်ကြည့်လိုက်သောအခါ ဆေးနှင့် ရတနာများစွာ ထည့်ထားလေသည်။
ရှန်မို အလွန်ဝမ်းသာသွား၏။