အခွင့်အရေးသစ်များ တွေ့ဆုံခြင်း
Vol. 3 Ch. 37
အချိန်များ ကုန်ဆုံးလာသည့်အလျောက် ချင်းရွှမ်လိုဏ်ဂူကိစ္စလည်း မေ့မေ့ပျောက်ပျောက် ဖြစ်လာ၏။
အကြီးအကဲချုပ် စုန်းချောင်ဖုန်မှာ ဓားချောက်ကမ်းပါးတွင် ကျင့်ကြံနေပြီး သူ့သား စုန်းကျန့်ကျဲလည်း တပည့်အဖြစ်မှ ထုတ်ပယ်ခံရ၏။ ထိုအချိန်တွင် ရှန်မိုသည် (၄) ယောက်မြောက် တပည့်အစစ် ဖြစ်လာမည်ဟူသော သတင်းများ ဂိုဏ်းအတွင်း ပျံ့နှံ့နေသည်။
ဂိုဏ်းခေါင်းဆောင်နှင့် လက်ထောက်ခေါင်းဆောင်ကိုသာ မသိသူ ရှိလျှင် ရှိမည်။ ရှန်မို့ကို မသိသူတော့ မရှိချေ။
လဝက်ခန့်အကြာတွင် ရှန်မို ကျင့်ကြံမှုရပ်ဆိုင်းကာ အိပ်ရာထဲမှ ထွက်လာခဲ့သည်။
သူ အနည်းငယ် မျက်မှောင်ကြုတ်မိ၏။
ချင်းရွှမ်လိုဏ်ဂူထဲမှ ထွက်လာပြီးတည်းက ခြေတည်အဆင့်ဆေးများ သောက်ကာ ငရဲမီးတောက် ဖျက်ဆီးရေးကျင့်စဉ်အား ကျင့်ကြံကာ အဆင့်တက်ရန် ကြိုးစားသော်လည်း တစ်ခုခု လိုအပ်နေသလို ခံစားရသည်။
“ကျင့်ကြံမှုဆိုတာ အမြဲတမ်းပိတ်လှောင်ပြီး နေရုံနဲ့ မရဘူးထင်တယ်။ ပတ်ဝန်းကျင် အလှအပတွေကိုလည်း ထွက်ကြည့်ဦးမှပဲ”
ရှန်မို ခေါင်းတငြိမ့်ငြိမ့်ဖြင့် တွေးမိ၏။
“အခုတော့ ထမင်းစားဆောင် သွားဦးမှပဲ”
သူ ထ၍ ထမင်းစားဆောင်သို့ ထွက်ခဲ့သည်။
သူ့ဝတ်ရုံမှာ တပည့်အစစ် ဝတ်ရုံဖြစ်သော အစိမ်းရင့်ရောင်တွင် ရွှေရောင်အစင်းများ ကွပ်ထားသည့် အဝတ်အစား ဖြစ်၏။
သူသွားရာ လမ်းတစ်လျှောက်တွင် အတွင်းဂိုဏ်းတပည့်များမှာ လုပ်လက်စများ ရပ်ကာ တလေးတစား နှုတ်ဆက်ကြ၏။
အားလုံး လေးစားသဘောကျနေကြသည်။
ရှန်မိုကတော့ ခေါင်းငြိမ့်ပြရင်း ကျေနပ်နေသည်။
လွန်ခဲ့သော လပိုင်းက သူသည် နှိမ့်ချစွာ နေတတ်သည့် အပြင်ဂိုဏ်းတပည့်တစ်ဦးဖြစ်ပြီး ဂိုဏ်းမှ ထုတ်ပယ်ခံရမည်ကို စိုးရိမ်နေခဲ့ရ၏။
ယခုတော့ ဂိုဏ်း၏ တပည့်အစစ်ဖြစ်လာပြီး အရင်းအမြစ်များစွာ ရနေလေသည်။
အတွင်းဂိုဏ်းအကြီးအကဲများပင် ရန်မစရဲသော အခြေအနေ ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ထိုတပည့်အစစ်များမှာ နောင်တစ်ချိန်တွင် မြုတေဖွဲ့စည်းခြင်းအဆင့်ထက်ပင် မြင့်သွားနိုင်ပါသည်။
တပည့်အစစ်ကို စော်ကားခြင်းမှာ အပြစ်ကြီးလှ၏။
ရှန်မို ရေကန်ကြီးနားမှ ဖြတ်သောအခါ ရှောင်ဖန်နှင့် လျှိုဖေးကို တွေ့ရသည်။
အနီးအနားတွင် တပည့်များစွာလည်း ဝန်းရံနေကြသည်။
“အစ်ကိုရှောင်ဖန် တကယ်ပဲ ပြီးပြည့်စုံတဲ့ တာအိုအခြေခံကို စကျင့်ကြံနေတာလား။ အထင်ကြီးစရာပဲ”
“ဒါပေါ့။ ငါတို့ ချင်းရွှမ်ဂိုဏ်းမှာ ဒါမျိုးကျင့်ကြံနိုင်တာ (၅) ယောက်တောင် မပြည့်ဘူးလေ”
ထိုကဲ့သို့ ချီးကျူးမှုများကြားတွင် ရှောင်ဖန် ယုံကြည်ချက်အပြည့် ဖြစ်နေ၏။
တပည့်တစ်ဦးမှ
“ကျွန်တော်သိသလောက်တော့ ဂိုဏ်းထဲမှာ နှစ်ယောက်ပဲ ရှိဖူးတယ်တဲ့။ ဂိုဏ်းခေါင်းဆောင် မူယုံးယွဲ့ရယ်၊ စီနီယာရှန်မိုရယ်လေ”
“ဒီပုံအတိုင်းဆို အစ်ကိုရှောင်ဖန်က (၃) ယောက်မြောက် ဖြစ်လာမှာပဲ”
“အစ်ကိုရှန်မို့ကို မှီတော့မှာဆိုတော့ တကယ် မိုက်တာပဲ”
သူ့စကားကြောင့် ရှောင်ဖန် အမ်းသွား၏။
ထို့နောက် ဒေါသအဖြစ်သို့ ပြောင်းသွားသည်။
‘ရှန်မိုနဲ့များ ယှဉ်ရတယ်လို့။ ဘာလဲဟ။ ငါက ရှန်မို့ထက် နိမ့်တယ်လို့ ပြောချင်တာလား’
ထိုစဉ် အခြားတပည့်တစ်ဦးမှ
“အားလုံးပဲ ဟိုမှာကြည့်။ အစ်ကိုရှန်မို လာနေပြီ”
“အမလေး တကယ် စီနီယာရှန်မိုပဲ”
“အစ်ကိုရှန်မိုကို အရမ်းလေးစားတာပါ။ ကျွန်မနဲ့ တာအိုတွဲဖက် လုပ်မလားဟင်”
'“သွားစမ်းပါ။ အစ်ကိုရှန်မိုက နင်နဲ့ တန်လို့လား။ ဖယ် ဖယ် ငါ့အလှည့်ပဲ”
တပည့်များမှာ ချက်ချင်း ရှန်မို့ဘေးသို့ ရောက်သွားကြ၏။
ရှောင်ဖန်မှာ ဒေါသထွက်လျက် ကျန်ခဲ့လေသည်။
အခုလေးတင် လူအများ၏ ချစ်ခင်လေးစားမှု ခံရခြင်း၌ သာယာနေရင်း ရုတ်တရက် လုယူခံရပြန်၏။
ရှန်မို့ဘေးတွင်တော့ မိန်းမချောလေးများ ဝိုင်းနေ၏။
ရှန်မိုမှာတော့ ဒေါသတကြီးဖြင့် လျှိုဖေးကိုခေါ်၍ ထွက်သွားသော ရှောင်ဖန်ကိုသာ လှမ်းကြည့်ရင်း တွေးမိသည်။
“တကယ် ကြီးမြတ်တဲ့သူ ပြန်ဝင်စားပြီး ကံကောင်းတာ မှန်နေတာပဲ။ ငါ ဒီလောက် သူ့အခွင့်အရေးတွေ အများကြီး လုထားတာတောင် ပြီးပြည့်စုံတဲ့ တာအိုအခြေခံ တည်ဆောက်နိုင်သေးတယ်။ နောက်ဆို ဂိုဏ်းက အရင်းအမြစ်တွေတောင် ရဦးမှာထင်တယ်”
“ဒါပေမဲ့ အပြင်က အခွင့်အရေးတွေတော့ ရသလောက် ယူရဦးမယ်”
သူပြုံး၍ တွေးမိ၏။ ခုနလေးတင် ရှောင်ဖန်၏ ကံကြမ္မာစနစ်ကို ကြည့်လိုက်ပါသေးသည်။
[အမည်: ရှောင်ဖန်]
[အဆင့်: ခြေတည်အဆင့် အစပိုင်း]
[ကံကြမ္မာ: ကံအလွန်ကောင်းသူ၊ ကျက်သရေရှိသော အင်မော်တယ်၊ ကြီးမြတ်သူ ပြန်လည်ဝင်စားခြင်း၊ အခက်အခဲကြားမှ ရှင်သန်ခြင်း၊ မီးတိုက်ပွဲ ခန္ဓာကိုယ်]
[အနာဂတ်: ခြေတည်ဝိညာဉ်အဆင့် အောင်မြင်မှုကြီးတွင် ရပ်တန့်မည်။ မီးကောင်းကင်အဆောင်သခင်ဖြစ်ကာ အင်မော်တယ် ချီဖုန်အဖြစ် အသိအမှတ်ပြုခံရမည်။ လေလံပွဲတစ်ခုတွင် အဖိုးတန် ရတနာ ရရှိခဲ့သော်လည်း ရန်သူများ၏ လုယက်မှုဖြင့် သေဆုံးမည်]
[လတ်တလောအခွင့်အရေး (၁): ယနေ့ ခရမ်းဆွဲခြင်္သေ့အား အမဲလိုက်ရင်း ချိုင့်ဝှမ်းအနီးတွင် ခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူ ထားခဲ့သော ဂူကို တွေ့မည်။ ထိုထဲတွင် သန့်စင်သောဆေး (၃) လုံး ရှိပြီး သောက်ပြီးနောက် ခြေတည်အဆင့် အောင်မြင်မှုကြီးသို့ ရောက်ရှိမည်]
[လတ်တလောအခွင့်အရေး (၂): (၃) ရက်အကြာတွင် လိုဏ်ဂူထဲမှ ထွက်လာပြီး ခြင်္သေ့နှင့် တိုက်ခိုက်ရာ နတ်ဆိုးကျောက်မျက်နှင့် ရတနာများ ရရှိမည်]
[လတ်တလောအခွင့်အရေး (၃): (၁၀) ရက်အကြာတွင် လျှိုယွမ်ဖုန်၏ အမိန့်ဖြင့် ချင်ရှန်မြို့သို့ သွားကာ နတ်ဓားဂိုဏ်း လက်ထောက်ခေါင်းဆောင်၏ သမီး ဝူယန်ချန်းနှင့် လျှို့ဝှက်တွေ့ဆုံမည်။ မြင်မြင်ချင်း ချစ်မိသွားကြမည်။ ဝူယန်ချန်းမှ ခြေတည်အဆင့် ဆေး (၅) ပုလင်း ပေးလိုက်ပြီး ခြေတည်အဆင့် ထိပ်ဆုံးအထိ ရောက်ရှိမည်]
[လတ်တလောအခွင့်အရေး (၄): တစ်လအကြာတွင် ချင်ရှန်မြို့သို့ ထပ်သွားရင်း လမ်းရှိကျင့်ကြံသူများနှင့် တိုက်ခိုက်သတ်ဖြတ်၍ ဓားသိုင်းပညာအချို့ ရရှိမည်]
[လတ်တလောအခွင့်အရေး (၅): (၂) လအကြာတွင် ဝူယန်ချန်းနှင့်တွေ့ရန် ထပ်သွားရင်း အလစ်တိုက်ခိုက်ခံရမည်။ သို့သော် သူတို့ခံတပ်ထံ လိုက်သွားရင်း မြေဓာတ်ခန္ဓာကိုယ် ကာကွယ်ရေးဆေး (၃) လုံး ရရှိမည်]
ရှန်မို သေချာစဉ်းစားနေ၏။
[ခြေတည်အဆင့်ဆေးကောင်းက ဝူယန်ချန်းဆီက ရတာဆိုတော့ ငါ့အတွက် မဖြစ်နိုင်ပေမဲ့ သန့်စင်တဲ့ဆေးကိုတော့ လက်လွတ်ခံလို့ မဖြစ်ဘူး”
“နောက်ပြီး ဓားသိုင်းကိုလည်း ယူရမယ်”
ရှန်မိုတွေးရင်း ကျေနပ်နေ၏။
ထို့နောက် ထမင်းစားဆောင် မသွားတော့ဘဲ တာဝန်ခွဲဝေရေးဌာနသို့ ထွက်လာခဲ့၏။
လမ်းတွင်တွေ့သော တပည့်များအားလုံး တရိုတသေ ဦးညွှတ်နှုတ်ဆက်ကြလေသည်။