ကျောက်အိမ်တော်အရေး
Vol. 3 Ch. 38
ရှန်မို တာဝန်ခွဲဝေရေးဌာန ဒုတိယထပ်သို့ တက်လာခဲ့သည်။
သူ့ကိုတွေ့သည်နှင့် ဝန်ထမ်းအမျိုးသမီးမှာ ပြေးလာပြီး
“ဂျူနီယာရှန်ဆိုတာမလား။ ဘာတာဝန်ယူချင်လို့လဲ။ ကျွန်မ ကူရှာပေးမယ်လေ”
ရှန်မို သူ့ကိုလှမ်းကြည့်လိုက်သောအခါ အရင်တွေ့ခဲ့ဖူးသော မျက်နှာဝိုင်းဝိုင်း အမျိုးသမီးပင် ဖြစ်သည်။
သို့သော် ယခုတော့ အလွန်တက်ကြွလန်းဆန်းနေသောကြောင့် ရှန်မို ပြုံးမိ၏။
တပည့်အစစ်ဟူသောဂုဏ်ပုဒ်မှာ ကွာခြားလွန်းလှသည်။
“ခရမ်းဆွဲခြင်္သေ့ကို ဖမ်းဖို့ပါ”
ရှန်မို ပြန်ဖြေလိုက်၏။
ထိုအခါ အမျိုးသမီးမှ ချက်ချင်း ရှာပေး၍
“ကြယ် (၅) ပွင့် တာဝန်ပဲ။ ဆုလာဘ်က အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး (၆၀) နဲ့ ခြေတည်အဆင့်ဆေး (၁) ပုလင်း ရမှာ”
ထို့နောက် ဆက်၍
“ဂျူနီယာရှန်ရဲ့ အင်အားနဲ့ဆိုရင် ဒီလိုတာဝန်မျိုး လွယ်လွယ်နဲ့ အောင်မြင်မှာပဲ”
ကြယ် (၅) ပွင့်နှင့် (၆) ပွင့်မှာ ခြေတည်အဆင့် တပည့်များအတွက် ဖြစ်၏။
ရှန်မို ပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။
သူကိုယ်တိုင်လည်း လွယ်မည်ဟု ယုံကြည်ချက် ရှိပါသည်။ ကြယ် (၆) ပွင့်သာ တကယ် ခက်နိုင်၏။
“အယ် စီနီယာရှန်လည်း ရောက်နေတာလား”
ရင်းနှီးနေသော မိန်းကလေးအသံကိုကြား၍ ရှန်မို လှည့်ကြည့်လိုက်သောအခါ ခါးသွယ်သွယ်နှင့် အင်အားကြီးသော ကျောက်ရူကို တွေ့ရ၏။
ကျောက်ရူ အံ့ဩစွာဖြင့်
“စီနီယာရှန်ရော တာဝန်ခွဲဖို့ လာတာလား။ ကျွန်မတို့ အတူတူ ကြိုးစားကြည့်ကြမလား”
ရှန်မို ငြင်းရန် ပြင်ပြီးမှ ရုတ်တရက် သူ့ကံကြမ္မာစနစ်ကို အရင်ကြည့်လိုက်သည်။
[အမည်: ကျောက်ရူ]
[အဆင့်: ချီစုစည်းခြင်းအဆင့် ထိပ်ဆုံး]
[ကံကြမ္မာ: အံ့ဩစရာကောင်းအောင် ကံကောင်းသူ၊ အသက်တိုမည်၊ လှံအတတ်ကျွမ်းကျင်သူ၊ သန့်စင်သောရေကဲ့သို့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိသည်]
[အနာဂတ်: ယနေ့ ခရမ်းဆွဲခြင်္သေ့ကို ဖမ်းမည့်တာဝန်ယူရင်း ရှောင်ဖန်၏ ရန်စမှုကြောင့် ခြင်္သေ့၏ တိုက်ခိုက်ခြင်း ခံရမည်။ ထွက်ပြေးလာသောအခါ ရှောင်ဖန်မှ တိုက်ခိုက်ပြီး ခြင်္သေ့ကိုဖမ်းရန် မျှားမည်။ နောက်ဆုံး ထွက်မပြေးနိုင်တော့ဘဲ ခြင်္သေ့လက်တွင်း ကျရောက်မည်]
[လတ်တလောအခွင့်အရေး (၁): ယနေ့ ခြင်္သေ့လိုဏ်ဂူထဲ၌ ခရမ်းဆွဲခြင်္သေ့ရှာတွေ့မည်]
[လတ်တလောအခွင့်အရေး (၂): ယနေ့ ထွက်ပြေးရင်း အဆင့်မြင့် သိမ်မွေ့နက်နဲခြင်းအဆင့် ရတနာဖြစ်သည့် ထာဝရနွယ်ကို ခြင်္သေ့အော်ချောက်ထဲ တွေ့ရသော်လည်း မယူနိုင်ခဲ့]
ရှန်မို သူ့ကံကြမ္မာကိုဖတ်ပြီးနောက် စိတ်မကောင်း ဖြစ်သွား၏။
ကျောက်ရူမှာ နူးညံ့၍ ဆွဲဆောင်မှုရှိသော မိန်းမငယ်လေး ဖြစ်သည်။
ထို့အပြင် ဆေးရည်ကန်ထဲစိမ်သည့်နေ့ကလည်း သူ့ဘေးတွင် အမြဲစောင့်ရှောက်၍ ယုံကြည်ပေးသူပင်။
“သူသာ ဒီတစ်ခေါက် မသေရင် တော်တော် အင်အားကြီးသွားမှာကို။ နှမျောစရာပဲ”
ထာဝရနွယ်ပင်မှာ ရှားပါးရတနာတစ်မျိုးဖြစ်ပြီး ဆေးအဖြစ် ဖော်စပ်သောက်ပါက ပို၍ အကျိုးရှိ၏။
“ငါ သူ့အခွင့်အရေးကို ယူလိုက်ရင် သူ့အသက်လည်း ကယ်ပြီးသား ဖြစ်သွားမယ်။ ဒီလိုဆို မျှတတာပဲ”
ရှန်မို ခေါင်းငြိမ့်ပြ၍
“ကောင်းပြီလေ။ အတူ သွားကြတာပေါ့”
ကျောက်ရူ တောက်ပစွာ ပြုံးလျက်
“ကျေးဇူးတင်ပါတယ် စီနီယာရှန်”
ထို့နောက် နှစ်ယောက်သား ချင်းကန်တောင်ရှိ ခရမ်းဆွဲခြင်္သေ့ဂူသို့ ထွက်လာခဲ့ကြသည်။
တွေ့သမျှ တပည့်များမှာတော့ သူတို့ချင်း ရင်းနှီးသည်အား မနာလို ဖြစ်နေကြ၏။
ကျောက်ရူမှာ တပည့်များထဲတွင် အချောဆုံးများထဲမှ တစ်ဦးဖြစ်ပြီး တော်ရုံလူကို ဂရုမစိုက်ချေ။
ခန့်ညားသည်ဟု နာမည်ကြီးသည့် လျှိုယွန်းရွှမ်၊ စုန်းကျန့်ကျဲနှင့် ရှောင်ဖန်တို့ပင် အနားမကပ်နိုင်ပေ။
ထို့ကြောင့် မိန်းမချင်း သဘောကျသည်လားဟုပင် ထင်ကြ၏။
သို့သော် မထင်မှတ်စွာဖြင့် ရှန်မို့ကိုတော့ အရေးပေးသည်ကို တွေ့ရလေသည်။
သူတို့ထွက်သွားပြီး တစ်နာရီခန့်အကြာတွင် ရှောင်ဖန် ရောက်လာ၏။
သူ့အင်အားကို စစ်ဆေးရန် ခက်ခဲသောတာဝန်ယူဖို့ လာခြင်းပင်။
မျက်နှာဝိုင်းဝိုင်း ဝန်ထမ်းအမျိုးသမီးသည် ရှောင်ဖန်ကို တွေ့သောအခါ ပြုံးရွှင်လျက်
“ဂျူနီယာရှောင် ဘယ်လိုတာဝန် ယူချင်တာလဲ။ ရှာပေးမယ်လေ”
ရှောင်ဖန် သူ့ကိုတစ်ချက် လှမ်းကြည့်၍ ပြုံးကာ
“ကျေးဇူးပါဗျာ။ အခုပဲ ခြေတည်အဆင့်ထဲ ရောက်တော့ ကြယ် (၅) ပွင့်တာဝန်လောက်ပေါ့ဗျာ”
“ကြယ် (၅) ပွင့်က…”
အမျိုးသမီး ခဏစစ်ဆေးပြီးနောက်
“အားနာလိုက်တာ။ ဂျူနီယာရှောင်က ခရမ်းဆွဲခြင်္သေ့ကို အမဲလိုက်တာမျိုးဆို သင့်တော်မှာကို။ အခုလေးတင် ဂျူနီယာ ရှန်မိုနဲ့ ကျောက်ရူတို့ ယူသွားကြတယ်”
ရှောင်ဖန် မျက်နှာတစ်ချက် ပျက်သွား၏။
ရှန်မိုပဲလား။
ဘာလို့ အမြဲတမ်း ငါ့ထက်ရှေ့ရောက်နေတာလဲ။
ထို့အပြင် သူ စိတ်ဝင်စားနေသည့် ဆွဲဆောင်ရှိသော ကျောက်ရူမှာ သူ့ကို တစ်ခါမှ မျက်နှာသာ မပေးခဲ့ချေ။
ယခုမှ ရှန်မို့ထံ အလွယ်တကူ ပါသွား၏။
“ကဲပါ။ ဂျူနီယာရှောင်လည်း လေ့ကျင့်ချင်တာဆိုရင် ခရမ်းဆွဲခြင်္သေ့ ထပ်ရှာနိုင်လောက်မှာပါ”
အမျိုးသမီးမှ ပြုံးကာ ပြောသည်။
“ဟုတ်ကဲ့။ ကျွန်တော် ဒါပဲ ယူလိုက်ပါမယ်”
ရှောင်ဖန် ခေါင်းငြိမ့်ပြ၍ ချင်းကန်တောင်ဘက် ထွက်လာတော့၏။
…
တစ်ဖက်တွင်။
ရှန်မိုနှင့် ကျောက်ရူတို့ တောနက်ထဲအထိ ရောက်နေလေပြီ။
ခြေတည်အဆင့်များမှာ ဓားပျံသုံးနိုင်သော်လည်း စိတ်ဝိညာဉ်စွမ်းအင် အလွန် သုံးရသောကြောင့် ရှန်မိုတို့ ဒီအတိုင်းသာ စကားတပြောပြောနှင့် လမ်းလျှောက်လာကြသည်။
“ဒါနဲ့ မင်းနဲ့ မင်းအစ်ကိုတို့ ကုဖန်မြို့ကို အရေးတကြီး ပြန်သွားတာ ဘာလို့လဲ”
ရှန်မိုမှ ပြန်သတိရကာ မေးလိုက်သည်။
ကျောက်ရူ သက်ပြင်းချလျက်
“ကုဖန်မြို့ပတ်လည်မှာ လူမိုက်အဖွဲ့တွေ အခြေချလာပြီး မြို့ထဲက စီးပွါးရေးတွေကို ခဏခဏ လိုက်ထိခိုက်နေလို့လေ။ လွန်ခဲ့တဲ့ (၃) နှစ်က ကျွန်မတို့ ကျောက်အိမ်တော်က ဦးဆောင်ပြီး အိမ်တော်ငယ်လေးတွေနဲ့အတူ လူမိုက်ဂိုဏ်းတစ်ခု ရှင်းလိုက်သေးတယ်။ သူတို့ ခေါင်းဆောင်က လွဲပြီးပေါ့”
“ဟိုတစ်လောကမှ အဲ့ခေါင်းဆောင်လည်း ခြေတည်အဆင့်ရောက်ပြီး သိမ်မွေ့နက်နဲခြင်းအဆင့် စိတ်ဝိညာဉ်လက်နက် ရလာတော့ ချီစုစည်းခြင်းအဆင့်လေးတွေကို လိုက်စုပြီး ကျောက်အိမ်တော်ကို တိုက်ခိုက်တာ”
“ကျွန်မ ဒုတိယဦးလေး အသတ်ခံရပြီး တတိယဦးလေးလည်း အများကြီး ထိခိုက်သွားတယ်။ အဖေလည်း လက်တစ်ဖက် မရှိတော့ဘူး”
“အခြေအနေကဆိုးတော့ မတတ်နိုင်ဘဲ ကျွန်မတို့ကို အရေးတကြီး လှမ်းခေါ်တာ”
ကျောက်ရူ ခေါင်းယမ်း၍
“ကျွန်မတို့ အိမ်ပြန်ရောက်မှ ချင်းရွှမ်လိုဏ်ဂူ ပွင့်တဲ့အကြောင်း ကြားရမယ်လို့ ဘယ်ထင်မိမှာလဲ”
ရှန်မို ငြိမ်၍ စဉ်းစားနေမိ၏။
အဖြစ်အပျက်များမှာ တိုက်ဆိုင်လွန်းလှသည်။
“စီနီယာရှန်လည်း တစ်ခုခုလို့ ထင်တယ်မလား။ ကျွန်မအစ်ကိုလည်း တွေးမိတယ်တဲ့။ ဒါပေမဲ့ ကျွန်မကို သေချာမပြောပြဘူး။ သိရင် ပိုဆိုးလိမ့်မယ်ပဲ ပြောတယ်”
ကျောက်ရူ သက်ပြင်းချလိုက်၏။
ရှန်မိုမှာ ခေါင်းတငြိမ့်ငြိမ့်ဖြင့်
“အခုတော့ မသိသေးတာ ကောင်းပါတယ်။ နောက်ကွယ်က ကြိုးကိုင်တဲ့သူ အလိုလို ပေါ်လာလိမ့်မယ်။ စောင့်သာ ကြည့်နေလိုက်”
“ဟုတ်ကဲ့ပါ။ စီနီယာရှန်ကိုပဲ ယုံလိုက်ပြီ”
ကျောက်ရူ ပြုံးကာ ပြောလေ၏။