အဆင့် (၃) ဆင့်
Vol. 3 Ch. 39
နှစ်ယောက်သား တောင်တက်လမ်းတစ်လျှောက် ဆက်လာခဲ့ကြသည်။
ရှန်မိုမှ ရှေ့တွင် တွေ့ရသော ချောက်ကို လှမ်းပြ၍
“ဟိုမှာ ရောက်ပြီ။ အဲ့ချိုင့်ဝှမ်းမှာ ခရမ်းဆွဲခြင်္သေ့တွေ ကျက်စားတာပဲ”
“ကျွန်မ ကြားထားတာတော့ သူတို့အစုအဖွဲ့ထဲမှာ (၁၁) ကောင်ရှိပြီး ဘုရင်ကြီးပဲ တတိယအဆင့်တဲ့။ စီနီယာရှန် ဘယ်လိုတွေးထားလဲ”
ကျောက်ရူမှ မေးလေသည်။
ရှန်မိုပြုံး၍
“အစီအစဉ်ကတော့ (၃) ဆင့်ရှိတယ်။ ဝင်မယ်၊ အကုန် သတ်မယ်၊ ရှင်းလင်းရေး လုပ်မယ်”
ကျောက်ရူ မှင်တက်နေမိ၏။
ထိုစဉ် ရှန်မိုမှာ ချိုင့်ဝှမ်းထဲ တစ်ယောက်တည်း ထွက်သွားလေသည်။
မူလမှာ ရှောင်ဖန်၏အခွင့်အရေးဖြစ်ပြီး သူ့အင်အား မလုံလောကိသောကြောင့် ထွက်ပြေးရမည် ဖြစ်သော်လည်း ရှန်မိုမှာတော့ အဆင့်မြင့်သည့်အပြင် အခြားစွမ်းအင်များပါ အကူအညီ ရှိသေး၏။
ထို့ကြောင့် ထိုကဲ့သို့ခြင်္သေ့မျိုးမျှကို အလွယ်တကူ တစ်ချက်တည်း သတ်ပစ်နိုင်ပါသည်။
ပြောရလျှင် ခရမ်းဆွဲခြင်္သေ့ဘုရင်ကိုပင် မမှုပေ။
ချိုင့်ဝှမ်းထဲမှ မိုးကြိုးပစ်သံကဲ့သို့ ခြင်္သေ့ဟိန်းသံများ ပဲ့တင်ထပ်နေ၏။
ကျောက်ရူ ကြောက်လန့်နေစဉ်ပင် ခြင်္သေ့များ၏ အော်ဟစ်ငိုကြွေးသံများကို ကြားရသည်။
ကျောက်ရူလည်း လှံတံကို မြဲမြဲဆုပ်ကိုင်၍ ချိုင့်ဝှမ်းထဲ ပြေးသွား၏။
သို့သော် ရှန်မို၏ သတ်ဖြတ်မှုမှာ အလွန်လျင်မြန်၍ မထင်ထားလောက်အောင် ဖြစ်နေသည်။
(၁၅) မိနစ်မျှပင် မပြည့်သေးဘဲ ခြင်္သေ့ (၁၁) ကောင်လုံး မြေပေါ်တွင် အတုန်းအရုံး လဲနေကြ၏။
ချင်းရွှမ်ဂိုဏ်းမှ တပည့်များစွာကို သတ်ခဲ့သည့် တတိယအဆင့် ခြင်္သေ့ဘုရင်လည်း သွေးအိုင်ထဲလဲကာ တောက်ပသော မျက်လုံးများမှာ အသက်မဲ့နေသည်။
ရှန်မိုသည် အရှေ့တွင်ရပ်၍ ထိုခြင်္သေ့အလောင်းများအား ကြည့်နေ၏။
ကျောက်ရူလည်း ရှန်မို့ကို လေးစားအားကျစွာ ငေးနေမိလေသည်။
ငယ်စဉ်တည်းက သူ အလေးစားရဆုံးပုဂ္ဂိုလ်သည် အစ်ကိုဖြစ်သူ ကျောက်ထင်ဖြစ်၏။
သို့သော် ယခုတော့ အရှေ့မှ လူငယ်လေးသည် သူ့နှလုံးသားကို ကိုင်လှုပ်နိုင်ခဲ့လေသည်။
ထိုလူနှင့်ယှဉ်လိုက်သောအခါ သူ့အစ်ကိုပင် အရောင်မှိန်သွား၏။
“ငါ သူ့ကို တကယ်ပဲ ကြိုက်နေမိပြီထင်တယ်”
ကျောက်ရူ ရင်တဒိတ်ဒီတ် ခုန်နေသည်။
“သားကောင်တွေကို မင်းပဲ ရှင်းလိုက်တော့။ ဟိုနားမှာ တစ်ခုခုရှိနေသလိုပဲ။ ငါ သွားကြည့်လိုက်ဦးမယ်”
“ဟုတ်ကဲ့ပါ”
ကျောက်ရူ ချိုသာစွာ ပြန်ဖြေ၏။
ရှန်မိုတစ်ယောက် ချိုင့်ဝှမ်း၏ အရှေ့တောင်ဘက်သို့ ထွက်လာရာ အက်ကွဲကြောင်းတစ်ခုကို တွေ့ရလေသည်။
သူ အားနှင့် တွန်းဖွင့်လိုက်သောအခါ အက်ကွဲကြောင်းမှာ ခပ်ကျယ်ကျယ် ပွင့်သွားတော့၏။
ရှန်မိုမှာ သတိထားနေ၍ ပြုတ်မကျခြင်း ဖြစ်လေသည်။
ထိုအသံကြီး ကြားသောအခါ ကျောက်ရူ လန့်ဖျပ်ဦ အပြေးရောက်လာ၏။
“စီနီယာရှန် ဘာဖြစ်လို့လဲ”
“ဘာမှမဖြစ်ပါဘူး။ ဒီအတိုင်း စစ်ကြည့်ရုံပါ။ ရတနာတွေဘာတွေ ရှိမလားလို့”
ကျောက်ရူမှ ချက်ချင်းပင်
“စီနီယာရှန် ကျွန်မလည်း လိုက်ခဲ့မယ်လေ”
ရှန်မိုမှ
“ရတယ် နေပါစေ။ မင်းက ခြင်္သေ့အလောင်းတွေပဲ စောင့်ကြည့်ထားလိုက်။ တခြားကျင့်ကြံသူတွေ မရစေနဲ့”
“ဟုတ်ကဲ့ပါ”
ရှန်မို မီးတုတ်ထွန်း၍ မှောင်မိုက်သော လိုဏ်ဂူထဲ ဝင်သွား၏။ မကြာမီ ကျောက်ဖျာတစ်ချပ်နှင့် မီးဖိုတစ်ခု တွေ့ရလေသည်။ ကျောက်ဖျာပေါ်တွင်မူ တင်ပျဉ်ခွေထိုင်နေသည့် အရိုးခြောက်တစ်စုကို တွေ့ရ၏။ သေဆုံးခဲ့သည်မှာ အလွန်ကြာခဲ့လောက်ပြီ။
ရှန်မို ထိုအရိုးစုအား တလေးတစား ဦးညွှတ်နှုတ်ဆက်ပြီးမှ မီးဖိုကိုဖွင့်လိုက်သည်။
အချိန်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အထဲတွင် နွေးနေဆဲဖြစ်၏။
အဖုံးဖွင့်လိုက်သည်နှင့် လတ်ဆတ်သောရနံ့ကို ရပြီး ဂေါ်လီလုံးအရွယ်ခန့် ဆေး (၃) လုံးကို တွေ့ရ၏။
ဆေးများမှာ အရောင်စုံ၊ ဒီဇိုင်းစုံ ဖြစ်သည်။
“ဒါ သန့်စင်တဲ့ ခြေတည်အဆင့်ဆေးတွေပဲ”
ရှန်မိုမျက်နှာ ဝင်းလက်သွားပြီး အမြန် သိမ်းလိုက်လေသည်။
“ဒီမီးဖိုလည်း အဖိုးတန်မယ့်ပုံပဲ။ ယူသွားရမယ်”
ထို့နောက် အရိုးစုအား တစ်ကြိမ်ထပ်၍ ဦးညွှတ်နှုတ်ဆက်ပြီးမှ ပြန်လာခဲ့လေသည်။
သို့သော် အပြင်ပြန်ရောက်သောအခါ ကျင့်ကြံသူ (၄) ဦးတို့ ကျောက်ရူအား တိုက်ခိုက်နေကြသည်ကို တွေ့ရ၏။
ချီစုစည်းခြင်းအဆင့်များ ဖြစ်ပြီး ဆေးပင်ရှာရန် လာရင်း ခြင်္သေ့ဟိန်းသံများမကြား၍ ဝင်ကြည့်ရာမှ အားလုံးသေနေပြီး မိန်းကလေးတစ်ယောက်တည်း စောင့်ကြပ်နေသောကြောင့် လောဘတက်လာကြခြင်း ဖြစ်သည်။
ထိုအဖွဲ့မှာ ခြင်္သေ့များတင်မက လှပလွန်းသော ကျောက်ရူကိုပါ တပ်မက်ကြ၏။
သို့သော် ကျောက်ရူကိုယ်တိုင်လည်း ချီစုစည်းခြင်းအဆင့် ထိပ်ဆုံးဖြစ်၍ (၂) ယောက်မျှ ထိန်းနိုင်လျှင်ပင် (၄) ယောက်လုံးကို မနိုင်တော့ချေ။
“သတိပေးလိုက်မယ်နော်။ ဟိုဘက်လိုဏ်ဂူထဲမှာ ခြေတည်အဆင့် စီနီယာပါလာတယ်။ သူ ရောက်တာနဲ့ မင်းတို့အကုန် သေမှာ”
ကျောက်ရူ ဒေါသတကြီး လှမ်းအော်၏။
ကျင့်ကြံသူ (၄) ဦးမှာ ရယ်မောလျက်
“ကောင်မလေး ငါတို့ကို ခြိမ်းခြောက်ချင်တယ်ပေါ့လေ။ သူက အခု ဘယ်မှာတဲ့လဲ။ ပုံပြင်တွေ ပြောမနေစမ်းပါနဲ့”
“ဟားဟား မြန်မြန် လှုပ်ရှားရအောင်ကွာ။ သူ့စီနီယာ ရှိရှိမရှိရှိ စိတ်မဝင်စားဘူး”
ထိုစဉ် ရှန်မို ရောက်လာပြီး
“ငါ့ကို ရှာနေတာလား”
ကျင့်ကြံသူများ သူ့ကိုလှည့်ကြည့်မိပြီး ကြီးမားသော အရှိန်အဝါကြောင့် တွန့်သွားကြသည်။
ကျောက်ရူမှာမူ အလွန်ပျော်ရွှင်နေတော့၏။
ရှန်မို ပြန်ရောက်လာပြီ။
“ခြေတည်… သူက တကယ် ခြေတည်အဆင့်ပဲ”
ခေါင်းဆောင်ဖြစ်သူမှ တုန်လှုပ်စွာ ပြောသည်။
“ဆရာ မကြောက်စမ်းပါနဲ့။ ကျွန်တော်တို့က (၄) ယောက်လေ။ ခြေတည်အဆင့် တစ်ယောက်လောက်ကို မနိုင်ဘူးလား”
ဖြောင်း!
ခေါင်းဆောင်ဖြစ်သူမှ ရုတ်တရက် ရိုက်ချကာ ဟောက်၏။
“မင်း သေချင်နေပြီပဲ။ ခြေတည်အဆင့်တစ်ယောက်
ဘယ်လောက်အင်အားကြီးလဲ မသိတာလား”
ထို့နောက် ရှန်မို့ရှေ့တွင် ချက်ချင်း ဒူးထောက်၍
“အစ်ကိုကြီး မဟုတ်သေးဘူး အရှင်။ ကျွန်တော်တို့ ဉာဏ်နည်းပြီး အရှင့်တာအိုတွဲဖက်ကို စော်ကားမိပါတယ်။ သဘောထားကြီးစွာနဲ့ ခွင့်လွှတ်ပေးပါနော်”
ထိုစကားကြောင့် ကျောက်ရူ မျက်နှာလေး ရဲသွား၏။
သူတို့ချင်းကို တာအိုတွဲဖက်အဖြစ် အထင်မှားနေကြ၏။
ရှန်မို ပြန်မဖြေ၍ ခေါင်းဆောင်ဖြစ်သူမှ
“အရှင်ရယ် ကျွန်တော်တို့က တကယ်တော့ ချင်းရွှမ်ဂိုဏ်းဘက်ကပါပဲ။ မိတ်ဖက်တွေပါ”
“ဪ ဟုတ်လား။ အဲ့တော့”
ထိုလူမှ ဆက်၍
“ကျွန်တော်တို့ ခေါင်းဆောင်ကြီးက လက်ထောက်ခေါင်းဆောင်လျှိုအတွက် အလုပ်လုပ်ပေးနေတာပါ။ ချင်းကန်တောင် လိုဏ်ဂူထဲမှာ မီးဖိုရတနာရှာဖို့ လွှတ်လိုက်တာ (၄) နှစ်လောက်တောင် ရှိပါပြီ”
“လက်ထောက်ခေါင်းဆောင်လျှိုကလည်း ကျွန်တော်တို့ကို တော်တယ်လို့ အမြဲ ချီးကျူးပါတယ်။ အဲ့တော့ ကျွန်တော်တို့ တစ်ဖက်တည်းဆိုတာ ယုံပြီမလားဟင်”
ရှန်မို မျက်မှောင်ကြုတ်နေ၏။
မီးဖိုရတနာလား။ ငါ ခုနက ယူလာတဲ့ဟာလား။
မဖြစ်နိုင်ဘူး။ လျှိုယွမ်ဖုန် လိုချင်သည်မှာ ပိုတန်ဖိုး ကြီးလောက်သည်။
“အင်း ငါတို့ တကယ်ပဲ မိတ်ဖက်တွေ ထင်ပါတယ်”
ရှန်မို ပြုံး၍ ပြောလိုက်၏။
ထိုအခါမှ ကျင့်ကြံသူ (၄) ဦးတို့ သက်ပြင်းချနိုင်တော့သည်။
“ဒါပေမဲ့ ငါက လျှိုယွမ်ဖုန်နဲ့ ဘက်ချင်း မတူဘူး”
သူ့အကြည့်များမှာ စူးရှလာ၏။
ထို့နောက် ချက်ချင်း ဓားကိုဆွဲထုတ်ကာ လျှပ်စီးကဲ့သို့ အလျင်ဖြင့် မြန်ဆန်စွာ လှုပ်ရှားလိုက်ပြီး သွေးများ ပန်းထွက်လာသည်ကိုသာ တွေ့ရတော့သည်။
ကျောက်ရူမှာ ကြည့်နေရင်း ပိုဝမ်းသာပျော်ရွှင်နေ၏။
သူ့အတွက် ကာကွယ်ပေးနေသည်ဟု မြင်ပါသည်။
“အဲ့မှာပဲ ရပ်ကြည့်နေတော့မှာလား။ တပည့်အချင်းချင်း မကူတော့ဘူးလား”
ရှန်မို လှမ်းအော်၍ ပြော၏။
ကျောက်ရူ အံ့ဩသွားလေသည်။
ဒီနားမှာ တခြားလူ ထပ်ရှိနေသေးတာလား။