← Chapters

အဂ္ဂိရက်ဆရာ၏ဂူ

Vol. 3 Ch. 41

အဂ္ဂိရက်ဆရာ၏ဂူ

Vol. 3 Ch. 41

ရှန်မို ချင်းရွှမ်ဂိုဏ်းမှ ထွက်သွားပြီးနောက် တပည့်တစ်ဦးမှ လျှိုယွမ်ဖုန်အား အမြန် သတင်းသွားပေးလေသည်။

လျှိုယွမ်ဖုန်တစ်ယောက် မျက်လုံးမှိတ်လျက် အနားယူနေသည်။ သို့သော် ထိုသတင်းကို ကြားသည်နှင့် မျက်လုံးချက်ချင်း ပွင့်လာပြီး တစ်ချက်ပြုံးကာ

“ရပြီ ထွက်သွားတော့”

တပည့်လေးလည်း ရိုသေစွာ နှုတ်ဆက်၍ ထွက်သွားလေ၏။

မကြာမီ သားဖြစ်သူ လျှိုယွန်းရွှမ် ရောက်လာပြီး

“အဖေ အခွင့်အရေး ပေါ်လာပြီ”

“ရှန်မို့ရဲ့ ကျင့်ကြံမှုအရှိန်က အရမ်းမြန်လို့ ကျွန်တော့်ထက်တောင် ကျော်နေပြီ။ ဒီအခွင့်အရေးမှာ မရှင်းနိုင်ရင် နောက်ထပ်ကြုံတော့မှာ မဟုတ်ဘူး”

လျှိုယွန်းရွှမ်၏ အမူအရာမှာ စိတ်လှုပ်ရှားနေမှန်း သိသာ၏။

သူ့ဒဏ်ရာကျက်စပြုသည်နှင့် ရှန်မို့အပေါ် မုန်းတီးမှုများ တိုးလာသည်။

ယခုတော့ ဂိုဏ်းအပြင်အထိ ထွက်သွား၍ ခေါင်းဆောင် မူယုံးယွဲ့ကိုလည်း စိုးရိမ်စရာ မလိုတော့ချေ။

လျှိုယွမ်ဖုန် ပြုံးလျက်

“ယွန်းရွှမ် မင်းက အရမ်းလောတတ်တုန်းပဲ။ မင်းလုပ်ရမှာက စုန်းချောင်ဖုန်ကိုသာ ဒီသတင်း သွားပြောလိုက်။ ပြီးရင် သူလုပ်တာ ကြည့်နေရုံပဲ”

လျှိုယွန်းရွှမ် ရုတ်တရက် မှင်တက်နေပြီးမှ ခေါင်းငြိမ့်ပြကာ

“ဟုတ်ကဲ့ပါ”

ထို့နောက် ဓားချောက်ကမ်းပါးဆီ အမြန်ထွက်ခဲ့၏။

သူ ရောက်လာသောအခါ စုန်းချောင်ဖုန်တစ်ယောက် ကျောက်ဆောင်ခပ်နိမ့်နိမ့်ပေါ်တွင် ထိုင်၍ အသားနှင့် ဝိုင်တို့ စားသောက်နေသည်။ အမှားကို ပြန်သုံးသပ် ကျင့်ကြံနေပုံ မဟုတ်ပေ။

“ဟင်”

စုန်းချောင်ဖုန် သူ့ကို တွေ့သောအခါ မျက်ခုံးပင့်လျက်

“မင်းအဖေ ဘာပြောခိုင်းလိုက်လို့လဲ”

သူ ရှန်မို ဂိုဏ်းထဲမှ ထွက်သွားသည့်အကြောင်းအား ပြောပြလိုက်သည်။

စုန်းချောင်ဖုန် ချက်ချင်း သဘောပေါက်ကာ

“နားလည်ပြီ။ ကောင်လေး မင်းက တကယ် လောလွန်းတာပဲ

လျှိုယွန်းရွှမ် နားမလည်နိုင် ဖြစ်သွား၏။

“အကြီးအကဲစုန်း ကျွန်တော်တို့ ရှန်မို့ကိုသတ်ဖို့ မိတ်ဖက်တွေ ဖြစ်ခဲ့ကြတယ်လေ။ ကျန့်ကျဲကို ဘယ်လောက် ဒုက္ခပေးခဲ့လဲ မေ့သွားပြီလား”

“မှတ်မိတာပေါ့ကွာ”

ဒါဆိုရင် ဘာလို့…”

စုန်းချောင်ဖုန်မှ ဆက်၍

“ရှန်မို ဂိုဏ်းက ပြန်တာကို အကြီးအကဲလီကိုယ်တိုင် ဘာလို့ သွားတွေ့လဲသိလား”

လျှိုယွန်းရွှမ် လန့်သွား၏။

“မူယုံးယွဲ့ရဲ့ တပည့်တစ်ယောက်အနေနဲ့ အသက်ကယ် အရေးပေါ်ပစ္စည်းတွေ မပါသွားဘူး ထင်နေတာလား”

“အဲ့တော့ သူ့ကိုရှင်းဖို့ ဘယ်သူ့ကို လွှတ်မှာလဲ။ မြုတေဖွဲ့စည်းခြင်းအဆင့် အကြီးအကဲလား”

လျှိုယွန်းရွှမ် စွံ့အနေမိသည်။

စုန်းချောင်ဖုန် နှာခေါင်းရှုံ့လျက်

“ငါတို့ ပိုပြီး ဂရုတစိုက် လုပ်ရတော့မယ်”

“ရှန်မို သေသင့်တယ်ဆိုပေမဲ့ အခုတော့ မဟုတ်သေးဘူး”

“သူ့ကို အခုချိန် သွားထိတာက မူယုံးယွဲ့နဲ့ပါ ငြိလိမ့်မယ်”

“ငါတို့ရော သူတို့ရော အသင့်မဖြစ်သေးဘူး”

စုန်းချောင်ဖုန် အပေါ်ဘက်ကို လက်ညှိုးထိုးပြ၏။

နတ်ဓားဂိုဏ်းနှင့် နွယ်ရှင်ဂိုဏ်းတို့ကို ဆိုလိုမှန်း လျှိုယွန်းရွှမ် သဘောပေါက်လိုက်သည်

“ကဲ ပြန်တော့။ အချိန်မကျသေးဘူး”

“ဟုတ်ကဲ့ပါ အကြီးအကဲစုန်း”

သူ တိမ်မြူတောင်ထိပ်မှ သူ့အဖေဆီ ပြန်သွားလေသည်။

လျှိုယွမ်ဖုန် ပြုံးလျက်

“မင်း အခု သဘောပေါက်ပြီမလား”

“ဟုတ်ကဲ့။ ကျွန်တော် လောသွားမိပါတယ်”

သူ သက်ပြင်းချမိသည်။

လျှိုယွမ်ဖုန် ခဏစဉ်းစားပြီးနောက်

“အဂ္ဂိရက်ဆရာလိုဏ်ဂူကိုသာ အာရုံစိုက်ပြီးရှာ။ နေရာက သိရခါနီးပဲ။ အရေးကြီးတာက သူ ဖော်စပ်ခဲ့တဲ့ဆေးတွေရဲ့ အချက်အလက်ပဲ”

“ငါ သိသလောက်တော့ လူ (၃) ယောက်ကို ပေးခဲ့တယ်။ တစ်ယောက်က ရှန်မိုရဲ့အဖေ ရှန်ကျိုးထင်။ ဒါပေမဲ့ မူယုံးယွဲ့လူတွေ စောင့်ကြည့်နေလို့ လှုပ်ရှားဖို့တော့ မလွယ်ဘူး”

“နောက်တစ်ယောက်ကကျတော့ ကုဖန်မြို့က ကျောက်အိမ်တော်ခေါင်းဆောင်။ ဒါပေမဲ့ သူကလည်း လောင်အိမ်တော်နဲ့ ပူးပေါင်းထားလို့ ဝင်လုဖို့ မဖြစ်သေးဘူး”

“နောက်ဆုံးတစ်ယောက်က ရှီရှန်မြို့၊ ချင်းရီအဆောင်က အမျိုးသမီးပဲ။ ဟိုးအရင်နှစ်တွေတုန်းက အဂ္ဂိရက်ဆရာကြီး ကုဆန်းချိုးက အဲ့အမျိုးသမီးနဲ့ အတူတူ အကြာကြီး နေခဲ့ဖူးတယ်။ နောက်တော့ နုပျိုဆေးတစ်လုံး ပေးခဲ့တာပဲ”

“ငါ့လူတွေကို လမ်းကြောင်း ရှာခိုင်းထားပေမဲ့ ယူတာတော့ မင်းသွားယူရမယ်။ ဒီကိစ္စကို ဘယ်သူ့မှ မယုံဘူး”

“ဟုတ်ကဲ့။ ကျွန်တော် ချက်ချင်း လုပ်ပေးပါ့မယ်”

“အဖေ အဲ့ဒီအဂ္ဂိရက်ဆရာကြီးရဲ့ဂူမှာ ဆေးတွေ တောင်လိုပုံနေတယ်ဆိုတာ တကယ်လားဟင်”

“ဒါပေါ့။ ငါတို့သာရရင် မူယုံးယွဲ့ကို ကျော်နိုင်ပြီ”

ဟုတ်ကဲ့ပါ။ ကျွန်တော်လည်း မျှော်လင့်နေပါတယ်”

လျှိုယွန်းရွှမ် စိတ်လှုပ်ရှားစွာပြေ၍ ထွက်သွားတော့၏။

…

ချင်ရှန်မြို့။

ရှန်မို ထိုမြို့လေးကို ပြန်လာရင်း အမှတ်တရများကို သတိရလာသည်။

အမှန်တော့ တစ်ခါမှမနေဖူးသော်လည်း အရင်လူ၏ မှတ်ဉာဏ်ကြောင့် အားလုံးကို ခံစားလွယ်နေ၏။

ရှန်မိုမှာ ချင်းရွှမ်ဂိုဏ်း၏ တပည့်အစစ်ဝတ်ရုံကို ဝတ်ဆင်ထားသောကြောင့် လူအများ အာရုံစိုက်ခြင်းကို ခံရလေသည်။

မကြာမီ သူ့ထံ အသက်ကြီးကြီးတစ်ဦး၊ သက်လတ်ပိုင်းအမျိုးသားတစ်ဦးနှင့် စစ်သည်များ ရောက်လာကြ၏။

အသက်ကြီးကြီးလူမှ ဦးညွှတ်လျက်

“မင်္ဂလာပါ စီနီယာရှန်။ ကျွန်တော်က ချင်ရှန်မြို့ရဲ့ မြို့စားမင်း ကောင်းယွမ်ပါ”

သက်လတ်ပိုင်း လူကလည်း တရိုတသေ နှုတ်ဆက်ကာ

“မင်္ဂလာပါ စီနီယာရှန်။ ကျွန်တော်က ချင်ရှန်မြို့က အထွေထွေခေါင်းဆောင် စုန်းယုပါ”

ချင်ရွှမ်ဂိုဏ်းတွင် တပည့်အစစ် (၄) ယောက်သာ ရှိသောကြောင့် ရှန်မိုအား ချက်ချင်း သတိထားမိသွားသည်။

ရှန်မို ပြုံး၍ ပြန်ခေါင်းငြိမ့်ပြလိုက်၏။

“စီနီယာရှန် ဂိုဏ်းကိစ္စနဲ့ လာတာလားဗျ”

စုန်းယုမှ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

ရှန်မိုပြုံး၍ ခေါင်းယမ်းကာ

“အဲ့လို မဟုတ်ပါဘူး။ စိတ်မပူပါနဲ့။ ဒီအတိုင်း မိသားစုဆီ လာလည်တာပါ။ ထောက်လှမ်းရေးက တခြားသူ လုပ်ပါတယ်”

စုန်းယု ထိုအခါမှ သက်ပြင်းချနိုင်၏။

ထိုသို့ ထောက်လှမ်းရေး ဝင်လျှင် စိတ်လှုပ်ရှားရပြီး အပြစ်ရှိနေမည်ကို စိုးရိမ်ပါသည်။

ကောင်းယွမ်မှ

“စီနီယာရှန်ရဲ့အဖေက အခုတော့ ဆေးခန်းမှာ။ ကျွန်တော် ခေါ်သွားပေးရမလား”

“ဒါဆိုရင်တော့ ကျေးဇူးပါပဲ မြို့စားမင်း”

သူ ပြုံးကာ လက်ခဲလိုက်သည်။

“သမားတော်ရှန်က ချင်ရှန်မြို့မှာတော့ နာမည်ကြီးပါပဲ။ ကျွန်တော်လည်း လိုက်ခဲ့မယ်လေ”

စုန်းယုမှ ပြော၏။

ဤသို့ဖြင့် နာမည်ကြီးကြယ်ပွင့်ကို ခြံရံလျက် အားလုံး ဆေးခန်းဆီ ထွက်လာကြသည်။

လမ်းတစ်လျှောက်မှ လူများလည်း သဘောကျစွာ ပြောဆိုနေကြ၏။

“အဲ့ကောင်လေးက ရှန်မိုလေ။ သမားတော်ရှန်ရဲ့ သားလေးတဲ့”

“ဒါပေမဲ့ ဘာလို့ မြို့စားမင်းတို့ကတောင် လိုက်စောင့်ရှောက်ပေးနေရတာလဲ”

“သူ့ဝတ်ရုံမှာ ရွှေချည်ကွပ်ထားတာ မတွေ့ဘူးလား။ အဲ့တာ ချင်းရွှမ်ဂိုဏ်းက တပည့်အစစ်ဆိုတဲ့ သဘောပေါ့”

“ဘာ။ သူ ဂိုဏ်းထဲဝင်သွားတာ ဘယ်လောက်မှတောင် မရှိသေးဘူးလေ။ မြန်လိုက်တာ”

ထိုအချိန်တွင် ရှန်မိုတစ်ယောက် သူ့အဖေဆေးခန်းသို့ ရောက်ရှိသွားလေပြီ။

All Chapters