တန်ဖိုးနှင့်အပေးအယူ
Vol. 1 Ch. 43
စုန်းယိက လက်ဟန်အမူအာာဖြင့် ဇရပ်အပြင်ဘက်တွင်ရပ်နေသည့်လူငယ်ကိုခေါ်လိုက်သည်။
ထိုလူငယ်လည်း အသက်ကိုပြင်းပြင်းရှူလိုက်ကာ ဇရပ်ထဲရှိထူးခြားဆန်းကြယ်သည့်လူဆီသို့ဖြေးညင်းစွာလျှောက်သွားလိုက်သည်။
ငွေရောင်ပိုးပဲဝတ်စုံကိုဝတ်ဆင်ထားသူမှာ ကျောက်သားထိုင်ခုံပေါ်တွင်သက်သောင့်သက်သာကိုယ်ဟန်ဖြင့်ထိုင်နေပြီး သူ၏မျက်လုံးများက နေထွက်တော့မည့်ရှုခင်းကိုသာစူးစိုက်ကြည့်နေသည်။
ဘေးတစောင်းမြင်ရသည့်ပုံစံအရ ထိုလူမှာ အသက်ငါးဆယ်ဝန်းကျင်ရှိမည့်လူကြီးတစ်ဦးဖြစ်ပြီး လွန်စွာတည်ကြည်သည့်ဥပတိရုပ်ရှိသည်။
သူ၏ရုပ်ရည်က အရာရှိများမင်းစိုးရာဇာများတွင်ရှိတတ်သည့်ဩဇာတ္တိမနှင့်ပြည့်စုံနေပြီးမည်သည့်အခက်အခဲနှင့်တွေ့ကြုံရပါစေမယိုင်မလဲနိုင်သည့်ပုံစံလည်းရှိသည်။
လူငယ်မှာ လူကဲခပ်ကောင်းလှသူတစ်ယောက်မဟုတ်သော်လည်း ထိုလူ့ကိုတစ်ချက်ကြည့်ရုံနှင့်သာမန်မဟုတ်သည့်ထူးခြားသူတစ်ဦးဖြစ်သည်ကိုပြောနိုင်ပေသည်။
အနက်ရောင်ဝတ်စုံဝတ်စုန်းယိကား ပိုးဖဲဝတ်စုံဝတ်လူ၏နောက်ဘက်တွင် အစေအပါးသဖွယ်ရပ်နေသည်။
“ မင်းရဲ့နာမည်က ဘယ်သူလဲ...”
ထိုနေရာတွင်အချိန်အနည်းငယ်ကြာအောင်တိတ်ဆိတ်စွာရပ်နေပြီးမှ လူငယ့်ကို မကြည့်ဘဲမေးလိုက်သည်။
သူ၏မေးခွန်းကြောင့်လူငယ်လည်း အနည်းငယ်လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး တည်ငြိမ်အောင်ထိမ်းချုပ်လိုက်ရင်းပြန်ဖြေလိုက်သည်။
“ ကျုပ်ရဲ့နာမည်က ဖူတိက ပြီးတော့ကျုပ်ရဲ့ဘိုးဘေးက...”
“ ရပ်လိုက်...”
ဖူတိဆိုသည့်လူငယ်၏စကားမဆုံးမီ ပိုးဖဲဝတ်စုံဝတ်လူပ လက်ကာပြလိုက်ပြီး ထပ်ပြောလိုက်သည်။
“ မင်းရဲ့နာမည်ကိုပြောဆိုဆက်ဆံလို့ရအောင်ပဲသိချင်တာ။ မင်းရဲ့နောက်ခံတွေ ၊ ဇာတ်ကြောင်းတွေကို စိတ်မဝင်စားဘူး ။
ငါတကယ်စိတ်ဝက်စားတာက ငါ့ကိုကူညီပေးနိုင်မယ့် မင်းရဲ့အရည်အချင်းပဲ။ ငါ့ရဲ့လက်အောက်ငယ်သားဖြစ်တဲ့စုန်းယိက မင်းကိုခေါ်လာတာဆိုတော့ မင်းလည်းခေသူမဟုတိလောက်ပါဘူး ။
ပြောစမ်းပါဦးဖူတိ ။ ပန်းပဲပညာမှာ ထူးချွန်တယ်ဆိုတော့ မင်းငါ့အတွက်ဘာတွေလုပ်ပေးနိုင်မလဲ....”
ပိုးဖဲဝတ်စုံဝတ်လူက နောက်ဆုံးစကားတစ်ခွန်းအား ဖူတိ၏မျက်ခုံးနှစိခုကြားသို့စိုက်ကြည့်၍ပြောလိုက်ခြင်းဖြစ်သည်။ သူ၏မျက်လုံးများကစိန်ပွင့်များအလား တလက်လက်တောက်ပနေသည်။
လွှမ်းမိုးနိုင်စွမ်းရှိသည့်သွင်ပြင်နှင့် လေးနက်တည်ကြည်လှသည့်ထိုလူ၏လေသံကြောင့် ဖူတိ၏စိတ်ထဲတွင် ထိတ်ခနဲဖြစ်သွားပြီး ပိုးဖဲဝတ်စုံဝတ်လူ၏ စူးရှလှသည့်မျက်လုံးများနှင့် အကြည့်ချင်းမဆုံဝံ့ဘဲ အလိုလိုခေါင်းငုံ့လိုက်မိကာ ပြန်ဖြေလိုက်သည် ။
“ ကျုပ် ခင်ဗျားအတွက် အရာအားလုံးကို လုပ်ပေးနိုင်တယ်။ သေစေနိုင်တဲ့လက်နက်တွေ ၊ ဘယ်သူမှမကြားဖူးသေးတဲ့လက်နက်ဆန်းတွေ ။ သိုင်းလောကထဲက အကောင်းဆုံးဆိုတဲ့ဓားလှံတွေကို အသုံးမကျဖြစ်စေမယ့် ထိပ်တန်းလက်နက်တွေ အဲဒါတွေကို ကျုပ်ပြုလုပ်ပေးနိုင်တယ်...။။
ပန်းပဲပညာနဲ့ပတ်သတ်ရင် ဒီနိုင်ငံမှာ ကျုပ်က ထိပ်ဆုံးသုံးနေရာဝင်တယ်...ကျုပ်သာ ထပ်ပြီးကြိုးစားလိုက်ရင် နံပါတစ်ပန်းပဲပညာရှငိဖြစ်လို့ မခက်ခဲဘူး “
စကားပြောနေရင်းမှ ဖူတိ၏ပုံစံကပြန်၍တည်ငြိမ်လာကာ ခေါင်းမော့၍ ယုံကြည်မှုပြည့်ဝသည့်ပုံစံဖြင့်ထပ်ပြောလိုက်သည်။
“ ပြောရင် ကျုပ်ရဲ့ ဟောဒီလက်နှစ်ဖက်လုံးကောင်းမွန်နေသရွေ့ အကောင်းဆုံးဆိုတဲ့လက်နက်တွေကို အဆက်မပြက်ပြုလုပ်ပေးနိုင်တယ် ။ ဒီမှာ ကျုပ်တစ်ပတ်အတွင်းလုပ်ခဲ့တဲ့ ထိပ်တန်းဓားနှစ်လက်၊ ပဉ္စလက်လှံနဲ့ ခေါင်းဖြတ်သံကွင်းပျံတွေ.....”
ဖူတိကပြောပြောဆိုဆိုဖြင့် သူ၏နောက်ကျောရှိအထုပ်ကြီးကိုဖြုတ်ကာ ပိုးဖဲဝတ်စုံဝတ်လူ၏ ဘေးရှိ ကျောက်သားစားပွဲပေါ်သို့တင်လိုက်သည်။
သို့သော် လက်နက်များကိုထုတ်မပြရသေးမီ ပိုးဖဲဝတ်စုံဝတ်လူက အသာပြုံး၍ အေးဆေးစွာပြောလိုက်သည်။
“ ရပါပြီ .....ဒီလောက်ဆို မင်းရဲ့တန်ဖိုးကို ငါသိပြီ ။
ငါက လူတစ်ယောက်ကို အလကားအသုံးမချဘူး ပြော မင်းအတွက် ငါဘာပြန်ပြီးလုပ်ပေးရမလဲ...မင်းရဲ့စိတ်ထဲမှာ အဖြစ်ချင်ဆုံးဆန္ဒကဘာလဲ...”
ပိုးဖဲဝတ်စုံဝတ်လူ၏စကားက နူးညံ့အေးဆေးသော်လည်း ဖူတိ၏စိတ်ထဲတွင် အလိုနေရင်း အေးစိမ့်သည့်အငွေ့အသက်များကိုခံစားလိုက်မိသည်။
သို့သော် သူ၏စိတ်ထဲရှိအကြောင်းအရာအချို့ကိုပြန်တွေးလိုက်မိသည်နှင့် ဖူတိ၏မျက်နှာကတင်းမာခတ်ထန်လာပြီး ဖြေးညင်းစွာပြောလိုက်သည်။
“ ကျုပ် လပြည့်ညဂိုဏ်းကို တစစီဖျက်ဆီးချင်တယ်။ ပြီးတော့ သူတို့ဂိုဏ်းချုပ်မိစ္ဆာဓားဆိုတဲ့လူကို သေတာထက်ဆိုးအောင်ခံစားရစေချင်တယ် ...”
ဖူတိ၏လေသံထဲတွင် လွန်စွာကြောက်မက်ဖွယ်ကောင်းသည့်အငြိုးအတေးများပါဝင်နေပြီး ဘေးဘက်ရှိစုန်းယိပင် အခြားလူတစ်ယောက်လိုပြောင်းလဲသွားသည့်ဖူတိကို အံ့ဩသည့်ပုံစံဖြင့်ကြည့်လိုက်မိသည်။
ဖူတိက ဘေးပတ်ဝန်းကျင်ကိုဂရုမစိုက်ဘဲ ပိုးဖဲဝတ်စုံဝတ်လူကိုသာစူးစိုက်ကြည့်နေသည်။
နာကျည်းမှု၊ မုန်းတီးမှု ၊ ရက်စက်ကြမ်းကြုတ်မှု စသည့်ခံစားချက်များပါဝင်နေသည့်ဖူတိ၏မျက်လုံးများကို သေချာကြည့်လိုက်ပြီး ပိုးဖဲဝတ်စုံဝတ်လူက သဘောကျစွာပြုံးလိုက်သည် ။
“ ကောင်းတယ် ငါကလည်း အပေးရှိရင် အယူရှိမယ်ဆိုတဲ့သဘောတရားကိုလက်တွေ့ကျင့်သုံးတဲ့လူတစ်ယောက်ပဲ။
လပြည့်ညဂိုဏ်းနဲ့ မိစ္ဆာဓားကိုဖျက်ဆီးဖို့က တခြားလူတွေအတွက်ခက်ခဲနိုင်ပေမယ့် ငါ့အတွက် ဒီလောက်မခက်ခဲဘူး။။။
ဒါပေမယ့် ဒီ့မတိုင်ခင်မှာငါ့အတွက် မင်းအလုပ်လုပ်ပေးရမယ် ။ မင်းရဲ့တန်ဖိုးက အပေးအယူအတွက်ထိုက်တန်ခြင်းရှိမရှိ သက်သေပြပေးရမှာပေါ့။
အလွန်ဆုံးဆယ့်ငါးနှစ်ပါပဲ။ ဒီအတွင်းမှာ သိုင်းလောကတစ်ခုလုံးကို ငါသိမ်းပိုက်နိုင်ပြီဆိုတာနဲ့ မင်းဖြစ်ချငတာဖြစ်ရပြီလို့တွေးလိုက်....”
ပိုးဖဲဝတ်စုံဝတ်လူ၏စကားထဲတွင်လည်း ခိုင်မာသည့်ယုံကြည်မှုကိုတွေ့မြင်နိုင်ပြီး ဖျော့တော့သည့်နေအလင်းရောင်အောက်တွင် သူ၏မျက်လုံးများက စိန်ပွင့်များအလားတဖျက်ဖျက်တောက်ပနေသည်။
ထို့နောက် ဖူတိနှင့်စန်းယိတို့ထွက်ခွာသွားပြီးသည့်အခါ ပိုးဖဲဝတ်စုံဝတ်လူက ထိုင်ခုံနောက်ကျောကို ခပ်လျော့လျော့အနေအထားဖြင့်မှီထိုင်လိုက်ပြီး အရှေ့အရပ်မှထွက်စပြုလာသညိ့နေမင်းကြီးကိုကြည့်ရင်း စကားလုံးအချို့ကို ကျယ်လောင်စွာပြောလိုက်သည်။
“ သိုင်းလောကရဲ့ရောင်နီလာချိန် ဟုတ်လား... ရယ်စရာပဲ။ မုန်တိုင်းပြီးရင် လေပြေလာတယ်ဆိုပေမယ့် အဲဒီလေပြေညင်းက နောက်ထပ်ပိုကြီးတဲ့မုန်တိုင်းကြီးတစ်ခုတိုက်ခတ်ဖို့အစပျိုးနေတာကို သူတို့မသိကြဘဲ...”
လေနှင့်အတူလွင့်မျောပါလာသည့်တိမ်တိုက်များက နေမင်းကြီးကိုဖုံးအုပ်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှုန်မှိုင်းသွားတော့သည်။
“ ဒါနဲ့ နှင်းငွေ့မိစ္ဆာသခင်ရဲ့လက်ကျန်ငယ်သားတွေဘယ်မှာကြွက်လိုပုန်းအောင်းနေကြပါလိမ့် ။ ဖန်းလွေတောင် သူတို့ရဲ့သတင်းအစအနကိုမရဘူး။။
အေးပေါ့လေ နှင်းငွေ့မိစ္ဆာသခင်လိုလူမျိုးဆီက ပညာတစ်ခုတစ်လေရရင်တောင် သူတို့က သိုင်းလောကထဲမှာမော်ကြွားနိုင်တဲ့အဆင့်ရှိမှာပဲ ...
ဟူး နှမျောစရာ နှင်းငွေ့မိစ္ဆာသခင်လိုတကယ့်ကို ကြောက်စရာကောင်းလောက်အောင်ထူးချွန်တဲ့လူတစ်ယောက်သေဆုံးခဲ့တာ...”
ပိုးဖဲဝတ်စုံဝတ်လူက တစ်ဦးထဲခပ်တိုးတိုးရေရွတ်လိုက်ခြင်းဖြစ်၏ ။
&&&&
စုန့်စန်းတောင်တန်း
ဟိုနန်နယ်ရှိနာမည်ကျော်တောင်တန်းတစ်ခုဖြစ်သည့်စုန့်စန်းတောင်တန်းကား သိုင်းလောကသားများကြားတွင် ဆန်းဆက်တောင်တန်းဟုလည်း လူသိများသည်။
သိုင်းလောက၏မီးရှူးတန်ဆောင် အဖြူရောင်သိုင်းဂိုဏ်းများ၏ခေါင်းဆောင်ဖြစ်သည့်ရှောင်လင်ကား ဆန်းဆက်တောင်တန်းရှိတောင်ခုနစ်လုံးအနက်အလယ်တောင်တွင်တည်ရှိကာ ကျန်တောင်ခြောက်လုံးက ရှောင်လင်ကျောင်းတော်တည်ရှိရာ ရှောင်ရှိတောင်ကိုဝန်းရံထားသည်။
ရှောင်ရှိတောင်၏ဘေးချင်းကပ်လျက်တောင်တစ်လုံး၏တောအုပ်ထဲတွင် ကျယ်ပြန့်သည့်မြေကွက်လပ်တစ်ခုရှိနေသည်။
တမင်ရှင်းလင်းထားဟန်တူသည့်ထိုနေရာလေးက ပေအတော်ပင်ကျယ်ဝန်းပြီး မြေကွပ်လပ်အလယ်တွင် ဖြစ်သလိုဆောက်ထားသည့်တဲအိမ်တစ်ခုလည်းရှိသည်။
ဆန်းဆက်တောင်တန်းရှိရှောင်ရှိတောင်မှလွဲကျန်တောင်များမှာ လူသူအရောက်အပေါက်နည်းပါးပြီး တောင်ခြေများတွင်သာအနီးအနားရှိမြို့များမှ ဆေးမြစ်ရှာသူ ၊ သားကောင်ဖမ်းမုဆိုး စသည့်လူများကျင်လည်တတ်သည်။
နက်ရှိုင်းသည့်တောအုပ်များရှိသည့်တောင်အပေါ်ဘက်များကိုသာမန်လူတို့တက်ရောက်ရန်မဝံ့ကြဘဲ ထူးထူးခြားခြားပစ္စည်း၊ နေရာမရှိ၍ သိုင်းလောကသားများလည်းစိတ်ဝင်စားမှုမရှိကြပေ။
ယခု ရှောင်ရှိတောင်၏ဘေးဘက်တောင်တစ်လုံး၏ထိပ်နားတွင် ထူးဆန်းသည့်တဲအိမ်တစ်လုံးရောက်ရှိနေပြီး တဲအိမ်၏ရှေ့ဘက်မြေကွက်လပ်၌ သက်ရှိလူသားနှစ်ဦးရပ်နေပေသည်။
ကြီးမားသည့်ဓားမော့တစ်လက်ကိုနောက်ကျောတွင်လွယ်၍ရပ်နေသူက အသက်ဆယ့်ငါးဆယ့်ခြောက်ခန့်ရှိမည့်လူငယ်လေးတစ်ဦးဖြစ်ပြီး နုနယ်သည့်ရုပ်ရည်ရှိသော်လည်း ကြံ့ခိုင်သန်မာသည့်ခန္တာကိုယ်ကိုပိုင်ဆိုင်ထားသည်။
အရောင်လွင့်နေသည့်ဖျင်ကြမ်းဝတ်စုံကိုဝတ်ဆင်ထားသည့်လူငယ်လေးမှာ မျက်နှာထက်၌ နုံအအ အမူအယာတစ်ခုရှိနေပြီးသူ၏ရှေ့တွင်ရပ်နေသူကိုကား ရိုသေလေးစားသည်မျက်ဝန်းများဖြင့်ကြည့်ရှုနေသည်။
လူငယ်လေး၏ရှေ့ရှိလူက ပူအိုက်သည့်နွေရာသီဖြစ်သည့်တိုင် အနက်ရောင်ဝတ်ရုံရှည်ကြီးကိုဝတ်ဆင်ထားပြီး ခေါင်းစွပ်ကိုပါစွပ်ထားရာ သူ၏ရုပ်ရည်ကိုရှင်းလင်းစွာမမြင်ရပေ။
သို့သော် ခေါင်းစွပ်အောက်မှထွက်ပေါ်နေသည့် တလက်လက်တောက်ပလှသည့်မျက်လုံးများက သားရဲတစ်ကောင်အလားစူးရဲနေပြီး သည်အတိုင်းရပ်နေခြင်းဖြစ်သည့်တိုင် သူ၏ခန္တာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသည့်အငွေ့အသက်များထွက်ပေါ်နေသည်။
“ ဝူမင်း မင်းငါ့နောက်ကိုလိုက်လာတာ အချိန်ဘယ်လောက်ကြာပြီလဲ...”
အတန်ကြာမှ အနက်ရောင်ဝတ်ရုံရှင်က တည်ငြိမ်သည့်လေသံဖြင့်မေးလိုက်သည်။
သူ၏မေးခွန်းကို ဝူမင်းဆိုသည့်လူငယ်လေးက အချိန်မဆိုင်းဘဲ ချက်ခြင်းပြန်ဖြေလိုက်သည်။
“ ငါးနှစ်သုံးလနဲ့ ဆယ်ရက်ပါဆရာ...”
ရိုးရိုးအအပုံစံရှိသော်လည်း လူငယ်လေး၏ဉာဏ်ရည်ကနုံအခြင်းမရှိပေ။
အနက်ရောင်ဝတ်စုံဝတ်လူကခေါင်းတစ်ချက်ညိမ့်၍ဆက်မေးလိုက်သည်။
“ ဒီနှစ်ဆိုရင် မင်းရဲ့အသက်လည်းဆယ့်သုံးနှစ်ရှိပြီ ။ ငါနဲ့လိုက်ခဲ့တဲ့ငါးနှစ်အတွင်းမှာ မင်းကို နေရာအနှံ့ခေါ်သွားပြီးသိသင့်သိထိုက်တာတွေသင်ပေးခဲ့တယ်။ သိုင်းလောကထဲမှာ ရပ်တည်နိုင်ဖို့လဲငါသင်ကြားပေးခဲ့တယ်။
အခုဆိုရင် မင်းက သိုင်းပညာတစ်လုံးမှမတတ်သေးတာတောင် ပင်ကိုယ်ခွန်အားနဲ့အနီးကပ်တိုက်ခိုက်နည်းတွေအားကိုးပြီး အဆင့်မြင့်သိုင်းသမားတစ်ယောက်ကိုအေးအေးဆေးဆေးအနိုင်ယူနိုင်ပြီမလား...”
အကယ်၍ သူ၏စကားကိုသာသိုင်းလောကသားများကြားပါက အံ့သြမှုကြောင့်နေရာတွင်ငုတ်တုတ်မေ့သွားနိုင်ပြီး အသက်ဆယ့်သုံးနှစ်သာရှိမည့်သိုင်းပညာမတတ်သည့်လူငယ်လေးက အဆင့်မြင့်သိုင်းသမားတစ်ယောက်ကို လွယ်ကူစွာအနိုင်ယူနိုင်ခြင်းက သူတို့သိရှိထားသည့်စည်းမျဉ်းများကို ကျိုးပျက်သွားစေနိုင်သည်။
အဆင့်မြင့်သိုင်းသမားများမှာ သိုင်းလောကတွင်ထိုမျှအရေးမပါသော်လည်း ထိုအဆင့်သို့ရောက်ရန်မလွယ်ကူဘဲ ထိပ်တန်းအဆင့်နှင့်ပထမတန်းစားအင်အားစုများတွင်ပင်အဓိကအဖွဲ့ဝင်အဖြစ်သက်မှတ်နိုင်သည်။
လူငယ်လေးကအနက်ရောင်ဝတ်ရုံရှင်၏စကားကြောင့် ကြောင်အအပုံစံဖြင့်ပြုံး၍ပြန်ပြောလိုက်သည်။
“ ဒါက ဆရာ့ရဲ့ကျေးဇူးတွေကြောင့်ပါ...”
လူငယ်လေး၏လေသံထဲတွင်နက်ရှိုင်းသည့်ကြည်ညိုလေးစားမှုတို့ပါဝင်နေပြီး လူ့နင်းပြားဘဝမှ ယခုလိုဘဝမျိုးရောက်အောင်ကူညီပေးခဲ့သည့်သူ၏ဆရာမှာ သူ့အတွက် ဘုရားသခင်နီးပါးပင်။