မိုးကြိုးအရိပ်ဓားသိုင်း ဒုတိယအဆင့်
Vol. 3 Ch. 44
နောက်တစ်နေ့ နံနက်စောစောတွင်။
ချင်းရွှမ်ဂိုဏ်း၏ အဓိကခန်းမဆောင်အရှေ့ရှိ ကြေးခေါင်းလောင်းကြီး ရုတ်တရက် တုန်ခါလာသည်။
ခေါင်းလောင်းသံမှာ တောင်တန်းဂိတ်အထိတိုင်အောင် ပဲ့တင်ထပ်သွား၍ တစ်ဂိုဏ်းလုံး သေချာကြားရသည်။
“အခုကစပြီး နောက် (၂) လနေရင် ရွှမ်ကျန်း ထိပ်တန်း ဂိုဏ်း (၅) ခုကကျင်းပတဲ့ ဂိုဏ်းတစ်ရာ စုဝေးပွဲအတွက် ငါတို့ဂိုဏ်းကနေ တပည့် (၁၀) ယောက် လွှတ်မယ်။ အဲ့တာကြောင့် နောက်တစ်လအကြာမှာ တပည့်တွေ စရွေးချယ်မယ်”
“ရွေးချယ်ခံရတဲ့ (၁၀) ယောက်ဟာ သိမ်မွေ့နက်နဲခြင်း စိတ်ဝိညာဉ်လက်နက် (၁) ခု၊ ခြေတည်ဆေးရည် (၁၀) ပုလင်းနဲ့ အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၁၀၀) ရမယ်”
ထိုသတင်း ပျံ့သွားသည်နှင့် တပည့်များအားလုံး ရုန်းရင်းဆန်ခတ် ဖြစ်ကုန်၏။
“ဝါး ငါ အတွင်းဂိုဏ်းတပည့်ဖြစ်တဲ့ (၇) နှစ်အတွင်းမှာ အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၁၈) ခုပဲ စုမိသေးတယ်”
“ရွေးချယ်ခံရရုံနဲ့ ဒါတွေအကုန် ရမှာလား”
“ဒီနေ့ကစပြီး (၃) နာရီပဲအိပ်ပြီး အမြဲ ကျင့်ကြံတော့မယ်”
“ဟွန့် ငါကတော့ တစ်နာရီပဲ အိပ်မှာ”
“ငါ… ငါတော့ လုံးဝ မအိပ်တော့ဘူး”
“ဘယ်သူက ပိုမအိပ်လဲ ပြိုင်မနေကြနဲ့။ သေချာလည်း စဉ်းစားကြည့်ဦး။ (၁၀) ယောက်ရွေးမယ် ပြောပေမဲ့ နေရာက (၆) နေရာပဲ ကျန်တော့တာ”
“ဟုတ်တယ်။ တပည့်အစစ် (၄) ယောက်ကိုတော့ ဘယ်သူမှ မယှဉ်နိုင်ဘူး”
တပည့်များအချင်းချင်း ဆွေးနွေးငြင်းခုန်ရင်း စိတ်လှုပ်ရှားနေကြသည်။
သို့သော် အနည်းဆုံး ခြေတည်အဆင့်မျှ ရောက်မှ အရွေခံရနိုင်သည်ဟု လူတိုင်း နားလည်ပါသည်။
ချီစုစည်းခြင်းအဆင့် ထိပ်ဆုံးပင် မဖြစ်နိုင်ပေ။
ရှန်မိုအတွက်တော့ အာရုံစိုက်စရာ မဟုတ်လှချေ။
ရရှိမည့်ဆုလာဘ်များမှာလည်း သူ့ကို မဆွဲဆောင်နိုင်လှ။
သူ့သိုလှောင်လက်စွပ်ထဲ၌ မူယုံးယွဲ့ပေးထားသော အရင်းအမြစ်များက ပိုများသေး၏။
ကျင့်စဉ်များ၊ လက်နက်များ၊ ကျောက်မျက်များ၊ စိတ်ဝိညာဉ် ကျောက်တုံးများ စုံလင်လှသည်။
ရှန်မိုတစ်ယောက် သူ့ခြံထဲ၌သာ သိုင်းများ ကျင့်ကြံနေ၏။
တစ််ခါတစ်ရံ ရရှိတတ်သော အခွင့်အရေးများကိုလည်း ဟိုဟိုဒီဒီမှ ရယူသေးသည်။
သူ့မိုးကြိုးအရိပ်ဓားသိုင်းမှာတော့ ပထမအဆင့်သာ ရှိသေး၏။
“မွေးရာပါ ဓားတာအိုကျွမ်းကျင်ပြီး ဉာဏ်ပညာလည်း သူများတွေထက် ပိုမြင့်တယ်”
“အခွင့်အရေးတွေ မခိုးဘဲဲနဲ့တောင် ဒုတိယအဆင့် ရောက်နိုင်ပါတယ်”
ရှန်မို ခေါင်းတငြိမ့်ငြိမ့်ဖြင့် တွေးမိ၏။
တစ်လခွဲခန့်အကြာတွင် သူ့ကံကြမ္မာစနစ်၌ အမှန်ပင် ပြောင်းလဲမှုများ တွေ့ရလေသည်။
[လတ်တလောအခွင့်အရေး: ယနေ့ မိုးကြိုးအရိပ် ဓားသိုင်းကို ကျင့်ကြံစဉ် ရုတ်တရက် မိုးကြိုးပစ်၍ မိုးရွာကာ စွမ်းအင်များ ထိန်းချုပ်နိုင်လာမည်။ ဒုတိယအဆင့်ကို သဘောပေါက်မည်]
ရှန်မို အလွန်ကျေနပ်စွာ ပြုံးမိ၏။
သူ ပုံမှန်အတိုင်း ဓားသိုင်းကျင့်ကြံလျက် ရှိပြီး မကြာမီ နေသာနေသော ရာသီဥတုမှာ ရုတ်တရက် ပြောင်းလဲသွား၏။
တိမ်မည်းများ ချက်ချင်း တက်လာပြီး မိုးကြိုးများပစ်ကာ ချက်ချင်း မိုးရွာသွန်းလာတော့သည်။
ရှန်မိုတစ်ယောက် မိုးရေထဲ၌ မလှုပ်မယှက် ရပ်နေရင်း ဉာဏ်ပညာများ အလင်းပွင့်လာသည်။
စက္ကန့်ပိုင်းမျှအကြာတွင် လျှပ်စီးများသည် အသိစိတ်ထဲသို့ ဖောက်ထွင်း ဝင်ရောက်လာ၏။
ရှန်မို့စိတ်ထဲတွင် အတွေးများ ရှင်းလင်းကြည်လင်လာသည်။ ဓားသိုင်းကို ဆက်လက်ကျင့်ကြံရင်း အင်အားပိုကြီးလာလေ၏။
“မိုးကြိုးအရိပ်ဓားသိုင်း ဒုတိယအဆင့် ရောက်သွားပြီပဲ”
ရှန်မို ကျေနပ်အံ့ဩနေမိသည်။
…
မျက်စိတစ်မှိတ်အတွင်း ရက်ပေါင်းများစွာ ကုန်ဆုံးသွားပြန်သည်။ ပုံမှန်အတိုင်း ရှန်မိုတစ်ယောက် ထမင်းစားဆောင်ဆီသို့ လျှောက်လာ၏။
လမ်းတစ်လျှောက်တွင် လျှိုယွန်းရွှမ်အား တပည့်များ ဝန်းရံလျက် တွေ့ရလေသည်။
သူ့အမူအရာမှာ အလွန် ဂုဏ်ယူဝင့်ကြွားနေပုံ ရ၏။
ရှန်မို သူ့ကိုဂရုမစိုက်ဘဲ ထမင်းစားဆောင်သို့ ဆက်လျှောက်လာသည်။
ထိုစဉ် လျှိုယွန်းရွှမ် သူ့ကိုတွေ့သွားပြီး တစ်ခုခု အကြံရသွားပုံဖြင့် လှမ်းအော်၏။
“ရှန်မို မတွေ့တာ ကြာပြီနော်”
သူ့ပသံကြောင့် ပတ်ဝန်းကျင်မှ တပည့်များအားလုံး လှည့်ကြည့်မိသည်။ ရှန်မိုနှင့် လျှိုယွန်းရွှမ်ကြားမှ ပြဿနာကို သတိထားမိကြလေသည်။
ပြောရလျှင် သူတို့နှစ်ယောက်၏ ထိပ်တိုက်တွေ့ခြင်းမှာ မူယုံးယွဲ့နှင့် လျှိုယွမ်ဖုန်တို့အကြား တင်းမာမှုကို မြင်ယောင်စေ၏။
ရှန်မို မျက်မှောင်ကြုတ်၍ လှမ်းကြည့်ကာ
“ဘာလို့လဲ”
လျှိုယွန်းရွှမ် ပြုံး၍
“ဂိုဏ်းတစ်ရာစုဝေးပွဲအတွက် ရွေးချယ်မှုကြီး စတော့မယ်နော်။ ရှန်မို မင်း ငါနဲ့ ယှဉ်ရဲလို့လား။ ဘယ်သူက ပထမရသွားမလဲ ကြည့်ကြသေးတာပေါ့”
ရှန်မို နားမလည်နိုင် ဖြစ်သွားသည်။
ဒီလူ ဘယ်ကနေ အဲ့လောက်တောင် ယုံကြည်ချက်တွေ ရှိနေတာလဲ။
ထို့နောက် ဆက်၍ လျှိုယွန်းရွှမ်၏ ကံကြမ္မာစနစ်ကို ဝင်ကြည့်လိုက်သည်။
[အမည်: လျှိုယွန်းရွှမ်]
[အဆင့်: ခြေတည်အဆင့် ထိပ်ဆုံး]
[ကံကြမ္မာ: ကံအလွန်ကောင်းသူ၊ ကျက်သရေရှိသူ၊ အန္တရာယ်မှ လုံခြုံမှုအဖြစ် ပြောင်းလဲနိုင်ခြင်း၊ အရာရာ အဆင်ပြေချောမွေ့၍ ယင်ဓာတ် ရေခဲခန္ဓာကိုယ်ပိုင်ရှင်]
[အနာဂတ်: မြုတေဖွဲ့စည်းခြင်းအဆင့် အောင်မြင်မှုကြီးတွင် ရပ်တန့်ကာ နတ်ဓားဂိုဏ်း၏ အတွင်းဂိုဏ်း အကြီးအကဲ ဖြစ်လာမည်။ (၄၁) နှစ်အကြာ နတ်ဓားဂိုဏ်း၏ အပြင်ကိစ္စ တာဝန်ထမ်းဆောင်ရင်း သေဆုံးမည်]
[လတ်တလောအခွင့်အရေး: (၃) ရက်အကြာတွင် ချင်းရွှမ်ဂိုဏ်း၏ ဂိုဏ်းတစ်ရာစုဝေးပွဲအတွက် တပည့် ရွေးချယ်ရေးတွင် ပါဝင်ပြီး ရေခဲမီးတောက် ကျင့်စဉ်ကိုသုံး၍ ရှန်မိုအား အနိုင်ရကာ ပထမဖြစ်မည်။ သို့သော် မူယုံးယွဲ့၏ ကန့်ကွက်မှု ခံရမည်။ ထို့နောက် ညဘက် ဂိုဏ်းအပြင်ထွက်ရင်း နတ်ဓားဂိုဏ်း အကြီးအကဲချုပ်၏ မြေးနှင့် တွေ့ဆုံကာ မီးတောက်နက်ကျောက်မျက် (၂) ခု ရရှိပြီး ရေခဲမီးတောက် ကျင့်စဉ်အား အင်အားပိုကြီးစေမည်]
ရှန်မို တစ်ချက် ရှုံ့သွား၏။
ရေခဲမီးတောက်…
ထိုမီးတောက်မှာ ထာဝရမီးတောက် အမျိုးအစား မဟုတ်ဘဲ ရေခဲမီးတောက်ဝံပုလွေထံမှ ရရှိခြင်း ဖြစ်သည်။
သို့သော် အလွန်ရှားပါးလွန်းပြီး အဆင့် (၄) အမျိုးအစားမှသာ ရရှိနိုင်သည်။
လျှိုယွမ်ဖုန်မှ သူ့သားအတွက် ပြင်ဆင်ပေးထားခြင်း ဖြစ်ပြီး ရေခဲခန္ဓာကိုယ်အတွက် သင့်တော်လေသည်။
ရှန်မို လက်ယမ်း၍
“စိတ်ဝင်စားစရာ မကောင်းဘူး”
ပထမဆုက အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ပိုရတာပဲရှိတယ်။ ဘာလုပ်ရမှာလဲ။
သူ့အတွက်တော့ ရတနာများ ပြည့်စုံနေ၍ ပထမရရန် မလိုအပ်ပေ။
လျှိုယွန်းရွှမ်မှာ တမင်ရန်လှမ်းစလိုက်သော်လည်း ရှန်မို ဒီအတိုင်း ဆက်လျှောက်သွား၍ မကျေမနပ် ဖြစ်သွားသည်။ ဂွမ်းလုံးကို ထိုးသကဲ့သို့ မထိရောက်ဘဲ ဖြစ်သွားလေ၏။
“ငါ့ရတနာတွေနဲ့ဆိုရင် သေချာပေါက် နိုင်မှာ”
သူ နှာခေါင်းရှုံ့၍ ရေရွတ်မိလေ၏။
…
(၃) ရက်အကြာတွင်။
ချင်းရွှမ်ဂိုဏ်းမှ တပည့်ရွေးချယ်ရေးနေ့ ဖြစ်သည်။
ရှန်မို ခပ်စောစောထ၍ သိုင်းပြိုင်ကွင်းဆီ ထွက်လာခဲ့သည်။
လမ်းတစ်လျှောက်တွင် တွေ့သမျှ တပည့်များမှ တရိုတသေ နှုတ်ဆက်ကြ၏။
ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင်က ထိုပုဂ္ဂိုလ်အတွက် အကြီးအကဲများနှင့် အတိုက်အခံ ဖြစ်ခဲ့သေး၍ သာမာန်မဟုတ်မှန်း လူတိုင်းသိကြပါသည်။
သိုင်းပြိုင်ကွင်းထဲ ရောက်သောအခါ တပည့်များမှ လမ်းဖယ်ပေးပြီး လောင်ရှန်နန် သူ့ကို လှမ်းတွေ့ကာ ရယ်မောလျက်
“ရှန်မို ဒီနားလာခဲ့လေ။ ဒီမှာဆို စင်ပေါ်ကို မြင်ကွင်းရှင်းတယ်”
ရှန်မို ခေါင်းငြိမ့်ပြ၍ လျှောက်သွားသည်။
ထိပ်ဆုံးတန်း၌ တပည့်အစစ် (၄) ဦးတို့ နေရာယူပြီးသွား၏။
“ငါတို့က ကျန်တဲ့ (၆) ယောက် ရွေးပြီးမှ နောက်ဆုံး တက်ရမှာ”
လောင်ရှန်နန်မှ ရှင်းပြလေသည်။