တောက်မည့်မီးခဲတရဲရဲ
Vol. 1 Ch. 44
လူငယ်လေး၏အဖြေကြောင့် အနက်ရောင်ဝတ်ရုံရှင်လည်းကျေနပ်သွားဟန်တူပြီး ခေါင်းတဆက်ဆက်ညိမ့်ကာ မေးလိုက်သည်။
“ ဒါဆိုရင် ငါမင်းကိုမေးမယ် မင်းငါ့ရဲ့တပည့်ဖြစ်ချင်လား။ အခုလိုအမည်ခံတပည့်မဟုတ်ဘဲ တစ်ဦးတည်းသော အစစ်အမှန်တပည့်ပေါ့...”
အနက်ရောင်ဝတ်ရုံရှင်၏ထင်မှတ်မထားသည့်မေးခွန်းကြောင့်လူငယ်လေး၏ရင်ထဲတွင် တဒိန်းဒိန်းမြည်ဟည်းလာတော့သည်။
ထိုစကားကို ကြားရရန်ငါးနှစ်လုံးလုံးသူစောင့်မျှော်ခဲ့ရပြီး ယခုလိုအမှန်တကယ်ကြားလာရသည့်အခါ သူ၏စိတ်ထဲတွင်မည်မျှပျော်ရွှင်ဝမ်းမြောက်သည်ကို ဖော်ပြ၍ပင်မရနိုင်ပေ။
ငယ်စဉ်ကပင်မိဘမဲ့ဖြစ်ခဲ့ပြီး လူတကာ၏အနှိမ်ခံဘဝသို့ရောက်ခဲ့သည့်သူ့အတွက်ထိုဘဝထဲမှဆွဲထုတ်ကာ ရှင်သန်ခြင်း၏အဓိပ္ပာယ်ကိုသင်ပြပေးခဲ့သည့်သူ၏ဆရာကား မိဘနှင့်မခြားပေ။
အနက်ရောင်ဝတ်ရုံရှင်က တစ်စုံတစ်ခုကိုသတိရသွားဟန်ဖြင့် ထပ်ပြောလိုက်သည်။
“ တစ်ခုတော့ရှိတယ် မင်းငါ့ရဲ့တပည့်အဖြစ်ဂါရဝပြုပြီးတာနဲ့ မင်းရဲ့ဘဝကိုမင်းမပိုင်တော့ဘူး။။
မင်းက ငါ့စကားကို တသဝေမတိမ်းလိုက်နာပြီး ငါသေဆိုသေဝံ့တဲ့အဆင့်ထိရောက်ရမယ်။ ငါတစ်ချက်ကလေးသဘောမကျတာနဲ့ မင်းကိုငါ့လက်နဲ့ကိုယ်တိုင်သတ်ကောင်းသတ်ပစ်နိုင်လိမ့်မယ်။
ဘယ်လိုလည်း မင်းငါ့တပည့်ဖြစ်ချင်သေးလား...”
အနက်ရောင်ဝတ်ရုံရှင်၏စကားကလွန်စွာလေးနက်တည်ကြည်နေပြီး ခေါင်းစွပ်အောက်မှသူ၏မျက်လုံးများက ယခင်ကထက်ပင်ပို၍စူးရှတောက်ပြောင်လာသည်။
သူ၏ဆရာမှာ ပြောလျှင်ပြောသည့်အတိုင်းလုပ်တတ်ပြီး ယခုစကားမှာ နောင်ပြောငိနေခြင်းမဟုတ်သည်ကို လူငယ်လေးအနေဖြင့် ကောင်းစွာသိထားသည်။
သိူ့သော် ထိုသို့ဆိုလျှင်ပင် ယခုအခွင့်အရေးကို သူလုံးဝလက်လွှတ်မည်မဟုတ်ပေ။
“ တပည့် ဝူချန်း ဆရာ့ကိုဂါရဝပြုပါတယ်.. “
လူငယ်လေးကတုံ့ဆိုင်းခြင်းမရှိဘဲ ဒူးထောက်အရိုအသေပေးလိုက်ကာ သူ၏နဖူးနှင့်မြေကြီးကို သူံးကြိမ်တိတိခပ်ပြင်းပြင်းတိုက်လိုက်သည်။
မာကျောသည့်မြေကြီးနှင့်ရိုက်မိ၍ ပြင်းထန်သည့်နာကျင်မှုတစ်ခုပေါ်လာပြီး လူငယ်လေး၏နဖူးတွင်အနည်းငယ်ပွန်းပဲ့သွားသော်လည်း မျက်နှာတစ်ချက်ကလေးမှမပျက်ဘဲ ပျော်ရွှင်သည့်အရိပ်အယောင်များပြည့်နှက်နေသည်။
အနက်ရောင်ဝတ်ရုံရှင်က လူငယ်လေးကိုအချိန်အတော်ကြာစူးစိုက်ကြည့်နေပြီးမှ ခေါင်းတဆက်ဆက်ညိမ့်၍ စိတ်ကျေနပ်သည့်လေသံဖြင့် အော်ဟစ်ရယ်မောရင်းပြောလိုက်သည်။
“ ကောင်းတယ် ကောင်းတယ် ။ ငါ့မှာ တပည့်တစ်ယောက်ရခဲ့ပြီ...ဟားဟား ကျားကြီး ငါ့မှာ တပည့်တစ်ယောက်ရပြီကွ...”
အသံနက်ကြီးဖြင့်အော်ဟစ်ရယ်မာနေသည့်အနက်ရောင်ဝတ်ရုံရှင်၏အမူအယာကထူးဆန်းလှပြီး ရယ်မောခြင်းထက်ငိုကြွေးခြင်းနှင့်ပင်ဆင်တူနေသည်။
ထို့နောက် အနက်ရောင်ဝတ်ရုံရှင်က သူ၏ခေါင်းစွပ်ကြီးကိုချွတ်လိုက်ပြီး ဒူးထောက်နေဆဲဖြစ်သည့်လူငယ်ကိုပြောလိုက်သည်။
“ ထပါ...ငါ့နာမည်က ဝမ်းတ အမှောင်လက်ဝါးဝမ်းတတို့သိုင်းလောကသားတွေကခေါ်ကြတယ်။ မင်းက ငါ့ရဲ့ပထမဦးဆူံးနဲ့နောက်ဆုံးတပည့်ပဲ။ ပြီးတော့ မင်းကို သိုင်းလောကမှာ နေလိုလလိုကျော်ကြားတဲ့အထိငါပျိုးထောင်ပေးမယ်....”
အနက်ရောင်ဝတ်ရုံရှင် သို့မဟုတ် အမှောင်လက်ဝါးဝမ်းတ၏အသံကြောင့် လူငယ်လေး၏ရင်ထဲတွင်ကြက်သီးဖြန်းဖြန်းထသွားမိတော့၏။
&&&&
ရှောင်ယောင်တို့တူဝရီးနှစ်ယောက်ရှောင်လင်ကျောင်းတော်ထဲသို့ရောက်ရှိနေသည်က ငါးရက်မြောက်နေ့ဖြစ်သည်။
သူ၏အဘိုးလေးဟုဆိုနိုင်သည့်ဆရာတော်ရွှမ်းနန်ကား ရှောင်ယောင်ဆီသို့နေ့စဉ်လာရောက်စကားပြောဆိုတတ်ပြီး ရှောင်ယောင်လည်း ရွှမ်းနန်ဆရာတော်နှင့်အတော်ပင်ရင်းနှီးလာပေသည်။
ထိုအတောအတွင်း တေလေဂိုဏ်းချုပ်ကြီးပေါ်မလာသလို စန်းဟုန်းလျန်နှင့်ဆရာတော်ရွှမ်းနန်တို့၏စကားဝိုင်းထဲတွင် မကြာခဏပါလာတတ်သည့် အရေးကြီးပုဂ္ဂိုလ်ဆိုသူလည်းရောက်မလာသေးပေ။
ရှောင်လင်ကျောင်းတွင်နေခဲ့ရသည့်ရက်များအတွင်း ရှောင်ယောင်အတွက် အသစ်အဆန်းများကိုမြင်တွေ့ခဲ့ရပြီး နေ့စဉ်ရက်ဆက်သိုင်းပညာလေ့ကျင့်နေကြသည့်ဘုန်းကြီး၊ ကိုရင်များ၊ သိုင်းပညာမြင့်မားပြီးလူဦးရေအနည်းငယ်သာရှိသည့်ကျားနဂါးဘုန်းကြီးများကိုတွေ့ဆုံခဲ့ရသလို နှစ်ပေါင်းထောင်နှင့်ချီ၍တည်ရှိခဲ့သည့်ရှေးဟောင်းကျောင်းဝန်းတစ်လျှောက်လှည့်ပတ်ကြည့်ရှုရသည်ကိုပင်မဝနိုင်ခဲ့ပေ။
အကြမ်းဖျင်းအားဖြင့်ရှောက်ယောင်လည်း ရှောင်လင်ကျောင်းတော်၏အကြမ်းဖျင်းဖွဲ့စည်းပုံကိုသိရှိသွားကာ ကြီးမားသော်လည်းစနစ်ကျသည့်ကျောင်းတော်ကြီးအကြောင်းကိုနားလည်သွားသည်ဟုဆိုရမည်။
ရှောင်လင်ကျောင်းတော်တွင် ပင်မအဆောင်ကြီးလေးခုရှိပြီး ကျန်အဆောင်များလည်းရှိသည်။
ပင်မအဆောင်ကြီးလေးခုက သိုင်းပညာဆောင်ဟုလူသိများသည့် လောဟန်ဆောင်၊ တာမောဆောင်(ကျမ်းစာဆောင်) ၊ တံခါးနီအဆောင်နှင့် ၊ပိဋိကတ်ဆောင်တို့ဖြစ်ကြသည်။
ထိုအဆောင်ကြီးလေးခုမှာ ပင်မဆောင်ကြီးများဖြစ်သည်နှင့်အညီအဆောင်မှူးအဖြစ် ခုံးဝါစဉ်ရှိသည့် ဝါစဉ်ကြီးဆရာတော်များက အဆောင်မှူးအဖြစ်တာဝန်ယူကြသည်။
ဆရာတော်ရွှမ်းနန်မှာ တာမောင်ဆောင်ရှိ ဆရာတော်ခုန်းရှ၏ တပည့်ရင်းဖြစ်ပြီး နောက်တက်မည့်တာမောအဆောင်မှူးရာထူးအတွက်လျာထားခြင်းခံရသူလည်းဖြစ်သည်။
အဆောင်လေးခုထဲတွင် ရှောင်ယောင်အထူးစိတ်ဝင်စားသည်က သိုင်းပညာသင်ကြားရေးအဆောင်ဖြစ်သည့် လောဟန်ဆောင်ဖြစ်ပြီး အဆောင်မှူးမှာ ဆရာတော်ခုန်းဝန်ဆိုသူဖြစ်၍ လက်ထောက်အဆောင်မှူးက သိုင်းလောကတွင်ကျော်ကြားသည့် ဗုဒ္ဓလက်ဝါးကိုယ်တော်ဖြစ်သည်။
သို့သော် ရှောင်ယောင်ရှောင်လင်ကျောင်းတော်တွင်ရှိစဉ် ဗုဒ္ဓလက်ဝါးကိုယ်တော်ကိုမတွေ့ရသေးဘဲ သိုင်းလောကတွင်ပါကျော်ကြားသည့် ထိုဘုန်းကြီးမှာ သိုင်းပညာအသစ်တစ်မျိူးကိုအောင်မြင်ရန် တံခါးပိတ်လေ့ကျင့်နေသည်ဟုသိရသည်။
အပြင်လူများကိုဝင်ခွင့်ပိတ်ထားသည့်ပိဋိကတ်ဆောင်နှင့် ကျားနဂါးဆရာတော်များရှိသည့်တံခါးနီဆောင်တို့ကိုတော့အပြင်မှသာလေ့လာခွင့်ရခဲ့သည်။
မည်သို့ပင်ဖြစ်စေအစဉ်အလာကြီးမားပြီး ဂုဏ်သတင်းကျော်စောလှသည့်ရှောင်လင်ကျောင်းတော်ကြီးထဲတွင် စိတ်တိုင်းကျလေ့လာခွင့်ရခြင်းကိုပင် ရှောင်ယောင်၏စိတ်ထဲ၌ အတော်ကျေနပ်မိ၏ ။
“ ဒကာလေး...ဒီမှာဘာလုပ်နေတာလဲ ..”
သူ၏ဦးခေါင်းထက်မှထွက်ပေါ်လာသည့် ခပ်ဩဩအသံတစ်ခုကြောင့် ရှောင်ယောင်လည်းအနည်းငယ်လန့်ဖျက်သွားကာ သစ်ပင်အောက်တွင်ထိုင်နေရာမှ ထရပ်လိုက်မိ၏။
“ ဟားဟား...အစ်ကိုရှောင်ယောင်က တကယ့်ကိုအသဲနုတာပဲ...”
ရင်းနှီးနေသည့်အော်ဟစ်ရယ်မောသံတစ်ခုကိုကြားလိုက်ရမှ ရှောင်ယောင်လည်း ရှက်ရွံ့စွာပြုံးလိုက်ပြီး သစ်ပင်ပေါ်မှခုန်ဆင်းလာသူများကိုကြည့်လိုက်သည်။
အဝါနုရောင်သင်္ကန်းကိုဝတ်ဆင်ထားသည့် ခေါငိးတုံးပြောင်ပြောင်ကိုရင်နှစ်ပါးက သူထိုင်နေခဲ့သည့်သစ်ပင်ကြီးပေါ်မှ ကြောင်တစ်ကောင်လိုပေါ့ပါးစွာခုန်ဆင်းလာကြသည်။
ထိုကိုရင်နှစ်ပါးသည်လည်း အသက်ဆယ်နှစ်ဝန်းကျင်သာရှိပြီး ရှောင်ယောင်နှင့်သက်တူရွယ်တူဖြစ်သည်။
သူ၏အဘိုးလေးရွှမ်းနန်ဆရာတော်၏တပည့်များဖြစ်သည့်ထိုကိုရင်နှစ်ပါးမှာ ရှောင်ယောင်နှင့်လည်းရင်းနှီးခင်မင်နေပြီး အစောပိုင်းက ပြောလိုက်သူက အစအနောက်သန်သည့်ခပ်ဝဝကိုရင်ဖြစ်သည်။
“ ကိုယ်တော် ကြွယ်ယန်က တကယ်အစအနောက်သန်တာပဲ...”
ရှောင်ယောင်၏စကားကြောင့် ခပ်ဝဝကိုရင်က သူ၏ခေါင်းတုံးပြောင်ပြောင်ကိုလက်ဖြင့်ပွတ်ရင်းပြုံးလိုက်သည်။
“ ဒါကတော့ ကျုပ်ရဲ့ဝါသနာပဲဆိုရမလား။ ဒါကြောင့်လည်းငယ်ငယ်ထဲက ရဲတိုက်ထဲကလူတွေကိုဒုက္ခပေးလွန်းလို့ ဖေဖေက ရှောင်လင်ကိုပို့လိုက်တာပဲ...”
ကြွယ်ယန်ဆိုသည့်ကိုရင်က ထူးခြားသည့်အသံပြောင်းပညာတတ်တစ်ခုကိုတတ်မြောက်ထားသလို အစအနောက်သန်သည့်သူ၏စရိုက်ကြောင့် ကျောင်းဝန်းထဲရှိအခြားကိုရင်များနှင့်မကြာခဏရန်ပွဲဖြစ်ရသူလည်းဖြစ်သည်။
“ အော် ...ကိုယ်တော်ကြွယ်စင်းလည်းပါတာပဲ ..”
ကြွယ်ယန်၏နောက်ဘက်ရှိ ပိန်ပိန်ပါးပါးခန္တာကိုယ်ရှိသည့်ကိုရင်ကရှောင်ယောင်၏ နှုတ်ဆက်စကားကြောင့် သူ့ကိုပြုံးပြလိုက်သည်။
ထိုကိုရင်၏ဘွဲ့အမည်က ကြွယ်စင်းဖြစ်ပြီး သူ၏စရိုက်က စကားနည်းကာ တိတ်ဆိတ်သော်လည်း စိတ်ရင်းကောင်းသူတစ်ယောက်ဖြစ်သည်။
တိတ်ဆိတ်ကာစကားနည်းသည့်ကြွယ်စင်းနှင့် အစအနောက်သန်သည့်ကြွယ်ယန်တို့မည်သို့ခင်မင်ခဲ့သည်မသိသော်လည်း သူတို့နှစ်ယောက်၏ဆက်ဆံရေးက အတော်ပင်ရင်းနှီးလှသည်။
ထိုကိုရင်နှစ်ပါးက ကျောင်းဆောင်ရွေးပွဲတွင် တာမောအဆောင်မှူးကရွေးချယ်ကာ ရွှမ်းနန်ဆရာတော်၏တပည့်များဖြစ်ခဲ့ကြသည်။
ယခု ရွှမ်းနန်ဆရာတော်က ရှောင်ယောင်ဆီသို့လာလည်ရင်း စန်းဟုန်းလျန်နှင့်စကားလက်ဆုံကျနေရာ ထိုကိုရင်နှစ်ပါးလည်း လွတ်လပ်ရေးရနေခြင်းဖြစ်၏ ။
ထိုအခိုက် အဝေးဆီမှ ကျယ်လောင်သည့်အသံကြီးတစ်ခုမည်ဟည်းလာတော့သည်။
“ ဒူ..ဒူ...ဒူ...”
အဆက်မပြက်မည်ဟည်းနေသည့်မောင်းသံကြီးကြောင့် ရှောင်ယောင်လည်းအံ့အားသင့်သွားမိသည်။
ထိုအချိန်တွင် ကြွယ်စင်းနှင့်ကြွယ်ယန်တို့ကား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ စိတ်လှုပ်ရှားနေကြဟန်တူပြီး ကြွယ်ယန်က ရှောင်ယောင်၏ပခုံးကိုပုတ်ကာပြောလိုက်သည်။
“ အစ်ကိုရှောင်ယောင် ကိစ္စကြီးတစ်ခုဖြစ်တော့မယ် ...ကျုပ်တို့သွားကြည့်ရအောင် ဒါမျိုးပွဲကြည့်ရခဲတယ်...”
ကိုရင်တစ်ပါးဖြစ်နေသည်မှာ နှစ်နှစ်ကျော်သုံးနှစ်နီးပါးရှိပြီဖြစ်သော်လည်း အပြင်စိတ်မကုန်သေးသည့် ကြွယ်ယန်ကရှောင်ယောင်ကို အစ်ကိုဟုသာခေါ်တတ်သည်။
ကြွယ်ယန်၏စိတ်အားထက်သန်နေသည့်ပုံစံကြောင့်ရှောင်ယောင်လည်းမျက်ခုံးပင့်လိုက်မိပြီး တည်ငြိမ်အေးဆေးသည့်စရိုက်ရှိသည့်ကြွယ်စင်းပင် မျက်လုံးများတလက်လက်တောက်ပနေသည်ကိုမြင်လိုက်ရာ သူလည်း ယခုကိစ္စကို စိတ်ဝင်စားသွားမိ၏ ။
“ ရှောင်ယောင် မင်းသွားချင်ရင်သွားကြည့်လို့ရတယ်...ဟိုနှစ်ကောင်ကိုလမ်းပြခိုင်းလိုက်...”
သူတို့တည်းခိုသည့်အဆောင်ပေါ်မှဆင်းလာသည့် ရွှမ်းနန်ဆရာတော်က ရှောင်ယောင်ကိုပြောလိုက်ခြင်းဖြစ်ပြီး သူ၏ဘေး၌ စန်းဟုန်းလျန်လည်းအတူပါလာသည်။
သူတို့နှစ်ယောက်၏ပုံစံက ကြွယ်ယန်ပြောသည့်ကိစ္စကြီးကိုသွားကြည့်မည့်ပုံပေါ်၍ ရှောင်ယောင်လည်း ခေါင်းညိမ့်ပြကာ ပြောလိုက်သည်။
“ ဟုတ်ကဲ့ပါ ... အဖိုးလေး...”
ထို့နောက် အရေးရှိလျှင်တက်ကြွနေတတ်သည့်ကြွယ်ယန်က ရှောင်ယောင်ကိုဆွဲခေါ်သွားပြီး ကိုရင်နှစ်ပါးနှင့်ကောင်လေးတစ်ယောက်တို့က တံခါးနီဆောင်ရှိရာသို့ဦးတည်၍ချီတတ်သွားကြတော့သည်။
အားအင်များပြည့်နှက်နေသည့်ဟန်ဖြင့် စိတ်လှုပ်ရှားစွာလျှောက်သွားကြသည့် သူတို့သုံးယောက်ကိုကြည့်ရင်း စန်းဟုန်းလျန်လည်းပြူံးလိုက်မိပြီး ရွှမ်းနန်ဆရာတော်ကိုမေးလိုက်သည်။
“ ဟိုကိုရင်နှစ်ပါးက ဆရာတော့်ရဲ့တပည့်တွေမလား သူတို့က တခြားကိုရင်တွေထက်နည်းနည်းထူးခြားသလိုပဲ...”
စန်းဟုန်းလျန်၏အမြင်စူးရှမှုကို ဆရာတော်ရွမ်းနန်လည်း ကြိတ်၍ချီးကျူးလိုက်မိပြီး ဖြေးညင်းစွာပြောလိုက်သည်။
“ သူတို့နှစ်ယောက်ထဲက တစ်ယောက်က ထိပ်တန်းအင်အားစုကဆင်းသက်လာပြီး အရည်အချင်းရှိပြိးအခြေခံခိုင်သလို ကျန်တဲ့တစ်ယောက်က သိုင်းပညာပါရမီနည်းပေမယ့် စိတ်ဓာတ်ခိုင်မာပြီး တကယ့်ကိုဇွဲရှိတဲ့ကလေးပဲ ။
နောင်တစ်ချိန်မှာ သူတို့သာပြာဖုံးမသွားရင်သိုင်းလောကရဲ့ထိပ်တန်းနေရာကိုသေချာပေါက်ရောက်မယ့်မီးခဲလေးတွေပေါ့...”