တံခါးနီဆောင်သိုင်းပညာစစ်ဆေးမှု
Vol. 1 Ch. 45
သိုင်းပညာစမ်းသပ်ရာ တံခါးနီဆောင်၏ရှေ့၌ လူအုပ်ကြီးတစ်ခုရှိနေသည်။
ကြွယ်စင်း ၊ ကြွယ်ယန်တို့နှင့် သက်တူရွယ်တူခန့်ရှိမည့် ကိုရင်ငယ်များ၊ အမြဲလိုလိုသိုင်းပညာလေ့ကျင့်နေကြ၍ သန်မာကြံ့ခိုင်သည့်ခန္တာကိုယ်အချိုးအဆစ်ကိုပိုင်ဆိုင်ထားကြသည့်ကိုရင်ကြီးများ ၊ အရွယ်စုံဘုန်းကြီးများစသည်ဖြင့် လူလေးရာကျော်ငါးရာခန့်ရှိမည့်လူအုပ်ကြီးက တံခါးနီဆောင်၏ရှေ့၌ရှိနေကြသည် ။
သူတို့ထဲတွင် သိုင်းပညာသင်ယူကာစကိုရင်ငယ်များပါလာသလို ၊ အလယ်အလက် သို့မဟုတ် အဆင့်မြင့်သိုင်းအဆင့်ရှိသည့်ကိုရင်ကြီးများ၊ ထိပ်တန်းအဆင့်နှင့်အဆင့်လွန်သိုင်းအဆင့်ရှိသည့်ဘုန်းကြီးများပါဝင်ကြသည်။
ပျမ်းမျှအနေဖြင့် ထိုအထဲမှတစ်ဝက်က အဆင့်နိမ့်နှင့်အလယ်အလက်အဆင့်သာရှိကြသော်လည်း အဆင့်မြင့်သိုင်းသမားတစ်ရာကျော်နှင့် သိုင်းပညာထိပ်တန်းအဆင့်ရှိသည့်ဘုန်းကြီးခြောက်ဆယ်ကျော်ခုနစ်ဆယ်ခန့်ရှိကြသည်။
ထိုပမာဏက ကျောင်းတော်၏အင်အားအများစုဖြစ်ပြီး ထိုမျှအားကောင်းသည့်ဘုန်းကြီး၊ကိုရင်များကိုကြည့်၍ သိုင်းလောကထဲမှထိပ်တန်းအဆင့်ဂိုဏ်းအဖွဲ့များပင် တုန်လှုပ်မှုကိုခံစားရပေမည်။
ထို့အပြင် အပြင်သို့ထွက်လေ့မရှိဘဲ အချိန်ရှိသရွေ့သိုင်းပညာလေ့ကျင့်နေကြသည့် ကျားနဂါးဘွဲ့ရဘုန်းကြီးလေးငါးဆယ်ယောက်ခန့်ပင် မလှမ်းမကမ်းမှကြည့်ရှုနေကြသည်။
လူအားလုံး၏အကြည့်များက အဆောင်ထွက်ပေါက်နေရာသို့ရောက်နေပြီး အချင်းချင်းပြောဆိုဆွေးနွေးနေကြရင်း စိတ်လှုပ်ရှားစွာစောင့်မျှော်နေကြသည် ။
တံခါးနီဆောင်တည်ရှိရာ ပရဝဏ်က အခြားအဆောင်များလည်းရှိပြီးထိုအထဲမှအထင်ရှားဆုံးကာ သိုင်းပညာစမ်းသပ်ရာဖြစ်သည့် လူအုပ်ရှေ့ရှိအဆောင်တစ်ခုဖြစ်သည် ။
ကြွယ်ယန်၏ဆွဲခေါ်လာမှုကြောင့် တံခါးနီဆောင်၏ရှေ့သို့ရောက်ရှိနေသည့်ရှောင်ယောင်လည်း ကြွယ်ယန်၊ ကြွယ်စင်းတို့နှင့်အတူ လူအုပ်ထဲတွင်ရှိနေသည်။
အနီးရှိဘုန်းကြီး ၊ ကိုရင်များက တစ်ဦးထဲထူးခြားသည့်လူဝတ်ကြောင်ဖြစ်နေသည့်ရှောင်ယောင်ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသော်လည်း ယခင်က ရှောင်လင်ကျောင်းအနှံ့လမ်းသလားထားဖူး၍ တာမောဆောင်မှရွှမ်းနန်ဆရာတော်၏မြေးဆိုသည့်ပိန်ပိန်ပါးပါးကောင်လေးကို သူတို့မျက်မှန်းတန်းမိနေကြသည်
ရှောင်ယောင်လည်း တံခါးနီ ဆောင်သို့လာရာလမ်းတွင် ကြွယ်ယန်၏ရှင်းပြမှုကြောင့်သိုင်းပညာစစ်ဆေးမှုဆိုသည့်အကြောင်းအရာကိုသိရှိနေပြီးဖြစ်သည်။
သိုင်းပညာစစ်ဆေးမှု သို့မဟုတ် တံခါးနီစစ်ဆေးမှုက ရှောင်လင်၏ကျော်ကြားသည့်အခန်းအနားတစ်ခုဖြစ်ပြီး တံခါးနီဆောင်သိုင်းပညာစစ်ဆးမှုကိုအောင်မြင်စွာကျော်ဖြတ်နိုင်ပါက ရှောင်လင်ကျောင်းတွင်သာမက သိုင်းလောကတွင်ပါလက်မထောင်နိုင်မည့်အဆင့်သို့ရောက်ရှိပေမည်။
ပထမအဆင့်အနေဖြင့် လွန်စွာမာကျောသည့်သစ်သားယန္တရားရုပ်များ ၊ထောင်ချောင်များ ထားရှိရာအခန်းထဲကိုရောက်ရှိမည်ဖြစ်ကာ စက်ခလုပ်များ ၊ ယန္တရားများကြောင့် ထိုသစ်သားရုပ်များကအလိုလိုအသက်ဝင်လာမည်ဖြစ်ပြီး အခန်းတွင်းခြေချလာသူကို စိစိညက်ညက်ကျေသည်အထိ ဝိုင်းဝန်းတိုက်ခိုက်ကြပေမည်။
သစ်သားရုပ်များကအသိဉာဏ်ကင်းမဲ့သည့်ယန္တရားရုပ်များသာဖြစ်သော်လည်း လွန်စွာခက်ခဲနက်နဲသည့်ယန္တရားပညာဖြင်စီရင်ပြုလုပ်ထားခြင်းဖြစ်သည့်အတွက် သူတို့၏ပူးပေါင်းတိုက်ခိုက်မှုများက ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်ကိုပင်အချိန်တိုအတွင်းအနိုင်ယူနိုင်စွမ်းရှိသည်။
ထိုအဆင့်တွင် တံခါးနီဆောင်ကိုစိန်ခေါ်သည့် သိုင်းသမား၏ လျှင်မြန်ဖျက်လက်မှု ၊ အခွင့်အရေးကိုအသုံးချနိုင်မှု၊ အလိုလိုတုန့်ပြန်နိုင်စွမ်းစသည့်အချက်များကိုစစ်ဆေးခြင်းဖြစ်သည်။
ရှောင်လင်ကျောင်းတော်သို့ဝင်ရောက်သူမှန်သမျှသင်ကြားရသည့် အခြေခံတစ်ရာ့ရှစ်ခန်းသိုင်းပညာမှာ များစွာသောပညာရပ်များကိုစုစည်းထားခြင်းဖြစ်ပြီး ထိုတစ်ရာ့ရှစ်ခန်းကိုအောင်မြင်ပြီးပါက လက်နက်ပေါင်းဆယ့်ခြောက်မျိုးအထိကျင်လည်စွာအသုံးပြုနိုင်ပေသည်
သစ်သားရုပ်များ၏တိုက်ခိုက်မှုကိုကျော်ဖြတ်သွားနိုင်လျှင်ကြေးရုပ်လူဆယ့်ရှစ်ယောက်ရှိသည့်အခန်းတွင်းသို့ရောက်ရှိပေမည် ။
ရှောင်လင်၏ခုနစ်ဆယ့်နှစ်မျိုးသောသိုင်းပညာများတွင်ပါဝင်သည့် ကြေးနီခန္တာကိုယ်ကျင့်စဉ်ကိုအောင်မြင်ပြီးသည့်ထိုလူဆယ့်ရှစ်ယောက်လုံးက သိုင်းပညာထိပ်တန်းအဆင့်ရှိသည်။
ပို၍ကြောက်မက်ဖွယ်ကောင်းသည့်အချက်က သူတို့၏တုတ်ဝင်္ကပါက လောဟန်ဆယ့်ရှစ်ပါးဝင်္ကပါနှင့် နှိုင်းယှဉ်နိုင်ခြင်းဖြစ်ပြီး သာမန်အဆင့်လွန်ထိပ်သီးတစ်ဦးကိုပင်အေးအေးဆေးဆေးအနိုင်ယူနိုင်ပေသည်။
လျှိူ့ဝှက်သိုင်းပညာ၏အကျိုးသက်ရောက်မှုကြောင့် ခန္တာကိုယ်တစ်ခုလုံး ကြေးဝါရောင်ဖြစ်နေသည့် ထိုလူဆယ့်ရှစ်ယောက်၏တာဝန်က သိုင်းပညာစစ်ဆေးမှုကိုစိန်ခေါ်လာသူမှန်သမျှအား အစွမ်းကုန်တားဆီးရန်ဖြစ်ပြီး သူတို့၏တိုက်ခိုက်မှုများက အညှာအတာကင်းမဲ့လှသည်။
များစွာသောရှောင်လင်ဂိုဏ်းသားများမှာ ထိုအဆင့်တွင်ကျရှုံးကြခြင်းဖြစ်ပြီး အဆင့်လွန်ထိပ်သီးအဆင့်ရှိသည့်လူအချို့ပင် ကြေးရုပ်လူဆယ့်ရှစ်ယောက်ကိုမကျော်နိုင်ကြပေ။
ဤအဆင့်က စိန်ခေါ်သူ၏သိုင်းပညာကိုစစ်ဆေးခြင်းဖြစ်ပေသည်။
ကြေးရုပ်လူဆယ့်ရှစ်ယောက်ကိုအောင်မြင်ရန်က အနိမ့်ဆုံးအနေဖြင့် ရှောင်လင်၏ လျှို့ဝှက်သိုင်းပညာခုနစ်ဆယ်နှစ်မျိုးမှ နှစ်မျိုးအထိအောင်မြင်ရန်လိုအပ်ပြီး သိုင်းပညာနှစ်မျိူးအောင်မြင်ပြီးသည့် အချို့လူများပင် တစ်ခါတစ်ရံကျရှုံးကြသည်။
ထို့ကြောင့် ရှောင်လင်ဂိုဏ်းသားများအလိုလိုသိနားလည်ကြသည့်အချက်က ရှောင်လင်သိုင်းပည ခုနစ်ဆယ့်နှစ်မျိုးအနက် သုံးမျိုးအထိအောင်မြင်ထားမှ သိုင်းပညာစစ်ဆေးမှုကိုအောင်မြင်နိုင်သည်ဆိုသည့်အချက်ပင်ဖြစ်၏ ။
သို့သော်လည်း ရှောင်လင်သိုင်းပညာခုနှစ်ဆယ့်နှစ်မျိုးအနက် ကြံရာကျပန်းတစ်ခုကပင် သိုင်းလောကထဲရှိထိပ်တန်းအဆင့်သိုင်းပညာနှင့်နှိုင်းယှဉ်နိုင်ရာ လေ့ကျင့်အောင်မြင်နိုင်ရန်လည်းများစွာခက်ခဲပေသည်။
ကြေးရုပ်လူဆယ့်ရုစ်ယောက်ကို တိုက်ခိုက်အနိုင်ရ၍ကျော်ဖြတ်နိုင်ပါက ထွက်ပေါက်တံခါးတွင်ချထားသော အချိန်တစ်ရာခန့်လေးမည့်အမွှေးတိုင်အိုးကြီးကိုလက်နှစ်ဖက်ဖြင့်ပွေ့၍ဖယ်ရှားကာ အပြင်သို့ထွက်နိုင်ပြီဖြစ်သည်။
သို့သော် ထိုအဆင့်တွင်လည်း အခက်အခဲတစ်ခုရှိနေပြီး တစ်လမ်းလုံးအစွမ်းကုန်တိုက်ခိုက်လာ၍ စိတ်ရောကိုယ်ပါပင်ပန်းနေသူတစ်ယောက်အတွက် အနားမယူဘဲ လွန်စွာပူပြင်းလေးလံသည့်အိုးကြီးကိုဖယ်ရှားနိုင်ရန်ကစိန်ခေါ်မှုတစ်ရပ်ဖြစ်ပေသည်။
ထို့သို့ပြုလုပ်နိုင်ရန်က အားကောင်းသည့်အတွင်းအားရှိရန်လိုအပ်ပြီး ရှောင်လင်ရှိအဆင့်လွန်ထိပ်သီးအဆင့်ဘုန်းကြီးအများစုကျရှုံးသည်က တတိယအဆင့်တွင်ဖြစ်သည်။
အမွှေးတိုင်အိုး၏လက်ကိုင်နှစ်ဖက်အတွင်းဘက်တွင် လက်ရာမြောက်လှသည့် ကျားရုပ်နှင့်နဂါးရုပ်ကိုဖောင်းကြွပုံစံဖော်ထားကာလွန်စွာပူပြင်းသည့်အပူရှိန်ကြောင့် အိုးကိုအင်အားစိုက်ထုတ်၍မတင်လိုက်သည်နှင့်တစ်ပြိုင်နက် စိန်ခေါ်သူ၏လက်ဖျံနှစ်ဖက်တွင် ကျားရုပ်နှင့်နဂါးရုပ်တို့ကို သံပူတံဆိပ်ကပ်ပြီးဖြစ်သည်။
ဤနည်းဖြင့် တံခါးနီဆောင်သိုင်းပညာစစ်ဆေးမှုကိုအောင်မြင်စွာကျော်ဖြတ်နိုင်သူများအား ကျားနဂါးဆရာတော်များဟုခေါ်ပြီး ကျောင်းတော်တွင်ဆက်မနေဘဲ လူဝတ်လဲ၍သိုင်းလောကထဲကျင်လည်ပါက ရှောင်လင်အဝေးရောက်ဂိုဏ်းသားများဟုခေါ်ကြသည်။
ထိုလူများအားလုံးက အစွမ်းထက်သည့်အဆင့်လွန်ထိပ်သီးများသာဖြစ်ပြီး လွန်စွာခက်ခဲသည့်စမ်းသပ်မှုကြောင့်လည်း ကျားနဂါးဘွဲ့ရဆရာတော်အရေအတွက်နည်းပါးနေခြင်းဖြစ်၏ ။
သိုင်းလောကတွင် အဝေးရောက်ဂိုဏ်းသားအရေအတွက်က လက်ငါးချောင်းပင်ပြည့်ဘဲ ကျားနဂါးဘွဲ့ရဆရာတော်အများစုကလည်း သိုင်းလောကသို့ဆင်းသည့်အရေအတွက်နည်းပါးကာ ကျောင်းတော်တွင်သိုင်းပညာတိုးတက်ရန်ဆက်လက်လေ့ကျင့်လေ့ရှိပေသည်။
ရှောင်ယောင်တစ်ယောက် သူသိရှိထားသည့်အကြောင်းအရာများကိုစဉ်းစားနေစဉ် ကိုရင်ကြွယ်ယန်ကပခုံးပုတ်လာ၍ ပြန်သတိဝင်လာသည်။
“ ဟေ့ အစ်ကိုရှောင်ယောင် ဟိုမှာ ဆရာနဲ့မင်းရဲ့ဦးလေးရောက်နေပြီ....”
ကြွယ်ယန်ညွန်ပြသည့်နေရာသို့ကြည့်သည့်အခါ သူ၏အဘိုးလေးရွှမ်းနန်ဆရာတော်နှင့် စန်းဟုန်းလျန်တို့က ကျားနဂါးဘွဲ့ရဆရာတော်များနှင့်စကားပြောနေသည်ကိုတွေ့လိုက်ရသည်။
“ ကိုယ်တော်ကြွယ်ယန် ဒီတစ်ခေါက် တံခါးနီဆောင်ကို စိန်ခေါ်တာဘယ်သူလဲ ....”
ရှောင်ယောင်လည်း စောင့်ဆိုင်းရသည်ကို အနည်းငယ်ပျင်းရိလာ၍ စကားပေါသည့်ကြွယ်ယန်ကိုမေးလိုက်သည်။
သို့သော် ကြွယ်ယန်၏အမူအယာကအနည်းငယ်ထူးဆန်းနေပြီး သူ၏မျက်နှာကိုမဲ့ကာ တိုတိုတုတ်တုတ်လေသံဖြင့် ပြောလိုက်သည်။
“ အခုတစ်ခေါက်စိန်ခေါ်တာ ဘုန်းကြီးရွှမ်းစီးတဲ့ ။ လူအမည်က ရှန့်စီးယန်ပေါ့ ။ ဒီမှာ ဆယ်နှစ်တောင်ပြည့်အောင်ပညာမသင်ဘဲ သူကလူတွင်ကျယ်လုပ်နေတာလေ. .. အဲ့ကောင် ကျော်နိုင်မှာလည်းမဟုတ်ဘူး ...”
ကြွယ်ယန်၏အမူအယာက အနည်းငယ်မကျေနပ်သည့်ပုံစံဖြစ်နေရာ ရှောင်ယောင်ပင်အံ့အားသင့်သွားမိသည်။
ကြွယ်ယန်၏စကားအရ ယခုတံခါးနီဆောင်ကိုစိန်ခေါ်နေသူမှာ ဆယ်ဝါပင်ပြည့်သေးသည့်ကိုရင်တစ်ပါးဖြစ်နိုင်ပြီး ခုံးဝါစဉ်ရှိဆရာတော်တစ်ပါးက တပည့်အဖြစ်လက်ခံ၍သာ ဝါသုံးဆယ်ခန့်ရှိမှရမည့်ရွှမ်းဝါစဉ်သို့ရောက်ရှိနေခြင်းဖြစ်ပေမည်။
သူ၏အဘိုးလေးရွှမ်းနန်လည်းထိုနည်းတူပင်ဖြစ်ပြီး ခုံးဝါစဉ်က တာမောအဆောင်မှူးက တပည့်အဖြစ်လက်ခံခဲ့၍ ရွှမ်းဝါစဉ်သို့တန်းရောက်ရှိခြင်းဖြစ်သည်။
သို့သော် ထိုသို့ဝါစဉ်ကြီးဆရာတော်များက တော်ရုံတန်ရုံလူကိုတပည့်အဖြစ်လက်မခံဘဲ သူတို့လက်ခံသည့်တပည့်များသည်လည်းလွန်စွာထူးချွန်သူများဖြစ်ကြ၏။
ထို့ကြောင့် ကြွယ်ယန်၏စကားက ယခုတံခါးနီဆောင်ဖြတ်ကျော်နေသူကိုအထင်သေးသည့်ပုံစံဖြစ်နေ၍ ရှောင်ယောင်လည်းအံ့ဩမိခြင်းဖြစ်သည်။
ရှောင်ယောင်၏အံ့ဩမှုကို သတိပြုမိ၍ စကားနည်းသည့်ကြွယ်စင်းက ဝင်ရှင်းပြလိုက်ရသည်။
“ သူပြောတာနားမထောင်နဲ့ ဒကာလေးရှောင် ။ အခုတံခါးနီဆောင်ကိုကျော်ဖြတ်နေတဲ့လူက အသက်နှစ်ဆယ်တောင်မပြည့်သေးတဲ့ဘုန်းကြီးတစ်ပါးပဲ။
သူက သိုင်းလောကထဲကကျော်ကြားတဲ့ ပညာရှိစံအိမ်သခင်လေးဖြစ်သလို စည်းကမ်းထိမ်းသိမ်းရေးအဆောင်မှူးရဲ့တပည့်လည်းဖြစ်သေးတယ်။။
စည်းကမ်းထိမ်းသိမ်းရေးအဆောင်ကဆိုပေမယ့် သူ့ရဲ့သိုင်းပညာပါရမီက အနှစ်တစ်ရာမှာတစ်ယောက်ပေါ်တတ်တဲ့လူမျိူးလို့တောင် ဒုကျောင်းထိုင်ကချီးကျူးရပြီးတော့ ဒီမှာ ပညာသင်တဲ့ကိုးနှစ်အတွင်း ရှောင်လင်ခုနစ်ဆယ့်နှစ်မျိုးထဲက ခုနစ်မျိူးအထိအောင်မြင်ခဲ့တယ်။
သူ့ရဲ့သိုင်းပညာက ကျားနဂါးဘွဲ့ရဆရာတော်တွေနဲ့တောင်ယှဉ်နိုင်ပြီးအခုလည်း တံခါးနီဆောင်ကို အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်မှာ အသေအချာပဲ...”
ကြွယ်စင်းကိုယ်တော်က မျက်နှာကြီးစူပုတ်နေသည့်ကြွယ်ယန်ကိုတစ်ချက်စောင်းကြည့်လိုက်ရင်းဆက်ပြောလိုက်သည်။
“ ဆရာတော်ရွှမ်းစီးနဲ့ ကြွယ်ယန်မတည့်ရတဲ့အကြောင်းအရင်းကတော့ သိတဲ့အတိုင်း သူ့ရဲ့စရိုက်ကြောင့် ဟိုလူ့ကိုလိုက်စလိုက် ဒီလူ့ကိုလိုက်စနောက်လိုက်နဲ့မလို့ သူနဲ့တည့်တဲ့လူခပ်ရှားရှားရယ်။။
သူကစိတ်ထဲကပါလို့မဟုတ်ပေမယ့်စနောက်ချင်တဲ့စရိုက်ကြောင့် တခြားကိုရင်ကြီးတွေနဲ့လည် ခဏခဏ နောင်ဂျိန်သတ်ကြသေးတယ်။။
ဒါကြောင့်လည်း မကြာခဏဆိုသလိုအတိုင်ခံရပြီး စည်းကမ်းထိမ်းသိမ်းရေးဆောင်က ဆရာတော်ရွှမ်းစီးကဒဏ်ပေးတဲ့တွက်သူက ဆရာတော်ရွှမ်းစီးဆိုရင်အကောင်းမပြောတာ။
ဒါပေမယ့်ဟိုက သူရန်ငြိုးထားမှန်းတောင်မသိပါဘူး။ ပြီးတော့ စိတ်ထားကောင်းပြီး လူတိုင်းကိုကောင်းကောင်းမွန်မွန်ဆက်ဆံတော့ ဆရာတော်ရွှမ်းစီးကကျောင်းတော်ထဲမှာ လူချစ်လူခင်ပေါများတယ်...”
စကားနည်းသည့်ကြွယ်စင်းလိုလူမျိုးကပင် ယခုလိုမျိုးချီးကျူးနေသည့်အတွက် ရွှမ်းစီးဆရာတော်ကအမှန်ပင်ထူးချွန်ထက်မြက်လှသူတစ်ဦးဖြစ်ပေမည်။
ဤသည်ကိုပင် ကြွယ်ယန်က ခပ်တိုးတိုးစောဒကတက်လိုက်သေးသည်။
“ မင်းမသိပါဘူးကွ ။ ငါတို့မှာ ကျောင်းတော်ကရန်စတွေရှိတယ်။ ရှန့်စီးယန် ဆိုတဲ့ တကယ့်ကြောင်သူတော်...”
ကြွယ်ယန်၏ကလေးဆန်သည့်စကားကြောင့်ရှောင်ယောင်လည်းမနေနိုင်ဘဲပြုံးလိုက်မိတော့သည်။