ထူးခြားသည့်အဖိုးအို
Vol. 1 Ch. 47
ထိုနေရာအရောက်တွင် ဆရာတော်ရွှမ်းနန်က ခေါင်းတညိမ့်ညိမ့်ဖြင့်ရေရွတ်လိုက်သည်။
“ အင်း....ဒါကြောင့်လည်း လွန်ခဲ့တဲ့ဆယ်နှစ်လောက်က မင်းနဲ့ဆရာကြီးစုတို့ ရှောင်လင်ကိုအရေးတကြီးရောက်လာပြီး ကျောင်းထိုင်ဆရာတော်နဲ့တွေ့ခွင့်တောင်းတာကိုး...။
အဲဒီအချိန်မှငါလည်း ငါ့တူမလေးရဲ့အခြေအနေတွေကိုသိလိုက်ရတာ...တော်တော်ကံဆိုးရှာတဲ့မိန်းကလေးပဲ...”
ဆရာတော်ရွှမ်းနန်၏မျက်နှာကတည်ငြိမ်နေဆဲဖြစ်သော်လည်းသူ၏လေသံကအတော်လေးစိတ်မကောင်းဖြစ်နေဟန်တူသည် ။
စန်းဟုန်းလျန်က ဆရာတော်ရွှမ်းနန်ကိုခေါင်းညိမ့်ပြ၍ဆက်ပြောလိုက်သည်။
“ ကျောင်းထိုင်ဆရာတော်ရဲ့ကျေးဇူးကြောင့်ပဲ ကျုပ်တို့ ဆရာကြီးဟွမ်နဲ့တွေ့ခွင့်ရပြီး ရှောင်ယောင်ရဲ့ရောဂါကို ကုသနိုင်မယ့်အခွင့်အရေးကိုရှာတွေ့ခဲ့တာပေါ့ ။။
အဲဒီအကြောင်းကိုသိရတဲ့အချိန်ကစပြီး ဆရာကြီးစုလည်း လုံဇီဆေးမြစ်ကိုနေရာအနှံ့လိုက်လံရှာဖွေနေတာ ဒီနေ့အထိပဲ။
ဒီနှစ်က ဆရာကြီးဟွမ်နဲ့ချိန်းထားတဲ့နှစ်လည်းဖြစ်ပြန်တော့ အခု သူ့ဆီမှာသတင်းကောင်းပါလာလောက်ပါတယ် ...”
စန်းဟုန်းလျန်လည်း အဖိုးအိုနှင့်ရှောင်ယောင်တို့အနီးသို့ရောက်လာပြီဖြစ်၍ စကားစဖြတ်လိုက်သည်။
&&&
“ ဆရာကြီးစု ရှောင်ယောင်ကို ကုသဖို့လိုအပ်တဲ့ပစ္စည်းရခဲ့ရဲ့လား...”
စန်းဟုန်းလျန်က အဖိုးအိုကိုကြည့်ရင်း စိတ်လှုပ်ရှားစွာမေးလိုက်သည်။ သူ၏ဘေးရှိ ဆရာတော်ရွှမ်းနန်လည်း အလားတူပင်ဖြစ်၏။
သူတို့၏အပြုအမူကိုနားမလည်နိုင်သူက ရှောင်ယောင်တစ်ယောက်သာရှိပြီး လူကြီးများ၏ဘေး၌ ခပ်ကုပ်ကုပ်လေးထိုင်နေပေသည်။
ကြွယ်စင်းနှင့်ကြွယ်ယန်တို့နှစ်ပါးက တံခါးနီဆောင်တွင်ကျန်နေခဲ့ရာ သူတို့သုံးယောက်သည် ဧည့်တွေ့ဆောင်သို့ပြန်လာကြခြင်းဖြစ်ပြီး အဖိုးစုပါပေါင်းလျှင် အဆောင်ပေါ်တွင် လူလေးဦးသာရှိနေသည်။
စန်းဟုန်းလျန်နှင့်ဆရာတော်ရွှမ်းနန်တို့၏အမူအယာကိုကြည့်၍ အဖိုးအိုက ခပ်ဖွဖွပြုံးလိုက်ရင်း သူ၏စုတ်ပြဲနေသည့်ဝတ်စုံအတွင်းဘက်ရှိအိပ်ကပ်ကလေးအတွင်းမှ အစိမ်းရောင်ပိုးသားဖြင့်ချုပ်ထားသည့်အိတ်ကလေးကိုထုတ်ယူလိုက်သည်။
အဖိုးအိုက အိတ်ထဲရှိသေးငယ်သည့်အရာလေးတစ်ခုကိုထုတ်၍ သူ၏လက်ဝါးပေါ်သို့ တင်ကာ ကျန်လူများကိုပြလိုက်သညိ။
နီရဲနေသည့်အရောင်အဆင်းရှိသည့်တစ်လက်မအရွယ်ဆေးမြစ်လေးမှာ အဖိုးအို၏လက်ဝါးပေါ်တွင်ရှိနေပြီး ဆေးမြစ်၏ပူနွေးသည့်အနွေးဓာတ်ကိုသူတို့အားလုံးခံစားမိလိုက်သည်။
ဆေးမြစ်မှမွှေးပျံ့သည့်ရနံ့က အနည်းငယ်ရှူရှိုက်ရုံနှင့်စိတ်ကိုကြည်လင်လန်းဆန်းစေပြီး အတွင်းအားလှည့်ပတ်မှုကိုပင် ပို၍ကောင်းမွန်လာသည်ဟုထင်ရစေသည်။
စန်းဟုန်းလျန်လည်း နီရဲနေသည့်ဆေးမြစ်လေးကို အံ့သြခြင်းဝမ်းမြောက်ခြင်းစသည့်ခံစားချက်များဖြင့်ကြည့်ရှုနေပြီး တည်ငြိမ်အေးဆေးလှသည့်ရွှမ်းနန်ဆရာတော်ပင် အံ့အားသင့်နေဟန်တူသည်။
အသက်ရှူချိန်အနည်းငယ်ကြာပြီးမှ ရွှမ်းနန်ဆရာတော်က ဆေးမြစ်ကိုအကြည့်လွှဲကာ ခေါင်းယမ်း၍ရေရွတ်လိုက်သည်။
“ လက်သည်းခွံအရွယ် လုံဇီဆေးမြစ်ကိုစားရင်တောင် ဆယ်နှစ်စာကျင့်ရမယ့်အတွင်းအားရရှိတယ်ဆိုတာ ချဲ့ကားပြောဆိုတာတွေလို့ကျုပ်ထင်ခဲ့ပေမယ့် အခုတော့ ဂုဏ်သတင်းနဲ့လိုက်အောင်တကယ့်ကိုထူးခြားတာပဲ...”
ရွှမ်းနန်ဆရာတော်၏စကားအဆုံး၌ အဖိုးအိုက ဆေးမြစ်ကို အိတ်ထဲပြန်ထည့်ကာ ရှုံ့မဲ့နေသည့်မျက်နှာဖြင့်ရေရွတ်လိုက်သည်။
“ လုံဇီဆေးမြစ်က တကယ်ပဲအတွင်းအားတိုးပွားစေပေမယ့် သူ့ကိုသင့်လျော်သလိုအသုံးချတတ်မှအကျိူးသက်ရောက်မှုရှိမယ် ။
ကျုံဟွာတောင်တိုက်ပွဲမှာ နှင်းငွေ့မိစ္ဆာသခင်ကိုအနိုင်မရတော့ ငါလည်းကြံရာမရဖြစ်ပြီး ငါရှားရှားပါးပါးရှာတွေ့ထားတဲ့ လုံဇီဆေးမြစ်ကိုစားလိုက်မိတယ်။
အဲဒီတုန်းကဆေးမြစ်က ဒီလောက်တောင်မကြီးဘူး။ ပြီးတော့ ငါအသုံးမပြုရက်လို့အနှစ်သုံးဆယ်လောက်တောင်သိမ်းထားတာ ။
ဆေးမြစ်ကိုဝါးစားပြီးလိုက်မှပဲ ငါဘယ်လောက်မိုက်မဲတယ်ဆိုတာသိလိုက်ရတယ်။
ဆေးမြစ်ရဲ့အစွမ်းက တကယ်ပဲအတွင်းအားတိုးစေပေမယ့် ရုတ်တရက်ကြီးအတွင်းအားတွေထိုးတက်လာတာဆိုတော့ အဲဒီအတွင်းအားတွေကို ဘယ်လိုမှမထိမ်းသိမ်းနိုင်ခဲ့ဘူး ။။
ငါ့ရဲ့အဆင့်နဲ့တောင်မှ လုံဇီဆေးမြစ်ရဲ့အတွင်းအားတွေကိုမထိမ်းချုပ်နိုင်ဘဲ သွေးကြောတွေပေါက်ကွဲမလိုဖြစ်ရသေးတယ်။ ကံကောင်းထောက်မပြီးပြင်ပအကူအညီကြောင့်သွေးကြောတွေပေါက်ကွဲမယ့်အရေးကိုကာကွယ်နိုင်ပြီး အနှစ်နှစ်ဆယ်လောက်လေ့ကျင့်နိုင်မယ့်အတွင်းအားကိုချက်ခြင်းရရှိခဲ့တာ ။
ဒါပေမယ့်လည်း နှင်းငွေ့မိစ္ဆာသခင်ကိုအနိုင်မယူနိုင်ခဲ့ပါဘူး...အဲဒီဆေးမြစ်ကိုသာငါမစားဘဲသိမ်းထားရင် ဒီလောက်အပင်ပန်းခံပြီးရှာနေစရာမလိုဘူး ...”
အဖိုးအို၏လေသံက အနည်းငယ်နောင်တရနေဟန်တူပြီး ထိုစဉ်ကဖြစ်ခဲ့သည့်အကြောင်းအရာများကိုလည်း သိုင်းလောကတစ်ခုလုံးသိရှိပြီးဖြစ်သည်။
“ ဟားဟား...မင်းကညံ့တာကိုးကွ ....ကိုယ့်ထက်အများကြီးငယ်တဲ့လူငယ်မျိုးဆက်တစ်ယောက်ကိုလူအများကြီးနဲ့ဝိုင်းတိုက်တာတောင်အနိုင်မယူနိုင်ခဲ့ဘူး။
ဟိုဓားစံအိမ်ကကောင်းလေးသာ ရုတ်တရက်အဆင့်မတတ်သွားရင် မင်းတို့အားလုံးသူ့လက်ချက်နဲ့အဆော်ခံရပြီ...”
ရုတ်တရက်ထွက်ပေါ်လာသည့်ရယ်မောသံကြီးကြောင့် ရှောင်ယောင်တို့အားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။
မည်သည့်နေရာမှထွက်ပေါ်နေသည်မသိရသည့်အသံပိုင်ရှင်ကြောင့် စန်းဟုန်းလျန်နှင့်ဆရာတော်ရွှမ်းနန်တို့လိုအဆင့်လွန်ထိပ်သီးများပင်တုန်လှုပ်မိကြသည်။
သူတို့လေးယောက်ထဲတွင် အဖိုးအိုစုတစ်ယောက်သာ အံ့ဩခြင်းမရှိဘဲ ရယ်မောရင်းပြောလိုက်သည်။
“ ဆေးတစ်စက်ကျရင် လူကောင်းပကတိကိုတောင်ချက်ခြင်းလဲသေစေတယ်ဆိုတဲ့ သမားတော်အတုအယောင်ကြီးရောက်လာပါပြီ....”
အဖိုးအိုစု၏စကားအဆုံး၌ အဖြူရောင်အရိပ်တစ်ခုက သူတို့အနီးသို့သရဲတစ္ဆေပမာရုတ်တရက်ရောက်ရှိလာပြီး ပြင်းထန်လှသည့်လက်ဝါးရိုက်ချက်တစ်ချက်ကတစ်ပါထဲကပ်ပါလာသည် ။
လက်ဝါးချက်၏လေအဟုန်ကိုခံစားမိ၍ စန်းဟုန်းလျန်နှင့်ဆရာတော်ရွှမ်းနန်တို့ပင်မျက်နှာပျက်သွားကာ ရှောင်ယောင်ကိုပြိုင်တူဆွဲခေါ်၍ အဆောင်အောက်သို့လျှင်မြန်စွာခုန်ဆင်းလိုက်ကြသည်။
အဖိုးအိုစုကားအပြုံးမပျက်ဘဲသူ၏နေရာတွင်ထိုင်လျက်ရှိနေကာ သူ၏လက်ဝါးတစ်ဖက်ကိုမြောက်၍ အဖြူရိပ်ကြီး၏လက်ဝါးရိုက်ချက်ကိုထိတ်တိုက်ရင်ဆိုင်လိုက်သည်။
“ ဝုန်း....”
လက်ဝါးနှစ်ဖက်ထိတွေ့ရာမှ မည်သံကခပ်အုပ်အုပ်သာထွက်ပေါ်လာသော်လည်း အဆောင်တစ်ခုလုံး ယိမ်းခါသွားလေသည်။
အဆောင်တွင်းမှထွက်ပေါ်လာသည့်အားလှိုင်းများကြောင့် အဆောင်အပြင်ဘက်ခြေဆယ်လှမ်းအကွာသို့ရောက်နေသည့်စန်းဟုန်းမင်နှင့်ဆရာတော်ရွှမ်းနန်တို့ပင်နောက်ထပ်ခြေလှမ်းအနည်းငယ်ထပ်ဆုတ်ပေးလိုက်ရသည်။
သူတို့နှစ်ယောက်၏ကာကွယ်မှုသာမရှိပါက အားလှိုင်းများကြောင့်ရှောင်ယောင်တစ်ယောက် အတွင်းဒဏ်ရာအပြင်းအထန်ရ၍သတိလစ်မေ့မျောသွားနိုင်သည်။
“ ဟားဟား...သူတောင်းစားစုတ် အခုထိသိုင်းပညာမကျသေးပဲကိုး...”
သန့်ရှင်းသည့်အဖြူရောင်ဖျင်ကြမ်းဝတ်စုံကိုဝတ်ဆင်ထားပြီး မျက်လုံးနားသို့ရောက်ရှိတော့မည့်မျက်ခုံးမွှေးရှည်များနှင့်ရင်ဘက်ကိုထိစပ်တော့မည့် မုတ်ဆိတ်မွှေးများက ဖြူစွက်နေကာ အဖိုးအို၏ပုံစံက နတ်သားအိုကြီးတစ်ပါးနှင့်ပင်တူလှသည်။
အထူးသဖြင့် ကြည်လင်တောက်ပနေသည့်အဖိုးအို၏မျက်လုံးများက ဒေါသအကြီးအကျယ်ထွက်နေသူတစ်ယောက်ကိုပင် ငြိမ်ကျသွားစေနိုင်မည့် အေးချမ်းမှုတို့ရှိနေသည်။
အသက်ခုနစ်ဆယ်ကျော်ရှစ်ဆယ်ခန့်ရှိနေပြီဖြစ်သော်လည်း အဖိုးအိာ၏ရုပ်ရည်က ရှိရင်းစွဲအသက်ထက်များစွာနုပျိုနေကာ အဖိုးစု၏ပခုံးကိုရင်းနှီးသည့်ဟန်ဖြင့်တစ်ချက်ပုတ်လိုက်သည်။
သိုင်းလောကတွင် အဖိုးစုကဲ့သို့ တေလေဂိုဏ်း၏ဂိုဏ်းချုပ် လက်ရှိသိုင်းလောက၏ထိပ်ဆုံး၌ရှိသည့်ပညာရှင်တစ်ယောက်ကိုယခုလိုပြောဝံ့သူက လက်တစ်ဖက်ပင်ပြည့်မည်မဟုတ်ပေ။
ထိုအဖိုးအို၏စကားကြောင့်အဖိုးစု၏မျက်နှာထက်တွင်လည်း ဝမ်းသာအားရအပြုံးတစ်ခုပေါ်လာပြီး သူ၏ပခုံးပေါ်ရှိလက်ကိုရိုက်ဖယ်ကာပြောလိုက်သည်။
“ ဆေးဆရာစုတ် ..မင်းလည်း ဘာဆေးတွေစားထားတာလဲ လွန်ခဲ့တဲ့ဆယ်နှစ်ကလည်းဒီရုပ်ပဲ...မင်းက မိန်းမပျိုလေးတွေလို နုပျိုချင်နေတာလား.. “
အဖိုးအိုနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ပုတ်ခတ်ပြောဆိုနေကြသော်လည်းသူတို့၏ကြားရှိခင်မင်မှုကများစွာနက်ရှိုင်းလှပေသည်။
ထို့နောက် အဖိုးစုက အဆောင်အပြင်ဘက် ခပ်လှမ်းလှမ်းတွင်တုန်လှုပ်စွာဖြင့်ရပ်နေကြသည့် ရှောင်ယောင်တို့သုံးယောက်ကိုလှမ်းခေါ်လိုက်သည်။
“ ရှောင်ယောင် လာဟေ့. ဒီအဖိူးကြီးက မကြီးမငယ်နဲ့ရန်ဖြစ်ချင်နေတာ မင်းတို့ကိုတောင်ထိခိုက်တော့မလို့.....”
အဖိုးစု၏စကားကြောင့် ရှောင်ယောင်တို့သုံးယောက်လည်း မသက်မသာပြုံးလိုက်ပြီး အဆောင်ပေါ်သို့ပြန်၍တက်လာလိုက်ကြသည်။
စန်းဟုန်းလျန်နှင့် ဆရာတော်ရွှမ်းနန်တို့နှစ်ယောက်လည်း အဖိူးအိုကို သိုင်းလောကထုံးစံအတိုင်းအရိုအသေပေးလိုက်ကြပြီး ရှောင်ယောင်လည်း ထူးဆန်းသည့်အဖိုးအိုကို ဦးညွှတ်အရိုအသေပေးလိုက်သည်။
“ ဒါက မောင်သက်ပြင်းလေးထင်ပါ့... ငါ့နားကိုလာစမ်းပါဦး...”
ထူးဆန်းသည့်အဖိုးအိုက ရှောင်ယောင်ကိုကြည့်၍ ပြုံးရွှင်သည့်မျက်နှာဖြင့်ပြောလိုက်သည်။
“ သွားလိုက် ရှောင်ယောင် ဒီကောင်က မတတ်တခေါက်ပဲဆေးပညာတတ်တယ်ဆိုပေမယ့် မင်းကိုတော့ကုသနိုင်ပါတယ်. ...”
အဖိုးစုက ရှောင်ယောင်ကိုတိုက်တွန်းလိုက်သည်။
မရင်းနှီးသည့်ထိုအဖိုးအိုကို အနည်းငယ်မဝံ့မရဲဖြစ်နေသော်လည်း အဖိုးစု၏စကားကြောင့် ထိုအဖိုးအို၏ဘေးသို့သွားကာ ထိုင်လိုက်သည်။
အဖိုးအို၏ ပူနွေးသည့်လက်ဝါးတစ်ဖက်က ရှောင်ယောင်၏ဦးခေါင်းပေါ်သို့အုပ်ကိုင်လာပြီး နွေးထွေးညင်သာသည့်အားလှိုင်းတစ်ခုက သူ၏ငယ်ထိပ်မှစီးဝင်လာသည်ဟုခံစားလိုက်မိသည်။
ထိုအားလှိုင်းက ရှောင်ယောင်၏ခန္တာကိုယ်ထဲသို့ဖြတ်သန်းစီးဆင်းနေပြီး ဖော်ပြမရနိုင်သည့်သက်သောင့်သက်သာဖြစ်မှုကိုခံစားလိုက်မိ၏။
နွေးထွေးသည့်အားလှိုင်းကတစ်နေရာအရောက်တွင် သူ၏ရင်ဝမှစူးရှသည့်နာကျင်မှုကိုခံစားလိုက်မိကာ ရှောင်ယောင်၏တစ်ကိုယ်လုံးတဆက်ဆက်တုန်ယင်သွားပြီး နာကျင်မှုကြောင့် အော်ဟစ်မိတော့မလိုပင်ဖြစ်သွားသည်။
သို့သော်လည်း အဖိုးအို၏တည်ကြည်လေးနက်သည့်အမူအယာကိုမြင်ရသည့်အခါ အနှောင့်အယှက်ဖြစ်မည်စိုး၍ စိတ်ဓာတ်ခိုင်မာသူပီပီသူ၏နှုတ်ခမ်းကိုကိုက်၍ အသံမထွက်အောင်ထိမ်းချုပ်ထားလိုက်သည်။
ဆိုးရွားနေဟန်တူသည့် ရှောင်ယောင်၏ပုံစံကိုကြည့်၍ ဆရာတော်ရွှမ်းနန်နှင့် စန်းဟုန်းလျန်တို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြပြီး ဆရာတော်ရွှမ်းနန်က တစ်စုံတစ်ခုပြောမည်ပြုလိုက်သော်လည်း မပြောတော့ဘဲခေါင်းကိုခါယမ်းလိုက်မိသည်။
သို့သော် သူ၏ဘေးရှိစန်းဟုန်းလျန်ကတော့ တည်တည်ငြိမ်ငြိမ်မနေနိုင်တော့ပေ။
“ ဆရာကြီးစု အဆင်ပြေပါ့မလား...”
တဆက်တက်တုန်ယင်နေသည့်ခန္တာကိုယ်နှင့် လွန်စွာနာကျင်ခံစားနေရဟန်တူသည့်ရှောင်ယောင်၏မျက်နှာသွင်ပြင်ကြောင့် စန်းဟုန်းလျန်မှာ စိုးရိမ်ပူပန်နေပြီး အဖိုးစုကို ခပ်တိုးတိုးမေးလိုက်ခြင်းဖြစ်သည်။