ငယ်ကျိုးငယ်နာအကုန်ဖော်
Vol. 1 Ch. 48
“ စိတ်မပူပါနဲ့ ရှောင်ယောင်ရဲ့သွေးကြောတွေက ပိတ်ဆို့နေပြီး သာမန်လူတွေထက်အားနည်းလို့ အတွင်းအားနဲ့စမ်းသပ်တာကိုမခံနိုင်တာပါ...”
အဖိုးစုက စန်းဟုန်းလျန်ကိုတည်ငြိမ်သည့်လေသံဖြင့်ရှင်းပြလိုက်သည်။ သို့သော် သူ၏မျက်ဝန်းထဲတွင်လည်း စိုးရိမ်ပူပန်သည့်အရိပ်များထင်ဟပ်နေသည်။
အချိန်အနည်းငယ်ကြာအောင် စမ်းသပ်ပြီးနောက် ထူးဆန်းသည့်အဖိုးအိုက ရှောင်ယောင်၏ခေါင်းပေါ်တွက်အုပ်ကိုင်ထားသည့်သူ၏လက်ကိုဖယ်လိုက်သည်။
ထိုအခါ ရှောင်ယောင်၏ခန္တာကိုယ်က အားအင်ကင်းမဲ့သွားသည့်အလား ရှေ့သို့အနည်းငယ်ငိုက်ကျသွားပြီး လေကိုအမောတကောရှူသွင်းနေသည်။
ရှောင်ယောင်၏ခန္တာကိုယ်တွင်ချွေးများကရွှဲနစ်နေပြီး အသံမထွက်စေရန်ဖိကိုက်ထားသည့် နှုတ်ခမ်းသည်လည်း ပေါက်ပြဲကာသွေးများထွက်နေသည်။
လွန်ခဲ့သည့်အချိန်အနည်းငယ်ကခံစားချက်မှာ သူ၏ဘဝတစ်ခုလုံးတွင် အဆိုးရွားဆုံးနာကျင်မှုဖြစ်ပြီး သူ၏ခန္တာကိုယ်ကိုတစဆီစုတ်ဖြဲနေသည့်အလားခံစားရခက်လှ၏။
သို့သော် ရှောင်ယောင်မှာ ပါးနပ်သူတစ်ဦးပီပီ ထူးဆန်းသည့်အဖိုးအိုက သူ၏ရောဂါနှင့်ပတ်သတ်၍ကုသရန်စမ်းသပ်နေသည်ကိုရိပ်စားမိ၍ အံကိုတင်းတင်းကြိတ်ကာ တောင့်ခံခဲ့ခြင်းဖြစ်သည်။
“ ရှောင်အာ အဆင်ပြေရဲ့လား...”
စန်းဟုန်းလျန်က ရှောင်ယောင်၏ခန္တာကိုယ်ကိုဖမ်းထိမ်းပေးလိုက်ပြီး စိုးရိမ်တကြီးမေးလိုက်သည်။
ရှောင်ယောင်လည်း ပြန်ဖြေရန်ပင်ခွန်အားမရှိ၍ ဖျော့တော့စွာပြုံးပြလိုက်ရသည်။
ထိုအချိန်တွင် ထူးဆန်းသည့်အဖိူးအိုက သူ၏မုတ်ဆိတ်ရှည်ကြီးကိုလက်ဖြင့်သပ်ကာ ကျေနပ်သည့်ပုံစံဖြင့် ခေါင်းတဆက်ဆက်ညိမ့်နေသည်။
“ ကောင်းတယ် ပြီးခဲ့တဲ့ဆယ်နှစ်အတွင်းမှာ ငါပြောသလို အတွင်းအားနဲ့မကြာခဏကူညီပြီးထိမ်းကျောင်းပေးလို့ သူ့ရဲ့သွေးလည်ပတ်မှုက ပိုပြီးဆိုးရွားမသွားတာပဲ။
ဒါပေမယ့် အခုအတိုင်းဆိုရင်တောင် သူ့ကိုကုသမပေးရင် နောက်အလွန်ဆူံးနေနိုင်မှဆယ်နှစ်အထိပဲ...”
ထိုအဖိုးအိုက စကားပုလ္လင်ခံနေရာ အဖိုးစုလည်း မနေနိုင်ဘဲမေးလိုက်မိသည်။
“ ဆေးစရာစုတ် မြန်မြန်ပြောစမ်းပါကွ...အခုသူ့ကိုကုသလို့အဆင်ပြေမလား ...”
အဖိုးစု၏အလောတကြီးပုံစံကြောင့် ထူးဆန်းသည့်အဖိုးအိုက အထင်သေးစွာကြည့်လိုက်ပြီး ခေါင်းယမ်း၍ပြောလိုက်သည်။
“ ဒီလောက်ကြီးမလွယ်ဘူးလေ ...ဒီကလေးရဲ့ခန္တာကိုယ်ထဲကသွေးကြောမကြီးတွေက မွေးရာပါပိတ်ဆို့နေခဲ့တာ ။ ဒါကြောင့်လည်း သူ့ရဲ့တခြားသွေးကြောတွေကပါအားနည်းပြီး အားအင်စိုက်မှုမှုကြီးမားတဲ့အလုပ်တွေကိုလုပ်လို့မရဘဲ သာမန်လူတွေထက်သိသိသာသာအားနည်းနေတာ။ ငါအရှာခိုင်းတဲ့ လုံဇီဆေးမြစ်ကိုရခဲ့လား...”
အဖိုးစုကသူ၏အင်္ကျီအိတ်ထဲရှိ အစိမ်းရောင်အိတ်ငယ်လေးကို အလျှင်အမြန်ထုတ်ပေးလိုက်သည်။
ထူးဆန်းသည့်အဖိူးအိုက အိတ်လေးအတွင်းရှိ နီရဲနေသည့်လုံဇီလေးမြစ်ကိုပွတ်သပ်ကြည့်လိုက်ပြီး ခေါင်းတဆက်ဆက်ညိမ့်လိုကိသည်။
“ ကောင်းတယ်... ဒီလုံဇီဆေးမြစ်ကို ဘေးထွက်ဆိုးကျိူးမရှိဘဲအတွင်းအားတိုးတဲ့ဆေးလူံးဖော်စပ်ပြီး ဒီကလေးကိုတိုက်ရမယိ။
ဆေးသောက်ပြီးတာနဲ့ တစ်ပြိုင်နက် သိုင်းဝိဇ္ဇာအဆင့်အတွင်းအားရှိတဲ့လူခြောက်ယောက်က သူ့ရဲ့သွေးကြောမကြီးခြောက်ခုကိုအတွင်းအားနဲ့ရိုက်ပြီးဖွင့်ပေးရမယ် ။
ဒီလိုလုပ်မှသာ သူ့ရဲ့ခန္တာကိုယ်ထဲက သွေးကြောမကြီးခြောက်ခုလုံးဝပွင့်သွားပြီး ပိတ်ဆို့ထားတာတွေကို ဖယ်ရှားနိုင်မယ့်အပြင် သွေးလှည့်ပတ်မှုကသာမန်လူတွေနဲ့တူညီသွားမှာ...”
ထိုအဖိုးအိူ၏စကားအဆုံး၌ အဖိူးစုတို့သုံးယောက်မှာ ကျောက်ရုပ်များအလားငြိမ်သက်သွားကြပြီး အတန်ကြာမှ အဖိုးစုက ဒေါသထွက်နေသည့်လေသံဖြင့်ပြောလိုက်သည်။
“ မင်းရူးနေလား ...သွေးကြောမကြီးခြောက်ခုကိုဖွင့်လှစ်တယ်ဆိုတာဘယ်လောက်အထိခက်ခဲပြိးအန္တရာယ်များတယ်ဆိုတာ မင်းလဲသိရဲ့လားနဲ့။ ။။
အဆင့်လွန်ထိပ်သီးတွေတောင် သူတို့ရဲ့ကိုယ်ထဲက သွေးကြောမကြီးလေးခုအထိပဲဖွင့်နိုင်ပြီး မင်းတို့ငါတို့တောင် သိုင်းဝိဇ္ဇာအဆင့်ကိုရောက်မှသွေးကြောမကြီးခြောက်ခုလုံးဖွင့်နိုင်ခဲ့တာလေ ။။
ဒီကလေးလို နုနယ်ပြီးအတွင်းအားလုံးဝမရှိတဲ့လူတစ်ယောက်ကို ဘယ်လိုလုပ်ပြီးသွေးကြောမကြီးခြောက်ခုဖွင့်ပေးလို့ရမှာလဲ...”
အဖိုးစု၏ပုံစံက အမှန်ပင်ဒေါသထွက်နေဟန်တူပြီး သူ၏မျက်နှာက အေးစက်နေသည်။
အဖိုးစုလိုဒေါသထွက်ခဲသည့်လူတစ်ယောက် စိတ်ဆိုးဒေါသထွက်လျှင် ပုံမှန်ထက်များစွာကြောက်ဖို့ကောင်းပြီး အနီးရှိဆရာတော်ရွှမ်းနန်နှင့်စန်းဟုန်းလျန်တို့ပင်တုန်လှုပ်သွားကြသည်။
သို့သော် အဖိုးစုက သူ၏ဆေးပညာကို မယုံမကြည်ပုံစံဖြင့်ပြောလာသည့်အခါ ထူးဆန်းသည့်အဖိုးအိုလည်း ဒေါသအကြီးအကျယ်ထွက်သွားပြီး အလျော့မပေးဘဲ ပြန်၍အော်ဟစ်လိုက်သည်။
“ မင်းက ငါ့ကိုအထင်သေးတာလား... ဒီကလေးကိုကုသဖို့အောင်မြင်နိုင်တဲ့ဖြစ်နိုင်ချေမရှိရင် လွန်ခဲ့တဲ့ဆယ်နှစ်ထဲက ငါ အာမမခံဘူးကွ ။ ဆေးတစ်စက်သမားတော်ဆိုတဲ့နာမည်ကို ငါအလကားရလာတာမဟုတ်ဘူးသူတောင်းစားစုတ်ရ။
ဒီလိုမှန်းသိရင် ကျုံဟွာတောင်တိုက်ပွဲမှာ လုံဇီဆေးမြစ်ကိုရမ်းသမ်းစားပြီး သေမလိုဖြစ်တုန်းက ငါဝင်မကူဘဲ သွေးကြောတွေပေါက်ကွဲပြီးသေအောင်ထားလိုက်တယ်...။
ပြီးတော့ မင်းအသက်ကိုငါကယ်တာ ဒီတစ်ကြိမ်ထဲမဟုတ်ဘူးနော်။ အခုစည်းကမ်းထိမ်းသိမ်းရေးအဆောင်မှူးဖြစ်နေတဲ့နန်ကုန်းစီးယင်ကို သူ့မင်္ဂလာ ဆောင်မတိုင်ခင်ညက အပျော်အိမ်ထဲလှည့်စားခေါ်သွားတဲ့အပြင် အရက်မူးအောင်တိုက်ပြီးညအိပ်ထားခဲ့လို့ ဟိုကောင်သူ့မိသားစုကနှင်ထုတ်ခံရပြီးမင်းကိုတွေ့တဲ့နေရာမှာ သူသေကိုယ်သေပဲလို့ကြေငြာခဲ့တာလေ။
အခု ဟိုကောင်ဘုန်းကြီးဝတ်ပြီးတာတောင် မင်းသူ့ရှေ့ကိုသွားရဲလို့လား။
နောက်တစ်ခါ လွန်ခဲ့တဲ့အနှစ်လေးဆယ်ကျော်က မင်း အော့မေ့ဂိုဏ်းသူဖုန်းရှန်းယင်ရေချိုးတာကိုချောင်းကြည့်မိလို့ ဝူတန်းကဓားဘုရင်ဆိုတဲ့ကောင်လိုက်သတ်တာကိုခံရသေးတယ်လေ။
အဲဒီအချိန်တုန်းကသာ ငါကြားထဲကဝင်ပြီးမတောင်းပန်ပေးရင် မင်းအဲဒီကောင်ရဲ့လက်ချက်နဲ့သေလောက်ပြီ ...”
အဖိုးအို၏လေသံကလည်းတင်းမာခတ်ထန်နေပြီး သူ၏မျက်လုံးများက စိန်ပွင့်အလားတဖျက်ဖျက်တောက်ပနေသည် ။
ထိုအချိန်တွင် အနီးရှိစန်းဟုန်းလျန်၏ပါးစပ်ကအံ့ဩမှုကြောင့်ပွင့်ဟနေကာ ဆရာတော်ရွှမ်းနန််လိုတည်ငြိမ်သူတစ်ဦးပင် မျက်လုံးအပြူးသားဖြစ်နေသည်။
ထူးဆန်းသည့်အဖိုးအိုပြောသည့်အကြောင်းအရာများကအမှန်ပင်လျှို့ဝှက်ချက်ကြီးများဖြစ်ကာ အထူးသဖြင့် နောက်ဆုံးအချက်သာသိုင်းလောကထံပျံ့နှံ့သွားပါက အုတ်အော်သောင်းနင်းဖြစ်သွားကြပေမည်။
စန်းဟုန်းလျန်ကား မည်သည့်အတွက်အဖိုးအိုစုက ဝူတန်းသို့တစ်ကြိမ်ကလေးမှပင်မလာခဲ့သည်ကိုသဘောပေါက်သွားသလို ဆရာတော်ရွှမ်းနန်လည်း သူ၏ဂိုဏ်းတူဦးလေးကိုအဖိူးစုတစ်ယောက်မျက်နှာချင်းမဆိုင်ဝံ့သည့်အဖြစ်ကိုနားလည်သွားမိသညိ။
စင်စစ် သိုင်းလောကတစ်ခုလုံးလေးစားကြည်ညိုရသည့်တေလေဂိုဏ်းချုပ်စုတိဖုံးကား ငယ်စဉ်က လွန်စွာပွေလီလှသည့်လူရှုပ်တစ်ယောက်ဖြစ်ခဲ့ပေသည်။
တစ်ဖက်လူ၏ချေပစကားများကြောင့်အဖိုးစု၏ တိုနံ့နံ့မုတ်ဆိတ်များပင်ထောင်ထနေသည်ဟုထင်ရပြီး သူ၏မျက်လုံးများကမီးဝင်းဝင်းတောက်လာသည်။
ထိုအကောင်မှ ပြီးခဲ့သည့်နှစ်များမှအကြောင်းအရာများကိုပင်အစဖော်လာရာ အဖိုးစုလည်း ထိုင်နေရာမှပင်ဝုန်းခနဲထခုန်လိုက်မိတော့၏။
“ ဆေးဆရာစုတ် မင်းက ငယ်ကျိုးငယ်နာတွေအစဖော်တယ်ပေါ့...မင်းလိုပြောကြေးဆိုရင် မင်းပင့်ကူနက်အဖွဲ့ခေါင်းဆောင်ကိုတန်းတန်းစွဲဖြစ်ပြီး အဲဒီကောင်မရဲ့ညွှတ်ကွင်းထဲမှာမိပြီးတော့ငါသာမကယ်ခဲ့ရင် အခုချိန်ဆိုအရိုးဆွေးနေလောက်တာကိုကျ မေပနေတာလား...”
အတွင်းစိအစင်းသိများဖြစ်နေသည့် အဖိုးအိုနှစ်ယောက်က တစ်ယောက်အကြောင်းတစ်ယောက်ဖော်၍စကားနိုင်လုနေကြရာ ဘေးနားရှိစန်းဟုန်းလျန်နှင့်ဆရာတော်ရွှမ်းနန်တို့မှာ အဆောင်ထဲမှထွက်သွားရမည်လား ဆက်ထိုင်နေရမည်လားဆိုသည်ကိုဝေခွဲမရဖြစ်နေကြသည်။
သူတို့နှင့်အတူရှိနေသည့်ရှောင်ယောင်ကတော့ အမြဲလိုလိုအပြုံးမျက်နှာဖြင့်ရှိနေတတ်သည့်အဖိုးစုတစ်ယောက် ယခုလိုယမ်းပုံမီးကျဖြစ်နေခြင်းကိုမြင်ရ၍ အံ့ဩသဘောကျနေမိသည်။
ထိုအချိန်တွင် အဆောင်ပေါက်ဝဆီမှ လွန်စွာကြည်လင်လှသည့်အသံတစ်ခုထွက်ပေါ်လာသည်။
“ အောမီတောဖု ဒကာကြီးတို့က မကြီးမငယ်နဲ့ ကလေးတွေလိုရန်ဖြစ်နေကြတုန်းကိုး....”
အသံပိုင်ရှင်ကား အရောင်လွင့်နေသည့်အဝါရောင်သင်္ကန်းကိုဝတ်ဆင်ထားသည့်ဘုန်းကြီးအိုကြီးတစ်ပါးဖြစ်သည်။
အကြိမ်ကြိမ်လျှော်ဖွတ်ထားဟန်တူသည့် ဟောင်းနွမ်းနေသည့်သင်္ကန်းကို လျော့တိလျော့ဝတ်ဆင်ထားသည့် ထိုဘုန်းကြီး၏မျက်နှာထက်တွင်အရေးအကြောင်းများပြည့်နှက်နေပြီးအသက်ရာကျော်ပြီဟုထင်ရလောက်အောင်အိုမင်းရင့်ရော်လှသည်။
သို့သော် ဘုန်းကြီးအိုကြီး၏အိုမင်းသည့်မျက်နှာက ပညာဉာဏ်ဖြင့်ပြည့်ဝနေသည့်အလား လွန်စွာအေးချမ်းတည်ကြည်လှပြီး မြင်ရုံနှင့်ကြည်ညိုလေးစားစိတ်ဖြစ်နေနိုင်သည့်မျက်နှာမျိုးဖြစ်သည်။
ရင့်ရော်နေသည့်မျက်နှာနှင့်မလိုက်ဖက်စွာပင် နက်ရှိုင်းကြည်လင်သည့်မျက်လုံးများက အနက်မသိရသည့်ရေကန်သေတစ်ခုအလားတည်ငြိမ်လှပြီး လောကကြီး၏လျှို့ဝှက်ချက်များကိုထွင်းဖောက်မြင်နိုင်သည်ဟုပင်တွေးထင်ရပေသည်။
အဆောင်ပေါ်သို့ တစ်လှမ်းချင်းတတ်လာသည့် ဘုန်းကြီးအိုကြီးကိုမြင်သည်နှင့် စန်းဟုန်းလျန်နှင့်ဆရာတော်ရွှမ်းနန်တို့က အလျှင်အမြန်ထရပ်၍ ဦးညွှတ်အရိုအသေပေးလိုက်ရုံသာမက ဒေါသတကြီးဖြစ်နေသည့်အဖိုးစုနှင့် သူ၏အင်္ကျီလက်စကိုခေါက်တင်ကာ တိုက်ခိုက်တော့မည်ပြင်နေသည့်ထူးဆန်းသည့်အဖိူးအိုတို့ကို ကမန်းကတန်းအရိုအသေပေးလိုက်ကြသည်။
“ ကျောင်းထိုင်ဆရာတော်...”
ထိုလူလေးယောက်ဆီမှတညီတညွတ်ထဲထွက်လာသည့်အသံကြောင့် နေရာတွင်ကြောင်အမ်းအမ်းထိုင်မိနေသည့်ရှောင်ယောင်လည်း အလန့်တကြားခုန်ထလိုက်မိသည်။
“ ကျောင်း...ကျောင်းထိုင်ဆရာတော်လား....”
ရှောင်ယောင်လည်းအထစ်ထစ်အငေါ့ငေါ့ဖြင့်ရေရွတ်ရင်း အလျှင်အမြန်ဦးညွှတ်အရိုအသေပေးလိုက်မိ၏။
သိုင်းလောက၏မီးရှူးတန်ဆောင်၊ ဂိုဏ်းကြီးခြောက်ဂိုဏ်း၏ခေါင်းဆောင်ဟုရည်ညွှန်းရသည့်ရှောင်လင်ကျောင်းတော်ကြီး၏ ဂိုဏ်းချုပ်ကား သူတို့၏ရှေ့မှောက်ရှိဘုန်းကြီးအိုကြီးပင်ဖြစ်ပေတော့သည်။
“ ထကြပါ... “
ကျောင်းထိုင်ဆရာတော်က ကြားရသူတိုင်း၏ရင်ကိုအေးချမ်းတည်ငြိမ်သွားစေနိုင်သည့်အသံဖြင့်ပြောလိုက်ရင်း အဖိုးစုနှင့်ထူးဆန်းသည့်အဖိုးအိုကိုပြုံး၍ကြည့်နေသည်။
ဆရာတော်၏အကြည့်ကြောင့် အစောပိုင်းကပင် ရန်တစောင်စောင်ဖြစ်နေကြသည့်သိုင်းပညာရှင်ကြီးနှစ်ယောက်မှာ မလုံမလဲဖြစ်သွားကြပြီးတစ်ယောက်ကိုတစ်ယောက်လက်ညိုးထိုး၍ပြိုင်တူပြောလိုက်ကြသည်။
“ သူအရင်စတာပါ...”
“ သူအရင်စတာ ဆရာတော်...”
ကလေးများလိုသူ့ထက်ငါဦးအောင်တိုင်တောနေကြသည့်အဖိုးအိုနှစ်ယောက်၏ပုံစံကြောင့်ရှောင်ယောင်လည်းရယ်ချင်စိတ်ကိုကြိတ်မှိတ်မြိုသိပ်လိုက်ရသည်။
သက်ဆိုင်ရာနေရာများတွင်ထိပ်ဆုံးနေရာ၌ရှိသည့်အဖိုးအိုနှစ်ယောက်၏ကလေးဆန်သည့်အပြုအမူများကြောင့် ကျောင်းထိုင်ဆရာတော်လည်း ခေါင်းကိုဖြေးညင်းစွာခါယမ်း၍ အဆောင်၏အရှေ့ဘက်နေရာသို့သွားကာ ထိုင်ချလိုက်တော့သည်။
“ ဒကာကြီးစုနဲ့ ဒကာကြီးဟွမ်တို့ အရင်ဆုံးထိုင်လိုက်ကြပါ...”