အပြင်အားလမ်းစဉ်ခန္တာကိုယ်ကျင့်သူ
Vol. 1 Ch. 49
အဖိုးအိုစုနှင့် ဟွမ်ဆိုသည့်ထူးဆန်းသည့်အဖိုးအိုတို့လည်း ကျောင်းထိုင်ဆရာတော်၏ရှေ့တွင် ခပ်ရို့ရို့လေးထိုင်လိုက်ကြသညိ ။
သူတို့နှစ်ယောက်နှင့်ကျောင်းထိုင်ဆရာတော်က မျိုးဆက်တစ်ခုထဲမှလူများဖြစ်သော်လည်း သိုင်းပညာသာမက အကျင့်သီလရော သမာဓိပါများစွာအားကောင်းလှသည့်ကျောင်းထိုင်ဆရာတော်ကို သူတို့နှစ်ယောက်လုံးလွန်စွာလေးစားကြသည်။
“ ဟိုကလေးတွေလည်းထိုင်ကျလေ ...ဟိုဘက်ကဒကာလေးက ဒကာကြီးကျန်းရဲ့မျိုးဆက်မဟုတ်လား....သူကော ကျန်းကျန်းမာမာရှိရဲ့လား..”
ကျောင်းထိုင်ဆရာတော်က စန်းဟုန်းလျန်တို့ဘက်သို့ကြည့်ကာ အေးချမ်းသည့်အသံဖြင့်မိန့်လိုက်သည်။
သူ၏စကားကြောင့် ရှောင်ယောင်တို့သုံးယောက်လည်း အဖိုးအိုနှစ်ယောင်၏နောက်ဘက်တွင်ထိုင်လိုက်ကြပြီး စန်းဟုန်းလျန်ကရိုကျိူသည့်လေသံဖြင့်ပြန်ဖြေလိုက်သည်။
“ ဟုတ်ပါတယ်ဆရာတော်ဘုရား ...တပည့်တော်က ဝူတန်းဂိုဏ်းချုပ်ကျန်းဟုန်းချန်ရဲ့သားတပည့်ပါ ...ဆရာဖိုးဖိုးကတော့ ဓားလိုဏ်ဂူထဲက ထွက်တာနည်းပါတယ်...”
စန်းဟုန်းလျန်၏အဖြေကြောင့် ကျောင်းထိုင်ဆရာတော်လည်းခေါင်းတဆက်ဆက်ညိမ့်ကာသူ၏အိုမင်းသည့်မျက်နှာထက်တွင် အတိတ်မှအကြောင်းအရာများကိုပြန်ပြောင်းအောင့်မေ့နေသည့်အမူအယာတစ်ခုပေါ်လာသည်။
“ အင်း.. ဟိုတစ်ချိန်ကတော့ ဘုန်းကြီးရယ် ဝူတန်းကဒကာကြီးကျန်းတို့ နေလသိုင်းရာဇာဒကာယွမ် နောက်ပြီး အော့မော့က ဒကာမကြီးဖုန်းတို့က သိုင်းလောကမှာ အတူကျင်လည်ခဲ့တဲ့ မျိုးဆက်တူတွေပဲ။
ဒီဒကာကြီးနှစ်ယောက်ကတော့ ဘုန်းကြီးတို့ထက်လေးငါးနှစ်လောက်နောက်ကျတယ်ထင်ပါ့...”
ကျောင်းထိုင်ဆရာတော်၏စကားကြောင့် အဖိုးစုက ခေါင်းညိမ့်ပြလိုက်သည်။
ကျောင်းထိုင်ဆရာတော်က သူ၏စကားကိုပြန်ဆက်လိုက်သည်။
“ ငယ်ရွယ်စဉ်တုန်းကတော့ ငါဆိုတဲ့မာနနဲ့သိုင်းလောကထဲမှာကျော်ကြားအောင်ကြိုးစားကြသေးတာပေါ့...။ အခုချိန်မှာ ဒီအကြောင်းတွေပြန်တွေးမိတော့ အတော်လေးရှက်မိတယ်။
ဘုန်းကြီးတို့နဲ့မျိုးဆက်တူတွေထဲမှာလည်း လူတွေသိပ်မကျန်တော့ပါဘူး ခွန်လွန်ဂိုဏ်းကဒကာကြီးဝူက လူ့လောကကြီးထဲကစောစောစီးစီးထွက်သွားသလို ဒကာကြီးယွမ်ကလည်း သိုင်းလောကထဲကဇာတ်မြုပ်သွားတာကြာလှပြီ။
ဒကာကြိးကျန်းကတော့ သဘာဝတရားကြီးကိုနားလည်နိုင်ဖို့ကြိုးစားနေတုန်းပဲထဲတူတယ် ။ ဘုန်းကြီးတို့အုပ်စုထဲမှာ သူကအတော်လေးပါရမီကောင်းလှတာကိုး..
ဟူး သဘာဝနဲ့တစ်သားထဲအဆင့်ကိုရောက်ပြီးလို့ အသက်ဓာတ်ကိုဆွဲဆန့်နိုင်ရင်လည်း အဓိကငြိမ်းချမ်းရာကိုရှာမတွေ့ရင်ဘာအသုံးကျမှာလဲ...။
သူတို့ရဲ့လမ်းကလွဲနေတယ်ဆိုပေမယ့် အဓိကလမ်းကြောင်းကနေလုံးဝသွယ်ဖီသွားတာလည်းမဟုတ်ပြန်ဘူး။
မရှိခြင်းကိုရှာဖွေတဲ့နေရာမှာ လူ့သက်တမ်းနဲ့ရှာဖွေဖို့မဖြစ်နိုင်သလောက်ပဲဆိုတော့ အများစုက အသက်ဓာတ်ကို စိတ်တိုင်းကျဆွဲဆန့်နိုင်တဲ့ သဘာဝနဲ့တသားထဲအဆင့်ကိုရောက်အောင်ပဲ အသဲအသန်ကြိုးစားနေကြတော့တာပေါ့ ...”
ကျောင်းထိုင်ဆရာတော်၏စကားများက လေးနက်တည်ကြည်နေပြီး အကြောင်းအရာများကခက်ခဲနက်နဲလှသည်။
သူ၏စကားများကို အဖိုးစုတို့နှစ်ဦးသာနားလည်ကြပြီး သူတို့၏အမူအယာများက ငူငူငိုင်ငိုင်ကြီးဖြစ်နေကြသည်။
ကျောင်းထိုင်ဆရာတော်က အသာပြုံးလိုက်ပြီး သူ၏စကားစကိုဖြတ်လိုက်သည်။
“ ထားပါ...ဒီနေ့ဘုန်းကြီးရောက်လာတာ ဟိုက ဒကာလေးကိုကုသဖို့ကူညီနိုင်တာမျိုးရှိမလားလို့ပါ...သူ့အတွက်နဲ့ဒကာကြီးစုကရှောင်လင်ကိုချောင်းပေါက်မတတ်လာဖူးတော့ ဘုန်းကြီးလည်း ရပ်ကြည့်မနေနိုင်တော့ဘူးလေ...”
ကျောင်းထိုက်ဆရာတော်၏စကားကိုကြားရမှ မည်သည့်အတွက် ပြင်ပသို့ထွက်လေ့မရှိသည့်ဆရာတော်က ဤနေရာသို့ရုတ်တရက်ကြီးရောက်လာသည်ကိုသိရှိလိုက်ပြီး ရွှမ်းနန်ဆရာတော်လည်းရှောင်ယောင်အတွက် ပျော်ရွှင်ဝမ်းမြောက်သွားမိသည်။
စင်စစ် ကျောင်းထိုင်ဆရာတော်သိုင်းလောကသို့မထွက်သည်ကနှစ်ပေါင်းခြောက်ဆယ်ပင်ပြည့်တော့မည်ဖြစ်သလို ပြင်ပသို့မထွက်ဘဲဓမ္မဆောင်ထဲတွင် တစ်ဦးထဲတရားဓမ္မရှုမှတ်နေလေ့ရှိ၍ ရှောင်လင်ကျောင်းတွင်ပါသူ့ကိုမြင်ဖူးသည့်နောက်မျိုးဆက်များနည်းပါးလှသည်။
ရှောင်ယောင်လည်း သိုင်းလောကတွင် နေလိုလလိုဂုဏ်သတင်းကြီးလှပြီး ကျော်ဇောလှသည့်ရှောင်လင်ကျောင်းထိုင်ဆရာတော်က သူ့အတွက်ရောက်ရှိလာမှန်းသိ၍ ဖော်မပြတတ်အောင် ကြည်နူးဝမ်းမြောက်မိသွားပြီး ရိုသေစွာဂါရဝပြုလိုက်သည်။
ကျောင်းထိုင်ဆရာတော်၏စကားကိုကြားမှ အဖိုးအိုဟွမ်နှင့်အဖိုးအိုစုတို့လည်း သူတို့၏မူလရည်ရွယ်ချက်ကိုပြန်သိရသွားကာ အဖိူးအိုဟွမ်က ချောင်းတစ်ချက်ဟန့်၍ သူ၏မုတ်ဆိတ်ရှည်ကြီးကိုလက်ဖြင့်သပ်ကာပြောလိုက်သည် ။
“ ကျုပ်ပြောခဲ့သလိုပဲ ဒီကလေးရဲ့ ရောဂါကိုကုသဖို့ သိုင်းဝိဇ္ဇာခြောက်ယောက်ရှိရင်လုံလောက်ပါတယ် ။
ဒါပေမယ့် သာမန်သိုင်းဝိဇ္ဇာတွေမဟုတ်ဘဲ အတွင်းအားပြည့်ဝတဲ့သိုင်းဝိဇ္ဇာတွေဖြစ်ဖို့တော့လိုတာပေါ့ ။
ကျုပ်ပြောခဲ့တဲ့သွေးကြောတွေကိုတစ်ပြိုင်နက်ရိုက်ဖွင့်တာက အန္တရာယ်များလှပေမယ့် အတွေ့အကြုံရင့်ကျက်တဲ့သိုင်းဝိဇ္ဇာတွေရဲ့ကူညီမှုနဲ့ဆိုပြဿနာမဟုတ်တော့ပါဘူး။
အရင်ဆုံးဒီကလေးရဲ့ခန္တာကိုယ်ကိုကြံ့ခိုင်သန်စွမ်းအောင်အရင်လုပ်ရမယ် ။ မဟုတ်ရင် သွေးကြောဖွင့်တုန်း နာကျင်မှုဒဏ်ကိုမခံနိုင်ဘဲ ပေါက်ကွဲပြီးသေဆုံးလိမ့်မယ်။။
စောစောက သူ့ကိုကြောစမ်းရင်း တမင်စမ်းသပ်ကြည့်တော့ ဒီကလေးရဲ့စိတ်ခွန်အားက အရွယ်ရောက်ပြီးလူကြီးတွေထက်တောင်သာလွန်နေတာကိုသိလိုက်ရတယ် ။
ဒါပေမယ့် သွေးကြောမကြီးတွေကိုဖွင့်တဲ့ဒဏ်ကိုခံနိုင်ဖို့ သူ့ရဲ့အားနည်းတဲ့ခန္တာကိုယ်ကိုအရင်ဆုံးပြုပြင်ရမယ်။
ဒါကြောင့် ကျုပ်က လုံဇီဆေးမြစ်ကိုအရင်ဆုံးအရှာခိုင်းတာပဲ။ ဒီဆေးမြစ်ကို ဘေးထွက်ဆိုးကျိုးမရှိဘဲအတွင်းအားတိုးတဲ့ဆေးဖော်စပ်စေပြီး သူ့ကို အပြင်အားလမ်းစဉ်နဲ့ ခန္တာကိုယ်ကျင့်စဥ်လေ့ကျင့်ခိုင်းရမှာ...”
“ အပြင်အားလမ်းစဉ် ဟုတ်လား...”
စန်းဟုန်းလျန်နှင့်ဆရာတော်ရွှမ်းနန်တို့ပြိုင်တူမေးလိုက်မိကြသည်။
သိုင်းလောက၏ခေတ်ဦးဟုဆိုရမည့် ထန်ပြည်ထောင်ခေတ်က အပြင်အားလမ်းစဉ်လျှောက်သူအများအပြားရှိခဲ့သော်လည်း ခြောက်ပြည်ထောင်ပျက်သုဉ်းပြီး၍ ကြီးမြတ်သည့်ဝူအင်ပါယာ စတင်ချိန်မှစ၍ အပြင်အားလမ်းစဉ်လျှောက်သူများစတင်နည်းပါးလာခြင်းဖြစ်သည်။
ယခုခေတ်၌ ခန္တာကိုယ်သီးသန့်ကျင့်ကြံသူများမှာ မရှိသလောက်နည်းပါးနေပြီဖြစ်သည်။
အပြင်အားလမ်းစဉ်ကိုလျှောက်ရန်မှာ အများထင်နေသလို ဓားလှံမတိုးသည့်ခန္တာကိုယ်ရရှိရန်တစ်ခုထဲမဟုတ်ဘဲ အပြင်အားလေ့ကျင့်သူများက လွန်စွာဆင်းရဲပင်ပန်းသည့်နည်းလမ်းများဖြင့်လေ့ကျင့်ပြိး သူတို့၏ခန္တာကိုယ်ကို သံမဏိသဖွယ်သန့်စင်စေရန်အကြိမ်ကြိမ်ထုရိုက်ခံရသည့်သဘောဖြစ်သည်။
ရှေးခေတ်က အပြင်အားလမ်းစဉ်လျှောက်သူများကို တိုက်ခိုက်ရေးသမားများဟုခေါ်ဆိုခဲ့ပြီး ကျွမ်းကျင်အဆင့်တိုက်ခိုက်ရေးသမားများမှာ အဆင့်လွန်ထိပ်သီးများကိုသတ်ဖြတ်နိုင်ပြီး ထိပ်တန်းအဆင့်တိုက်ခိုက်ရေးသမားများမှာ သိုင်းဝိဇ္ဇာများကိုပင်အနိုင်ယူနိုင်စွမ်းရှိသည်။
အပြင်အားလမ်းစဉ်၏ကောင်းကျိူးများက မည်သည့်လက်နက်မှမတိုးသည့်ခန္တာကိုယ်ကိုပိုင်ဆိုင်ရခြင်း ၊ အတွင်းအားကုန်ခမ်းမညိကိုစိုးရိမ်စရာမလိုဘဲ တိုက်ခိုက်နိုင်ခြင်းနှင့် သာမန်သိုင်းသမားများလိုအဆိပ်အမျိူးမျိုးကိုကြောက်စရာမလိုခြင်း ဖြစ်သည်။
သိုင်းဝိဇ္ဇာအဆင့်တူညီသည့် ထိပ်တန်းအဆင့်တိုက်ခိုက်ရေးသမားများဆိုလျှင်အနီးကပ်တိုက်ပွဲတွင် စစ်တပ်တစ်ခုကိုပင်ယှဉ်၍တိုက်ခိုက်နိုင်သည်အထိကြောက်မက်ဖွယ်ကောင်းကြ၏ ။
သို့သော်လည်း အပြင်အားလမ်းစဥ်ကိုလျှောက်လှမ်းရန်ကလွန်စွာခက်ခဲပင်ပန်းသည့်အပြင် ခန္တာကိုယ်ကျင့်ကြံ့သည့်သိုင်းပညာစစ်စစ်နည်းပါးလှ၍ တဖြေးဖြေးပျောက်ကွယ်သွားခြင်းဖြစ်သည်။
ကျန်လူများ၏အံ့ဩသည့်အမူအယာကိုကြည့်၍ အဖိူးအိုဟွမ်ကဆက်ပြောလိုက်သည်။
“ ဟုတ်တယ် မင်းတို့တွေးထားသလိုပဲ အပြင်အားလမ်းစဉ်က ခက်ခဲပင်ပန်းတယ်။ ထိပ်ဆုံးကိုရောက်နိုင်ဖို့အတွင်းအားကိုလေ့ကျင့်တာထက်ဆယ်ဆလောက်ပိုခက်တယ်။
ပြီးတော့ အပြင်အားလမ်းစဉ်ကိုလျှောက်နိုင်ဖို့လိုအပ်တဲ့ကျင့်စဉ်နည်းလမ်းတွေကလည်းအလွန်ရှားပါတယ်။။
ဥပမာ- ရှောင်လင်ရဲ့နာမည်ကျော်သံမဏိခန္တာကိုယ်ကျင့်စဉ်တို့ဆိုရင် ဓားလှံမတိုးတဲ့ခန္တာကိုယ်ကိုရပေမယ့် အတွင်းအားနဲ့ယှဉ်တွဲပြီးလေ့ကျင့်ရတာပဲ။ သူက အပြင်အားလမ်းစဉ်သီးသန့်မဟုတ်ဘူး ။
ဒါကြောင့်လည်း အပြင်အားလမ်းစဉ်ကိုလျှောက်ပြီး ခန္တာကိုယ်သီးသန့်လေ့ကျင့်တဲ့လူတွေမရှိသလောက်နည်းသွားတာပေါ့ ...”
ထိုနေရာအရောက်တွင် ကျောင်းထိုင်ဆရာတော်က ခေါင်းညိမ့်ထောက်ခံလိုက်ပြီး ဝင်ပြောလိုက်သည်။
“ ဒကာကြီးဟွမ်ပြောသလို ကျုပ်တို့ရှောက်လင်ခုနစ်ဆယ့်နှစ်မျိူးထဲမှာပါတဲ့သံမဏိခန္တာကိုယ်ကျင့်စဉ်က အပြင်အားလမ်းစဉ်အတွက်မဟုတ်ဘူး။
ဒါပေမယ့် ခုနစ်ဆယ့်နှစ်မျိူးထဲက ကျောက်သားခန္တာ၊ သံမဏိဝတ်ရုံ ၊ ရွှေဝတ်ရုံလွှာကျင့်စဉ်နဲ့ရွှေခေါင်းလောင်းကျင့်စဉ်တို့ကတော့ အပြင်အားလမ်းစဥ်အတွက်လေ့ကျင့်နိုင်တဲ့ကျင့်စဉ်တွေပဲ...”
ကျောင်းထိုင်ဆရာတော်၏စကားကြောင့် ရှောင်လင်မှလူတစ်ယောက်ဖြစ်သည့်ဆရာတော်ရွှမ်းနန်ပင်အံ့အားသင့်သွားမိ၏ ။
ရှောင်လင်လျှို့ဝှက်သိုင်းပညာ ခုနစ်ဆယ့်နှစ်မျိုးတွင်ပါဝင်သည့် ကျောက်သားခန္တာ ၊သံမဏိဝတ်ရုံစသည့်ကျင့်စဉ်များက ခန္တာကိုယ်ကျင့်စဥ်များဖြစ်သော်လည်း လေ့ကျင့်ရန်ခက်ခဲလှအောင်မြင်သူမရှိသည်မှာ နှစ်ရာနှင့်ချီ၍ကြာမြင့်နေပြီဖြစ်သည်။
ထို့အပြင် ရွှေဝတ်ရုံလွှာကျင့်စဉ်ဆိုလျှင်လည်း အတွင်းအားကျင့်စဉ်လည်းမဟုတ် ခန္တာကိူယ်ကျင့်စဉ်လည်းမဟုတ်ဘဲ သာမန်ခွန်အားကိုသာတိုးတက်စေ၍ လေ့ကျင့်မည့်လူမရှိဘဲတိမ်မြုပ်နေပြီဖြစ်သည်။
နောက်ဆုံးအနေဖြင့် သိုင်းလောကဲတွင် ခုခံကာကွယ်ရေးသိုင်းတစ်ခုအဖြစ် လူသိများသည့်ရွှေခေါင်းလောင်းသိုင်းသည်ပင် အပြင်အားလမ်းစဉ်အတွက်ခန္တာကိူယ်ကျင့်စဉ်တစ်ခုဖြစ်နေပေသည်။
ကျောင်းထိုင်ဆရာတော်၏စကားကြောင့် အဖိူးအိုဟွမ်က သူ၏ပေါင်ကိုဖြန်းခနဲပုတ်ကာ ကျေနပ်အားရစွာဖြင့်ပြောလိုက်သည်။
“ အဲဒါပြောတာပေါ့...သိုင်းလောကထဲက ထိပ်တန်းအင်အားစုတွေမှာ အပြင်အားလမ်းစဉ်အတွက်ကျင့်စဉ်တွေရှိနိူင်ပေမယိ့ လေ့ကျင့်သူမရှိတာ နှစ်တွေအများကြီးကာမြင့်နေလို့ချောင်ထိုးထားကြလောက်ပြီ။
ဒါကြောင့်လည်း ကျုပ်ကဒီကလေးကိုခေါ်ပြီး သိုင်းကျမ်းစုံလင်တဲ့ရှောင်လင်ကိုလာဖို့ လွန်ခဲ့တဲ့ဆယ်နှစ်ကအကြံပေးခဲ့တာပေါ့...”
အဖိုးအိုဟွမ်က စိတ်ပါဝင်စားစွာပြောဆိုနေရင်း ရှောင်ယောင်၏ဘက်သို့လှည့်ကာအပြုံးမျက်နှာဖြင့်ပြောလိုက်သည်။
“ ကလေး မင်းကငါ့ကိုမှတ်မိမှာမဟုတ်ပေမယ့် ငါကတော့မင်းကိုလွန်ခဲ့တဲ့ဆယ်နှစ်ထဲကတွေ့ဖူးတယ်ကွ...အဲဒီတုန်းက ဒီသူတောင်းစားစုတ်နဲ့ ဟိုကောင်လေးက ညကြီးအချိန်မတော်ရှောင်လင်ကိုလာပြီးကျောင်းထိုင်ဆရာတော်ဆီမှာအပူကပ်လို့ ဆရာတော်ကလည်း ငါ့ကိုလူလွှတ်ပြီးအခေါ်ခိုင်းလိုက်တယ်လေ..။
ငါလည်းဆရာတော်ရဲ့အမိန့်ဆိုတော့ တစ်ညလုံးနားတောင်မနားနိုင်ဘဲ မြောက်ပိုင်းတောင်တန်းကနေအရေးတကြီးရောက်လာပြီး ဒီကိုရောက်မှအကြောင်းစုံသိရတာ။။
ပြီးတော့ သူတို့နှစ်ယောက်နဲ့မင်းတို့်မြို့လေးဆီရောက်လာပြီးမင်းကိုကြည့်ပေးခဲ့တာ ။ ဒါပေမယ့်ဘမင်းကိုကုသဖို့ လုံဇီဆေးမြစ်နဲ့ တခြားဆေးပစ္စည်းတွေကိုလိုအပ်နေသေးတော့ သူတောင်းစားစုတ်ကို ဆေးမြစ်အရှာခိုင်းပြီးငါက တောင်ကြားထဲကိုပြန်လို့ ကျန်တဲ့ဆေးပစ္စည်းတွေစုနေတာ။
ဘာလိုလိုနဲ့ဆယ်နှစ်တောင်ကြာသွားပြီး မင်းတောင်ဒီအရွယ်ရောက်နေပေါ့...”
အဖိူးအိုဟွမ်၏စကားများကြောင့် ရှောင်ယောင်လည်း ကိုယ်နှင့်မဆိုင်သည်ကိုပင် အကူအညီများစွာပေးခဲ့သော စေတနာမေတ္တာကြီးမားလှသည့်ရှောင်လင်ကျောင်းထိုင်ဆရာတော်နှင့် သူ့အပေါ်လွန်စွာချစ်ခင်ဂရုစိုက်သည့် အဖိူးစု ၊ ဦးလေးစန်းတို့ကို ကျေးဇူးတင်စွာကြည့်လိုက်မိသည်။
ထိုကဲ့သို့သောလူများနှင့်တွေ့ဆုံသိကျွမ်းခွင့်ရသည်မှာ ရှောင်ယောင်၏ဘဝအတွက်အကြီးမားဆုံးဆုလာဒ်တစ်ခုဖြစ်ပေမည်