နောက်ကွယ်မှအကြောင်းအရာ
Vol. 1 Ch. 50
ထို့နောက် အဖိုးအိုနှစ်ယောက်နှင့်စကားအနည်းငယ်ပြောဆိုပြီးနောက် ကျောင်းထိုင်ဆရာတော်မှာ အဆောင်ပေါ်မှပြန်ကြွသွားတော့သည်။
အဖိူးအိုနှစ်ယောက်က ကျောင်းထိုင်ဆရာတော်ကို အဆောင်ဝအထိလိုက်လံပို့ဆောင်နေစဉ် ဆရာတော်ရွှမ်းနန်လည်းသက်ပြင်းတစ်ချက်ချ၍ ရှောင်ယောင်ကိုပြောလိုက်သည်။
“ မင်းအလွန်ကံကောင်းတယ်ရှောင်ယောင် ကျောင်းထိုင်ဆရာတော်ကြီးကကျုံဟွာ တောင်တိုက်ပွဲတုန်းကလွဲရင် ပြင်ပကိုမထွက်တာနှစ်ငါးဆယ်တောင်ပြည့်တော့မယ် ။
ကျောင်းထဲမှာတောင် သူ့ကိုနောက်မျိုးဆက်တွေမမြင်ဖူးကြဘူး။ ငါ့လိုဝါစဉ်ကြီးတယ်လို့ပြောလို့ရဲ့ဘုန်းကြီးတစ်ပါးတောင် အနှစ်သူံးဆယ်အတွင်းမှာ ဆရာတော့်ကို တွေ့ရတာဆယ်ကြိမ်မပြည့်ဘူး။။
သူ့လိုပုဂ္ဂိုလ်တစ်ယောက်က စိတ်လိုလက်ရအကူအညီပေးတာကိုရတာ မင်းအတော့်ကိုကံကောင်းတယ်...”
ရွှမ်းနန်ဆရာတော်၏စကားကြောင့် ရှောင်ယောင်လည်း ခေါင်းကိုဖြေးညင်းစွာညိမ့်ပြလိုက်သည်။
ဆရာတော်ရွှမ်းနန်ပြောဆိုခြင်းမပြုလျှင်ပင် သူမွေးခါစကပင်ကျေးဇူးရှိဖူးသည့်ကျောင်းထိုင်ဆရာတော်အပေါ် တစ်သက်လုံးကျေးဇူးတင်နေမည်ဖြစ်ပေသည်။
ထိုစဉ် ကျောင်းထိုင်ဆရာတော်ကိုလိုက်လံပို့ဆောင်နေသည့်အဖိုးအိုနှစ်ယောက် ရှေ့ဆင့်နောက်ဆင့်ရောက်ရှိလာကြပြီး ဆရာတော်ရုတ်တရက်ရောက်ရှိလာမှုကြောင့် သူတို့ကြားရှိစကားစစ်ထိုးမှုက ရပ်သွားပြီဖြစ်သည်။
စင်စစ်အနှစ်ငါးဆယ်နီးပါးရှိခဲ့သည့်သူတို့၏ခင်မင်မှုအတိုင်းအတာမှာလွန်စွာနက်ရှိုင်းလှပြီး ယခုလိုအကြီးအကျယ်ရန်ဖြစ်ပြီးလျှင်ပင် စိတ်ထဲမထားဘဲ ချက်ခြင်းလိုလိုမေ့လျော့သွားသည်သာဖြစ်သည်။
ထို့နောက် အဖိူးအိုဟွမ်က တစ်စုံတစ်ခုကိုသတိရသွားဟန်ဖြင့်ဆက်ပြောလိုက်သည်။
“ စကားမစပ် အဲဒီတုန်းက ဒီကလေးရဲ့အိမ်မှာတွေ့ခဲ့တဲ့မိန်းကလေးကရော ...သူက အောက်လမ်းအတွင်းအားကျင့်စဉ်တစ်ခုကိုလေ့ကျင့်မိပြီး သူ့ကိူယ်တွင်းအင်္ဂါတွေက အတော်လေးထိခိုက်ပျက်စီးနေတာ။
ငါတောင် သူ့ကိုသနားလို့ ငါလေ့ကျင့်တဲ့သန်စင်ခြင်းအတွင်းအားကျင့်စဉ်ရဲ့ ပထမသုံးဆင့်ကိုသင်ပေးခဲ့သေးတယ်။
ဒီကျင့်စဉ်က သူ့ကိုသိုင်းပညာတိုးတက်စေမှာမဟုတ်ဘူးဆိုပေမယ့် သာမန်လူတွေလိုနောက်ထပ်နှစ်သုံးလေးဆယ်တော့အသက်ရှင်နိုင်မှာပါ...”
အဖိုးအိုဟွမ်းစကားအဆုံး၌ ရှောင်ယောင်၏စိတ်ထဲတွင် ဟာလာဟင်းလင်းဖြစ်သွားပြီး အဖိုးစုနှင့်စန်းဟုန်းလျန်တို့လည်းမျက်နှာကွက်ခနဲပျက်သွားကြသည် ။
ဆရာတော်ရွှမ်းနန်လိုတည်ငြိမ်သူတစ်ဦးပင် စိတ်မကောင်းသည့်အမူအယာဖြင့်မျက်နှာလွှဲနေသညါ။
“ အဖိုးဟွမ်က ဘယ်သူ့ကိုပြောနေတာလဲ...”
ရှောင်ယောင်လည်း ကျန်လူများ၏အမူအယာကိုအကဲခပ်မိ၍ သိလိုစိတ်ပြင်းပြစွာဖြင့်မေးလိုက်သည်။
အခန်းတွင်းရှိလေထုက ရုတ်တရက်ထူးဆန်းသွားပြီး အဖိုးအိုစုက ချက်ခြင်းပင် စကားဖြတ်ပြောလိုက်သည်။
“ အဟမ်း...ဒီကောင်ပြောတာ ခရမ်းရောင်သွေးလဂိုဏ်းက မိန်းကလေးတစ်ယောက်အကြောင်းပါ။
နှင်းငွေ့မိစ္ဆာသခင်သေဆူံးပြီးတဲ့နောက်မှာ ခရမ်းရောင်သွေးလဂိုဏ်းကလူအများစုက ကျုံဟွာတောင်ပေါ်မှာ သုတ်သင်ခံရပေမယ့် လက်ကျန်လူနည်းနည်းရှိသေးတယ်လေ။
အဲဒီလူတွေကို အဖြူရောင်သိုင်းလောကသားတွေက လိုက်လံသတ်ဖြတ်နေကြလို့ ငါအဲဒီကလေးမလေးကိုသနားလို့ဝှက်ထားပေးတာ။
သူက စူးဟိုင်မှာရက်နည်းနည်းနေသွားသေးတယ်လေ...”
အဖိုးစုက အနည်းငယ်ထူးဆန်းသည့်အမူအယာဖြင့်ပြောလိုက်ရင်း အသံပို့လွှတ်၍ အဖိုးအိုဟွမ်ကိုကျိန်ဆဲလိုက်သည်။
“ ဆေးဆရာစုတ် အဲဒီမိန်းကလေးက ရှောင်ယောင်ရဲ့မိခင်ပဲ ။ ခေါင်းမာတဲ့ကလေးမက မင်းပေးတဲ့ကျင့်စဉ်ကိုမလေ့ကျင့်ဘဲ သေသွားရှာပြီ...”
အဖိုးစု၏စကားကြောင့် အဖိုးအိုဟွမ်လည်း စိတ်မကောင်းသည့်အမူအယာတစ်ခုပေါ်လာသည်။
သို့သော်လည်းအတွေ့အကြုံရင့်ကျက်သူပီပီ အခြေအနေကိုထိမ်းသည့်အနေဖြင့် စကားလမ်းကြောင်းလွှဲလိုက်၏။
“ ဒါနဲ့ သူတောင်းစားစုတ် မင်းအလွန်ရှားပါးတဲ့ လုံဇီဆေးမြစ်ကို ဘယ်ရနေရလာတာလဲ။ ငါတို့တောင်ကြားမှာ ဆေးဖက်ဝင်အပင်ပေါင်းစုံရှိတယ်လို့ပြောနိုင်ပေမယ့် လုံဇီဆေးမြစ်တော့ရှိမနေဘူး...”
အလိုက်သိသည့် အဖိုးအိုဟွမ်၏စကားကြောင့် ကျန်လူများ၏ရင်ထဲရှိပူပန်မှုများပျောက်ကွယ်သွားကြသည်။
အဖိုးစု၊ ဦးလေးစန်းတို့၏ထူးခြားသည့်အမူအယာကိုတွေ့သော်လည်း ရှောင်ယောင်လည်း လိမ္မာသိတတ်သည့်ကလေးတစ်ယောက်ပီပီဆက်လက် အဖိုးအိုဟွမ်ကို အတင်းအကြပ်မေးမြန်းခြင်းမပြုဘဲ တိတ်တဆိတ် နားထောင်နေလိုက်သည်။
အဖိုးစု၏အတွင်းအားက နက်ရှိုင်းလှ၍ပါးစပ်လှုပ်စရာမလိုဘဲအသံပို့လွှတ်ပြောနိုင်သည့်အဆင့်သို့ရောက်ရှိနေပြီဖြစ်ကာ စန်းဟုန်းလျန်နှင့်ဆရာတော်ရွှမ်းနန်တို့ပင်သတိမထားမိလိုက်ပေ။
အဖိုးအိုဟွမ်၏မေးခွန်းကို အဖိုးစုလည်းခေါင်းတစ်ချက်ညိမ့်၍ပြန်ဖြေလိုက်သည်။
“ ဒီလိုကွ.. ငါအရင်ကရထားတဲ့လုံဇီဆေးမြစ်ကိုတောင် အတော့်ကိုကံကောင်းပြီးရခဲ့တာ။ မင်းသာပြောမပြရင် ရှားပါးတဲ့အဲဒီဆေးမြစ်ရဲ့နာမည်ကိုသိမှာမဟုတ်ဘူး။
ကျုံဟွာတောင်တိုက်ပွဲမှာ အတွင်းအားတိုးအောင်စားပစ်လိုက်တော့ ငါ့ဆီကဆေးမြစ်ကကုန်သွားတယ်လေ။ ဒါကြောင့် အခုဆယ်နှစ်အတွင်းမှာ နောက်ထပ်ဆေးမြစ်ကိုရအောင် ရှာပုံတော်ဖွင့်ရတော့တာပေါ့...”
“ အဖိုးစု အဖိုး ကျနော့်ကိုကျုံဟွာတောင်တိုက်ပွဲအကြောင်းပြောတုန်းက ကျောင်းထိုင်ဆရာတော်ရောက်လာတယ်လို့်မပါ ပါဘူး...”
ယခုတစ်ကြိမ်အံ့သြရသူကရှောင်ယောင်တစ်ယောက်ထဲမဟုတ်ဘဲ ထိုစဉ်က ကျုံဟွာတောင်တိုက်ပွဲတွင်မပါဝင်ခဲ့သည့် စန်းဟုန်းလျန်နှင့်ဆရာတော်ရွှမ်းနန်တို့ပင်ပါဝင်သည်။
သူတို့၏စကားများကြောင့် အဖိုးအိုဟွမ်နှင့်အဖိုးစုတို့က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြပြီး အဖိုးစုက ဖြေးညင်းစွာရှင်းပြလိုက်သည်။
“ အင်း..အဲဒီအချိန်ကဖြစ်ခဲ့တဲ့အကြောင်းအရာတွေက တောင်ပေါ်မှာရှိနေတဲ့လူတွေကပဲ အကုန်သိခဲ့တာ။ ကျန်တာက သိုင်းလောကထဲကို ငါသတင်းလွင့်တဲ့အတိုင်းပဲသိခဲ့ကြတာ။
အားလုံးသိတဲ့အတိုင်း ကျုံဟွာတောင်တိုက်ပွဲမှာ နှင်းငွေ့မိစ္ဆာသခင်ကို အလယ်ပိုင်းကသိုင်းဝိဇ္ဇာတွေအားလုံးနီးပါးစုပေါင်းတိုက်ခိုက်တာတောင်အနိုင်မရခဲ့ကြဘူး။။
သူ့ကိုခုခံနိုင်တာဆိုလို့ ငါရယ်၊ ပြိုကွဲသွားပြီဖြစ်တဲ့နဂါးစိမ်းဂိုဏ်းချုပ်သွမ့်ကျန်းမင်နဲ့ ပထမဓားသခင်တို့သုံးယောက်ပဲရှိတယ်။။
မင်းရဲ့ဆရာကလည်း ငါတို့နဲ့သိုင်းပညာအတူတူလောက်ရှိပေမယ့် သူကပထမအကြီးအကဲရဲ့လုပ်ကြံမှုကြောင့်ဒဏ်ရာရပြီးအိပ်ယာထဲလဲနေခဲ့တယ်မဟုတ်လား.. “
အဖိုးစု၏စကားကြောင့် စန်းဟုန်းလျန်လည်းခေါင်းညိမ့်ပြလိုက်မိသည်။
ထိုစဉ်က ထိုက်ကျိဓားသိုင်း၏ပျော့ပြောင်းသည့်ပုံစံကိုပင်အောင်မြင်ထားခဲ့သည့်ဝူတန်း၏ပထမအကြီးအကဲမှာ ဂိုဏ်းကိုသစ္စာဖောက်၍ နှင်းငွေ့မိစ္ဆာသခင်၏လက်အောက်သို့ဓားဘုရင်ဆိုသည့်နာမည်ဖြင့်ဝင်ရောက်ခဲ့သည်။
ထိုမျှမကသေးဘဲ သူ၏ဆရာတူအစ်ကိုဖြစ်သည့် ဝူတန်းဂိုဏ်းချုပ်ကြီးကိုပင်လုပ်ကြံကာထွက်ပြေးခဲ့၍ ဝူတန်းဂိုဏ်းမှအခြားသိုင်းဝိဇ္ဇာတစ်ယောက်ဖြစ်သည့် လူ့ဂွစာမုချန်းက ကျုံဟွာတောင်တိုက်ပွဲတွင် ပထမအကြီးအကဲကိုသုတ်သင်ခဲ့ပေသည်။
အဖိုးအိုစုက ဆက်ပြောလိုက်သည်။
“ သိုင်းလောကသားတွေသိထားတာလဲ အဖြစ်မှန်နဲ့အများကြီးမကွာပါဘူး။ ငါတို့သုံးယောက်ပူးပေါင်းပြီးခုခံတာတောင် သိုင်းကွက်ငါးရာမပြည့်ခင် နှင်းငွေ့မိစ္ဆာသခင်ရဲ့လက်ချက်ကြောင့်ရှုံးလုနီးပါးဖြစ်ခဲ့တယ် ။
ဒီလူက တကယ့်ကိုတစ်ခေတ်တစ်ယောက်တောင်မရှိတဲ့လူမျိုးပဲ။ အမျိုးအစားစုံလင်တဲ့ထိပ်တန်းသိုင်းပညာတွေအများကြီးတတ်မြောက်ထားသလို သူ့ရဲ့အတွင်းအားက အဆုံးမရှိမြင့်တက်လာနိုင်တယ်။ ဒါ့အပြင် သူ့ရဲ့ကိုယ်ဖော့ပညာကို ပထမဓားသခင်တစ်ယောက်ပဲအမှီလိုက်နိုင်မှာ.
တကယ်လို့ တိုက်ပွဲပြီးခါနီးမှာပထမဓားသခင်သာ ဓားပညာအဆင့်တတ်မသွားရင် လက်ရှိသိုင်းလောကရဲ့သမိုင်းကပြောင်းလဲကောင်းပြောင်းလဲသွားနိုင်တယ်...။
နှင်းငွေ့မိစ္ဆာသခင်သေဆုံးပြီးတော့ အမှောင်လက်ဝါးဝမ်းတတို့၊ သံမဏိဘုရင်တို့လိုသူ့ရဲ့သစ္စာရှိလက်အောက်ငယ်သားတွေက ရူးသွပ်လုနီးပါးဖြစ်ခဲ့ပြီး ခရမ်းရောင်သွေးလဂိုဏ်းသားတွေကိုဦးဆောင်ပြီး ဂိုဏ်းပေါင်းစုံသိုင်းသမားတွေနဲ့တိုက်ခိုက်ခဲ့တယ် ။
သူတို့ရဲ့လူအင်အားကတစ်ရာတောင်မပြည့်ပေမယ့် အနိမ့်ဆုံးလူကတောင်အဆင့်လွန်ထိပ်သီးအဆင့်မှာရှိတယ်။။
အဲဒီနေ့က တိုက်ပွဲမှာပါဝင်ခဲ့တဲ့နှစ်ဘက်စလူံးကလူတွေက အနိမ့်ဆုံးလူကတောင်ထိပ်တန်းလွန်သိုင်းသမားတွေဆိုတော့ ဘယ်လောက်အထိတိုက်ပွဲပြင်းမလဲဆိုတာ စဉ်းစားကြည့်ပေါ့ ။
ပြောရရင် နှင်းငွေ့မိစ္ဆာသခင်သေဆုံးပြီးတာတောင် ခရမ်းရောင်သွေးလဂိုဏ်းသားတွေကို အပြင်းအထန်တိုက်ခိုက်ပြီးမှအနိုင်ယူနိုင်ခဲ့တယ်။
တိုက်ပွဲပြီးတော့ ခရမ်းရောင်သွေးလဂိုဏ်းကအညံ့ခံတဲ့လူနှစ်ဆယ်လောက်ပဲကျန်သလို လူငါးရာလောက်ရှိတဲ့ဂိုဏ်းပေါင်းစုံသိုင်းသမားတွေက သုံးရာလောက်ပဲကျန်တော့တယ်။
ဒါကြောင့် ကျုံဟွာတောင်တိုက်ပွဲပြီးတော့ သိုင်းလောကထဲက ထိပ်တန်းအင်အားစုတွေတောင် အတော်လေးချိနဲ့သွားတယ်လို့ပြောရမယ်...”
အဖိုးစု၏စကားအဆုံး၌ ရှောင်ယောင်လည်း ထိုစဉ်ကဖြစ်ခဲ့သည့်သွေးလွှမ်းတိုက်ပွဲကြီးကိုမြင်ယောင်လာသလိုပင်ခံစားမိလိုက်ရပြီး သူ၏သွေးများပင်ပွက်ပွက်ဆူလာမိသည်။
“ အဲဒီတုန်းက ဆရာဦးလေး ခုံးဝန်ဦးဆောင်ပြီး ရှောင်လင်က သိုင်းသမားသုံးဆယ့်ခြောက်ယောကစေလွှတ်ခဲ့တယ်။
သူတို့ထဲကတစ်ဝက်က ကျားနဂါးဆရာတော်တွေဖြစ်ပြီးတော့ ကျန်တဲ့တစ်ဝက်က ထိပ်တန်းလွန်အဆင့်ရှိတဲ့ကြေးရုပ်လူတွေပဲ။
တိုက်ပွဲပြီးတော့ ကျားနဂါးဆရာတော်ဆယ်ယောက်ပဲပြန်လာနိုင်ခဲ့သလို ကြေးရုပ်လူဆယ့်ရှစ်ယောက်မှာ ရှစ်ယောက်ပဲအသက်ရှင်လျက်ကျန်ခဲ့တယ်။။
အခုတံခါးနီဆောင်ကကြေးရုပ်လူတွေက အဲဒီတုန်းကလူတွေမဟုတ်ဘဲ နောက်ထပ်ကြေးရုပ်လူအသစ်တွေပဲ...”
ရွှမ်းနန်ဆရာတော်က တည်ငြိမ်သည့်လေသံဖြင့်ဝင်ပြောလိုက်သည်။
အဖိုးအိုဟွမ်က ချောင်းတစ်ချက်ဟန့်၍ဝင်ပြောလိုက်သည်။
“ တကယ်တော့ အဲဒီတိုက်ပွဲမှာငါလည်းလူအုပ်ထဲကအသာကြည့်နေတာ ။ ဒီကောင့်ကိုတောင် သွေးကြောတွေပေါက်ပြီးသေခါနီးမှာ ငါလျှို့ဝှက်ပြိးကူညီလိုက်သေးတယ်...”
အဖိုးအိုဟွမ်က အဖိူးစုကိုဝင့်ကြွားသည့်အကြည့်ဖြင့်ကြည့်ရင်း ဆက်ပြောလိုက်သည် ။
“ ပြောရရင် ဒီသူတောင်းစားစုတ်တို့အလယ်ပိုင်းကသိုင်းဝိဇ္ဇာဆယ်ယောက်နီးပါးရှိနေတာ နှင်းငွေ့မိစ္ဆာသခင်ကိုလွယ်လွယ်ကူကူအနိုင်ရမယ်လို့ထင်တာပေါ့ ။။
ဒါပေမယ့်ဘယ်ဟုတ်မလဲ ။ ဟိုကသူတို့အားလုံးကိုတစ်ယောက်ထဲအနိုင်ယူသွားပြီးအချိန်ကြာလေလေပိုပြီးကြောက်စရာကောင်းလေလေဖြစ်တော့ ငါပါဝင်တိုကိရင်တောင်အနိုင်မရတော့ဘူးဆိုတာသိလိုက်တယ်။
ဒါကြောင့်ငါလည်းတောင်ခြေကိုအမြန်ပြေးပြီး အသင့်တွေ့တဲ့တေလေဂိုဏ်းသားတွေကို အသုံးပြုပြီး ရှောင်လင်ကျောင်းထိုင်ဆရာတော်ကိုအမြန်ဆုံးလာပါလို့အကူအညီတောင်းလိုက်တော့တာပဲ ။။
ကျောင်းထိုင်ဆရာတော်ကလည်း ရှောင်လင်နဲ့ ကျုံဟွာတောင်အဝေးကြီးကို ဘယ်လိုလုပ်ခဏလေးနဲ့ရောက်လာတာလဲမသိဘူး။
အဲဒီအချိန်က နှင်းငွေ့မိစ္ဆာသခင်ကိုဟန့်တားနိုင်မှာ သိုင်းလောကမှာလူနည်းနည်းပဲရှိတော့တာကိုး။ နောက်မှ ပထမဓားသခင်ဆိုတဲ့ကောင်လေး ရုတ်တရက်ထပြီးအနိုင်ရသွားခဲ့တာ ။
အင်း...အမှောင်ကျေးရွာနဲ့ ဓားစံအိမ်က မျိုးဆက်သစ်တွေမွေးထုတ်ပေးတာပဲ...”
အဖိုးအိုဟွမ်၏စကားကြောင့် ဆရာတော်ရွှမ်းနန်နှင့်စန်းဟုန်းလျန်တို့မှာ တည်တည်ငြိမ်ငြိမ်မနေနိုင်တော့ဘဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ တုန်လှုပ်မိသွားကြပုံပေါ်သည် ။
သိုင်းလောကနှင့်ပတ်သတ်၍ဗဟုသုတနည်းပါးသည့်ရှောင်ယောင်တစ်ယောက်သာအမူအယာမပျက်ရှိရင်း တိတ်ဆိတ်စွာနားထောင်နေသည်။