← Chapters

ဆင်ခြင်သုံးသပ်ခြင်း

Vol. 1 Ch. 52

ဆင်ခြင်သုံးသပ်ခြင်း

Vol. 1 Ch. 52

“ အပြင်အားလမ်းစဉ်ပျောက်ကွယ်သွားပြီးတဲ့နောက်မှာ သိုင်းလောကသားအားလုံးနီးပါးကအတွင်းအားကိုပဲအဓိကထားလေ့ကျင့်လာကြတယ်။။

အတွင်းအားလမ်းစဉ်က အပြင်အားလမ်းစဉ်နဲ့ယှဉ်ရင်လွယ်ကူပြီး အထောက်အပံ့ကောင်းကောင်းရရင်အဆင့်လွန်ထိပ်သီးလောက်ထိဆက်တိုက်လေ့ကျင့်လို့ရတာကိုး။

ဒီတော့ လက်ရှိသိုင်းလောကရဲ့သက်မှတ်ချက်တွေက ပိုင်ဆိုင်ထားတဲ့အတွင်းအားပမာဏကိုမူတည်တယ်လို့ပြောလို့ရတယ်။

သိုင်းပညာစတင်သင်ကြားပြီးအခြေခံသိုင်းကွက်တွေကိုပိုင်နိုင်တဲ့အဆင့်ကိုရောက်ရင် သာမန်သိုင်းသမားလို့သက်မှတ်တယ်။ ပြောရရင် မြို့ငယ်ရွာငယ်လေးတွေမှာ လူတွငိကျယ်လုပ်လို့ရတဲ့အဆင့်ပေါ့။

တစ်ခါ အတွင်းအားငါးနှစ်စာလောက်လေ့ကျင့်နိုင်ပြီး သိပ်မဆိုးတဲ့သိုင်းကွက်လေးတွေပါတတ်မြောက်လာရင် အလယ်အလက်အဆင့်လို့ပြောလို့ရတယ်။

အတွင်းအားဆယ့်ငါးနှစ်စာနဲ့အထက်ကိုရောက်ပြီး သာမန်သိုင်းပညာတစ်ခုခုကိုအောင်မြင်အောင်လေ့ကျင့်နိုင်ရင်တော့ အဆင့်မြင့်သိုင်းအဆင့်ကိုရောက်တာပေါ့ ။။

ဒီအဆင့်ကသိုင်းလောကထဲကိုဝင်နိုင်တယ်ဆိုရုံလောက်ပဲရှိသေးတာ။

သူ့ရဲ့အထက်မှာ ထိပ်တန်းအဆင့်ရှိတယ်။ ထိပ်တန်းအဆင့်သိုင်းသမားတွေက အတွင်းအားအနှစ်နှစ်ဆယ်စာအနည်းဆူံးရှိပြီး ပထမတန်းစားဒါမှမဟုတ် ထိပ်တန်းအဆင့်သိုင်းပညာတွေကိုတတ်မြောက်ကြတယ်။။

သူတို့က ဂိုဏ်းအဖွဲ့တွေကသိုင်းသမားတွေဖြစ်တာများတယ်။ ဘာကြောင့်လဲဆိုတော့ နောက်ကွယ်က သိုင်းပညာကောင်းတဲ့ဆရာ ဒါမှမဟုတ် အဖွဲ့အစည်းမရှိ၊ အထောက်အပံ့မရှိရင်ဒီအဆင့်ကိုရောက်ဖို့ခက်ခဲကြတဲ့အတွက်ကြောင့်ပဲ ။

ကိုယ့်ဒူးကိုယ်ချွန် တစ်ကိုယ်တော်သိုင်းသမားအများစုကဒီအဆင့်မှာရပ်နေတာပဲများတယ်။

ဒါပေမယ့် သူတို့ကသိုင်းလောကထဲမှာတွေရများပြီး ကောင်းကောင်းကျင်လည်နိုင်တဲ့အဆင့်ပေါ့။

အတွင်းအားအနှစ်သူံးဆယ်အထက်ကိုရောက်ရင်တော့ အဆင့်လွန်သိုင်းအဆင့်လိူ့သက်မှတ်နိုင်တယ်။

ထိပ်သီးအဆင့်လို့ခေါ်တဲ့ ဒီအဆင့်က သိုင်းလောကထဲမှာလက်မထောင်နိုင်တဲ့အဆင့်ဖြစ်ပြီး ပထမတန်းစားနဲ့ ထိပ်တန်းအင်အားစုတွေမှာတောင်အရေးပါတဲ့နေရာကိုရတယ်။

ပြီးတော့ ဒီအဆင့်ရှိတဲ့ တစ်ကိုယ်တော်သိုင်းသမားဆိုလို့အလွန်ရှားပြီး မတော်တဆကံကောင်းမှုကိုရှာတွေ့ရင်တွေ့ မဟုတ်ရင် ဆရာကောင်းတစ်ယောက်ယောက်ရှိမှရောက်နိုင်တယ်။

အဆင့်လွန်သိုင်းထိပ်သီးတွေကိုလည်း သုံးမျိူးအထိခွဲနိုင်တယ်။ အတွင်းအားပမာဏပြည့်မှီပေမယ့် သိုင်းပညာဖြစ်ဖြစ်မြောက်မြောက်မရှိဘဲ ပါရမီနည်းပါးတဲ့လူတွေပေါ့။

ဒီလူတွေက တိုက်ပွဲစွမ်းအားလည်းသိပ်မရှိဘဲ သာမန်အဆင့်လွန်ထိပ်သီးလို့ပဲပြောနိုင်တယ်။ အခြေခံကောင်းတဲ့ထိပ်တန်းသိုင်းသမားတစ်ချို့တောင်သူတို့ကိုယှဉ်တိုက်နိုင်တယ်။

ဒုတိယတစ်မျိုးက ထိပ်တန်းသိုင်းပညာတစ်မျိုးမျိုးကိုကျွမ်းကျင်အဆင့်ထိရောက်ရှိထားပြီး အတွင်းအားလည်း အတော်အသင့်ကောင်းတဲ့လူမျိူးပဲ။ ရှောင်လင်က ‌ကျားနဂါးဆရာတော်တွေလိုပေါ့။ သူတို့ကိုအစွမ်းထက်တဲ့အဆင့်လွန်ထိပ်သီးလို့ခေါ်တယ်...”

ထိုနေရာအရောက်တွင် အဖိုးအိုဟွမ်ကသူ၏စကားကိုရပ်လိုက်ပြီး စန်းဟုန်းလျန်နှင့်ဆရာတော်ရွှမ်းနန်တို့ကိုကြည့်၍တစ်ချက်ပြုံးရင်းဆက်ပြောလိုက်သည်။

“ တတိယတစ်မျိူးကတော့ ထိပ်တန်းအဆင့်သိုင်းပညာတစ်မျိုးအထက်ကျွမ်းကျင်ပြီး အတွင်းအားကလည်းလုံလုံလောက်လောက်ပြည့်ဝတဲ့လူမျိုးပဲ။

သူတို့က သာမန်သိုင်းထိပ်သီးတွေကိုလွယ်လွယ်ကူကူသတ်ဖြတ်နိုင်ပြီး ကြောက်စရာကောင်းတဲ့သိုင်းထိပ်သီးတွေလို့ပြောလို့ရတယ်။ သူတို့က သိုင်းဝိဇ္ဇာအဆင့်ကိုရောက်ဖို့အလားအလာရှိတဲ့လူတွေပဲ။

လက်ရှိသိုင်းလောကထဲမှာတောင် ဒီလိုလူမျိုး လက်ဆယ်ချောင်းလောက်ပဲရှိမယ်။ မင်းဦးလေးစန်းနဲ့ ‌ရွှမ်းနန်ကိုယ်တော်တို့ရဲ့အဆင့်ပေါ့...”

သူ့ကိုရည်ရွယ်၍ပြောလိုက်သည့် အဖိုးအိုဟွမ်၏စကားကြောင့် ရှောင်ယောင်လည်း စန်းဟုန်းလျန်နှင့် ဆရာတော်ရွှမ်းနန်တို့ကိုအံ့ဩသည့်ဟန်ဖြင့်ကြည့်လိုက်သည်။

စန်းဟုန်းလျန်၏သိုင်းပညာကိုသူတွေ့ဖူးသော်လည်း ဆရာတော်ရွှမ်းနန်ကိုထိုမျှသိုင်းပညာမြင့်မားမည်ဟုတွေးမထားမိပေ။

အဖိုးအိုဟွမ်က လေးနက်သည့်မျက်နှာဖြင့်ဆက်ပြောလိုက်သည်။

“ သိုင်းဝိဇ္ဇာအဆင့်ကတော့ ရောက်ဖို့အခက်ဆုံးလို့ပြောလို့ရတယ်။ လက်ရှိသိုင်းလောကထဲမှာ အဆင့်လွန်ထိပ်သီးနှစ်ရာကျော်သုံးရာလောက်ရှိနိုင်ပေမယ့် သိုင်းဝိဇ္ဇာအယောက်နှစ်ဆယ်တောင်မပြည့်တာကိုသာကြည့်တော့။

သိုင်းဝိဇ္ဇာအဆင့်ကိုရောက်ဖို့က အတွင်းအားအနည်းဆုံးအနှစ်ခြောက်ဆယ်အထက်ရှိရမယ့်အပြင် သိုင်းကွက်တွေကို သဘောပေါက်နားလည်နိုင်စွမ်းရှိရမယ်။ ပြီးတော့သိုင်းကွက်အသေအရှင်သဘောတရားဆိုတဲ့သဘောတရားတစ်ခုကိုလည်းနားလည်ရဦးမယ်...”

ယခုတစ်ကြိမ်တွင် အဖိုးအို၏စကားကြောင့် ရှောင်ယောင်လည်းစိတ်ရှုပ်ထွေးသွားပြီးပြန်မေးလိုက်သည်

“ သိုင်းကွက်တွေမှာ အသေအရှင်ဆိုတာ ရှိသေးရဲ့လားအဖိုးဟွမ်...”

ရှောင်ယောင်၏မေးခွန်းကိုအဖိုးအိုကသဘောကျစွာရယ်မောရင်းပြန်ဖြေလိုက်သည်။

“ သိပ်ပြီးရှိတာပေါ့..လက်နက်ကအသေ သိုင်းကွက်ကအရှင်ဆိုတာ သိုင်းကွက်အသေအရှင်သဘောတရားကိုဆိုလိုချင်တာပဲ မင်းကိုလက်တွေ့ပြရင် ...ဟေ့ ရွှမ်းနန်ကိုယ်တော် ငါ့ရဲ့လက်ဝါးကိုခုခံစမ်း...”

အဖိုးအို၏ဟွမ်က ရှောင်ယောင်ကိုရှင်းပြနေရာမှ ဆရာတော်ရွှမ်းနန်ကိုကိုသတိပေးစကားဆို၍လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။

အဖိုးအိုဟွမ်၏သတိပေးမှုကိုရရှိခဲ့သည့်အပြင် သူကိုယ်တိုင်ကလည်းခေတ်သူမဟုတ်ရာ ဆရာတော်ရွှမ်းနန်လည်း သူ၏လက်ဝါးကိုမြောက်၍အဖိုးအို၏လက်ဝါးချက်ကိုကာကွယ်လိုက်သည်။

သို့သော် ဆရာတော်ရွှမ်းနန်၏လက်ဝါးနှင့်ထိခါနီးတွင် ရင်ဝသို့ဝင်ရောက်လာသည့်အဖိုးအို၏လက်ဝါးက ရုတ်တရက်လမ်းကြောင်းပြောင်းသွားပြီး နဖူးဆီသို့တိူးဝင်လာရာ ဆရာတော်ရွှမ်းနန်လည်း အလျှင်အမြန်ရှောင်တိမ်းလိုက်ရသည်။

အဖိုးအိုဟွမ်၏ပထမလက်ဝါးချက်ကိုလွတ်မြောက်အောင်ရှောင်တိမ်းနိုင်ခဲ့သော်လည်း နောက်ထပ်တိုက်ကွက်များဝင်ရောက်လာရာ ဆရာတော်ရွှမ်းနန်လည်းမနေနိုင်ဘဲ လက်ဝါးသိုင်းတစ်ခုကိုအသုံးပြုကာ အစွမ်းကုန်ကာကွယ်နေရသည်။

ထိုအချိန်တွင် ဘေးဘက်တွင်ရှောင်ယောင်၊ အဖိုးစုနှင့်စန်းဟုန်းလျန်တို့ကတိုက်ပွဲကိုအသေအချာကြည့်ရှုနေကြပြီး ရှောင်ယောင်မှလွဲ၍ ကျန်နှစ်ယောက်က တိုက်ပွဲ၏ပညာသားပါမှုကိုသိရှိကြပေသည်။

“ ဆရာတော်ရွှမ်းနန်ရဲ့သိုင်းပညာက ငါ့ထက်တောင်သာလွန်နေတာပါလား... ငါသာဆိုရင် သူ့လိုခုခံဖို့မလွယ်ဘူး “

စန်းဟုန်းလျန်လည်း အဖိုးအိုဟွမ်၏တိုက်ကွက်များအောက်တွင်ပိတ်မိနေသည့်တိုင် ကောင်းစွာခုခံနိုင်သေးသည့ဆရာတော်ရွှမ်းနန်ကိုကြိတ်၍ချီးကျူးလိုက်မိသည်။

ထိုင်ရာမထဘဲတိုက်ခိုက်‌နေကြသည့် သူတို့နှစ်ဦး၏လှုပ်ရှားမှုများကအတွင်းအားတစ်စက်မှမပါသောလည်းလွန်စွာမြန်ဆန်နေပြီးလက်ရိပ်များက ရာနှင့်ချီ၍ထွက်ပေါ်နေသည်။

သို့သော် နောက်ထပ်သိုင်းဆယ်ကွက်မပြည့်မီ အဖိုးအို၏လက်ဝါးကဆရာတော်ရွှမ်းနန်၏ဘယ်ပခုံးကိုပုတ်လိုက်မိပြီး သူတို့၏တိုက်ကွက်များကတစ်ပြိုင်နက်ရပ်တန့်သွားကြသည်။

“ ဒီဘုန်းကြီးက ရှုံးနိမ့်သွားပါပြီ...”

ဆရာတော်ရွှမ်းနန်က ရှုပ်ထွေးသည့်မျက်နှာထားဖြင့်အနည်းငယ်တွေဝေနေသော်လည်း လက်အုပ်ချီကာ အရှုံးကိုဝန်ခံလိုက်သည်။

“ မဆိုးပါဘူး ရုတ်တရက်တိုက်ခိုက်ခံရတာတောင် ကိုယ်တော်က မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်ခဲ့တာပဲ။။

ကျုပ်ထင်တာမမှားရင် ကျုပ်ရဲ့တိုက်ကွက်တွေကိုကာကွယ်သွားတာက ရှောင်လင်လျှို့ဝှက်သိုင်းခုနစ်ဆယ့်နှစ်မျိုးထဲက ပန်းခူးလက်သိုင်းမဟုတ်လား ။

တစ်ဖက်လူရဲ့သွေးကြောကွက်တွေကိုအဓိကထားတိုက်ခိုက်ရပြီးတော့ ရှုပ်ထွေးလျှင်မြန်တဲ့အပြင် အကွက်ပြောင်းတွေလည်းအများကြီးပါသေးတယ်။

အနီးကပ်တိုက်ပွဲတွေမှာ တကယ်သင့်လျော်တဲ့သိုင်းပညာပဲ..”

အဖိုးအိုဟွမ်၏စကားကို ဆရာတော်ရွှမ်းနန်ကခေါင်းညိမ့်ပြလိုက်ပြီး တည်ငြိမ်သည့်လေသံဖြင့် မေးလိုက်သည်။

“ ဒါပေမယ့် ဆရာကြီးဟွမ်ကလည်းအတွင်းအားမပါဘဲယှဉ်ပြိုင်ခဲ့တာလေ။ တကယ်လို့ ဆရာကြီးဟွမ်သာ ကျုပ်နဲ့အဆင့်တူအတွင်းအားကိုသုံးရင် အခုလောက်အထိတိုက်ခိုက်စရာမလိုဘဲ သိုင်းငါးကွက်အတွင်းမှာတင်ကျုပ်ရှုံးနိမ့်သွားမယ်...”

ဆရာတော်ရွှမ်းနန်၏စကားမှာအမှန်ပင်ဖြစ်ပြီး ယခုယှဉ်ပြိုင်မှုက အတွင်းအားမပါဘဲသိုင်းကွက်သီးသန့်ဖြစ်၍ ဆယိကွက်ကျော်အထိရောက်ရှိခဲ့ခြင်းဖြစ်သည်။

အကယ်၍ အဖိုးအိုဟွမ်သာ သူနှင့်အဆင့်တူအတွင်းအားကိုအသုံးပြုပါက သိုင်းငါးကွက်အတွင်းကျိန်းသပေါက်ရှုံးနိမ့်သွားပေမည်။

သိုင်းပညာတစ်ခုလုံးအသုံးပြုရာတွင်အတွင်းအားက အခရာကျပြီး ထည့်သွင်းသည့်အတွင်းအားပမာဏကိုလိုက်၍ သိုင်းကွက်၏လျှင်မြန်မှု ၊ပြင်းထန်နှင့်နှင့် စွမ်းရည်တို့ကသိသိသာသာကွာခြားသွားပေသည်။

ထို့ကြောင့်လည်းသိုင်းဝိဇ္ဇာတစ်ယောက်၏လက်ထဲတွင် သာမန်အခြေခံသိုင်းတစ်ကွက်ကလွန်စွာကြောက်မက်ဖွယ်ကောင်းနေမည်ဖြစ်သလို အဆင့်နိမ့်သိုင်းသမားတစ်ယောက်၏လက်ထဲတွင် ထိပ်တန်းအဆင့်သိုင်းပညာများပင်အသုံးကျမည်မဟုတ်ပေ။

ကိုယ့်ကိုယ်ကို နှိမ့်ချမှုရှိကာအမှားကိုသိမြင်သည့်ဆရာတော်ရွှမ်းနန်ကို သဘောကျမိသွားသော်လည်း အဖိုးအိုဟွမ်က ရှောင်ယောင်ကိုကြည့်ကာသူ၏စကားကိုဆက်လိုက်သည်။

“ တွေ့လားကောင်လေး အခုငါတို့သရုပ်ပြသွားတာ သိုင်းကွက်အသေအရှင်သဘောတရားကိုနားလည်တဲ့လူနဲ့နားမလည်တဲ့လူကြားကကွာခြားချက်ပဲ ။

အခုငါက သိုင်းကွက်အသေအရှင်သဘောတရားတစ်ခုကိုပဲအသုံးပြုထားပြီးတော့ ဘာသိုင်းကွက်ကိုမှမယ်မယ်ရရမသူံးတာတောင် ထိပ်တန်းသိုင်းပညာတစ်ခုကိုသုံးနေတဲ့ရွှမ်းနန်ကိုယ်တော်ကိုလွယ်လွယ်ကူကူအနိုင်ယူနိုင်တယ်။

ဒါက အဆင့်လွန်ထိပ်သီးအဆင့်နဲ့သိုင်းဝိဇ္ဇာအဆင့်တွေရဲ့ကြားက အဓိကကွာခြားချက်ပဲ...”

အဖိုးအိုဟွမ်၏စကားကို ဆရာတော်ရွှမ်းနန်နှင့်စန်းဟုန်းလျန်တို့ပင်လေးနက်သည့်အမူအယာဖြင့်ခေါင်းညိမ့်လိုက်ကြသော်လည်း ရှောင်ယောင်က မျက်မှောင်ကြုတ်၍အနည်းငယ်စဉ်းစားကာ ပြန်မေးလိုက်သည်။

“ အခု ကျနော်မြင်ရသလောက်ကတော့ အဖိုးဟွမ်ပြောတဲ့ သိုင်းကွက်အသေအရှင်သဘောတရားဆိုတာ ထိမ်းချုပ်မှုကိုဆိုလိုတာပဲ။

တည်နေရာတစ်ခုကိုတိုက်ခိုက်ပြီး ချက်ခြင်းပြောင်းလဲနိုင်တာက နေရာတစ်ခုကိုဦးတည်ပြီးတဲ့ သိုင်းတစ်ကွက်ရဲ့အရှိန်ကိုအကောင်းဆုံးထိမ်းချုပ်နိုင်လိုက်တာပဲ။

သိုင်းကွက်ရဲ့ ပထမဦးတည်ရာကိုမရောက်ခင် တိခနဲရပ်ပြီး နောက်ထပ်ဦးတည်ရာတစ်ခုကိုထပ်ပြီးတိုက်ခိုက်နိုင်တာ။

ရန်သူကကိုယ်ပထမတိုက်ခိုက်တဲ့နေရာကိုပဲအာရုံစိုက်နေတော့နောက်ထပ်ပြောင်းလဲတိုက်ခိုက်တဲ့နေရာကိုမကာကွယ်နိုင်တော့ဘူးပေါ့ ။ ဒါကြောင့်လည်း သိုင်းကွက်အသေအရှင်သဘောတရားဆိုတာကြောက်စရာကောင်းနေတာ။

ဒါပေမယ့်အခုလို တည်နေရာရွှေ့ပြောင်းတိုက်ခိုက်နိုင်တာက ဘယ်နှစ်ကြိမ်လောက်အထိထိမ်းချုပ်နိုင်တာလဲ။

ကိုယ်က နေရာစုံကိူအလိုရှိသလိုရွေ့ပြောင်းတိုက်ခိုက်နိုင်ရင် ပြိုင်ဘက်ကလုံးဝခုခံလို့မရဘဲဖြစ်မသွားဘူးလား။

ပြောရရင် အားအရှိန်ကိုကိုယ်အလိုရှိသလိုထိမ်းချုပ်နိုင်တဲ့အဆင့်ထိရောက်ရင် ဘယ်လိုသိုင်းပညာမျိုးကိုမှလေ့ကျင့်စရာမလိုဘဲပြိုင်ဘက်ကိုအနိုင်မယူနိုင်ဘူးလား...”

ရှောင်ယောင်၏ အဆက်မပြက်မေးခွန်းများအဆုံး၌ စန်းဟုန်းလျန်နှင့်ဆရာတော်ရွှမ်းနန်တိုါသမျက်လုံးများပြူးကျယ်သွားရုံသာမက အဖိူးစုနှင့်အဖိုးအိုဟွမ်တို့လည်း တစ်ယောက်မျက်နှာတစ်ယောက်အလန့်တကြားကြည့်လိုက်မိကြ၏။

ယခုမေးခွန်းများက ဝါရင့်သိုင်းသမားတစ်ယောက်ထံမှထွက်‌ပေါ်လာလျှင်ပင်သူတို့ယခုလောက်အံ့ဩမိမည်မဟုတ်သော်လည်း သိုင်းပညာကိုပင်နကန်းတစ်လုံးမှမသိသေးသည့် ဆယ်နှစ်ကလေးတစ်ယောက်မေးလာသည်ဖြစ်ရာ သူတို့မအံ့ဩဘဲမနေနိုင်ကြတော့ပေ။

All Chapters