← Chapters

ကျီးကန်းတပ်ကြီး စုဝေးခြင်း။

Vol. 5 Ch. 59

ကျီးကန်းတပ်ကြီး စုဝေးခြင်း။

Vol. 5 Ch. 59

ကိုယ်ပေါ်ရှိ ငှက်ချေးနံ့များကို ဆေးချလိုက်ပြီးနောက် ရဲရှင်းဟွေ့သည် အခန်းထဲမှ ထွက်လာခဲ့၏။

သူ ထွက်လာတာနှင့် ညာလိုင်းက သူ့ပခုံးပေါ်ကို ပျံတက်လာခဲ့သည်။ ဘယ်လိုင်းကတော့ သူ၏ ညီအစ်ကိုများအား စုဝေးဖို့ရန် ပန်းခြံသို့ ပြန်သွားလေပြီ။

"ရဲရဲ့ ညီဖြစ်သူရဲ့ ငှက်က တော်တော်ဉာဏ်ကောင်းတာပဲ"

ဤမြင်ကွင်းကို မြင်ပြီး ‌ချွေ့ယာကျဲက ပြုံး၍ ပြောလိုက်သည်။

ချွေ့ယာကျဲ၏ စကားကို ကြားပြီးသည့်နောက် ရဲရှင်းဟွေ့သည် 'ဉာဏ်ကောင်းတာ မကောင်းတာ အရေးမကြီးဘူး။ အရေးအကြီးဆုံးကတော့ အကြမ်းခံမှုနဲ့ အရွယ်အစားပဲ' ဟု စိတ်ထဲကနေ တွေးလိုက်၏။

ရဲရှင်းဟွေ့သည် ချွေ့ယာကျဲနှင့် ဖန်လုံတို့ဘက်သို့ အာရုံစိုက်ကာ မေးမြန်းလိုက်သည်။

"ဒါနဲ့ ခင်ဗျားတို့က ကျွန်တော့်အိမ်မှာ ဘာလုပ်နေတာလဲ"

ရဲရှင်းဟွေ့၏ မေးခွန်းကို ကြားသောအခါ ဖန်လုံသည် ထရပ်လာ၍ ပြန်ဖြေလာ၏။

"ရဲရှင်းချန်က မြန်မာပြည်ကို ကျောက်စိမ်းတွေ ဝယ်ဖို့ သွားမယ်လို့ ပြောတယ်။ ရဲရှင်းချန် မလိမ်ညာခံရအောင် ကျွန်တော့်သမီးကြီးနဲ့ ကျွန်တော်ပါ လိုက်ဖို့ စီစဉ်ထားတာပါ"

ဖန်လုံ ပြောပြီးသည်နှင့် ချွေ့ယာကျဲက ဆက်လက်ပြောလာခဲ့သည်။

"ကျွန်မတို့မိသားစုကလည်း ကျောက်စိမ်းလုပ်ငန်း လုပ်တာဖြစ်တဲ့အတွက် လတ်တလောလတွေအတွင်း ကျောက်အကြမ်းတုံးတွေရဲ့ အရည်အသွေး ဘယ်လိုရှိလဲဆိုတာ သွားကြည့်လို့ရတာပေါ့"

"ဪ"

ရဲရှင်းဟွေ့သည် ဇာတ်လမ်းက ဘယ်လိုဆက်ဖြစ်မလဲဆိုတာ တွေးစပြုလာသည်။

ပထမဇာတ်ကွက်မှာ ချွေ့ယာကျဲက သူကိုယ်တိုင် သူ့အစ်ကိုကို ကျောက်စိမ်းဝယ်ဖို့ ခေါ်သွားတဲ့အချိန် ချွေ့မိသားစုရဲ့ ပြိုင်ဘက်တွေက အခက်တွေ့အောင် လုပ်တော့ သူ့အစ်ကိုက ရိုက်ပါလေရော။

ဒုတိယဇာတ်ကွက်မှာတော့ လူအနည်းငယ် ကျောက်စိမ်းဝယ်ဖို့ သွားတုန်း ချွေ့ယာကျဲရဲ့ ချမ်းသာတဲ့ (အစိုးရမိသားစု) ဒုတိယမျိုးဆက် ကြင်ယာတော်နဲ့ ဆုံသွားလေသည်။

ချွေ့ယာကျဲက ထိုလူကို လျစ်လျူရှုလိုက်တဲ့အခါ ချမ်းသာတဲ့ ဒုတိယမျိုးဆက်က သူ့အပေါ် စိတ်ဝင်စားမှုပိုနေတဲ့ သူ့အစ်ကိုအပေါ် မုန်းတီးမှုတွေ အားလုံးကို ထားလိုက်သည်။

သံသယမဝင်ပါနဲ့။ ဒီလူက ဒီလိုမုန်းတီးမှုတွေကို ဆွဲဆောင်နိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာရှိတယ်လေ။

သူ့အနားမှာ အမျိုးသမီးတစ်ဦးရှိနေသရွေ့၊ အမျိုးသမီးမှာ အားကောင်းတဲ့ ချစ်သူရှိနေသရွေ့၊ အဲ့ဒီချစ်သူက ဒီလူ့အပေါ် မုန်းတီးမှုတွေအားလုံးကို ပထမဆုံးအကြိမ်မှာပဲ သေချာပေါက် ပုံချလိမ့်မယ်။ နောက်ဆုံးမှာတော့ အရှက်ရသွားလိမ့်မယ်။

ရဲရှင်းဟွေ့တစ်ယောက် နောက်ဘာတွေ ဆက်ဖြစ်မလဲ တွေးနေတုန်း ဧည့်ခန်းဘေးရှိ မှန်က တဒုန်းဒုန်းမြည်လာသည်။

လှည့်ကြည့်လိုက်သည့်အခါ ကျီးကန်းတစ်ကောင်က သူ့ရဲ့နှုတ်သီးနှင့် မှန်ကို ထိုးဆိတ်နေတာကို တွေ့လိုက်ရ၏။

ထိုကျီးကန်းရဲ့ ဘယ်ဘက်ခြေထောက်ကို ရော်ဘာကြိုးတစ်ချောင်းနဲ့ ချည်ထားတာတွေ့ရပြီး ဒါဟာ ကျန်တဲ့ကျီးကန်းတွေကို ခေါ်ဖို့အတွက် ဘယ်လိုင်းဖြစ်နေတာက သိသာထင်ရှားနေသည်။

ကျီးကန်းကို မြင်ပြီးနောက် ရဲရှင်းဟွေ့သည် ခေါင်မိုးထပ်ဘက်သို့ လျှောက်သွားလိုက်သည်။

ထိုအချိန် ခေါင်မိုးထပ်တစ်ခုလုံး ကျီးကန်းတွေနှင့် ပြည့်နှက်နေခဲ့ပြီး အများစုကတော့ အုပ်လိုက်အုပ်လိုက် နားနေခဲ့ကြသည်။

"ဘယ်လိုင်းက ပြောတယ် သူ့နောက်လိုက်ရင် အစားကောင်း အသောက်ကောင်းတွေ စားရမယ်၊ ဆောင်းရာသီမှာ အစာငတ်တာ၊ အေးလို့ သေတာမျိုး ဖြစ်မှာမဟုတ်ဘူးတဲ့။အဲဒါအမှန်လား"

"ဘယ်လိုင်းလား အဲ့ဒီကောင်က ဘယ်သူလဲ"

"အဲ့ဒါ ငါတို့ကို ဒီကို ခေါ်လာတဲ့ကောင်လေ။ လူတွေက သူ့ကို ဘယ်လိုင်းလို့ နာမည်ပေးထားတယ်လို့ သူပြောတယ်"

"ဪ နာမည်က ကြောက်စရာကြီးပါလား"

သူ့ကိုယ်သူ နာမည်ပေးထားသော ကျီးကန်းက မကျေမနပ်ပြောနေသည်ကို ကြားတော့ ရဲရှင်းဟွေ့သည် ပြေးသွားပြီး ဖမ်းဆုပ်၍ အသံချဲ့စက်လို့တောင် နာမည်ပေးချင်သွားသည်။

ရဲရှင်းဟွေ့ ခေါင်မိုးထပ်ကို ရောက်သည်နှင့် ကျီးကန်းအများအပြားက သူ့ပခုံးပေါ်မှာ ရပ်နေတဲ့ ညာလိုင်းကို အာရုံစိုက်လာခဲ့ကြ၏။

"အစ်ကိုကြီး"

ဘယ်လိုင်းက ရဲရှင်းဟွေ့၏ ပခုံးပေါ်သို့ ပျံတက်လာပြီး နှုတ်ဆက်လိုက်သည်။

"ကျေးဇူးတင်ပါတယ်၊ ခင်ဗျားရဲ့တာဝန်ကို ပြီးမြောက်အောင် လုပ်ပေးခဲ့တယ်နော်။ စုစုပေါင်း ကျီးကန်း ၁၂၈ ကောင်က ကျွန်တော့်နောက်ကို လိုက်လာတယ်"

"၁၂၈ကောင်လား မဆိုးပါဘူး"

ဒီ ၁၂၈ ကောင်သော ကျီးကန်းတွေဟာ ပန်းခြံထဲရှိ နက်ရှိုင်းတဲ့တောအုပ်ထဲက ကျီးကန်းတွေထက် အများကြီး သေးငယ်ပေမဲ့ သူတို့ အစားအစာ လိုအပ်နေတာကို ရဲရှင်းဟွေ့သိထားသည်ပင်။

သူတို့တွေက အစာအလုံအလောက်ရှိပြီး အချိန်အတန်ကြာ မွေးမြူထားမယ်ဆိုရင်တော့ သန်မာတဲ့ ကျီးကန်းတွေ ဖြစ်လာလိမ့်မယ်လို့ ရဲရှင်းဟွေ့က ယုံကြည်ထား၏။

.......

ဤအချိန်မှာပင် စိတ်ဝင်စားမှုတစ်ချို့ရှိနေတဲ့ ချွေ့ယာကျဲနှင့် ဖန်လုံတို့ကလည်း ခေါင်မိုးထပ်သို့ ရောက်လာခဲ့ကြသည်။

သူတို့သည် ကျီးကန်းအုပ်ကြီးကို မြင်တော့ အံ့အားသင့်သွားကြ၏။

ချွေ့ယာကျဲက သူ့နောက်ရှိ ရဲရှင်းချန်ကို ကြည့်၍ မေးလာသည်။

"ရဲရှင်းချန်၊ ဒါတွေအားလုံးကို ရှင့်ညီက မွေးထားတာလား"

ဤသည်ကို ကြားတော့ ရဲရှင်းချန်သည် မဖြေသေးဘဲ ရဲရှင်းဟွေ့တစ်ယောက် ကျီးကန်းတွေနဲ့ စကားပြောနေသည်ကိုသာ ကြည့်နေခဲ့၏။

"စိတ်ဝိညာဉ်စိုက်ပျိုးတာက ရဲရှင်းဟွေ့အတွက် အသင့်တော်ဆုံးပဲလို့ ထင်ပါတယ်"

ရဲရှင်းချန်က လျှို့ဝှက်စွာ ခေါင်းညိတ်လိုက်သည်။

.......

"လူသား၊ မင်း ငါတို့အတွက် အစားအစာတွေ တကယ်ပဲ ပေးမှာလား"

ရဲရှင်းဟွေ့၏ နာမည်ပေးသည့် အရည်အချင်းအား ‌မကြာသေးခင်က မကျေမနပ်ပြောခဲ့သည့် ကျီးကန်းက သူ့ကို ကြည့်ပြီး မေးလာခဲ့သည်။

"ဟုတ်တယ်"

ရဲရှင်းဟွေ့က ခေါင်းညိတ်ပြီး ပြောလိုက်၏။

"အစားအသောက်တွေ သေချာပေါက် ပေးမှာပါ။ မင်းတို့ရဲ့ လိုအပ်ချက်တွေအတိုင်း ပေးမယ်။ မင်းတို့ အသားစားချင်ရင် အသားပေးမယ်။ အသီးအနှံ ဒါမှမဟုတ် အစေ့အဆန် စားချင်ရင် အသီးအနှံနဲ့ အစေ့အဆန်တွေ ပေးမယ်။ ဒါပေမယ့်... ဒါတွေကို ရဖို့အတွက် ငါ့အတွက်လည်း မင်းတို့ အလုပ်လုပ်ပေးရမယ်"

ရဲရှင်းဟွေ့၏ အတည်ပြုသော အဖြေကို ကြားပြီးနောက် နေရာတွင်ရှိသည့် ကျီးကန်းများအားလုံး စိတ်လှုပ်ရှားလာကြသည်။

ကျီးကန်းများစွာက သူတို့ဘာစားချင်လဲဆိုတာကိုပင် စတင်အော်ဟစ်ကြ၏။

"အသားစားချင်တယ်... အမဲသားဆို ပိုကောင်းတာပေါ့။ ငါ့ဘဝမှာ အမဲသားကို တစ်ခါမှ မစားဖူးဘူး"

"အသီးစားချင်တယ်။ ဘာကြောင့်လဲတော့ မသိဘူး၊ ငါ အသီးပဲ စားချင်တယ်"

"ပိုးကောင်တွေ ငါ ပိုးကောင်တွေ စားချင်တယ်။ ဆောင်းရာသီမှာ ပိုးကောင်တွေ စားလို့ရမယ်ဆိုရင် ဒါဟာ အပျော်ရဆုံး အရာဖြစ်မှာ သေချာတယ်"

.......

ရဲရှင်းဟွေ့သည် သူ့ရှေ့မှ ကျီးကန်းများစွာ အော်ဟစ်နေသည်ကို တွေ့ရသော်လည်း မတားမြစ်ခဲ့ပေ။

မိနစ်အနည်းငယ်ကြာပြီးနောက် ရဲရှင်းဟွေ့က လက်ခုပ်တီးကာ အခြေအနေကို ငြိမ်သက်စေလိုက်သည်။

"စိတ်မပူပါနဲ့၊ ခင်ဗျားတို့ ဘာပဲစားချင်စားချင် ရတယ်၊ အလုပ်သာ ကြိုးစားလုပ်ကြ"

"ခင်ဗျားတို့ရဲ့ အလုပ်က တကယ်တော့ အရမ်းရိုးရှင်းပါတယ်။ ကျင့်တုရပ်ကွက်ကနေ ကူယန်အလယ်တန်းကျောင်းကို ပုံမှန်ပျံသန်းပြီး သံသယရှိတဲ့လူတွေကို မျက်ခြည်မပြတ် စောင့်ကြည့်ဖို့။ ပြီးတော့ ကျွန်တော့်ပတ်ဝန်းကျင်က လူတွေကိုလည်း စောင့်ကြည့်ဖို့ပဲ"

ဤကဲ့သို့ရိုးရှင်းသော အလုပ်တစ်ခုဆိုတာကို ကြားတော့ ကျီးကန်းများအားလုံးသည် သက်ပြင်းချလိုက်ကြသည်။

အဲဒီ့အလုပ်က ကျီးကန်းတွေအတွက် တကယ်ပဲ မခက်ခဲပါဘူး။

ပထမဆုံးအနေနဲ့ သူတို့က ကူယန်မြို့မှာ အလွန်အသုံးများတဲ့ ငှက်ဖြစ်တာကြောင့် လူတစ်ယောက်ကို ကျီးကန်းတစ်ကောင်က စိုက်ကြည့်နေရင်တောင် သူတို့ စိတ်ရှုပ်ထွေးနေမှာ မဟုတ်ဘူးလေ။

ပြီးတော့ ရဲရှင်းဟွေ့ ပေးအပ်ထားတဲ့ အလုပ်တွေမရှိရင်တောင် ကျီးကန်းတွေက အစာရှာဖို့အတွက် နေရာအမျိုးမျိုးကို အမြဲတမ်း ပျံသန်းနေကြတာပဲမဟုတ်လား။

.....

ကျီးကန်းတွေကို အလုပ်ခွဲပေးပြီးသည့်နောက် ရဲရှင်းဟွေ့က သူ၏ အနောက်ရှိ ဖန်လုံကို ကြည့်လိုက်သည်။

"ဖန်လုံ၊ ကျွန်တော့်ကို ကူညီပါဦး"

ဒီစကားကို ကြားတော့ ဖန်လုံက သူ၏ရှေ့တွင် ရပ်နေသည့် ရဲရှင်းချန်နဲ့ ချွေ့ယာကျဲကို အရင်ကြည့်လိုက်ပြီး လျင်မြန်စွာ ရှေ့သို့ တိုးလာကာ လက်ကိုဝှေ့ယမ်းလျက်

"ဖန်လုံဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်တော် မထိုက်တန်သေးပါဘူး။ ဘာအမိန့်ပေးချင်လဲ ပြောပါ"

"ဒါဆို ကျွန်တော် ရိုင်းရိုင်းစိုင်းစိုင်း မပြောတော့ဘူးနော်"

ရဲရှင်းဟွေ့က သူ့နောက်က ကျီးကန်းတွေကို လက်ညှိုးထိုးပြပြီး

"ကျွန်တော် မရှိတဲ့အချိန်မှာ သူတို့ကို အစာကျွေးဖို့ တစ်ယောက်ယောက်ကို ရှာပေးပါ။ အသား၊ အသီးအနှံ၊ ပိုးကောင်၊ အစေ့အဆန်၊ အားလုံးပဲ။ သူတို့ကို စားစရာလေးတွေ ပေးလိုက်ပါ"

ဖန်လုံသည် ခေါင်မိုးထပ်ပေါ်တွင် ရပ်နားနေကြသည့် တစ်ရာကျော်သော ကျီးကန်းများကို ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး

"စိတ်မပူပါနဲ့၊ ကျီးကန်းတွေရဲ့ အစားအစာနဲ့ သန့်ရှင်းရေးကို ဂရုစိုက်ဖို့ ကျွန်တော် တစ်ယောက်ယောက်ကို ထားလိုက်ပါ့မယ်"

"အော်... ဟုတ်သားပဲ"

ရဲရှင်းဟွေ့သည် သူ့အား ဂရုစိုက်ပေးဖို့ စောင့်နေကြသော ကြောင်အုပ်ကြီးကို ရုတ်တရက် သတိရသွားသည်။

ပြီးတော့ သူက ထပ်ပြောလာခဲ့၏။

"ခင်ဗျားရဲ့ ညီလေးကို ပြောပြီး နေ့တိုင်း ကြောင်စာ အိတ်ကြီးနှစ်အိတ် ဝယ်ပြီးတော့ ကျင့်တုရပ်ကွက်က ကျောက်ဆောင်နောက်က နံရံဘေးမှာ သွားထားခိုင်းပါ။ တစ်နေ့ကို တစ်ခါ သွားထားပေးပါ။ အဲ့ဒီမှာ ကြောင်စာတွေ ကုန်သွားရင် ထပ်ထားပေးလိုက်ပါ"

ရဲရှင်းဟွေ့က ဘာ့ကြောင့်များ ကြောင်စာတွေဝယ်ပြီး ပုံမှန်နေရာတစ်ခုမှာ ထားခိုင်းတယ်ဆိုတာ မသိရပေမဲ့ ဖန်လုံကတော့ သဘောတူလိုက်သည်။

......

ဖန်လုံက သူ့ညီကို ဆက်သွယ်နေတုန်း ချွေ့ယာကျဲ၏ ဖုန်းသံမြည်လာခဲ့၏။

ချွေ့ယာကျဲသည် ဖုန်းပြန်ဖြေကာ စကားအနည်းငယ်ပြောပြီးနောက် ရဲရှင်းချန်အား

"ရဲရှင်းချန် ကျွန်မတို့ ထွက်ဖို့ အချိန်ရောက်ပြီ"

ဤစကားကို ကြားတော့ ရဲရှင်းချန်သည် ခေါင်းညိတ်ပြီး ရဲရှင်းဟွေ့အား ပြောလိုက်၏။

"ရဲရှင်းဟွေ့၊ ဝက်ဝံကန်းကို ခေါ်ပြီး သွားရအောင်"

×××××××××

All Chapters