ဒီရှင်းပြလို့မရတဲ့ အမုန်းတရားက တားဆီးလို့မရနိုင်ဘူး။
Vol. 5 Ch. 61
မြန်မာနိုင်ငံ ကျောက်စိမ်းကုန်သွယ်ရေးဈေးကွက်၏ အဓိကနေရာ။
ဤနေရာသည် ကုန်သွယ်ရေးဈေးကွက်၏ အပြင်ဘက်ဧရိယာများလောက် လူမများလှပေ။
အဘယ်ကြောင့်ဆိုသော် ဤနေရာရှိ ကျောက်စိမ်းအရိုင်းတုံးများသည် အပြင်ဘက်ရှိ ကျောက်စိမ်းများထက် များစွာပို၍ ဈေးကြီးသောကြောင့် ဖြစ်သည်။
ဈေးကြီးသော်လည်း ကျောက်အောင်နိုင်ခြေမှာ အပြင်ဘက်နှင့် လုံးဝယှဉ်လို့မရပေ။
ရဲရှင်းချန်သည် အဓိကနေရာရှိ ကုန်သွယ်ရေးဈေးကွက်သို့ ရောက်လာပြီးနောက် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။
အကြောင်းမှာ သူသည် ဤနေရာတွင် ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်နေသော ကျောက်အရိုင်းတုံးများစွာကို တွေ့မြင်နေရသောကြောင့် ဖြစ်သည်။
ယခုအချိန်တွင် ရဲရှင်းချန်၏ မျက်လုံးများအား အနီးကပ်ကြည့်မည်ဆိုလျှင် သူ၏မျက်ဝန်းများထဲတွင် ခရမ်းရောင်အရိပ်အငွေ့များကို မြင်တွေ့နိုင်ပေသည်။
.......
ရဲရှင်းဟွေ့သည် ကုန်သွယ်ရေးဈေးကွက်၏ အဓိကနေရာသို့ ဝင်ရောက်လာသည့်အခါ ခန့်ညားထည်ဝါသော အဝတ်အစားများ ဝတ်ဆင်ထားပြီး ဖိတ်စာများ ကိုင်ဆောင်ထားသော လူများသည် အခြားဝင်ပေါက်တစ်ခုဆီသို့ ဦးတည်သွားနေကြသည်ကို တွေ့လိုက်ရသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ရဲရှင်းဟွေ့သည် ၎င်းဝင်ပေါက်အား လက်ညှိုးထိုးပြပြီး စပ်စုစွာ မေးမြန်းလိုက်၏။
"ဟေး ဟိုဘက်မှာ ဘာပွဲရှိလို့လဲ"
ထိုစကားကို ကြားသောအခါ ဖန်လုံက ခေါင်းခါလိုက်ပြီးနောက် ချွေ့ယာကျဲကို ကြည့်လိုက်သည်။
ချွေ့ယာကျဲကလည်း သူမ မသိကြောင်းပြသည့်အနေဖြင့် ခေါင်းခါပြလိုက်၏။
သူတို့နှစ်ယောက်လုံး မသိသည်ကို မြင်သောအခါ ရဲရှင်းဟွေ့သည် လူတစ်ယောက်အား ဆွဲခေါ်၍ မေးခဲ့လိုက်သည်။
"အစ်ကို ဟိုဘက်မှာ ဘာပွဲလုပ်နေတာလဲဗျ"
လမ်းသွားလမ်းလာတစ်ဦးမှာ ရဲရှင်းဟွေ့၏ ရုတ်တရက်ဆွဲခေါ်ခြင်းကိုခံလိုက်ရ၍ အနည်းငယ် မကျေမနပ်ဖြစ်သွားသော်လည်း အနောက်သို့လှည့်ကြည့်လိုက်သည့်အခါ ရဲရှင်းဟွေ့နှင့် သူ၏နောက်တွင်ရပ်နေသော အရပ်နှစ်မီတာကျော်ရှည်သည့် ဝက်ဝံကန်းလိုလူကို မြင်လိုက်ရသဖြင့် ထိုသူ၏သဘောထားမှာ ရုတ်တရက် ဖော်ရွေသွားခဲ့သည်။
"မင်း ဟိုဘက်ကို မေးတာလား။ အဲ့ဒါက ကျောက်စိမ်းအရိုင်းတုံး လေလံပွဲလေ။ အထဲဝင်ချင်ရင် ကျောက်စိမ်းဘုရင်ရဲ့ ဖိတ်စာရှိရမယ်၊ ဒါမှမဟုတ် ကိုယ်ပိုင်ပိုင်ဆိုင်မှု သန်း ၁၀ ကျော်တယ်ဆိုတာကို သက်သေပြနိုင်ရမယ်"
ရဲရှင်းဟွေ့သည် ထိုသူအား ကျေးဇူးတင်စကားပြောလိုက်ရာ ထိုသူကလည်း ယဉ်ကျေးစွာ ပြန်တုံ့ပြန်ပြီးမှ ထွက်သွားလေသည်။
"ငါတို့ လေလံပွဲကို သွားကြည့်ကြမလား"
ရဲရှင်းဟွေ့သည် သူ၏အစ်ကိုနှင့် ချွေ့ယာကျဲအား ကြည့်၍ မေးလိုက်သည်။
"ခဏစောင့်။ ငါ မျက်စိကျထားတဲ့ ကျောက်ကို အရင်ဝယ်လိုက်ဦးမယ်"
စကားပြောနေရင်းပင် ရဲရှင်းချန်သည် ဆိုင်တစ်ဆိုင်ဆီသို့ လျှောက်သွား၍ လက်တစ်ဆုပ်စာခန့်မျှရှိသော ကျောက်အရိုင်းတုံးတစ်တုံးကို ရွေးလိုက်၏။
သူသည် "ဒါ ဘယ်လောက်လဲ" ဟု မေးမြန်းလိုက်သည်။
"တစ်သန်း အဲဒါနောက်ဆုံးဈေးပဲ"
ဆိုင်ရှင်သည် ခေါင်းပင်မဖော်ဘဲ ပြန်လည်ဖြေလာခဲ့သည်။
နောက်တွင် ရပ်နေသော ရဲရှင်းဟွေ့မှာ ၎င်းမြင်ကွင်းကိုမြင်ပြီး စိတ်ထဲမှ 'သောက်ကျိုးနည်း အဓိကနေရာက ဆိုင်ရှင်တွေကတော့ တကယ်မောက်မာတာပဲ' ဟု တွေးလိုက်သည်။
ရဲရှင်းချန်ကတော့ ဆိုင်ရှင် မောက်မာသည်ဖြစ်စေ မမောက်မာသည်ဖြစ်စေ ဂရုမစိုက်နေဘဲ ကတ်ဖြင့် ပိုက်ဆံရှင်းလိုက်၏။
ထိုနေရာတွင် ဝယ်ယူပြီးနောက် သူသည် အခြားဆိုင်တစ်ဆိုင်သို့ ဆက်သွားပြန်သည်။
ဤသို့ဖြင့် ဆိုင်ပေါင်းများစွာကို ဖြတ်သန်းပြီးနောက် ဖန်လုံတွန်းနေသော လက်တွန်းလှည်းလေးထဲတွင် ကျောက်အရိုင်းတုံးများဖြင့် ပြည့်နှက်သွားလေပြီ။
သူတို့ နောက်ထပ်ဆိုင်တစ်ဆိုင်သို့ လျှောက်လှမ်းနေစဉ်မှာပင် ခန့်ညားသော အမျိုးသားတစ်ဦးသည် သူတို့ဆီသို့ ဦးတည်လျှောက်လှမ်းလာခဲ့သည်။
ထိုအမျိုးသားမှာ အသက်၂၆၊ ၂၇နှစ်ခန့်ရှိ၍ သပ်ရပ်သော ဝတ်စုံ၊ အနက်ရောင် သားရေဖိနပ်တို့ကို သပ်ရပ်စွာဝတ်ဆင်ထားကာ ဆံပင်ကိုလည်း သေသပ်စွာ ဖီးလိမ်းထားသည်။
၎င်းအမျိုးသား၏ နောက်တွင်မူ ကျုံးရှန်းဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လိုက်ပါလာခဲ့၏။
ချွေ့ယာကျဲသည် ထိုအမျိုးသားကို မြင်တွေ့လိုက်ရသောအခါ သူ၏မျက်နှာမှာ အနည်းငယ် မသာမယာဖြစ်သွားခဲ့သည်။
"ယာကျဲ၊ မင်းလည်း ကျောက်အရိုင်းတုံးတွေ လာကြည့်တာလား"
ထိုအမျိုးသားသည် ရှေ့သို့တိုးလာပြီး ချွေ့ယာကျဲအား နှုတ်ဆက်လိုက်သည်။
ချွေ့ယာကျဲဘေးတွင် ရပ်နေသော ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်ကိုမူ ထိုလူသည် လှည့်၍ပင်မကြည့်ပေ။
"သခင်လေး စု ပါလား"
ချွေ့ယာကျဲသည် ခပ်တန်းတန်းသဘောဖြင့် နှုတ်ဆက်လိုက်ပြီးနောက် ပြောလိုက်သည်။
"သခင်လေး စု က ဒီကိုလာပြီး ကစားဖို့ အားလပ်ချိန်နဲ့ စိတ်ကူးတွေ ရှိနေတာလား"
ချွေ့ယာကျဲမှ သခင်လေး စု ဟုခေါ်သော ထိုအမျိုးသား၏ နာမည်အပြည့်အစုံမှာ စုဟုန် ဖြစ်၍ ရန်ကျင်းမြို့ရှိ စုမိသားစု၏ သားအကြီးဆုံး ဖြစ်သည်။ ထို့အတူပင် စုဟုန်သည် ရဲရှင်းဟွေ့၏ မိခင်ဖြစ်သူ စုစီ၏ တူတော်စပ်သူလည်းဖြစ်၏။
"ဟားဟားဟား ကျွန်တော်တို့ စုမိသားစု အဘိုးရဲ့ မွေးနေ့က နီးနေပြီ မဟုတ်လား။ ဒါကြောင့် အဘိုးကို မွေးနေ့လက်ဆောင်ပေးဖို့ ကျောက်စိမ်းကောင်းကောင်းတစ်တုံးလောက် လာရွေးတာပါ"
"ပြောရရင် ကျွန်တော့်အဘိုးရဲ့ မွေးနေ့ကို အဘိုးချွေ့လည်း မဖြစ်မနေ တက်ရောက်ရမှာနော်။ ဘာပဲဖြစ်ဖြစ် အဘိုးကြီးနှစ်ယောက်က တစ်ချိန်က ရဲဘော်ရဲဘက်တွေပဲ"
"ဟုတ်ကဲ့"
ချွေ့ယာကျဲသည် ခေါင်းညိတ်ပြလိုက်ပြီး
"ကျွန်မ အဘိုးကို ပြောလိုက်ပါ့မယ်"
"ဟားဟား အဘိုးချွေ့ ကျွန်တော်တို့ စုအိမ်တော်ကို ရောက်လာတဲ့အခါ ကျွန်တော်တို့နှစ်ယောက်ရဲ့ လက်ထပ်ပွဲအကြောင်းပါ တစ်ခါတည်း ဆွေးနွေးလို့ရတာပေါ့"
စုဟုန်သည် ချွေ့ယာကျဲနှင့် စေ့စပ်ထားသည်မှာ အမှန်ပင်။ ၎င်းကို ချွေ့မိသားစု အဘိုးနှင့် စုမိသားစု အဘိုးတို့က စီစဉ်ခဲ့ခြင်းပင်။
ချွေ့ယာကျဲသည် စုဟုန်နှင့် စေ့စပ်ထားကြောင်း သိသော်လည်း စုဟုန်ဆိုသည့် ထိုလူအား သူမ မနှစ်သက်ပါချေ။
ဆန့်ကျင်ဘက်အားဖြင့် ထိုသူအား အလွန်ပင် မုန်းတီးနေခဲ့သည်။
စုဟုန်၏ ယဉ်ကျေးလှသော အသွင်အပြင်ကို မကြည့်နှင့်။တကယ်တမ်းတွင် ထိုသူသည် အောက်တန်းကျသော တိရစ္ဆာန်တစ်ကောင်မျှသာဖြစ်၏။
သူသည် သူ၏နောက်ခံအင်အားကို အသုံးပြု၍ မိန်းကလေးပေါင်းများစွာ၏ ဘဝအား ဖျက်ဆီးခဲ့သည်။
ထိုအကြောင်းကြောင့်ပင် ချွေ့ယာကျဲသည် စုဟုန်အား အလွန်မုန်းတီးနေခြင်းပင်။
ချွေ့ယာကျဲသည် စုဟုန်ဘက်မှ လက်ထပ်ပွဲအကြောင်း ထည့်ပြောလာသောအခါ မျက်နှာအနည်းငယ် ပျက်သွားသော်လည်း နောက်မှ မသိစိတ်ဖြင့် အကြည့်လွှဲလိုက်ရာ ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်တို့ထံသို့ မတော်တဆ အကြည့်ရောက်သွားခဲ့၏။
တစ်ဖက်တွင် ရပ်နေသော စုဟုန်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူ၏မျက်လုံးများသည် ရုတ်တရက် အေးစက်သွားသည်။
စုဟုန်သည် ရဲရှင်းဟွေ့၏ နောက်နားရှိ တစ်ပိုင်းတစ်စသာ မြင်နေရသော ရဲရှင်းချန်ကို ကြည့်ကာ
"ယာကျဲ ဒီညီလေးက ဘယ်သူလဲဆိုတာ ငါသိလို့ရလား။ မဟုတ်မှလွဲရော မင်း ငါ့ကွယ်ရာမှာ ရည်းစားထားနေတာလား"
ရဲရှင်းဟွေ့သည် အဖြစ်အပျက်အားလုံးအား မြင်နေရပြီး လက်ရှိတွင် သူသည် စကားပင်မပြောနိုင်တော့ပေ။
ယခုလေးတင် ဖြစ်ပျက်သွားသည့် အဖြစ်အပျက်အားလုံးကို ရဲရှင်းဟွေ့သည် ကြိုတင်တွက်ဆထားပြီးသားဖြစ်၏။
ထို့ကြောင့်ပင် ချွေ့ယာကျဲနှင့် စုဟုန်တို့ စကားပြောနေစဉ် သူသည် သူ့အစ်ကိုကို သူ့နောက်တွင် ဖွက်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း... စုဟုန်မှာ သူ၏အမုန်းတရားအားလုံးကို သူ့အစ်ကိုအပေါ်သို့ ပုံချလာလေသည်။
"သူက တကယ်ပဲ နတ်ဧကရာဇ်လို့ ခေါ်ထိုက်တာပဲ။ ဒီရှင်းပြလို့မရတဲ့ အမုန်းတရားက တားဆီးလို့မရနိုင်ဘူး"
ရဲရှင်းဟွေ့သည် ထိုအမုန်းတရားအား သူ့အပေါ်ကျရောက်စေရန် တမင်ကြံရွယ်ခဲ့သော်လည်း သခင်လေး စုက သူ့ကို အဖက်တောင်မလုပ်ခဲ့ပါချေ။
"မဟုတ်ဘူး။ အဲဒီ့အမုန်းတရားကို ငါ့အပေါ်မှာပဲ ကျရောက်စေရမယ်"
ဤသို့စဉ်းစားလိုက်ပြီးနောက် ရဲရှင်းဟွေ့သည် ဘာမှမပြောဘဲ ချွေ့ယာကျဲအနားသို့ ချဥ်းကပ်သွားပြီး မေးလိုက်၏။
"ယာကျဲ၊ ဒီလူက ဘယ်သူလဲ"
ရဲရှင်းဟွေ့သည် ရင်းနှီးသော အပြုအမူမျိုး မပြုလုပ်ခဲ့သော်လည်း သူ၏လေသံမှာတော့ လူနှစ်ဦးဆက်ဆံရေးတွင် သာမန်မဟုတ်ဟု ထင်မှတ်စေနိုင်လောက်သည်။
ထိုသို့ပြုလုပ်ပြီးနောက် ရဲရှင်းဟွေ့သည် သူ၏ 'အလုံးစုံမြင်မျက်လုံး' ကို ဖွင့်ကာ တစ်ဖက်လူ၏ သူ့အပေါ်ထားရှိသော အမုန်းတရားတန်ဖိုးကို စစ်ဆေးလိုက်၏။
အမုန်းတရားသည် အစိမ်းရောင်ပင်။
ထိုအချိန်တွင် စုဟုန်၏ ခေါင်းပေါ်ရှိ အမုန်းတရားတန်ဖိုးသည် ၈၀% ကို ကျော်လွန်နေခဲ့ပြီဖြစ်သည်။
သူ၏ လှုပ်ရှားမှုတစ်ခုတည်းဖြင့် ထိုလူက သူ့အား ဤမျှလောက် မုန်းတီးသွားသည်ကို မြင်လိုက်သောအခါ ရဲရှင်းဟွေ့သည် ထိုလူမှာ သူ့အစ်ကိုကြောင့် အရှက်ကွဲရမည့်လူတစ်ယောက်ဖြစ်ကြောင်း သေချာပေါက်ပင် သိလိုက်၏။
အမှန်တကယ်တွင် ရဲရှင်းဟွေ့ မသိခဲ့သည်မှာ ထို ၈၀% အမုန်းတရားတန်ဖိုးသည် ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်တို့နှစ်ဦးအတွက် ပေါင်းထားခြင်းပင်ဖြစ်သည်ကို။
မူလက စုဟုန်၏ အမုန်းတရားတန်ဖိုးသည် ရဲရှင်းချန်အပေါ်တွင်သာ ရှိနေခဲ့သော်လည်း ရဲရှင်းဟွေ့က ကြားထဲမှဝင်၍ လှုံ့ဆော်ကာ ရန်စလိုက်သောကြောင့် အမုန်းတရားတန်ဖိုးမှာ လုံးဝလွှဲပြောင်းသွားခဲ့သည်။
ထို့ကြောင့် ဤမျှမြင့်မားသော အမုန်းတရားတန်ဖိုးမှာ လူနှစ်ဦး၏ အမုန်းတရားများ စုပေါင်းထားခြင်း၏ ရလဒ်ပင်ဖြစ်သည်။
အမုန်းတရားတန်ဖိုး ၈၀% ရှိလျှင် ရှေ့ရှိလူ၏ အချက်အလက်အများစုကို မြင်တွေ့နိုင်၏။
အမည်: စုဟုန်။
အသက်: ၂၆။
အလုပ်အကိုင်: သူဌေးသား။
စွမ်းရည်များ: ပိုက်ဆံဖြုန်းခြင်းတွင် ဆရာတစ်ဆူ၊ မိန်းကလေးများအား ပရောပရည်လုပ်ခြင်းတွင် ဆရာတစ်ဆူ၊ ၁၀၀% ဗိုင်ယာဂရာ ခံနိုင်ရည်ရှိခြင်း...
ဘဝဇာတ်ကြောင်း: _
"သောက်ကျိုးနည်း ဗိုင်ယာဂရာ ခံနိုင်ရည်ရှိတာက စွမ်းရည်တစ်ခုလား။ ဒါက မယုံနိုင်စရာပဲ သူ ဗိုင်ယာဂရာ ဘယ်လောက်တောင် သောက်ထားလို့လဲ"
စုဟုန်၏ အချက်အလက်များကို ဖတ်ကြည့်ပြီးနောက် ရဲရှင်းဟွေ့က စိတ်ထဲမှ မြည်တွန်တောက်တီးလိုက်၏။
×××××××