← Chapters

တွေ့ဆုံခြင်း

Vol. 5 Ch. 62

တွေ့ဆုံခြင်း

Vol. 5 Ch. 62

စုဟုန်သည် ရဲရှင်းဟွေ့ကို စိုက်ကြည့်နေပြီး ရဲရှင်းဟွေ့ဟာတော့ သူ့ကို ပြုံးပြုံးလေး ကြည့်နေသည်။

"အစ်ကိုကြီး ဗိုင်ယာဂရာက ခင်ဗျားအတွက် အသုံးမဝင်တော့ဘူးလား"

ရဲရှင်းဟွေ့၏ အသံဟာ မတိုးလှပေ။ သုံးမီတာပတ်လည်အတွင်းရှိ လူတိုင်းဟာ ကြည်လင်ပြတ်သားစွာ ကြားလိုက်ရပြီးနောက် သူတို့အားလုံးဟာ စုဟုန်၏ ခန္ဓာကိုယ်အောက်ပိုင်းကို လှမ်းကြည့်လိုက်ကြ၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ စုဟုန်၏မျက်နှာသည် ရုတ်တရက် နီရဲသွားသည်။

စုဟုန်သည် ခေါင်းမာပြီး သိပ်မစဉ်းစားတတ်သူတစ်ယောက် ဖြစ်သည်။

ဒေါသထွက်လာလျှင် ဟောင်ဖွာဟောင်ဖွာလုပ်ခြင်း သို့မဟုတ် ရန်ဖြစ်ခြင်းမှလွဲ၍ အခြေအနေကို ထိန်းချုပ်ရန် သူ၏နောက်ခံအင်အားကိုသာ အသုံးပြုလေ့ရှိ၏။

"ဟေ့ကောင် မင်း ငါဘယ်သူလဲဆိုတာ သိရဲ့လား ငါ့ကိုရန်စခြင်းရဲ့ အကျိုးဆက်ကိုရော မင်းသိလား"

"ဟင်... ခင်ဗျားက ဘယ်သူမို့လို့လဲ"

"ငါက ရန်ကျင်းက စုမိသားစုကွ မင်းကို ဒီလောကကြီးကနေ ပျောက်ကွယ်သွားအောင်လုပ်ဖို့ ငါ့အတွက် ဖုန်းတစ်ချက်ဆက်လိုက်ရုံပဲ"

ဒီငတုံးက ရန်ကျင်းမှ စုမိသားစုဝင်တစ်ယောက်ဖြစ်နေသည်ကို ကြားလိုက်ရသောအခါ ရဲရှင်းဟွေ့ အနည်းငယ် အံ့အားသင့်သွားသည်။

အကြောင်းမှာ ရန်ကျင်းမှ စုမိသားစုသည် သူ၏မိခင်ဘက်က မိသားစုဖြစ်နေသောကြောင့်ပင်။

ထိုနည်းတူစွာ ဤမိသားစုသည် သူ၏အဖေကိုယ်တိုင်က ဖျက်ဆီးလုနီးပါးဖြစ်ခဲ့သော မြင့်မြတ်သည့်မိသားစုတစ်ခုလည်း ဖြစ်သည်။

သူ့အမေသာ မရှိခဲ့လျှင် စုမိသားစုသည် တရုတ်ပြည်မှ အစောကြီးကတည်းက ပျောက်ကွယ်သွားလောက်ပြီ။

တစ်ဖက်လူသည် စုမိသားစုမှဖြစ်ကြောင်း သိလိုက်ရသည့်အခါ ရဲရှင်းဟွေ့သည် ယဉ်ကျေးပြစရာမလိုတော့ပေ။

စုမိသားစုက သူ့အမေအပေါ် ဘယ်လိုဆက်ဆံခဲ့လဲဆိုတာ သူသိသည်။

"အော်... ခင်ဗျားက စုမိသားစုကကိုး။ ခင်ဗျားက စုမိသားစုက ဖြစ်နေရင်တောင်မှ ဗိုင်ယာဂရာက ခင်ဗျားအတွက် အသုံးမဝင်တော့ဘူးလား"

စုဟုန် - .....

ရဲရှင်းဟွေ့ဘေးတွင် ရပ်နေသော ချွေ့ယာကျဲပင်လျှင် ဆက်ကြည့်မနေနိုင်တော့ပေ။

သူမက ရဲရှင်းဟွေ့ကို ညင်သာစွာ ဆွဲလိုက်ပြီး စုဟုန်ကို ဒေါသထွက်အောင် မလုပ်ရန် တားမြစ်လိုက်၏။

ချွေ့ယာကျဲသည် စုဟုန်ဟာ သိပ်မထက်မြက်သော်လည်း လူတစ်ယောက်ကို လောကကြီးထဲမှနေ ပျောက်ကွယ်သွားအောင်လုပ်ရန် အလွန်လွယ်ကူကြောင်း ကောင်းကောင်းသိသည်။

အရေးကြီးဆုံးက... ဒီနေရာဟာ မြန်မာနိုင်ငံဖြစ်ပြီး ဒီမှာ လူနည်းနညလောက်သေသွားရင်တောင် ဘယ်သူမှ သိမှာမဟုတ်ဘူး။

ချွေ့ယာကျဲက သူ့ကိုဆွဲနေသည်ကို ခံစားမိသောအခါ ရဲရှင်းဟွေ့က လှည့်ပြောလိုက်သည်။

"ယာကျဲ မင်းက သူ့အတွက် ဗိုင်ယာဂရာ အသုံးမဝင်တော့ဘူးလို့ မပြော

ခိုင်းမှတော့ ကိုယ်ဘာမှမပြောတော့ဘူးလေ"

"ခွေးမသား မင်းက ဗိုင်ယာဂရာနဲ့ပဲ အတော်တည့်မနေဘူးလား ဟမ်"

စုဟုန်က အံကြိတ်ကာ ဒေါသတကြီး ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် စုဟုန်သည် လှည့်ထွက်သွား၏။

စုဟုန်က ဒီဒေါသကို မြိုသိပ်ချင်၍တော့ မဟုတ်ပေ။ အကြောင်းမှာ ကျောက်စိမ်းကုန်သွယ်ရေးဈေး၏ အဓိကနေရာတွင် စုမိသားစု၏ နောက်ခံအရှိန်အဝါရှိလျှင်ပင် မည်သူ့ကိုမျှ ရန်ဖြစ်ခွင့် မပြုသောကြောင့်ပင်။

ဤနေရာသည် ကျောက်စိမ်းဘုရင်၏ ပိုင်နက်ဖြစ်သည်။

ကျောက်စိမ်းဘုရင်သည် မြန်မာတစ်နိုင်ငံလုံးတွင် အလွန်ဩဇာကြီးမားသည်။

သူ့ကိုပြဿနာရှာမိလျှင် မြန်မာပြည်ကနေ ထွက်သွားဖို့ မစဉ်းစားတော့လျှင်ပင် ရနိုင်သည်။

စုဟုန်ထွက်သွားပြီးနောက် သူသည် သူ၏လက်ကိုင်ဖုန်းကိုထုတ်ကာ အပြင်ဘက်တွင် စောင့်နေသော ကိုယ်ရံတော်ထံ ဖုန်းခေါ်လိုက်၏။

"မြန်မာမှာ လူတစ်ချို့စုပေး ငါ ... လူတစ်ယောက် ... မဟုတ်ဘူး ... လူနှစ်ယောက် မြန်မာမှာ သေစေချင်တယ်"

ရဲရှင်းဟွေ့ရော စုဟုန်ပါ သတိမထားမိသည်မှာ အစောပိုင်းမှ ဖြစ်ပျက်ခဲ့သမျှကို အရပ်မြင့်မြင့် အမျိုးသမီးတစ်ယောက်က မြင်တွေ့နေခဲ့ခြင်းပင်ဖြစ်သည်။ သူမသည် စုဟုန် ဖုန်းပြောနေသည်ကိုလည်း သဘာဝကျကျ ကြားလိုက်ရ၏။

"စုမိသားစုလား ငါ့မောင်လေးကို လာထိချင်နေတာပေါ့ အဖေက မင်းတို့ကို တစ်ချိန်က ပေးခဲ့တဲ့ ကြောက်ရွံ့မှုတွေ ပြန်ရောက်လာတော့မယ်ထင်တယ်"

.......

အာရုံကို ရဲရှင်းဟွေ့တို့အဖွဲ့ထံ ပြန်ပို့ကြစို့။

"မစ္စတာရှောင်ရဲ ရှင့်ကို..."

ချွေ့ယာကျဲဟာ ရဲရှင်းဟွေ့ကိုကြည့်ရင်း ဘာပြောရမှန်းမသိ ဖြစ်

နေသည်။

ချွေ့ယာကျဲ ဘာတွေးနေသည်ကို ရဲရှင်းဟွေ့ နားလည်ပါ၏။

သူသည် မထိခိုက်သင့်သည့်လူကို စိတ်လိုက်မာန်ပါ ရန်သွားစခဲ့သည်ဟု သူမက ပြောချင်နေမှန်း သူသိသည်။

စုဟုန်က သူရန်မစနိုင်သည့်လူလား။

ရိုးရိုးသားသားပြောရလျှင် ဒီလောကကြီးမှာ ရဲရှင်းဟွေ့ ရန်မစနိုင်သည့်လူတွေ ရှိသော်လည်း ထိုသူများထဲတွင် စုဟုန်တော့ လုံးဝမပါဝင်သလို စုမိသားစုလည်း လုံးဝမပါဝင်ပေ။

တစ်ချိန်က သူ့အဖေသည် စုမိသားစုကို ဖိနှိပ်ချုပ်ချယ်ပြီး မျိုးတုံးလုနီးပါးဖြစ်အောင် လုပ်နိုင်ခဲ့သည်ဆိုလျှင် ယခုလက်ရှိ သူ့အဖေကလည်း ထိုသို့လုပ်နိုင်သေးသည်။

ထို့အပြင် မသေမျိုးဧကရာဇ်ဖြစ်သော အစ်ကိုတစ်ယောက်လုံးလည်း ရှိနေသေး၏။ စုမိသားစုလား။ စုမိသားစုဆိုတာ ဘာမှမဟုတ်ဘူး။

"ကျောက်စိမ်းအရိုင်းတုံး လေလံပွဲကို ကျွန်မတို့ မပါဝင်တော့ဘူး ဒီကျောက်စိမ်းအရိုင်းတုံးတွေကို ဖွင့်ပြီးတာနဲ့ မြန်မာပြည်ကနေ ချက်ချင်းထွက်သွားကြရအောင်"

ချွေ့ယာကျဲက ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်ကို စိုးရိမ်စိတ်ဖြင့် ပြောလိုက်သည်။

စုဟုန်၏ လက်စားချေတတ်သော စရိုက်နှင့်ဆိုလျှင် သူသည် ရဲရှင်းဟွေ့ကို ဒုက္ခပေးရန် လူကြိုတင်စုခိုင်းလိမ့်မည်ဟု ချွေ့ယာကျဲ ခန့်မှန်းနိုင်သည်။

ချွေ့ယာကျဲ၏ အဆိုပြုချက်ကို ရှိနေသူများထဲမှ မည်သူမျှ ကန့်ကွက်ခြင်းမရှိပေ။

ဒီတစ်ခေါက် ဒီကိုလာရခြင်း၏ အဓိကရည်ရွယ်ချက်မှာ လင်ချီစွမ်းအင်ပါသော ကျောက်စိမ်းကို ဝယ်ရန်ဖြစ်၏။

ရဲရှင်းချန် ရွေးထုတ်ထားသော ယက်လုပ်အိတ်ကြီးထဲမှ ကျောက်စိမ်းအရိုင်းတုံးများအားလုံးသည် ကျောက်စိမ်းများ ထုတ်ဖော်နိုင်သော အတုံးများချည်းဖြစ်သည်။

၎င်းတို့နှင့်ဆိုလျှင် လင်ချီစုစည်းခြင်းတန္တရားငယ်တစ်ခု တည်ဆောက်ရန် လုံလောက်နေပြီ။

သူတို့ထွက်သွားရန် ပြင်နေစဉ်မှာပင် အမျိုးသမီးနှစ်ယောက်ဟာ ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်တို့ဆီသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

ရှေ့ဆုံးမှ လျှောက်လာသော အမျိုးသမီးကို မြင်လိုက်ရသည့်အခါ ရဲရှင်းချန်နှင့် ရဲရှင်းဟွေ့နှစ်ယောက်လုံး ကြက်သေသေသွားကြ၏။

"ရှင်းဟွေ့ ရှင်းချန် မင်းတို့နှစ်ယောက် ဘာလို့ဒီရောက်နေကြတာလဲ"

ရောက်လာသူများမှာ ရဲလန်ယွဲ့နှင့် ယန်ချွဲတို့ ဖြစ်ကြသည်။

"အစ်မ"

ရဲရှင်းဟွေ့သည် သူ၏အစ်မကြီးကို ဒီနေရာမှာ တွေ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ရဲလန်ယွဲ့က ပြုံးလိုက်ပြီး သူတို့နှစ်ယောက်ရှေ့သို့ ရောက်လာကာ သူမ၏လက်နှစ်ဖက်ကိုဆန့်တန်းပြီး သူတို့နှစ်ယောက်လုံး၏ခေါင်းကို တစ်ပြိုင်နက် ပုတ်ရန် ရည်ရွယ်လိုက်၏။

ရဲရှင်းဟွေ့က သူ့အစ်မ၏ ခေါင်းပုတ်ခြင်းကို မရှောင်တိမ်းခဲ့သော်လည်း ရဲရှင်းချန်ကတော့ ခေါင်းလှည့်ကာ ရှောင်တိမ်းလိုက်သည်။

မည်သို့ပင်ဖြစ်စေ ရဲရှင်းချန်သည် မသေမျိုးဧကရာဇ်တစ်ပါး ဖြစ်သည်။ နှစ်ပေါင်းတစ်ထောင်ကြာ မတွေ့ခဲ့ရသော သူ့အစ်မကို ပြန်တွေ့ရ၍ အလွန်စိတ်လှုပ်ရှားနေသော်လည်း ခေါင်းကိုပုတ်၍ ဆုံးမခြင်းကိုတော့ မေ့ထားလိုက်ချင်၏။

......

ရဲလန်ယွဲ့သည် ရဲရှင်းချန်ထက် ငါးနှစ် ရဲရှင်းဟွေ့ထက် ခြောက်နှစ်ကြီးသည်။

ရဲရှင်းဟွေ့၏ အမှတ်သညာထဲတွင် သူ၏အစ်မသည် အလွန်သန်မာပြီး ထက်မြက်သော အမျိုးသမီးတစ်ယောက်ဖြစ်သည်။

ရဲလန်ယွဲ့နှင့် နှိုင်းယှဉ်လျှင် သူနှင့်သူ၏ယခင်အစ်ကိုဖြစ်သူတို့မှာ အမှိုက်နှစ်စသာ ဖြစ်၏။

ရဲရှင်းဟွေ့ဟာ ရဲလန်ယွဲ့သည် သူတို့အဖေ၏ ဘာလုပ်လုပ်ထူးချွန်သော မျိုးရိုးဗီဇနှင့် သူတို့အမေ၏ ရင်သပ်ရှုမောဖွယ်အလှကို အပြည့်အဝ အမွေဆက်ခံထားသည်ဟု ခံစားရသည်။

.....

ရဲရှင်းချန်ဟာ ကျောက်ဖြတ်တော့မည်ကို သိလိုက်ရသောအခါ ရဲလန်ယွဲ့သည်လည်း ထုံးစံအတိုင်း လိုက်ပါလာခဲ့၏။

ဤသို့ဖြင့် ရဲလန်ယွဲ့သည်လည်း ရဲရှင်းဟွေ့တို့၏ ကျောက်ဖြတ်အဖွဲ့ထဲသို့ ပူးပေါင်းပါဝင်လာခဲ့သည်။

လူအများအပြားသည် ကျောက်ဖြတ်သမားဆီသို့ အတူတူလာခဲ့ကြ၏။

ရဲရှင်းချန်သည် ကျောက်ဖြတ်ဆရာကို အလုပ်မရှုပ်စေဘဲ သူကိုယ်တိုင် ကျောက်စိမ်းအရိုင်းတုံးကို ဖြတ်ရန် စီစဉ်လိုက်သည်။

မည်သို့ဆိုစေ သူအစောပိုင်းက ပြောခဲ့သည့်အတိုင်း ဤကျောက်စိမ်းအရိုင်းတုံးများကို စနစ်တကျ မကိုင်တွယ်ပါက အတွင်းမှ လင်ချီစွမ်းအင်များ ပျောက်ကွယ်သွားသည်နှင့် ကျောက်တုံးများသည် အသုံးမဝင်တော့ပေ။

ကျောက်စိမ်း၏ အရည်အသွေး မည်မျှပင်မြင့်မားပါစေ လင်ချီစွမ်းအင် မပါဝင်သရွေ့ ရဲရှင်းချန်အတွက်တော့ အလကားကျောက်တုံးများသာ ဖြစ်သည်။

ရဲရှင်းချန်သည် ကျောက်ဖြတ်စက်ဆီသို့ သွားကာ ကျောက်တုံးကို စတင်ဖြတ်တောက်လိုက်၏။

ကျောက်တုံးတစ်တုံးချင်းစီကို မဖြတ်မီ ရဲရှင်းချန်သည် ကျောက်စိမ်းအရိုင်းတုံးကို သူ၏ကြယ်တာရာစွမ်းအားဖြင့် ဖုံးအုပ်ထားလိုက်သည်။

ဤနည်းဖြင့် ကျောက်တုံးကို ဖြတ်သည့်အခါ လင်ချီစွမ်းအင်များ ယိုစိမ့်ထွက်သွားမည် မဟုတ်ပေ။

ရဲရှင်းချန်၏ လုပ်ဆောင်ချက်များကို မြင်သောအခါ ရဲလန်ယွဲ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားသော်လည်း သူမ ဘာမှမပြောခဲ့ပေ။

ပထမဆုံးကျောက်တုံးတစ်တုံးကို ဖြတ်ပြီးသောအခါ ရေခဲသားကျောက်စိမ်းတစ်တုံး ထွက်ပေါ်လာသည်။

ဒုတိယတစ်တုံးသည်လည်း ရေခဲသားပင်။

တတိယတစ်တုံးသည် ဖန်သားအမျိုးအစားဖြစ်သည်။

စတုတ္ထတစ်တုံး...

ပဉ္စမတစ်တုံး…

ရဲရှင်းချန် ကျောက်ဖြတ်နေသည့် ဆူညံသံက မကြာမီမှာပင် လူအများအပြားကို စုရုံးကြည့်ရှုစေခဲ့သည်။

"ဘုရားရေ ဈေးဘယ်လောက်တောင် တက်သွားပြီလဲ"

"အနည်းဆုံး ဆယ့်ငါးဆလောက်တော့ ရှိမှာပဲ။"

"ဒီလူ... တော်တော်မိုက်တာပဲ"

"ဟိုမှာကြည့်စမ်း အဲ့ဒါ ဖန်ရည်တော်ဝင်ဧကရာဇ်စိမ်း မဟုတ်ဘူးလား"

ရဲရှင်းချန် အတုံးနှစ်ဆယ်မြောက်ကို ဖြတ်လိုက်သည့်အခါ အလွန်ရှားပါးသော ဖန်ရည်တော်ဝင်ဧကရာဇ်စိမ်းတစ်တုံးကို ဖြတ်ထုတ်နိုင်ခဲ့သည်။

အညစ်အကြေးတစ်စုံတစ်ရာမရှိသော ဧကရာဇ်စိမ်းသည် ရှိနေသူအားလုံး၏ အာရုံကို ချက်ချင်းဖမ်းစားသွား၏။

ထိုသူများထဲတွင် အစောပိုင်းက ထွက်သွားသော စုဟုန်လည်း ပါဝင်သည်။

သို့သော် စုဟုန်၏အာရုံသည် ဧကရာဇ်စိမ်းပေါ်တွင် မရှိဘဲ ရဲလန်ယွဲ့အပေါ်တွင်သာ ရှိနေသည်။

"သူကတော့ တကယ့်အပြစ်ဆိုဖွယ်မရှိတဲ့ အလှနတ်ဘုရားမပဲ ပြီးတော့ ဟိုခွေးမသားနှစ်ကောင်နဲ့လည်း ပတ်သက်နေတယ်"

ထိုသို့တွေးမိသောအခါ စုဟုန်သည် သူ၏လက်ကိုင်ဖုန်းကို ထပ်မံထုတ်ပြီး သူခေါ်လာသော ကိုယ်ရံတော်ထံ ဖုန်းဆက်လိုက်သည်။

"ဟေ့ လူစုတာ ဘယ်လိုအခြေအနေရှိပြီလဲ"

"စိတ်မပူပါနဲ့ သခင်လေးစု ကျွန်တော်တို့ ဒေသခံ ၆၀ ကျော်လောက် ရှာထားပြီးပါပြီ လုံးဝပြဿနာမရှိပါဘူး"

"အရမ်းကောင်းတယ် လူအနည်းငယ်ကို ကျောက်စိမ်းဈေးထဲ ကြိုလွှတ်ပြီး မိန်းမတစ်ယောက်ကို ငါ့အတွက် ဖမ်းခေါ်ခဲ့"

ကျောက်စိမ်းဈေးထဲတွင် ရန်ဖြစ်ခွင့်မရှိသည်မှာ မှန်သော်လည်း ၎င်းမှာ အားမရှိသောမိန်းမတစ်ယောက်ကို ဖမ်းဆီးရုံသက်သက်သာ ဖြစ်သည်။

လှုပ်လှုပ်ရှားရှားကြီး ဖြစ်သွားမည်မဟုတ်သည့်အတွက် ဖမ်းလိုက်ရုံသာ။

"ဘယ်နှစ်ယောက်လောက်လဲ"

ဖုန်းတစ်ဖက်မှလူက မေးလိုက်သည်။

မိန်းမတစ်ယောက်ကို ကိုင်တွယ်ရုံသာဖြစ်သည်ဟု တွေးလိုက်မိသောအခါ စုဟုန်သည် လေးငါးယောက်လောက် ခေါ်သွားလျှင် လုံလောက်ပြီဟု ခံစားလိုက်ရသည်။

"လေးငါးယောက်လောက် ခေါ်သွားလိုက်"

"ဟုတ်ကဲ့ ရပါပြီ"

ဖုန်းချပြီးနောက် စုဟုန်သည် ရဲလန်ယွဲ့၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ကို ကာမရာဂပြင်းပြသော မျက်လုံးများဖြင့် ကြည့်နေတော့သည်။

××××××

All Chapters