← Chapters

နောက်ထပ် အားကိုးတစ်ခု

Vol. 5 Ch. 63

နောက်ထပ် အားကိုးတစ်ခု

Vol. 5 Ch. 63

"အစ်မလန်ယွဲ့ ဟိုဘက်က လေလံပွဲ စတော့မယ်"

ရဲလန်ယွဲ့က ရဲရှင်းချန် ကျောက်တုံးဖြတ်နေသည်ကို ကြည့်နေစဉ်မှာပင် ဘေးနားမှ ယန်ချွဲက သတိပေးလိုက်သည်။

ထိုစကားကိုကြားသောအခါ ရဲလန်ယွဲ့က သူမ၏မောင်လေးဖွင့်ထားသော ဧကရာဇ်စိမ်းတုံးကို ညွှန်ပြပြီး ပြောလိုက်၏။

"မလိုတော့ဘူး သူတို့ကိုပဲ လုကြပါစေတော့ ငါ့မောင်ဖွင့်ထားတဲ့ ဒီတစ်တုံးက အကောင်းဆုံးပဲ ဒါကိုပဲ ဝယ်လိုက်ရုံပဲ”

ထိုအချိန်တွင် ရဲရှင်းချန်ဖွင့်ထားသော ဧကရာဇ်စိမ်းကျောက်မျက်ရတနာကို လုံးဝအရောင်တင်ပြီးသွားလေပြီ။ ကျောက်တုံးတစ်ခုလုံးသည် လူ့ခေါင်းတစ်လုံးစာခန့် ရှိ၏။

အကယ်၍ ရောင်းချမည်ဆိုလျှင် သန်းဆယ်ဂဏန်းလောက်တော့ အသာလေးရနိုင်ပေသည်။

ထိုအချိန်မှာပင် ရဲရှင်းချန်က လျှောက်လာခဲ့သည်။ ရဲလန်ယွဲ့ ပြောသည်ကို ကြားပြီးနောက် သူက ခပ်ပေါ့ပေါ့ပင် ပြောလိုက်၏။

"အစ်မ လိုချင်တယ်ဆိုရင် ယူလိုက်လေ။ ပိုက်ဆံပေးစရာမလိုပါဘူး"

ရဲလန်ယွဲ့က ထိုစကားကိုကြားပြီး ခေါင်းခါလိုက်သည်။

"အဲဒီလိုတော့ မဖြစ်ဘူး။ ဒါကို ငါ့ကုမ္ပဏီအတွက် ဝယ်တာ ငါ့အတွက်မဟုတ်ဘူး။ တကယ်လို့ ဒီကျောက်စိမ်းကို ကိုယ်ပိုင်လိုချင်တာဆိုရင်တော့ မောင်လေးကို အားနာနေမှာ မဟုတ်ဘူး"

ထိုသို့ပြောပြီးနောက် ရဲလန်ယွဲ့က ရဲရှင်းချန်၏ခေါင်းကို ထပ်ပုတ်ရန် ကြိုးစားလိုက်ပြန်သည်။

သို့သော် ဒီတစ်ကြိမ်တွင်လည်း ရဲရှင်းချန်က ရဲလန်ယွဲ့၏ ခေါင်းပုတ်မည့်အကွက်ကို ရှောင်တိမ်းလိုက်သည်။

နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် ခွာလိုက်ကြပြီးနောက် ရဲလန်ယွဲ့က တိုးတိုးလေးပြောလိုက်သည်။

"ကြည့်ရတာ ရှင်းချန် မင်း နည်းနည်းလေး ပြောင်းလဲသွားသလိုပဲ"

"အစ်မလည်း အတူတူပဲ မဟုတ်ဘူးလား အစ်မက အစကတည်းက ကျွန်တော်တို့နဲ့ မတူခဲ့တာပဲ"

နှစ်ယောက်သား ခွဲခွာပြီးနောက် တစ်ယောက်ကိုတစ်ယောက် ပြုံးပြလိုက်ကြပြီး ဘာမှဆက်မပြောကြတော့ပေ။

အနီးအနားတွင်ရှိသော ရဲရှင်းဟွေ့က အရာအားလုံးကို မြင်နေရသည်။ ထိုနှစ်ယောက် ဘာပြောနေသည်ကို သူ မကြားရသော်လည်း တစ်ခုခုတော့ မရိုးသားသည်ကို ရဲရှင်းဟွေ့ သိနေသည်။

ထိုသို့တွေးမိပြီးနောက် ရဲရှင်းဟွေ့က သူ၏ 'အလုံးစုံမြင်မျက်လုံး' ကို ဖွင့်လိုက်သည်။ သူသည် သူ၏အစ်မ နှစ်တွေကြာအောင် ဘယ်လိုနေထိုင်ခဲ့သည်၊ ရည်းစားများ ရှိမရှိ စသည်တို့ကို သိချင်နေသည်။

'အလုံးစုံမြင်မျက်လုံး' ကို ဖွင့်လိုက်ပြီးနောက် ရဲလန်ယွဲ့၏ သူ့အပေါ်ထားသော နှစ်သက်မှုအဆင့်ကိုလည်း တွေ့မြင်လိုက်ရသည်။

သူ၏မိဘများနှင့် အစ်ကိုကြီးလိုပင် သူ၏အစ်မကလည်း သူ့အပေါ်တွင် ၁၀၀ရာခိုင်နှုန်း နှစ်သက်မှုအပြည့် ရှိနေသည်။

နာမည်: ရဲလန်ယွဲ့

အသက်: ၂၃ နှစ်

အလုပ်အကိုင်: ချန်းဟိုင်ယွဲ့မင် လက်ဝတ်ရတနာကုမ္ပဏီ၏ အမှုဆောင်ဥက္ကဋ္ဌ၊ အမှောင်ဧကရာဇ်အဖွဲ့အစည်း၏ ဘော့စ်။

စွမ်းရည်များ: အဆုံးမဲ့ပြန်လည်မွေးဖွားခြင်းစနစ် , ကွန်ရက်ကျွမ်းကျင်သူ၊ မျိုးရိုးဗီဇမြှင့်တင်မှု၊ စက်မှုပိုင်းကျွမ်းကျင်မှု၊ ချီကုန်း၊ တိုက်ခိုက်ရေးစွမ်းရည်များ...

ဘဝအတွေ့အကြုံ: ဘဝပေါင်း ဆယ်ဘဝမတိုင်မီက ရဲလန်ယွဲ့သည် နည်းပညာဖွံ့ဖြိုးသောကမ္ဘာတစ်ခုမှ ဧကရီဘုရင်မတစ်ပါး ဖြစ်ခဲ့သည်။

အခြားကမ္ဘာမှ မိစ္ဆာကောင်များကို ခုခံတိုက်ခိုက်ရန်အတွက် သူမသည် ကမ္ဘာ့အရင်းအမြစ်များနှင့် ဉာဏ်ပညာများကို စုစည်းပြီး အခြားကမ္ဘာများမှ ယဉ်ကျေးမှုအသစ်များကို လေ့လာနိုင်သော စနစ်တစ်ခုကို ဖန်တီးခဲ့၏။ စနစ်ကို စမ်းသပ်နေစဉ် ချို့ယွင်းမှုဖြစ်ပွားခဲ့ပြီး ရဲလန်ယွဲ့၏ ခန္ဓာကိုယ် ပျက်စီးသွားကာ သူမ၏ဝိညာဉ်သည် အခြားကမ္ဘာများသို့ ခရီးနှင်ခဲ့ရသည်။

စနစ်မှာလည်း ချို့ယွင်းသွားပြီး ၎င်း၏တစ်ခုတည်းသောစွမ်းရည်မှာ ရဲလန်ယွဲ့၏ဝိညာဉ်ကို အခြားကမ္ဘာများတွင် ပြန်လည်ဝင်စားနိုင်စေရန်သာ ဖြစ်သည်။

ရဲလန်ယွဲ့သည် ဆယ်ကြိမ်တိုင်တိုင် ပြန်လည်ဝင်စားခဲ့ပြီး နည်းပညာယဉ်ကျေးမှု၊ ကျင့်ကြံခြင်းယဉ်ကျေးမှု၊ သားရဲယဉ်ကျေးမှု နှင့် ကမ္ဘာပျက်ယဉ်ကျေးမှု အပါအဝင် မတူညီသော လူ့ယဉ်ကျေးမှု ကိုးခုကို တွေ့ကြုံခဲ့ပြီးခဲ့ချေပြီ။

မည်သည့်ယဉ်ကျေးမှုကမ္ဘာတွင်မဆို ရဲလန်ယွဲ့သည် သူမ၏ကိုယ်ပိုင်ဉာဏ်ပညာနှင့် အစွမ်းအစတို့ဖြင့် ဧကရီဘုရင်မတစ်ဆူ ဖြစ်လာခဲ့၏။

ရဲလန်ယွဲ့သည် ယခုအခါ ဆယ်ကြိမ်မြောက် ပြန်လည်ဝင်စားခြင်း ဖြစ်သည်။ ဤဘဝသည် သူမ မိဘမဲ့မဟုတ်သော တစ်ခုတည်းသောဘဝဖြစ်သောကြောင့် သူမသည် သာမန်ဘဝတစ်ခုဖြင့် နေထိုင်ရန် ကြိုးစားဖို့ စီစဉ်ထားလေသည်။

.......

"ချီးလိုပဲ ဒါက ဘာသောက်ရေးတုန်း ငါတစ်ခါဝင်စားရတာကိုပဲ တော်တော်မိုက်နေပြီထင်တာ ငါ့အစ်မက ဆယ်ခါတောင် ဝင်စားဖူးတယ်တဲ့လား ပြီးတော့ တစ်ခါတစ်ခါတိုင်းကလည်း အလန်းစားတွေချည်းပဲ"

"နောက်ပြီး... ငါ့အစ်မမှာ စနစ်ရှိတယ် စနစ်က သူ့ကို အဆုံးမဲ့ဝင်စားခွင့်ပဲ ပေးတယ်ဆိုပေမဲ့ ဒါလည်း တော်တော်မိုက်နေပြီ ဒါက အခြားကမ္ဘာက ယဉ်ကျေးမှုတွေကို ကိုယ့်ကမ္ဘာကို အပြည့်အစုံ ယူလာနိုင်တာပဲ"

"နောက်ပြီး... အဲ့ဒီ အမှောင်ဧကရာဇ်အဖွဲ့အစည်းရဲ့ ဘော့စ်ဆိုတာကရော ဘာကြီးလဲ ငါ့အစ်မက သာမန်ဘဝနဲ့ နေချင်တယ် မဟုတ်ဘူးလား ဒီအဖွဲ့အစည်းရဲ့နာမည်က ဘယ်လိုမှ သာမန်မဆန်ဘူး..."

ရဲရှင်းဟွေ့သည် သူ၏အစ်မကြီး၏ နောက်ကြောင်းရာဇဝင်ကို စိတ်ထဲတွင် အားရပါးရ မြည်တွန်တောက်တီးနေမိသည်။

တကယ်တော့ အမှောင်ဧကရာဇ် ဆိုသည့်နာမည်က သာမန်မဆန်ရုံသာမက ရဲရှင်းဟွေ့က အမှောင်ဧကရာဇ်သည် ဘယ်လိုတည်ရှိမှုမျိုးလဲဆိုတာကို သူ၏ဘဝအတွေ့အကြုံများမှတစ်ဆင့် သိရှိထားသည်။

အမှောင်ဧကရာဇ်သည် Dark Web ထဲမှ အဖွဲ့အစည်းတစ်ခုဖြစ်၏။ တည်ထောင်ထားသည်မှာ မကြာသေးသော်လည်း သတင်းအချက်အလက်ရယူနိုင်စွမ်းနှင့် ကမ္ဘာ့အဆင့်အတန်းတွင် ထိပ်တန်းဟု သတ်မှတ်ခံထားရသည်။

ရဲရှင်းဟွေ့က သူ၏အစ်မအကြောင်းကို ကြည့်နေစဉ်မှာပင် ရဲရှင်းချန်က ကျောက်တုံးများအားလုံးကို အရောင်တင်ပြီးသွားလေပြီ။

"သွားကြစို့ ရှင်းဟွေ့"

ရဲရှင်းဟွေ့ ငေးကြောင်နေသည်ကိုမြင်တော့ ရဲလန်ယွဲ့က လှမ်းခေါ်လိုက်သည်။

"အိုး လာပါပြီ"

သူ၏အစ်မအသံကိုကြားမှ ရဲရှင်းဟွေ့ သတိပြန်ဝင်လာ၏။

သူ၏အစ်မကြီးအကြောင်းကို ဖတ်ပြီးနောက် ရဲရှင်းဟွေ့သည် အစပိုင်းတွင် အနည်းငယ် တုန်လှုပ်သွားသော်လည်း ယခုတော့ သူ နောက်ထပ် အားကိုးထောက်တိုင်တစ်ခု ရလိုက်သောကြောင့် စိတ်လှုပ်ရှားနေသည်။

"ငါလုပ်ချင်တာတွေကို နည်းနည်းပိုပြီး သတ္တိရှိရှိ လုပ်လို့ရလောက်ပြီ"

ရဲရှင်းဟွေ့ လှည့်ထွက်မည်ပြုစဉ်မှာပင် ရင်းနှီးသောပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။ ထိုသူမှာ စုဟုန် ဖြစ်သည်။

ထိုအချိန်တွင် စုဟုန်၏မျက်လုံးများသည် အလွန်အောက်တန်းကျနေသည်ဟု ဆိုရမည်ဖြစ်ပြီး သူ၏မျက်လုံးထဲမှ ပိုင်ဆိုင်လိုစိတ်နှင့် တဏှာရာဂစိတ်တို့ကို မျက်မမြင်တစ်ယောက်ပင် မြင်နိုင်လောက်သည်။

မူလက စုဟုန်သည် ထိုမျက်လုံးများဖြင့် ချွေ့ယာကျဲကို ကြည့်နေသည်ဟု ထင်ခဲ့သော်လည်း သူ၏အကြည့်နောက်သို့ လိုက်ကြည့်လိုက်သောအခါ သူကြည့်နေသည်မှာ မိမိ၏အစ်မဖြစ်နေသည်ကို တွေ့လိုက်ရ၏။

"ဟမ် မင်းက ငါ့အစ်မကို စိတ်ဝင်စားနေတာလား"

စုဟုန်၏ စက်ဆုပ်ရွံရှာဖွယ်အကြည့်ကို မြင်သောအခါ ရဲရှင်းဟွေ့၏မျက်လုံးများတွင်လည်း ရက်စက်မှုအရိပ်အယောင်တစ်ခု ပေါ်လာ၏။

စုဟုန်တွင် ထိုသို့လုပ်လိုသောဆန္ဒနှင့် သတ္တိရှိသည့်တိုင်အောင် သူ၏အစ်မကို နည်းနည်းလေးမှ ထိခိုက်နိုင်မည်မဟုတ်မှန်း သူသိသော်လည်း သူ ထိုသို့သောစိတ်ကူး ရှိနေသည့်အတွက် ရဲရှင်းဟွေ့တွင် သူ့ကို တိုက်ခိုက်ရန် အကြောင်းပြချက် ရှိသွားပြီဖြစ်သည်။

ရဲရှင်းဟွေ့သည် သူ၏အစ်ကိုအစ်မများလောက် မမိုက်သော်လည်း သူဌေးသားတစ်ယောက်ကို အသေတီးပစ်ရန်တော့ ဘာမှအခက်အခဲမရှိပေ။

ထိုသို့တွေးပြီးနောက် ရဲရှင်းဟွေ့က စုဟုန်ကို ထပ်ကြည့်လိုက်သော်လည်း ထိုအချိန်တွင် စုဟုန်က အများသုံးအိမ်သာဘက်သို့ လျှောက်သွားနေပြီဖြစ်သည်။

ထိုမြင်ကွင်းကိုတွေ့တော့ ရဲရှင်းဟွေ့က သူ၏အစ်ကိုအစ်မများဘက်သို့ လှည့်ပြောလိုက်၏။

"ကျွန်တော် အိမ်သာသွားဦးမယ်"

ပြောပြီးနောက် အိမ်သာဘက်သို့ ပြေးသွားတော့သည်။

ရဲရှင်းဟွေ့၏စကားကိုကြားပြီးနောက် ဝက်ဝံကန်းက နောက်သို့လှည့်ကာ လိုက်သွားသည်။ သူ၏တာဝန်မှာ ရဲရှင်းဟွေ့ကို ကာကွယ်ရန်နှင့် ရဲရှင်းဟွေ့ကို မျက်စိအောက်မှ အပျောက်မခံရန်ပင်။

........

ရဲရှင်းဟွေ့သည် စုဟုန်၏နောက်ကျောကိုကြည့်ရင်း အိမ်သာသို့ ရောက်လာခဲ့သည်။

စုဟုန်က အိမ်သာထဲသို့ ဝင်သွားပြီး သူ့နောက်တွင် အမြဲလိုက်နေသော ကျုံးစန်းဝတ်စုံနှင့် လူလတ်ပိုင်းအရွယ်အမျိုးသားက အိမ်သာအပြင်ဘက်တွင် တံခါးစောင့်နတ်ဘုရားတစ်ပါးကဲ့သို့ ရပ်နေ၏။

တကယ်တော့ ရဲရှင်းဟွေ့သည် ကျုံးစန်းဝတ်စုံနှင့် ထိုလူလတ်ပိုင်းအမျိုးသားကို အစကတည်းက သတိထားမိခဲ့သည်။

ထိုလူလတ်ပိုင်းအမျိုးသား၏ နားထင်နှစ်ဖက်သည် အနည်းငယ်မို့မောက်နေပြီး သူ၏လက်သီးများသည် သာမန်လူများထက် တစ်ပတ်လောက် ပိုကြီးကာ လက်သီးဆစ်များတွင် အသားမာများ တက်နေသည်။ သူသည်လည်း သိုင်းပညာရှင်တစ်ဦးဖြစ်ကြောင်း ထင်ရှားနေ၏။

ဘရုစ်လီ၏ သိုင်းပညာအတွေ့အကြုံကို ပေါင်းစပ်ရရှိထားသောကြောင့် ရဲရှင်းဟွေ့က ထိုလူလတ်ပိုင်းအမျိုးသားသည် ပြင်ပသိုင်းပညာကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။

"ရှင်းဟွေ့ မင်းဘာလုပ်နေတာလဲ"

ထိုအချိန်တွင် ဝက်ဝံကန်းက ရဲရှင်းဟွေ့နောက်သို့ ရောက်လာပြီး နားမလည်စွာ မေးလာသည်။

"ဟေ ခင်ဗျား ဘယ်လိုရောက်လာတာလဲ"

"ပစ်မှတ်ကို မျက်စိအောက်က အပျောက်မခံတာက ကိုယ်ရံတော်တစ်ယောက်ရဲ့ စည်းမျဉ်းပဲ"

ထိုသို့ပြောပြီးနောက် ဝက်ဝံကန်းက ထပ်မေးလိုက်၏။

"မင်းဒီကို ဘာလို့လာတာလဲဆိုတာ ခုထိမပြောသေးဘူးနော်"

စကားပြောနေရင်း ဝက်ဝံကန်းသည်လည်း ကျုံးစန်းဝတ်စုံနှင့် လူလတ်ပိုင်းအမျိုးသားကို လှမ်းကြည့်လိုက်သည်။

ဝက်ဝံကန်း၏ အမြင်အာရုံ မကောင်းသော်လည်း သူနှင့်အဆင့်တူ အင်အားကြီးသူများ၏ အငွေ့အသက်ကိုတော့ သူခံစားသိရှိနိုင်သည်။

"စိတ်မပူပါနဲ့ ကျွန်တော် ဟိုကောင် စုဟုန်ကို သင်ခန်းစာလေးနည်းနည်းပေးမလို့"

"ဪ ဒါနဲ့ ကျွန်တော့်နောက်တော့ လိုက်မလာနဲ့"

ထိုသို့ပြောပြီးနောက် ရဲရှင်းဟွေ့က အိမ်သာဘက်သို့ လျှောက်သွားလိုက်သည်။

ဝက်ဝံကန်းသည်လည်း အလွန်နာခံတတ်စွာဖြင့် လိုက်မသွားဘဲ သူ၏မျက်လုံးများကို ကျုံးစန်းဝတ်စုံနှင့် လူလတ်ပိုင်းအမျိုးသားထံတွင်သာ စူးစိုက်ထားလိုက်၏။

××××××××××××××

All Chapters