စုဟုန်
Vol. 5 Ch. 64
သူအိမ်သာနှင့် အနည်းငယ်အလှမ်းဝေးနေသေးသည့်အချိန်တွင် ရဲရှင်းဟွေ့သည် သူ၏လက်မများကို နားထင်တွင်ထောက်လိုက်ပြီး အိမ်သာတံခါးဝတွင်ရပ်နေသော ကျန်းဝတ်စုံနှင့် လူလတ်ပိုင်းအရွယ်အမျိုးသားကို စိုက်ကြည့်လိုက်၏။
"မင်းငါ့ကိုမမြင်ရဘူး... မင်းငါ့ကိုမမြင်ရဘူး... မင်းငါ့ကိုမမြင်ရဘူး..."
ရဲရှင်းဟွေ့သည် သူ၏အစွမ်းထက်စွမ်းအားကိုသုံးကာ ကျန်းဝတ်စုံနှင့်လူလတ်ပိုင်းအမျိုးသားကို လှည့်စားလိုက်သည်။
ထို့နောက် သူသည် ခပ်တည်တည်ဖြင့် အိမ်သာထဲသို့ ဝင်သွားလေသည်။
"ဘယ်လိုကြီးတုန်း ရဲရှင်းဟွေ့ကတော့ မိုက်လှချည်လား ဒီစွမ်းရည်နဲ့ဆို သူခိုး... အဟမ်း... အစားအစာတွေ ခိုးလို့ရနေပြီပဲ"
အဖြစ်အပျက်အားလုံးကို မြင်လိုက်ရသော ဝက်ဝံကန်းက အံ့ဩတကြီးပြောလေသည်။
.....
တစ်ချိန်တည်းမှာပင်။
အိမ်သာထဲတွင်။
ထိုအချိန်တွင် စုဟုန်တစ်ယောက်တည်းသာ အများသုံးသန့်စင်ခန်းထဲတွင် ရှိနေသည်။ ကိုယ်ရေးကိုယ်တာအကြောင်းပြချက်များကြောင့် သူသည် အခြားသူများနှင့်အတူ သန့်စင်ခန်းသွားချင်စိတ်မရှိပေ။ ထို့ကြောင့် သူသည် ကျန်းဝတ်စုံနှင့်အမျိုးသားကို တံခါးဝတွင်ရပ်စောင့်ခိုင်းပြီး အခြားသူများဝင်မလာစေရန် တားဆီးခိုင်းထားခြင်းပင်။
"ဒီလိမ်းဆေးက တကယ်အစွမ်းထက်ပုံပဲ။ အဘိုးကြီးက ငါ့ကိုလိမ်မသွားဘူးပဲ"
စုဟုန်သည် သူ၏ဝမ်းဗိုက်အောက်ပိုင်းနေရာကို လိမ်းဆေးလိမ်းရင်း ရေရွတ်လိုက်၏။
စုဟုန်သည် စုမိသားစု၏ သားအကြီးဆုံးဖြစ်ပြီး စုမိသားစု၏ နောက်ခံအရှိန်အဝါကြောင့် သူလိုချင်သော မိန်းကလေးမှန်သမျှကို ရရှိနိုင်စွမ်းရှိသည်။
ထို့ကြောင့် စုဟုန်သည် ဆယ်ကျော်သက်အရွယ်ကတည်းက အချစ်ရေးလောကတွင် ဝါရင့်တစ်ဦး ဖြစ်နေခဲ့ပြီဖြစ်သည်။
ဟုတ်ပါသည်.. ဒါတွေဟာ အလကားတော့မရပေ။ ငယ်ရွယ်စဉ်က သူ၏စွမ်းဆောင်ရည်မှာ မကောင်းမွန်ခဲ့ပေ။ အချိန်ကြာကြာစွမ်းဆောင်နိုင်ရန်အတွက် သူသည် တောင်ကြာပန်းများကို အလွန်အကျွံသောက်သုံးခဲ့ရာ ယခုအခါတွင် တောင်ကြာပန်းဆေးများကိုပါ ယဉ်ပါးသွားသည့်အခြေအနေသို့ ရောက်ရှိနေလေပြီ။
ယဉ်ပါးသွားရုံသာမက သူသည် မိန်းမများကိုပင် စိတ်မဝင်စားတော့သလောက်ဖြစ်နေပြီဖြစ်သည်။
သူ၏အဖေက ဒီသတင်းကိုကြားပြီးနောက် တရုတ်တိုင်းရင်းဆေးပညာရှင်တစ်ဦးကိုရှာဖွေကာ လိမ်းဆေးတစ်မျိုးကို ညွှန်းပေးခဲ့သည်။ ဆေးအကြိမ်အနည်းငယ်လိမ်းပြီးလျှင် ပြန်ကောင်းလာမည်ဟု ဆို၏။ ဘယ်လောက်အထိ ပြန်ကောင်းလာမလဲဆိုလျှင်တော့ ပန်းသေပန်းညှိုးဆေးကိုတောင် ဆေးယဉ်ပါးမှု သိပ်မရှိတော့လောက်အောင် ပြန်ကောင်းလာနိုင်သည်တဲ့။
စောစောက ရဲလန်ယွဲ့ကိုမြင်လိုက်သည့်အခါတွင် သူ့မှာ တကယ်ပင် တုံ့ပြန်မှုအချို့ရှိလာခဲ့သည်။ ထိုအခါမှ သူသည် ဤလိမ်းဆေးက အသုံးဝင်ကြောင်း သိလိုက်ရ၏။
လိမ်းဆေးက အသုံးမဝင်ခဲ့သည့်တိုင်အောင် ဒီနေ့သူမြင်လိုက်ရသည့် အလှပဂေးကတော့ အသုံးဝင်သည်မှာ သေချာသည်။ ထို့ကြောင့် ထိုမိန်းမကို သူရအောင်ယူမည်ဟု ဆုံးဖြတ်လိုက်၏။
"သေးလိုက်တာ ဘာကိုကိုင်နေတာလဲ"
စုဟုန် လိမ်းဆေးလိမ်းပြီးခါနီးအချိန်တွင် ရုတ်တရက်ထွက်ပေါ်လာသောအသံကြောင့် လန့်ဖျပ်ကာ နောက်သို့ပစ်လဲကျသွားသည်။
"မင်း သူတောင်းစား..."
စုဟုန်သည် ချော်လဲမကျအောင်ထိန်းရင်း မော့ကြည့်ကာ ဆဲဆိုရန်ကြံလိုက်၏။ သို့သော် ရဲရှင်းဟွေ့၏မျက်နှာကိုမြင်လိုက်ရသောအခါ သူလည်း မှင်သက်သွားသည်။
"မင်းငါ့ကိုစကားမပြောခင် ဘောင်းဘီအရင်ဝတ်ထားတာ ပိုကောင်းမယ် မြေပဲစေ့ရဲ့"
စုဟုန် ထိုစကားကိုကြားမှ သူဘောင်းဘီမဝတ်ရသေးသည်ကို သတိရသွားသည်။
စုဟုန် ဘောင်းဘီဝတ်လိုက်သည်နှင့်တစ်ပြိုင်နက် ရဲရှင်းဟွေ့ လှုပ်ရှားလိုက်တော့၏။
ရဲရှင်းဟွေ့၏လက်က စုဟုန်၏မျက်နှာပေါ်သို့ တန်းတန်းမတ်မတ်ကျလာပြီး သူ၏မျက်နှာကို ကြွေပြားနံရံနှင့် ဖိကပ်ထားလိုက်သည်။
အားအလွန်ပြင်းသောကြောင့် ကြွေပြားနံရံတွင် အက်ရာအချို့ပင်ပေါ်လာပြီး စုဟုန်၏ပါးပြင်ပေါ်မှ သွေးစက်များ စီးကျလာ၏။
"ဝူးဝူးဝူး... ဝူးဝူးဝူး..."
သူ၏မျက်နှာတစ်ခြမ်းလုံး ကြွေပြားနံရံနှင့်ဖိကပ်ခံထားရသောကြောင့် စုဟုန်သည် တအူးအူးအသံသာ ပြုနိုင်တော့သည်။
"ပြောရရင်... မင်းတို့လို သူဌေးသားပေါက်စတွေက လူတစ်ယောက်ကို ရန်စတော့မယ်ဆို နာမည်တောင်မမေးကြဘူးလား နာမည်မမေးရင်တောင် ငါ့မျိုးရိုးနာမည်တော့ အနည်းဆုံးမေးသင့်တယ်မဟုတ်လား 'ရဲ' မျိုးရိုးနာမည်နဲ့လူတွေကို ရန်စလို့မရဘူးဆိုတာ မင်းမသိဘူးလား။"
"ဝူး ဝူး ဝူး ဝူး" (မင်းမျိုးရိုးနာမည် ဘာဖြစ်ဖြစ် ငါဂရုမစိုက်ဘူး၊ စောင့်နေလိုက်၊ မင်းကိုငါ သေမထူးနေမထူးဘဝရောက်အောင် လုပ်ပြမယ်။)
ရဲရှင်းဟွေ့က သူဘာပြောနေသည်ကို ဂရုမစိုက်ပေ။ သူ၏ညာလက်ကိုသုံးကာ စုဟုန်ကို ခေါင်းမူးသွားအောင် ထပ်ထုလိုက်ပြီးနောက် အသေရိုက်နှက်တော့သည်။
ဒါကြောင့် မြို့ထဲမှာနေထိုင်တဲ့အခါ ရန်မစသင့်တဲ့လူစားမျိုးတွေ အများကြီးရှိသည်။ အထူးသဖြင့် စုဟုန်လို ဦးနှောက်မရှိတဲ့ သူဌေးသားပေါက်စတွေအတွက်ပေါ့။
ပထမ: တောင်ပေါ်ကဆင်းလာတဲ့လူတွေကို ရန်မစနဲ့၊ သူတို့က သိုင်းပညာရှင်တွေဖြစ်နိုင်သည်။
ဒုတိယ: 'ရဲ' မျိုးရိုးနာမည်နဲ့လူတွေကို ရန်မစနဲ့၊ သူတို့က ချမ်းသာတဲ့မိသားစုက သခင်လေးတွေဖြစ်နိုင်သည်။
တတိယ: တောင်သူလယ်သမားကိုလည်း ရန်မစတာ အကောင်းဆုံးပင်။ သူဟာ အံ့ဖွယ်ဆေးဆရာတစ်ယောက် ဖြစ်နိုင်သည်။
စတုတ္ထ: လုံခြုံရေးဝန်ထမ်းကိုတော့ လုံးဝရန်စမရချေ။ သူက စစ်ဘုရင် ဒါမှမဟုတ် လူသတ်သမားဘုရင် ဖြစ်နိုင်သည်။
ပဉ္စမ: ဆရာ၊ ဆရာမတွေကိုလည်း ရန်စ၍မရ သူတို့က တိတ်တဆိတ်စွမ်းဆောင်ရည်မြင့်မားနေတဲ့သူတွေ ဖြစ်နိုင်သည်။
ဆဋ္ဌမ: ကျောင်းသားတွေကို ဘယ်တော့မှ ရန်မစနှင့်။ သူတို့က နောက်ဘဝကနေပြန်ဝင်စားလာတဲ့ ဗီလိန်တွေ ဒါမှမဟုတ် ထူးခြားတဲ့အဖြစ်အပျက်တွေကြုံပြီး အထူးစွမ်းရည်တွေရထားတဲ့သူတွေ ကျင့်ကြံသူတွေ ဖြစ်နိုင်သည်။
ဒီကောင်က သူ့ကိုရော သူ့အစ်ကိုကိုပါ ရန်စခဲ့သည်။ ဆိုလိုသည်က သူတစ်ချိန်တည်း၌ ပြစ်မှုနှစ်ခု ကျူးလွန်ပြီးသားဖြစ်သွားလေသည်။
......
စုဟုန်ကို ရိုက်နှက်ပြီးနောက် ရဲရှင်းဟွေ့သည် လက်ခါလိုက်ပြီး ထွက်သွားရန် ပြင်ဆင်လိုက်၏။
မေးခွန်း: စုဟုန်ကို ဘာလို့ တခါတည်း မသတ်လိုက်တာလဲ။
အဖြေ: သူ့ကိုသတ်လိုက်ရင် ငါ့အတွက် တီဗီလိုင်း ဘယ်ကလာတော့မှာလဲ။
ဟုတ်သည်....ရဲရှင်းဟွေ့သည် နည်းလမ်းဟောင်းများကို ပြန်သုံးချင်နေသေးသည်။ ရန်ငြိုးဖွဲ့ပြီး တခြားသူများကို သူ့အား အနိုင်ကျင့်ခိုင်းကာ သူ၏အစ်ကိုနှင့်အစ်မတို့၏ စိတ်ခံစားမှုများကို ပြောင်းလဲစေချင်သည်။
ဒီတစ်ခါ စုဟုန်ကို ကြိုတင်ရိုက်နှက်လိုက်ခြင်းသည် ရန်ငြိုးဆွဲဆောင်ရန်သာမက ဒီငတုံးက သူ၏အစ်မကို ကိလေသာပြင်းသောမျက်လုံးများဖြင့် ကြည့်နေသည့်အတွက် အလွန်စိတ်အနှောင့်အယှက်ဖြစ်ရသောကြောင့်လည်းဖြစ်သည်။
ရဲရှင်းဟွေ့၏ လက်ရှိအစွမ်းသည် သူ၏အစ်ကိုကြီးနှင့်အစ်မလောက် မကောင်းသေးသည်မှာမှန်သော်လည်း သူသည် သူ၏မိသားစုကို အမြဲကာကွယ်ပေးချင်ခဲ့၏။
......
စုဟုန်ကို ရှင်းပြီးနောက် ရဲရှင်းဟွေ့သည် အိမ်သာ၏နောက်ပြတင်းပေါက်မှ တိုက်ရိုက်ထွက်သွားလိုက်သည်။
နောက်ပြတင်းပေါက်သည် ကျောက်စိမ်းဈေး၏ အပြင်ဘက်သို့ တိုက်ရိုက်ရောက်သည်။ ဝက်ဝံကန်းကို ဖုန်းဆက်ပြီး ထိုနေရာတွင်မစောင့်ရန်ပြောပြီးနောက် သူသည် ပတ်ပြီးသွားကာ သူ၏အစ်ကို အစ်မတို့နှင့် ပြန်တွေ့ရန် စီစဉ်လိုက်၏။
ကျောက်စိမ်းဈေး၏နောက်ကွယ်တွင် ကျောက်မျက်တူးဖော်ရေးနယ်မြေတစ်ခုရှိပြီး ၎င်းသည်လည်း ကျောက်စိမ်းဘုရင်ဟုခေါ်သောလူ၏ ပိုင်နက်ထဲတွင်ရှိသည်။
ရဲရှင်းဟွေ့ ကျောက်စိမ်းဈေးအစွန်အတိုင်း လျှောက်သွားနေစဉ်တွင် အမျိုးသားအချို့က မိန်းကလေးငယ်တစ်ဦးကို လိုက်ဖမ်းနေသည်ကို တွေ့လိုက်ရ၏။
မိန်းကလေးသည် စုတ်ပြဲနေသောအဝတ်အစားများကို ဝတ်ဆင်ထားပြီး သူမ၏မျက်နှာမှာလည်း အစွန်းအထင်းများဖြင့်ပြည့်နေသောကြောင့် မျက်နှာကို ကောင်းကောင်းမမြင်ရပေ။
မျက်နှာကိုမမြင်နိုင်သော်လည်း ကိုယ်လုံးကိုယ်ပေါက်အရဆိုလျှင် ရဲရှင်းဟွေ့က သူမကို ဆယ့်ခုနစ် ဆယ့်ရှစ်နှစ်အရွယ်လောက်ရှိမည်ဟု ခန့်မှန်းလိုက်သည်။
"ရပ်လိုက်စမ်း..."
"တောက်စ် တော်တော်ပြေးနိုင်တဲ့ကောင်မလေးပဲ သူ့ကိုမိရင် ခြေထောက်ကိုရိုက်ချိုးပစ်မယ်"
.......
မိန်းကလေးသည် ရဲရှင်းဟွေ့ရှိရာသို့ မီတာနှစ်ဆယ်အကွာခန့်သို့ ရောက်လာသည်။
သို့သော် ရဲရှင်းဟွေ့သည် ဤအသေးအဖွဲကိစ္စကို ဝင်ပါရန် စိတ်ကူးမရှိပေ။ တရုတ်ပြည်မှာဆိုလျှင် လူကယ်မိလျှင်တောင် ပြန်အဗျင်းခံရနိုင်သည်။ လူဆိုးကို လူကောင်းမဆိုသည့် သတင်းများစွာရှိ၏။
ထို့အပြင် ဤနေရာသည် တရုတ်ပြည်မဟုတ်ဘဲ အန္တရာယ်များပြည့်နှက်နေသော မြန်မာနိုင်ငံဖြစ်သည်။
မြန်မာနိုင်ငံတွင် ကလေးတစ်ယောက်ကပင် သင့်ကိုဓားဖြင့်ထိုးနိုင်သည်။
မိန်းကလေးသည် ရဲရှင်းဟွေ့ရှေ့သို့ရောက်လာသောအခါ သူသည် ဘေးသို့အသာရှောင်ကာ သူမကိုဖြတ်သွားခွင့်ပေးလိုက်၏။
သို့သော် မိန်းကလေးနောက်မှ လိုက်လာကြသောအမျိုးသားများသည် ရဲရှင်းဟွေ့ကိုမြင်သောအခါ ရပ်တန့်သွားကြသည်။
ထိုမြင်ကွင်းကြောင့် ရဲရှင်းဟွေ့ အနည်းငယ်ကြောင်သွား၏။
"ကိုနီချီဝါး"
"ဆဝါဒီခ"
"အိုပါး"
"ဟယ်လို"
ခေါင်းဆောင်ဖြစ်ဟန်တူသူက ရဲရှင်းဟွေ့ကို မပီကလာပီကလာ ဘာသာစကားအမျိုးမျိုးဖြင့် နှုတ်ဆက်လိုက်သည်။
သူက ဟယ်လိုဟုပြောလိုက်သောအခါ ရဲရှင်းဟွေ့ကလည်း "ဟယ်လို" ဟု ခေါင်းညိတ်ကာ ပြန်တုံ့ပြန်လိုက်၏။
"အိုး သူက တရုတ်လူမျိုးပဲ"
ရဲရှင်းဟွေ့သည် တရုတ်လူမျိုးဖြစ်ကြောင်း သိလိုက်ရသောအခါ ခေါင်းဆောင်အမျိုးသား၏မျက်နှာတွင် ပျော်ရွှင်မှုအရိပ်အယောင်တစ်ခုပြေးသွားသည်။
"တစ်ယောက်လွတ်သွားရင် နောက်တစ်ယောက်ဖမ်းလိုက်ပေါ့ ပြဿနာမရှိဘူး၊ ငါ့ကောင်ရ"
ခေါင်းဆောင်က ထိုသို့ပြောလိုက်ပြီး သူ၏နောက်မှလူနှစ်ယောက်က ရဲရှင်းဟွေ့ကို ဝင်ဖမ်းလိုက်၏။
"ဘုရားရေ ဒါက ပစ်မှတ်ပြောင်းလိုက်တာလား"
လမ်းဘေးမှာ အေးအေးဆေးဆေးအခြေအနေကြည့်နေရုံဖြင့် ဒုက္ခရောက်သွားလိမ့်မည်ဟု ရဲရှင်းဟွေ့တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။ သူ့မှာလည်း ရန်ငြိုးဆွဲဆောင်တတ်သည့် ဇာတ်လိုက်ကျော်ကံတရားမျိုးများ ရှိနေသလားမသိ။
×××××××××