← Chapters

ဘယ်ညာညှပ်ပူးညှပ်ပိတ်

Vol. 5 Ch. 65

ဘယ်ညာညှပ်ပူးညှပ်ပိတ်

Vol. 5 Ch. 65

သူ့ဆီသို့ ပြေးလာနေသော သန်မာထွားကျိုင်းသည့် လူသုံးယောက်ကို မြင်လိုက်ရသည့်အခါ ရဲရှင်းဟွေ့သည် တုံ့ဆိုင်းမနေဘဲ တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။

ဘရုစ်လီ၏ အရည်အချင်းများကို ရရှိခဲ့ပြီးနောက်ပိုင်း ရဲရှင်းဟွေ့သည် မည်သူနှင့်မျှ အလေးအနက်ထား၍ မတိုက်ခိုက်ဖူးသေးပေ။

ယခင်က သူတို့သည် တရုတ်ပြည်၌သာ အမြဲနေထိုင်ခဲ့ကြသည်။ တရုတ်ပြည်တွင် ရန်ဖြစ်ပါက နိုင်လျှင် ထောင်ကျပြီး ရှုံးလျှင် ဆေးရုံရောက်ရ၏။ တကယ်ကို မတန်သည့်ကိစ္စဖြစ်သည်။ သို့သော် ရဲရှင်းဟွေ့က ရှုံးမည့်လူလည်း မဟုတ်ပေ။

......

"တိုက်မယ်ကွ..."

ရဲရှင်းဟွေ့က ခြေထောက်ဖြင့် ရှေ့သို့တစ်ချက်ကန်ထုတ်လိုက်ရာ ခေါင်းဆောင်ဖြစ်ပုံရသည့်လူကို လေးငါးမီတာအကွာသို့ လွင့်စင်သွားစေသည်။

ထို့နောက် သူက ဘေးကန်ချက်တစ်ချက် ထပ်ကန်လိုက်ပြီး ကျန်လူနှစ်ယောက်ကိုပါ လဲကျသွားစေ၏။

နှစ်စက္ကန့်ပင်မပြည့်သေးသော အချိန်အတွင်းမှာပင် လူသုံးယောက်လုံး ရဲရှင်းဟွေ့၏ လက်ချက်ဖြင့် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

"ငါတော်တော်သန်မာတာပဲ"

ရဲရှင်းဟွေ့က ကိုယ့်ကိုယ်ကိုယ်ချီးကျူးလိုက်ပြီးနောက် ထွက်သွားရန် ပြင်လိုက်သည်။

သူလှည့်ထွက်လိုက်သည်နှင့် အစောပိုင်းက အမောင်းခံနေရသည့် ကောင်မလေးက ထိုနေရာမှာရပ်ပြီး ဒီဘက်ကို ကြည့်နေသည်ကို တွေ့လိုက်ရ၏။

ရဲရှင်းဟွေ့ စကားပင်မပြောနိုင်တော့ပေ။ ဒီကောင်မလေး ဦးနှောက်များ ချို့ယွင်းနေသလားဟု သူထင်မိသည်။ အစောက ခွေးတစ်ကောင်လို အမောင်းခံနေရပြီး အခုတော့ ထိုလူတွေက သူ့ကိုပစ်မှတ်ထားတိုက်ခိုက်နေချိန်မှာ သူမက ထွက်မပြေးဘဲ ရပ်ကြည့်နေသည်။

ရဲရှင်းဟွေ့က ထိုကောင်မလေးကို လုံးဝဂရုမစိုက်ဘဲ တစ်ချက်သာ စိုက်ကြည့်လိုက်ပြီး ထွက်သွားရန်ပြင်လိုက်၏။

ထိုအချိန်မှာပင် အစောပိုင်းက ကောင်မလေးထွက်ပြေးလာသည့်ဘက်နှင့် လူသုံးယောက်လိုက်လာသည့်ဘက်မှ ခြေသံများစွာ ထွက်ပေါ်လာသည်။

ရဲရှင်းဟွေ့ လှည့်ကြည့်လိုက်သောအခါ အနည်းဆုံး လူအယောက်နှစ်ဆယ် သုံးဆယ်ခန့် သူ့ဆီသို့ ပြေးလာနေသည်ကို တွေ့လိုက်ရ၏။

ရန်လိုသောပုံစံများဖြင့် ပြေးလာနေသော လူအယောက်နှစ်ဆယ်ကျော်ကို မြင်လိုက်ရသည့်အခါ ရဲရှင်းဟွေ့သည် နောက်လှည့်ကာ ထွက်ပြေးတော့သည်။

ထိုမြင်ကွင်းကိုတွေ့သောအခါ ကောင်မလေးသည်လည်း ထွက်ပြေးလေသည်။

ရဲရှင်းဟွေ့ အိမ်သာနောက်ဘက်ရှိ ပြတင်းပေါက်နားမှ ဖြတ်သွားစဉ် လူတစ်ယောက်က သူ့လမ်းကို ပိတ်ရပ်လိုက်သည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် တိုက်ခိုက်ရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ကြောင်း ရဲရှင်းဟွေ့ သိလိုက်၏။

အကြောင်းမှာ သူ့ရှေ့တွင် ရပ်နေသူသည် စုဟုန်၏ သက်တော်စောင့် ကျုံးရှန်းဝတ်စုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားဖြစ်နေသောကြောင့်ပင်။

......

ကျုံးရှန်းဝတ်စုံနှင့် လူလတ်ပိုင်းအရွယ်အမျိုးသား၏အမည်မှာ စုန့်ကျုံး ဖြစ်သည်။

နာမည်က စိတ်ဓာတ်ကျစရာကောင်းသော်လည်း သူ၏ခွန်အားမှာတော့ မနည်းလှပေ။

သို့မဟုတ်လျှင် သူသည် စုမိသားစု၏ သားအကြီးဆုံး၏ ကိုယ်ရေးကိုယ်တာ သက်တော်စောင့် ဖြစ်လာမည်မဟုတ်ပေ။

လွန်ခဲ့သော မိနစ်အနည်းငယ်က အိမ်သာတံခါးကို စောင့်နေသော စုန့်ကျုံးသည် တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရသည်။ ထို့အပြင် အိမ်သာတံခါးဝတွင် အိမ်သာသုံးရန် စောင့်နေသူများလည်း များပြားလာပြီဖြစ်ရာ ဆက်စောင့်နေပါက ဒီနေရာရှိ လုံခြုံရေးများ၏ အာရုံစိုက်မှုကို ခံရနိုင်၏။

ထိုသို့တွေးမိသောအခါ စုန့်ကျုံးသည် အိမ်သာထဲသို့ဝင်၍ စုဟုန်ကို အမြန်ပြီးစီးရန် သွားပြောရန် ဆုံးဖြတ်လိုက်သည်။

သို့သော် ရေချိုးခန်းထဲသို့ သူဝင်သွားသောအခါ ခြေရာများဖြင့်ပြည့်နှက်နေပြီး မျက်နှာနှင့်ခေါင်းတွင် သွေးများထွက်နေသော စုဟုန်ကို တွေ့လိုက်ရ၏။

နည်းလမ်းအချို့သုံး၍ စုဟုန်ကို သတိပြန်လည်လာအောင်လုပ်ပြီးနောက်မှ တစ်စုံတစ်ယောက်က ရေချိုးခန်းထဲသို့ ခိုးဝင်လာပြီး သူဂရုမပြုမိချိန်တွင် စုဟုန်ကို ရိုက်နှက်သွားကြောင်း သူသိလိုက်ရသည်။

စုဟုန်သည်လည်း အလွန်ဒေါသထွက်နေ၏။ သူ့ကို ဝက်ခေါင်းဖြစ်အောင် ရိုက်နှက်သွားသော ရဲရှင်းဟွေ့ကိုသာမက တံခါးတစ်ပေါက်ကိုပင် သေချာမစောင့်နိုင်သော စုန့်ကျုံးကိုပါ ဒေါသထွက်နေခြင်းဖြစ်သည်။

မူလက စုန့်ကျုံးသည် စုဟုန်ကို ချက်ချင်းဆေးကုသရန် ခေါ်သွားချင်သော်လည်း စုဟုန်က သူ၏ဒဏ်ရာများမှာ ကိစ္စမရှိကြောင်း သို့သော် သူ့ကိုရိုက်သွားသည့်ကောင်တော့ သေကိုသေရမည်ဟု ပြောလေသည်။

ထိုအခြေအနေကို မြင်သောအခါ စုန့်ကျုံးသည် စုဟုန်အား ကာကွယ်စောင့်ရှောက်ရန်နှင့် ဆေးကုသရန်အတွက် အရင်က စုဟုန်ဆက်သွယ်ထားသော သက်တော်စောင့်အချို့ကို ဆက်သွယ်လိုက်ရ၏။ ထို့နောက် သူကိုယ်တိုင်က ရဲရှင်းဟွေ့နောက်သို့ ပြတင်းပေါက်မှတစ်ဆင့် လိုက်လာခဲ့သည်။

......

စုန့်ကျုံးသည် ရဲရှင်းဟွေ့ရှေ့တွင်ရပ်ကာ ရှေ့ဆက်မသွားနိုင်အောင် တားဆီးထားသည်။

သူ့နောက်မှ လူအယောက်နှစ်ဆယ်ကျော်သည်လည်း အမီလိုက်လာကြပြီး မကြာမီမှာပင် ရဲရှင်းဟွေ့၏ အခြေအနေသည် ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်သွားတော့သည်။

ရဲရှင်းဟွေ့သာမက ထွက်ပြေးရန်ကြံရွယ်နေသည့် ကောင်မလေးသည်လည်း ဤနေရာတွင် ပိတ်မိသွားသည်။

မည်သည့်ခံစားချက်မှမရှိသော မျက်နှာထားဖြင့် ကောင်မလေးကို တစ်ချက်ကြည့်လိုက်ပြီး ရဲရှင်းဟွေ့က

"မင်းတော့ သွားပြီ ပွဲဆက်ကြည့်နေတုန်းပဲလား ကိုယ့်ဒုက္ခကိုယ်ရှာတာပဲ" ဟု စိတ်ထဲမှ တွေးလိုက်၏။

အစောက ကောင်မလေး ထွက်မပြေးသည့်အတွက် ပွဲဆက်ကြည့်ချင်၍ ရပ်နေခဲ့ပြီး ပွဲကြည့်ပြီးလျှင် ထွက်ပြေးနိုင်မည်ဟု ထင်ခဲ့လိမ့်မည်ဟု ရဲရှင်းဟွေ့က ခန့်မှန်းလိုက်သည်။ သို့သော် ယခုတော့ သူမပါ ပိတ်မိနေပြီဖြစ်သည်။

"သခင်လေးစုကို သွားတွေ့ဖို့ ငါနဲ့လိုက်ခဲ့"

ထိုအချိန်တွင် စုန့်ကျုံးက စကားပြောလာသည်။

စုန့်ကျုံး၏စကားကိုကြားသောအခါ ရဲရှင်းဟွေ့က ပခုံးတွန့်လိုက်ပြီး

"အဲ့ကောင်စုတ်နဲ့ သွားတွေ့ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ သူသေသွားရင်တော့ သူ့ရဲ့အုတ်ဂူပေါ်မှာ ငါသွားကပေးလို့ရတယ်"

"ဒီလိုဆိုရင်တော့ ငါကိုယ်တိုင်လက်ပါရတော့မှာပဲ"

ပြောပြောဆိုဆိုပင် စုန့်ကျုံးက သူ၏လက်မောင်းကိုလွှဲ၍ ရဲရှင်းဟွေ့၏ ရင်ဘတ်ကို ထိုးလိုက်၏။

ထိုမြင်ကွင်းကိုတွေ့သောအခါ ရဲရှင်းဟွေ့သည်လည်း တိုက်ခိုက်ရန်ပြင်လိုက်ပြီး သူ၏ညာလက်ကိုဆန့်တန်းကာ အပြင်ဘက်သို့ ပထုတ်၍ စုန့်ကျုံး၏ တိုက်ခိုက်မှုကို ကာကွယ်လိုက်သည်။

စုန့်ကျုံး၏ တိုက်ခိုက်မှုကို ကာကွယ်ပြီးနောက် ရဲရှင်းဟွေ့က သူ၏ညာခြေကို ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် စုန့်ကျုံး၏ ဝမ်းဗိုက်ကို ထိုးလိုက်လေ၏။

"ဘုန်း" ဟူသော အသံကျယ်နှင့်အတူ စုန့်ကျုံးသည် သုံးလှမ်းခန့် နောက်သို့ဆုတ်သွားပြီး ရဲရှင်းဟွေ့ကို အံ့အားသင့်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

"မင်းက သိုင်းပညာရှင်တစ်ယောက်ဖြစ်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"

"မင်းမထင်ထားတာတွေ အများကြီးရှိသေးတယ်"

စကားပြောရင်း ရဲရှင်းဟွေ့သည် သူ၏စိတ်အခြေအနေကို ညှိယူလိုက်ရာ မူလက တည်ငြိမ်နေသော စိတ်အခြေအနေသည် တဖြည်းဖြည်း တင်းမာလာသည်။

ရဲရှင်းဟွေ့ တင်းမာလာသည်နှင့်အမျှ သူ၏နှလုံးခုန်သံသည် ပို၍ပို၍ ထင်ရှားလာပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။

"ဘုန်း၊ ဘုန်း၊ ဘုန်း..."

ပြင်းထန်သော နှလုံးခုန်သံများကြောင့် စုန့်ကျုံးသည် သူ၏ကိုယ်ပိုင်နှလုံးခုန်နှုန်းပင် ထိုနှလုံးခုန်သံများ၏ စည်းချက်အတိုင်း လိုက်ပါခုန်နေသည်ဟု ခံစားလိုက်ရသည်။

"ဒါ... ဒါဘာဖြစ်တာလဲ။ ဒီလူငယ်လေးဆီကနေ သေခြင်းတရားရဲ့အရိပ်အငွေ့ကို ငါခံစားမိနေတယ်"

"အရင်တစ်ခေါက် ထိပ်တိုက်တွေ့တုန်းက ဒီလူငယ်လေး သူ့ရဲ့အစွမ်းအစအမှန်ကို လုံးဝမထုတ်ပြခဲ့တာများလား။"

"ဒီဖိအားပေးနိုင်တဲ့ ခံစားချက်... ဒီလူငယ်လေးက တကယ်တော့ သခင်လေးတစ်ပါးများလား"

ထိုအချိန်တွင် ရဲရှင်းဟွေ့ထံမှ အလွန်ကြီးမားသော ဖိအားကို ခံစားနေရသော်လည်း စုန့်ကျုံးသည် အလွန်ခေါင်းမာနေဆဲဖြစ်သည်။ အကယ်၍ သူခေါင်းမမာပါက သူ့ကိုယ်သူ စုန့်ကျုံးဟု ခေါ်ဆိုနိုင်မည်မဟုတ်ပေ။

ထို့အပြင် စုန့်ကျုံးက လက်ပါရခြင်းမှာ ရဲရှင်းဟွေ့နှင့် ယခင်ကတစ်ကြိမ် ထိပ်တိုက်တွေ့ဆုံမှုရှိခဲ့ပြီး ထိုတွေ့ဆုံမှုတွင် ရဲရှင်းဟွေ့ မည်မျှအစွမ်းထက်သည်ကို သူ မခံစားမိခဲ့သောကြောင့်ဖြစ်သည်။

နောက်ထပ်လက်သီးတစ်လုံး ထပ်ထိုးလိုက်၏။ ယခင်အတွေ့အကြုံကြောင့် ယခုတစ်ကြိမ်တွင် စုန့်ကျုံးသည် သူ၏အင်အားအကုန်သုံး၍ တိုက်ခိုက်သည်ဟု ဆိုနိုင်သည်။

ထိုမြင်ကွင်းကိုတွေ့သောအခါ ရဲရှင်းဟွေ့သည် သူ၏ ဧကရာဇ်အင်ဂျင် ခြိမ်းခြောက်မှု မအောင်မြင်ကြောင်း သိလိုက်၏။

တကယ်တော့ ဒါဟာ အစကတည်းက ဧကရာဇ်အင်ဂျင်ကို အသုံးမပြုခဲ့သည့် သူ့အမှားပင်။ အကယ်၍ အစောပိုင်းက ထိပ်တိုက်တွေ့ဆုံမှုသာ မရှိခဲ့လျှင် ရဲရှင်းဟွေ့သည် ဧကရာဇ်အင်ဂျင်ကိုသုံး၍ ခပ်တည်တည်ဖြင့် ထွက်သွားနိုင်လောက်သည်။

သူက အမြဲတမ်း သူ့အစ်ကိုနှင့်သာ အတူနေထိုင်ခဲ့ပြီး ဧကရာဇ်အင်ဂျင်ကို အသုံးပြုရန် အခွင့်အရေးအလွန်နည်းပါးသောကြောင့် ရဲရှင်းဟွေ့သည် သူ၏ ဟန်ဆောင်ပညာကို အမြဲမေ့နေတတ်၏။

စုန့်ကျုံးက ထပ်မံတိုက်ခိုက်လာသည်ကိုမြင်သောအခါ ရဲရှင်းဟွေ့သည်လည်း သူ့ကို ပြန်လည်တိုက်ခိုက်ရတော့သည်။

ထိုအချိန်မှာပင် နောက်ဘက်ရှိ မြန်မာလူမျိုး အယောက်နှစ်ဆယ်ကျော်သည်လည်း အမီလိုက်လာကြ၏။

ရဲရှင်းဟွေ့၏ လက်ချက်ဖြင့် လဲကျသွားသော လူသုံးယောက်ထံမှ အဖြစ်အပျက်ကို သိရှိပြီးနောက် လူ ၂၀ ကျော်သည် ရဲရှင်းဟွေ့နှင့် သူ့အဖွဲ့ဆီသို့ ရန်လိုသောပုံစံဖြင့် လျှောက်လာကြသည်။

ရဲရှင်းဟွေ့နှင့် စုန့်ကျုံးတို့၏ အင်အားမှာ အခြေခံအားဖြင့် တန်းတူညီမျှသည်ဟု ဆိုနိုင်သည်။

ရဲရှင်းဟွေ့၏ လှုပ်ရှားမှုသည် အလွန်မြန်ဆန်ပြီး စုန့်ကျုံးက သူ့ကို မမီနိုင်သလောက်ဖြစ်နေသလို ရဲရှင်းဟွေ့၏ လက်သီးချက်များသည်လည်း စုန့်ကျုံးကို လုံးဝမထိခိုက်စေပေ။

"အား......"

သူတို့နှစ်ယောက် ပြင်းထန်စွာ တိုက်ခိုက်နေကြစဉ် စူးရှသောအော်သံတစ်ခုက သူတို့၏အာရုံကို ဆွဲဆောင်လိုက်၏။

နှစ်ယောက်သား လက်သီးတစ်ချက်စီ လဲလှယ်ထိုးလိုက်ပြီးနောက် တစ်ပြိုင်နက်တည်း နောက်သို့ နှစ်လှမ်းဆုတ်ကာ အော်သံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

မကြည့်ခင်ကတော့ မသိကြပေ၊ မြင်လိုက်ရသောအခါမှာတော့ အံ့အားသင့်သွားကြသည်။

အစောပိုင်းက လူသုံးယောက်၏အမောင်းကိုခံနေရပြီး သနားစရာကောင်းသောပုံစံဖြစ်နေသည့် ကောင်မလေးသည် ယခုအခါ လူအယောက် ၂၀ ကျော်ကို တစ်ယောက်တည်း ရိုက်နှက်နေသည်။ ထို့အပြင် သူမ လက်သီးတစ်ချက်ထိုးလိုက်တိုင်း အရိုးကျိုးသံကို ရဲရှင်းဟွေ့နှင့် စုန့်ကျုံးတို့က ရှင်းရှင်းလင်းလင်း ကြားနေရ၏။

ထိုမြင်ကွင်းကိုတွေ့သောအခါ ရဲရှင်းဟွေ့၏ စိတ်ထဲတွင် မကောင်းသလို ခံစားလိုက်ရသည်။

"ကျစ်... မင်းက ဒီလောက်တောင်တော်နေတာလား။ ဒီလောက်တော်နေတာကို ဘာလို့အဲ့လောက်သနားစရာကောင်းအောင် အမောင်းခံနေသေးတာလဲ။ မင်းဘာတွေလုပ်နေခဲ့တာလဲ။"

××××××××××

All Chapters