ခံစားချက်မရှိသော မိန်းကလေး။
Vol. 5 Ch. 66
ကျောက်စိမ်းရောင်းဝယ်ရေးဈေး၏ နောက်ဘက်ရှိ သတ္တုတွင်းသို့သွားရာလမ်းမပေါ်တွင်။
ညစ်စုတ်ပေရေနေသည့် မျက်နှာလေးနှင့် ခံစားချက်ကင်းမဲ့နေသော မိန်းကလေးတစ်ယောက်သည် သူမထက် အဆပေါင်းများစွာ ကြီးမားသော လူသန်ကြီးတစ်ယောက်၏ လက်မောင်းကို လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်လိုက်ပြီး ညင်သာစွာ ညှစ်လိုက်၏။
ထိုလူသန်ကြီးသည် သူ၏လက်မောင်းကို အုပ်ကိုင်ရင်း မြေပြင်ပေါ်သို့ လဲပုံကျသွားကာ အော်ဟစ်ငြီးငြူနေတော့သည်။
နောက်ဆုံးလူကို ဖြေရှင်းပြီးနောက် ထိုမိန်းကလေးသည် မတ်တတ်ရပ်ပြီး ရဲရှင်းဟွေ့နှင့် စုန့်ကျုံးတို့ဘက်သို့ လှည့်ကြည့်လာခဲ့၏။
စုန့်ကျုံးသည် မယုံနိုင်စွာဖြင့် သူ၏မျက်လုံးများကို ပွတ်သပ်လိုက်ကာ သူ၏ဘေးရှိ ရဲရှင်းဟွေ့အား မေးမြန်းလိုက်သည်။
"ဟေ့ လူငယ်လေး ဒီမိန်းကလေးက ဒီလူအယောက်နှစ်ဆယ်ကျော်ကို ရှင်းဖို့ ဘယ်လောက်ကြာသွားလဲ။"
"ကျွန်တော်မရေလိုက်ဘူး။ ဒါပေမဲ့ တစ်မိနစ်ထက်တော့ မပိုလောက်ဘူး ဟုတ်တယ်မလား။ ဒါက... လူပုံစံနဲ့ ဒိုင်နိုဆောဘုရင်မကြီးပဲ။"
ဤသို့ပြောပြီးမှ ရဲရှင်းဟွေ့သည် သူ့ဘေးမှလူသည် ရန်သူဖြစ်နိုင်သည်ဆိုတာကို သတိရသွားခဲ့သည်။
"ငါမေးမယ်။ မင်းဆက်တိုက်ဦးမှာလား။ တိုက်မယ်ဆိုရင်တော့ ငါလူပြောင်းလိုက်မယ်။"
စကားပြောနေရင်းဖြင့် ရဲရှင်းဟွေ့သည် ထိုနေရာတွင် မတ်တပ်ရပ်နေဆဲဖြစ်သော မိန်းကလေးကို လှမ်းကြည့်လိုက်သည်။
"ဟားဟားဟား"
စုန့်ကျုံးသည် ရှက်ကိုးရှက်ကန်းရယ်လိုက်ပြီး "ထားလိုက်ပါတော့၊ မတိုက်တော့ဘူး။ မတိုက်တော့ဘူး။" ဟုပြောလာခဲ့၏။
စုန့်ကျုံးသည် မတုံးအပါ။ ဒီမိန်းကလေးက လူအယောက် ၂၀ ကျော်အား အနိုင်ယူခဲ့သည့်မြင်ကွင်းသည် သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေဆဲပင်ဖြစ်သည်။
သူသည်လည်း လူအယောက် ၂၀ ကျော်ကို တစ်ယောက်တည်း အနိုင်ယူနိုင်ပေမဲ့ ဤမိန်းကလေးကဲ့သို့ လွယ်ကူလိမ့်မည်မဟုတ်သည်မှာတော့ အသေအချာပင်။
ရဲရှင်းဟွေ့အား သူဆက်လက်မဖြေရှင်းနိုင်တော့သည့်အတွက် စုန့်ကျုံးသည် ထွက်သွားရန် စီစဉ်လိုက်၏။
စုဟုန်အတွက်လား။ အဲဒါက အရေးမကြီးပါ။ ထို စုဟုန်က စုမိသားစု၏ အကြီးဆုံးသားဖြစ်သော်လည်း စုမိသားစု မျိုးဆက်သစ်များထဲတွင် အသုံးမကျဆုံးသူဖြစ်သည်။
သူသည် စုမိသားစုအဘိုးကြီး၏ လက်အောက်ငယ်သားဖြစ်သောကြောင့် စုဟုန်က သူ့ကို ဘာမှလုပ်နိုင်မည်မဟုတ်ပေ။
......
စုန့်ကျုံးထွက်သွားသည်ကို ကြည့်ပြီးနောက် ရဲရှင်းဟွေ့သည် သူ၏အာရုံကို မိန်းကလေးဘက်သို့ ပြန်၍လှည့်လိုက်သည်။
"မင်းဘယ်ကလဲ။ တရုတ်လား။ မြန်မာလား။ ဒါမှမဟုတ် ကျွန်းနိုင်ငံတစ်ခုခုကလား။..."
"ကျွန်မဘယ်ကလာလဲ ကျွန်မမသိဘူး။"
မိန်းကလေးသည် နောက်ဆုံးတွင် စကားပြောလာပြီး ပီသသော တရုတ်စကားကို ပြောဆိုခဲ့သည်။
"အိုး တရုတ်လူမျိုးပဲ။"
တစ်ဖက်လူသည် တရုတ်လူမျိုးဖြစ်ကြောင်း သိလိုက်ရသည့်အခါ ရဲရှင်းဟွေ့တစ်ယောက် ထိုအေးစက်စက်မိန်းကလေးအပေါ် နှစ်သက်မှုရုတ်တရက် တိုးတက်သွားခဲ့၏။
"မင်းက အရမ်းတော်တာပဲ။ ဘာလို့အစကတည်းက မတိုက်ခိုက်ခဲ့တာလဲ။ ဘာလို့ အဲ့လူသုံးယောက်ကို မင်းနောက်လိုက်ခိုင်းထားတာလဲ။"
ရဲရှင်းဟွေ့သည် သူအသိချင်ဆုံးဖြစ်နေသော မေးခွန်းအား မေးမြန်းလိုက်သည်။
စောနက ဒီမိန်းကလေး၏ တိုက်ခိုက်ပုံကို ကြည့်ရသည်မှာ သူမသည် ဘရုစ်လီ၏ စွမ်းရည်အားလုံးကို အမွေဆက်ခံထားသော ကိုယ်ခံပညာရှင်တစ်ယောက်ဖြစ်သည့် သူ့ထက်ပင် ပို၍အစွမ်းထက်နေမှန်း သိသာလွန်းလှသည်။
ရဲရှင်းဟွေ့သည် သူမသည်လည်း သူ၏အစ်ကိုကဲ့သို့ ကျင့်ကြံသူတစ်ယောက်လားဟု တွေးတောနေမိ၏။
ထိုမိန်းကလေးသည် ရဲရှင်းဟွေ့ကို ကြည့်၍ ခေါင်းစောင်းကာ
"ထွက်ပြေးလို့ရရဲ့သားနဲ့ ဘာလို့ပြန်တိုက်နေမှာလဲ။"
ရဲရှင်းဟွေ့: .....
သောက်ကျိုးနည်း။
သူမပြောတာ အရမ်းမှန်နေသလို ခံစားရပြီး သူ့တွင် ပြန်ချေပဖို့တောင် စကားလုံးမရှိတော့ပေ။
"ဒါဆို နောက်ပိုင်းကျတော့ ဘာလို့ပြန်တိုက်ခိုက်ခဲ့တာလဲ။"
ရဲရှင်းဟွေ့သည် ထပ်၍မေးလိုက်သည်။
"ရှင်က ကျွန်မကို ကူညီခဲ့တယ်လေ။ ကျွန်မသာပြန်မတိုက်ရင် ရှင်အရိုက်ခံရလိမ့်မယ်။"
မိန်းကလေးသည် ခံစားချက်မပါသော အသံဖြင့် ပြန်လည်ဖြေလာခဲ့သည်။
မိန်းကလေး၏အဖြေကို ကြားလိုက်သောအခါ ရဲရှင်းဟွေ့မှာ သူ၏ဂုဏ်သိက္ခာကို စော်ကားခံလိုက်ရသလို ရုတ်တရက် ခံစားလိုက်ရသည်။
"ငါအရိုက်ခံရမယ်ဟုတ်လား။ မင်းနောက်နေတာလား။"
စုန့်ကျုံးထွက်သွားသည်မှာ သူ့ရှေ့မှ မိန်းကလေးကြောင့်ဖြစ်သည်ဟု ရဲရှင်းဟွေ့ လုံးဝမထင်ခဲ့ပါ။
......
စကားအနည်းငယ်ပြောပြီးသည့်နောက် ရဲရှင်းဟွေ့သည် သူ့ရှေ့မှ မိန်းကလေးအား စိတ်ဝင်စားလာခဲ့ပြီး သူ၏ 'အလုံးစုံမြင်မျက်လုံး' ကို ချက်ချင်းဖွင့်လိုက်၏။
'အလုံးစုံမြင်မျက်လုံး' အား ဖွင့်လိုက်သောအခါ ရဲရှင်းဟွေ့သည် အလွန်အမင်းအံ့အားသင့်သွားခဲ့သည်။
အကြောင်းမှာ မိန်းကလေး၏ခေါင်းပေါ်ရှိ တိုးတက်မှုပြဘားသည် သုညဖြစ်နေသောကြောင့်ပင်။
ဘာဆို ဘာမှမရှိပေ။
လက်ရှိအချိန်အထိ ရဲရှင်းဟွေ့အပေါ် ကောင်းသောသဘောထားရှိသူများအတွက် နှစ်သက်မှုတန်ဖိုးသည် အပြာရောင်၊ မနှစ်မြို့မှုတန်ဖိုးသည် အစိမ်းရောင်၊ သတ်ဖြတ်လိုစိတ်တန်ဖိုးသည် အနီရောင်တို့ ဖြစ်ကြသည်။
သို့သော် ထိုမိန်းကလေး၏ခေါင်းပေါ်ရှိ တိုးတက်မှုပြဘားသည် လစ်လပ်နေချေ၏။
ဤအရာက ရဲရှင်းဟွေ့အား အလွန်ရှုပ်ထွေးသွားစေခဲ့သည်။
ရဲရှင်းဟွေ့၏ မကြာသေးခင်ကလုပ်ရပ်သည် ဤမိန်းကလေးကို ဒုက္ခမှ ကယ်တင်ရန် ရည်ရွယ်ခြင်းမဟုတ်သော်လည်း (ဟုတ်ပါတယ်၊ သူမက အစကတည်းက ဒုက္ခရောက်နေတဲ့ထဲ မပါဘူး)... မိန်းကလေး၏အမြင်တွင်တော့ သူဟာ သူမကို ကူညီခဲ့ခြင်းဖြစ်သည်။
ထိုသို့မဟုတ်လျှင် သူမသည် "ရှင်က ကျွန်မကို ကူညီခဲ့တယ်။ ကျွန်မသာမတိုက်ရင် ရှင်အရိုက်ခံရလိမ့်မယ်။" ဟု ပြောလိမ့်မည်မဟုတ်ချေ။
သို့သော် သူမသည် ကျေးဇူးတင်နေသော်လည်း ရဲရှင်းဟွေ့အပေါ်မည်သည့်သဘောထားမှ မရှိခဲ့ပေ။
တကယ်တော့ ရဲရှင်းဟွေ့သည် လူစိမ်းတစ်ယောက်နှင့်တွေ့ဆုံ၍ ထိုလူစိမ်းနှင့် မည်သည့်ဆက်ဆံမှုမှ မရှိခဲ့လျှင်တောင် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းတစ်ခုတွင် ထိုလူစိမ်း၏ခေါင်းပေါ်တွင် မနှစ်မြို့မှုတန်ဖိုး သို့မဟုတ် နှစ်သက်မှုတန်ဖိုးတို့ကား ရှိနေမည်ဖြစ်သည်။
ရဲရှင်းဟွေ့အား မြင်ဖူးသူတိုင်းသည် သူ့အပေါ် ပထမဆုံးအမြင်တစ်ခု ရှိကြစမြဲသာ။
ရဲရှင်းဟွေ့သည် အလွန်ခန့်ညားသောကြောင့် ပထမဆုံးအမြင်သည် အများအားဖြင့် နှစ်သက်မှုဖြစ်လေ့ရှိသည်။
သို့သော် ဤမိန်းကလေးတွင်တော့ မနှစ်မြို့မှု သို့မဟုတ် နှစ်သက်မှုတောင် လုံးဝရှိမနေချေ။
ဒီအခြေအနေအတွက် ဖြစ်နိုင်ခြေက တစ်ခုပဲရှိတယ်၊ အဲဒါက... ဒီမိန်းကလေးမှာ ခံစားချက်မရှိဘူး။ တစ်နည်းအားဖြင့်ဆိုရရင် စိတ်ခံစားမှုမရှိဘူးဆိုတာပဲ။
တစ်စုံတစ်ယောက်က သူမအပေါ် ကောင်းသော သို့မဟုတ် မကောင်းသော ရည်ရွယ်ချက်ရှိသည်ကို သူမသိနိုင်သော်လည်း နှလုံးသားထဲတွင်တော့ ထိုအရာများနှင့် သက်ဆိုင်သော စိတ်ခံစားမှုများမရှိပေ။
......
"မင်းနာမည်ဘယ်လိုခေါ်လဲ။ အသက်ဘယ်လောက်လဲ။ ဘယ်မှာနေလဲ။"
ရဲရှင်းဟွေ့သည် မိန်းကလေးကို ကြည့်ရင်း ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်၏။
မိန်းကလေးသည် ရဲရှင်းဟွေ့အား နားမလည်သလို ကြည့်လိုက်ကာ ခေါင်းခါပြ၍ "မသိဘူး။" ဟု ပြန်ဖြေလာခဲ့သည်။
ရဲရှင်းဟွေ့မှာ စကားမပြောနိုင်တော့ပေ။
ထူးကဲတဲ့ခွန်အားရှိပြီး ကိုယ့်အသက်၊ ကိုယ့်နာမည်ကိုမသိ၊ စိတ်ခံစားမှုမရှိသော မိန်းကလေးတစ်ယောက်သည် ဘယ်လိုပဲစဉ်းစားစဉ်းစား အနည်းငယ်ထူးဆန်းနေသည်မဟုတ်လား။
နောက်ဆုံးတွင် ရဲရှင်းဟွေ့သည် တစ်ယောက်ကိုတစ်ယောက် မှီတွဲ၍ တိတ်တဆိတ်ထွက်သွားရန် ကြိုးစားနေသော လူအယောက်နှစ်ဆယ်ခန့်ကို လှမ်းအော်လိုက်သည်။
"နောက်တစ်လှမ်း ထပ်လှမ်းတဲ့သူကို ငါသတ်ပစ်မယ်။"
ရဲရှင်းဟွေ့၏ စကားကိုကြားလိုက်သည့်အခါ လူအချို့သည် အလိုအလျောက်ရပ်တန့်သွားပြီး ရဲရှင်းဟွေ့အား ပြန်လှည့်ကြည့်လာကြသည်။
ထိုလူများ လှည့်ကြည့်လာသည်ကိုမြင်သောအခါ သူတို့အားလုံးသည် တရုတ်စကားနားလည်မှန်း ရဲရှင်းဟွေ့သိလိုက်၏။
"ဒီကိုလာခဲ့။"
ရဲရှင်းဟွေ့သည် လူတစ်ယောက်ကို ကျပန်းထိုးပြလိုက်သည်။
လက်ညှိုးထိုးပြခံရသူသည် တစ်ကိုယ်လုံးတုန်သွားပြီး အလွန်အစွမ်းထက်သော မိန်းကလေးကို လှမ်းကြည့်လိုက်ကာ ရဲရှင်းဟွေ့ဆီသို့ သတိကြီးစွာဖြင့် လျှောက်လာခဲ့သည်။
"ငါမင်းကိုမေးမယ်။ သူနဲ့ပတ်သက်ပြီး ဘာတွေဖြစ်နေတာလဲ။ မင်းတို့သူ့ကို ဘာလို့ဖမ်းတာလဲ။"
ရဲရှင်းဟွေ့သည် အလွန်အစွမ်းထက်သော မိန်းကလေးအား ညွှန်ပြရင်းမေးမြန်းလိုက်သည်။
ရဲရှင်းဟွေ့၏မေးခွန်းကို ကြားပြီးနောက် ကံကောင်းစွာရွေးချယ်ခံရသူမှာ ထိုမိန်းကလေး၏ ဇာတ်လမ်းကို ပြောပြလာခဲ့သည်။
.......
ဤလူအုပ်စုသည် အနီးအနားက သတ္တုတွင်းရှိ ကျောက်တူးသမားများဖြစ်ကြသည်။
သတ္တုတွင်းများတွင် ကျောက်တူးသည့်အခါ အချို့နေရာများသည် အန္တရာယ်များ၍ အချို့နေရာများသည် ဘေးကင်းသည်မှာ သဘာဝပင်။
အန္တရာယ်ရှိတဲ့နေရာများတွင် သတ္တုတူးဖော်ခြင်းက သေဆုံးမှုနှုန်းမြင့်မားတာကြောင့် 'ကျောက်စိမ်းဘုရင်'က သူ၏ ကာစီနိုတွင် အကြွေးတင်ပြီး ပြန်မဆပ်နိုင်သောသူများအား အန္တရာယ်ရှိသည့်နေရာများတွင် သတ္တုတူးခိုင်း၏။
ဤအလွန်အစွမ်းထက်သော မိန်းကလေးသည် အန္တရာယ်များသော သတ္တုတူးဖော်ရေးနေရာသို့ သတ္တုတူးရန် ပို့ဆောင်ခြင်းခံခဲ့ရသည်။
ဟုတ်ပါသည်။ မိန်းကလေးက လောင်းကစားအကြွေးတင်ခဲ့တာမဟုတ်ဘဲ မိန်းကလေး၏အဖေဟုဆိုသော အခြားအမျိုးသားတစ်ယောက်ကြောင့်သာဖြစ်၏။
သို့သော် ထိုအမျိုးသားနှင့် မိန်းကလေးသည် သားအဖတော်စပ်သည့်ပုံစံ လုံးဝမရှိပါပေ။
သူတို့နှစ်ယောက်အား သားအဖမဟုတ်မှန်းသိသော်လည်း သတ္တုတွင်းရှိလူများသည် ထိုအကြောင်းကို ဂရုမစိုက်ကြပါ။
ကျောက်တူးရန် တစ်ယောက်ယောက်ရောက်လာလျှင် ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ဘာမှအရေးမကြီးနေချေ။
လွန်ခဲ့သော တစ်နာရီကျော်ခန့်က ထိုမိန်းကလေးသည် သတ္တုတွင်းဧရိယာရှိ အန္တရာယ်ကို အာရုံခံမိသောကြောင့် ထွက်ပြေးလာခဲ့ခြင်းဖြစ်၏။
သူမ အရှေ့က လူသုံးယောက်သည် သူမအား လာရောက်ဖမ်းဆီးခြင်းဖြစ်သည်။
နောက်မှလိုက်လာသော လူအယောက်နှစ်ဆယ်မှာမူ ရှေ့မှလူသုံးယောက်က ခေါ်ခဲ့ခြင်းပင်။
မူလက အရွယ်ရောက်ပြီးသူသုံးယောက်တို့သည် ကလေးမလေးတစ်ယောက်အား ဖမ်းနိုင်လိမ့်မည်ဟု ထင်ခဲ့ကြသော်လည်း ထိုကလေးမလေးက အရမ်းမြန်မြန်ပြေးသွားခဲ့သည်။
အဆိုးဆုံးမှာ သူမသည် နောက်မှလူသုံးယောက်ကို ခဏခဏရပ်စောင့်နေသေးတာပင်။
ထို့ကြောင့် သူတို့သည် လမ်းသွားလမ်းလာတစ်ယောက်ဖြစ်သော ရဲရှင်းဟွေ့အား သူတို့၏ မကောင်းသောလက်များဖြင့် ဆန့်တန်းခဲ့ရခြင်းဖြစ်၏။
.......
ကျောက်တူးသမား၏ ဇာတ်လမ်းကိုနားထောင်ပြီးသည့်နောက် ရဲရှင်းဟွေ့သည် အလွန်အစွမ်းထက်လှသော မိန်းကလေးကို လှမ်းကြည့်လိုက်ပြီး "သူက ဘယ်သူဘယ်ဝါဆိုတဲ့ သတင်းအချက်အလက် ဘာမှမရှိဘူးပဲ။" ဟု တိုးတိုးလေးရေရွတ်လိုက်မိသည်။
ရှေ့တွင်ရှိသော ကျောက်တူးသမားဆီမှ ဘာမှထပ်မရနိုင်တော့သည်ကို သိလိုက်သောအခါ ရဲရှင်းဟွေ့သည် ထိုသူအား လွှတ်ပေးလိုက်သည်။
"မင်းမှာ သက်သေခံအထောက်အထားမရှိမှတော့ ငါနဲ့လိုက်ခဲ့မလား။"
ကျောက်တူးသမားထွက်သွားပြီးနောက် ရဲရှင်းဟွေ့သည် မိန်းကလေးအား ကြည့်၍ မေးမြန်းလိုက်၏။
ထိုအခါ မိန်းကလေးသည် သူမ၏ ကြည်လင်သောမျက်ဝန်းများဖြင့် ရဲရှင်းဟွေ့ကို ကြည့်လိုက်ပြီး ခေါင်းညိတ်ပြကာ "ကောင်းပြီ" ဟု ပြောခဲ့သည်။
ရဲရှင်းဟွေ့သည် ထိုမိန်းကလေးအား ခေါ်သွားရန် ပြင်ဆင်နေစဉ်မှာပင် သူ၏နောက်မှ သေနတ်သံတစ်ချက်ကို ရုတ်တရက် ကြားလိုက်ရသည်။
သေနတ်သံ ဘယ်ကလာသလဲဆိုတာ ရဲရှင်းဟွေ့ မသိလိုက်ခင်မှာပင် တစ်စုံတစ်ယောက်က သူ့ခါးအား ပြင်းပြင်းထန်ထန် ကန်လိုက်တာကို ခံစားလိုက်ရပြီး သူလွင့်ထွက်သွားခဲ့သည်။
သူလွင့်ထွက်သွားစဉ်တွင် သူ့နောက်မှ သေနတ်ပစ်သူကိုလည်း သူမြင်ခဲ့ရ၏။
အဲဒါ စုဟုန်ပဲ။
×××××××××××