စုဟုန်သေဆုံးခြင်း
Vol. 5 Ch. 67
ရဲရှင်းဟွေ့သည် လွင့်ထွက်သွားသည်။ သူ့ကိုကန်လိုက်သည့်သူမှာ သူ့နောက်မှလိုက်လာသော မိန်းကလေးမှလွဲ၍ အခြားသူမဟုတ်မှန်း သူသိသည်။
"မင်းငါ့ကို ဘာလို့ကန်တာလဲ။"
ရဲရှင်းဟွေ့သည် ခါးကိုကိုင်ကာ မတ်တပ်ရပ်လိုက်သည်။ မိန်းကလေးကို အော်ငေါက်မည်ပြုလိုက်စဉ်မှာပင် မိန်းကလေး၏ ဘယ်ဘက်ခြေသလုံးတွင် အပေါက်ငယ်တစ်ခုကို တွေ့လိုက်ရပြီး ဒဏ်ရာမှ သွေးများစီးကျနေသည်။
ဤမြင်ကွင်းကိုမြင်သောအခါ ရဲရှင်းဟွေ့သည် မိန်းကလေးက သူ့ကိုကန်လိုက်ခြင်းမှာ အမှန်တကယ်တော့ သူ့ကိုကယ်တင်ရန်ဖြစ်ကြောင်း သိလိုက်၏။ အကယ်၍သာ သူမကန်မထုတ်လိုက်ပါက ယခုအပေါက်ဖြစ်သွားမည်မှာ သူ၏ကျောက်ကပ်ဖြစ်ပေလိမ့်မည်။
သို့သော် အန္တရာယ်က မပြီးဆုံးသေးသောကြောင့် ရဲရှင်းဟွေ့သည် မိန်းကလေး၏ဒဏ်ရာကို ချက်ချင်းမစစ်ဆေးသေးပေ။
"မင်းမျိုးရိုးက ရဲ ဟုတ်တယ်မလား။ မင်းတော်တော်မိုက်နေတယ်ပေါ့လေ။ ငါ့ရှေ့မှာလာပြီး ဟန်လုပ်ပြဖို့ မင်းမှာအရည်အချင်းရှိလို့လား။"
စကားပြောနေရင်း စုဟုန်သည် သူ၏လက်ထဲမှ ပစ္စတိုကို ရဲရှင်းဟွေ့ထံသို့ ယမ်းပြကာ ဆက်ပြော၏။
"မင်းဘယ်လောက်မိုက်မိုက် ကျည်ဆန်ကိုရော ခံနိုင်ရည်ရှိလို့လား။"
ထိုသို့ပြောနေစဉ် စုဟုန်သည် သူ့ဘေးရှိ စုန့်ကျုံးကိုလည်း တစ်ချက်ကြည့်လိုက်သည်။
ယခင်က စုန့်ကျုံးပြန်လာသောအခါ စုဟုန်၏ဆူပူကြိမ်းမောင်းခြင်းကို ခံခဲ့ရပြီးနောက် သူကိုယ်တိုင်လက်စားချေရန် ပစ္စတိုတစ်လက်ကို ကောက်ကိုင်လာခဲ့သည်။
စုဟုန်က ရဲရှင်းဟွေ့ကို ရှာရန်လာလိုသည်ကိုမြင်သောအခါ စုန့်ကျုံးသည် သူ့ကိုတားဆီးရန် ကြံရွယ်ခဲ့သည်။
ထူးကဲသောခွန်အားရှိသည့် ထိုမိန်းကလေး မည်မျှကြောက်စရာကောင်းသည်ကို သူမြင်တွေ့ခဲ့ဖူးပြီး ပစ္စတိုတစ်လက်ဖြင့် ထိုမိန်းကလေးကို ဖြေရှင်းနိုင်လိမ့်မည်ဟု စုန့်ကျုံးမယုံကြည်ခဲ့ပေ။
သို့သော် စုန့်ကျုံးမထင်မှတ်ထားသည်မှာ ထိုစူပါခွန်အားရှင်မိန်းကလေးသည် ရဲရှင်းဟွေ့ကို ကယ်တင်ရန်အတွက် သူမ၏ခြေထောက်တစ်ဖက်ကို စတေးခဲ့ခြင်းပင်။
…
စုဟုန်သည် သူ၏သေနတ်ကို ရဲရှင်းဟွေ့ထံ ချိန်ရွယ်ကာ ပြောလိုက်၏။
"ငါမင်းကိုသတ်မယ်လို့ပြောရင် သတ်ဖြစ်အောင်သတ်တယ်။"
စကားဆုံးသည်နှင့် စုဟုန်သည် သေနတ်မောင်းကို ဆွဲဖြုတ်လိုက်သည်။
"ဘန်း" ဟူသော အသံနှင့်အတူ ကျည်ဆန်သည် သေနတ်ပြောင်းဝမှ ပျံထွက်သွား၏။
ရဲရှင်းဟွေ့သည် အလိုက်သင့်အပစ်ခံရန် ရပ်မနေဘဲ သူ၏လျင်မြန်မှုကိုသုံးကာ ဘယ်ညာခုန်ပျံပြီး ကျည်ဆန်များကိုရှောင်တိမ်းရင်း စုဟုန်ထံသို့ ချဉ်းကပ်သွားသည်။
သူက စုဟုန်နှင့် လေးငါးမီတာအကွာသို့ ရောက်သွားသောအခါ စုဟုန်၏နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ရုတ်တရက်ပေါ်လာပြီးနောက် သူ၏အခြားလက်တစ်ဖက်က နောက်ကျောခါးကြားမှ ဒုတိယပစ္စတိုတစ်လက်ကို ဆွဲထုတ်လိုက်သည်။
"မင်းက တော်တော်ရှောင်တိမ်းနိုင်တာပဲ။ သေနတ်နှစ်လက်ကိုရော ရှောင်နိုင်ပါ့မလား။"
စကားပြောနေရင်း စုဟုန်သည် သူ၏အခြားလက်တစ်ဖက်ဖြင့် သေနတ်မောင်းကို ဆွဲဖြုတ်လိုက်သည်။
အကွာအဝေးမှာ လေးငါးမီတာဖြစ်ပြီး ရဲရှင်းဟွေ့သည် ယခင်သေနတ်မှကျည်ဆန်ကို ရှောင်တိမ်းပြီးခါစ ဖြစ်သည်။ သူ၏အရှိန်ဟောင်းကုန်ဆုံးပြီး အရှိန်သစ်မရသေးသည့် အခိုက်အတန့်တွင် ဤကျည်ဆန်ကို ဘယ်လိုနည်းနှင့်မှ ရှောင်တိမ်းနိုင်တော့မည် မဟုတ်ပေ။
"ငါ့ဘဝတော့ဆုံးပြီ၊ အစ်ကိုကြီး ကယ်ပါဦး..."
ကျည်ဆန်က သူ့ခန္ဓာကိုယ်ကို မထိမှီမီတွင် ရဲရှင်းဟွေ့သည် ဤစကားတစ်ခွန်းသာ အော်ဟစ်နိုင်ခဲ့သည်။
သို့သော် ကျည်ဆန်က သူ့ကိုထိမှန်သောအခါ အသားထဲသို့ ကျည်ဆန်ဝင်သည့်အသံမျိုးမကြားရဘဲ ရဲရှင်းဟွေ့၏ပတ်လည်တွင် ကြည်လင်ပြတ်သားသော ကွဲအက်သံတစ်ခုကို ကြားလိုက်ရ၏။
ထိုအခါမှ ရဲရှင်းဟွေ့သည် သူ့အစ်ကိုကြီးပေးထားသော အသက်ကယ်ဆွဲပြားရှိနေသည်ကို သတိရသွားပြီး သူ့မှာကြောက်စရာဘာမှမရှိကြောင်း သိလိုက်သည်။
တစ်ဖက်မှ စုဟုန်နှင့် စုန့်ကျုံးတို့သည် ရဲရှင်းဟွေ့ကို ကြောင်တောင်တောင်ဖြင့် ကြည့်နေကြ၏။
စောစောက စိမ်းလန်းသော အလင်းတန်းတစ်ခုက ရဲရှင်းဟွေ့ကို ထိမှန်တော့မည့် ကျည်ဆန်ကို တားဆီးလိုက်သည်ကို သူတို့ရှင်းလင်းစွာ မြင်လိုက်ရသည်။
"ဟားဟား။ မင်းခုနက ငါ့ကို ကျည်ဆန်ခံနိုင်ရည်ရှိလားလို့ မေးလိုက်တယ်မလား။"
ထိုသို့ပြောရင်း ရဲရှင်းဟွေ့သည် ရှေ့သို့ပြေးထွက်သွားပြီး စုဟုန်၏လည်ပင်းကို ဆွဲကိုင်လိုက်သည်။
"ငါမင်းကို ရှင်းရှင်းလင်းလင်းပြောလိုက်မယ်၊ ငါက ကျည်ဆန်ကို တကယ်ခံနိုင်ရည်ရှိတယ်။"
စကားဆုံးသွားသည့်အခါ ရဲရှင်းဟွေ့သည် သူ၏လက်ချောင်းများဖြင့် အားထည့်လိုက်ရာ စုဟုန်သည် ရုတ်တရက် မူးဝေသွားပြီး ဦးနှောက်ထဲသို့ အောက်ဆီဂျင်မရောက်တော့သလို ခံစားလိုက်ရ၏။ မူလက ဆက်လက်ပစ်ခတ်ရန် ကြံရွယ်ထားသောလက်သည်လည်း အားမရှိတော့ဘဲ လျော့ကျသွားသည်။
ဤအချိန်တွင် ကြောင်တောင်တောင်ဖြစ်နေသော စုန့်ကျုံးသည် စုဟုန်မှာ ရဲရှင်းဟွေ့၏လည်ပင်းညှစ်ခြင်းကို ခံနေရကြောင်း သဘောပေါက်သွား၏။
စုန့်ကျုံးသည် လက်သီးကိုဆုပ်ကာ စုဟုန်ကိုကယ်တင်ရန် ရည်ရွယ်ချက်ဖြင့် ရဲရှင်းဟွေ့၏အားနည်းချက်ကို ထိုးနှက်လိုက်သည်။
ရဲရှင်းဟွေ့သည် မျက်လုံးများပင် လန်တက်နေပြီဖြစ်သော စုဟုန်ကို သူ၏ဘေးတွင် အကာအကွယ်အဖြစ် အေးဆေးစွာထားလိုက်သည်။ စုန့်ကျုံး၏လက်သီးသည် စုဟုန်၏ခါးကို တည့်တည့်မတ်မတ် ထိမှန်သွားသည်။
သတိလစ်တော့မည်ဖြစ်သော စုဟုန်သည် ရုတ်တရက် လန်းဆန်းသွားပြီး အသက်ရှူကျပ်ခြင်းဝေဒနာကို ဆက်လက်ခံစားနေရ၏။
စုန့်ကျုံး၏လက်သီးချက်လွဲသွားပြီးနောက် သူသည် လှည့်ကာ ရဲရှင်းဟွေ့ကို ဆက်လက်တိုက်ခိုက်ရန် ကြံရွယ်လိုက်သည်။
စုဟုန်သာ ဤသို့ဆက်ပြီးအသက်ရှူကျပ်နေပါက သေသွားနိုင်သည်ကို စုန့်ကျုံးမြင်နေရ၏။
စုဟုန်သေသွားလျှင် သူအလွန်ပျော်မည်ဖြစ်သော်လည်း သူ၏မျက်စိရှေ့တွင်တော့ အသေခံ၍မဖြစ်ပေ။
စုန့်ကျုံးလှည့်လိုက်သည်နှင့် သေးသွယ်နူးညံ့သော လက်တစ်ဖက်က သူ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
ထိုလက်သည် မကြီးမားဘဲ သူ၏လက်ကောက်ဝတ်ကိုပင် အပြည့်အဝမဆုပ်ကိုင်နိုင်သော်လည်း ထိုလက်ငယ်လေးမှလာသော ခွန်အားသည် သူ့ကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
အရိုးများကြေမွသွားသည့် အသံတစ်ခုသည် စုန့်ကျုံး၏လက်ကောက်ဝတ်မှ ထွက်ပေါ်လာ၏။
အရိုးများကြေမွသွားသည့် ပြင်းထန်သောနာကျင်မှုကြောင့် စုန့်ကျုံး၏နဖူးတွင် ချွေးစေးများ ကျလာသည်။
စုန့်ကျုံးကို တိုက်ခိုက်သူမှာ စူပါခွန်အားရှင်မိန်းကလေးဖြစ်သည်။
ရဲရှင်းဟွေ့သည် ထိုမိန်းကလေးကို ပြုံးပြလိုက်ပြီးနောက် သူမ၏ခြေသလုံးမှ ဒဏ်ရာကို ကြည့်လိုက်၏။
ဤအချိန်တွင် သူမ၏ခြေထောက်မှဒဏ်ရာသည် သွေးမထွက်တော့ပေ။ ထိုမျှသာမက ရဲရှင်းဟွေ့သည် သူမ၏ခြေထောက်မှဒဏ်ရာသည် မျက်စိဖြင့်မြင်နိုင်သောအရှိန်ဖြင့် ကျက်နေသည်ကိုပင် မြင်လိုက်ရသလို ဖြစ်သွားသည်။
သို့သော် ရဲရှင်းဟွေ့ အံ့ဩမဆုံးခင်မှာပင် ရင်းနှီးသောခြေသံများကို ထပ်မံကြားလိုက်ရ၏။
မော့ကြည့်လိုက်သောအခါ လူသုံးလေးဆယ်ခန့်ရှိသောအုပ်စုတစ်စုသည် ဤဘက်သို့ လျှောက်လာနေသည်ကို တွေ့လိုက်ရပြီး ထိုအဖွဲ့ကို ပန်းပွင့်များပါသော ရှပ်အင်္ကျီကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ဦးဆောင်လာသည်။
ထိုသူ၏နောက်တွင် စူပါခွန်အားရှင်မိန်းကလေး၏ အရိုးများချိုးခြင်းခံခဲ့ရသော ကျောက်ကျင်းလုပ်သားအချို့လည်း ပါဝင်နေသည်။
"ဘော့စ်၊ အဲ့ဒီမိန်းမပဲ။ အဲ့မိန်းမက ကျောက်ကျင်းကနေ ထွက်ပြေးသွားတဲ့တစ်ယောက်ပဲ။"
သူတို့ထဲမှတစ်ယောက်က သူ၏လက်မောင်းကိုကိုင်ရင်း ဦးဆောင်လာသောသူကို ပြောလိုက်၏။
သို့သော် ထိုသူ မည်သည့်စကားမှမပြောမီမှာပင် ထူးကဲသောခွန်အားရှင်မိန်းကလေး၏ ဖမ်းဆုပ်ခြင်းခံထားရသော စုန့်ကျုံးက စကားပြောလာသည်။
"ကျောက်စိမ်းဘုရင်၊ ကျွန်တော်တို့က စုမိသားစုကပါ၊ ကယ်ပါဦး။"
"ဟမ်”
ကျောက်စိမ်းဘုရင်က အမြန်ကြည့်လိုက်ရာ စုမိသားစုမှဖြစ်ကြောင်းပြောသူမှာ ယခင်ကသူတွေ့ဆုံခဲ့ဖူးသော စုမိသားစု၏သားအကြီးဆုံး၏ ကိုယ်ရံတော်ဖြစ်ပြီး လည်ပင်းညှစ်ခံထားရ၍ လှုပ်ပင်မလှုပ်နိုင်တော့သူမှာ စုမိသားစု၏သားအကြီးဆုံးဖြစ်နေသည်ကို တွေ့ရှိလိုက်သည်။
"တကယ်ပဲ စုမိသားစုရဲ့သားအကြီးဆုံးပါလား"
ဟန်ဆောင်ကာ မိမိဘာသာရေရွတ်ပြီးနောက် ကျောက်စိမ်းဘုရင်သည် သူ့နောက်မှလူများကို မျက်ရိပ်ပြကာ သေနတ်ဆွဲထုတ်ဟန် အမူအရာလုပ်ပြလိုက်၏။
ထိုအဖြစ်ကိုမြင်သောအခါ သူ့နောက်မှ လူလေးငါးယောက်သည် ချက်ချင်းပင် သူတို့၏ခါးမှပစ္စတိုများကို ဆွဲထုတ်ကာ ရဲရှင်းဟွေ့နှင့် စူပါခွန်အားရှင်မိန်းကလေးထံသို့ ချိန်ရွယ်လိုက်ကြသည်။
"တော်ပြီ။ သခင်လေးစုကို အောက်ချလိုက်။"
မည်းနက်နေသော သေနတ်ပြောင်းဝများစွာက သူ့ထံချိန်ရွယ်ထားသည်ကိုမြင်သောအခါ ရဲရှင်းဟွေ့သည် သေခါနီးဖြစ်နေသော စုဟုန်ကို လွှတ်ပေးလိုက်ရသည်။
ထူးကဲသောခွန်အားရှင်မိန်းကလေးသည်လည်း စုန့်ကျုံး၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသော သူမ၏လက်ကို လွှတ်ပေးလိုက်၏။
စူပါခွန်အားရှင်မိန်းကလေးတွင် ခံစားချက်များမရှိသော်လည်း ယခင်က သေနတ်ဖြင့်အပစ်ခံရပြီးနောက် သေနတ်များသည် သူမအတွက် ခြိမ်းခြောက်မှုဖြစ်စေနိုင်သည်ကို သူမသိရှိသွားခဲ့သည်။
.......
စုန့်ကျုံး လွတ်မြောက်သွားပြီးနောက် သူသည် သူ၏လက်မောင်းမှဒဏ်ရာကိုပင် ဂရုမစိုက်ဘဲ စုဟုန်၏အခြေအနေကို ချက်ချင်းစစ်ဆေးလိုက်၏။ စုဟုန်တွင် နှလုံးခုန်သံရော အသက်ရှူသံပါ မရှိတော့ကြောင်း တွေ့လိုက်ရသည်။
"ဘယ်လိုဖြစ်တာလဲ။ သခင်လေးစု သေသွားပြီလား။"
စုဟုန်သေဆုံးသွားသည်ကို ကြားသောအခါ ကျောက်စိမ်းဘုရင်သည်လည်း စိုးရိမ်ပူပန်သွားသည်။
အမှန်တကယ်တွင် ကျောက်စိမ်းဘုရင်သည် တရုတ်နိုင်ငံတွင် စီးပွားရေးလုပ်ရန် အမြဲတမ်းဆန္ဒရှိခဲ့သည်။ ကျောက်စိမ်းဘုရင်သည် ယခုအသက်ခြောက်ဆယ်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံတွင် နှစ်ပေါင်းလေးဆယ်နီးပါး နေထိုင်ခဲ့၏။
အသက်ကြီးလာသည်နှင့်အမျှ တည်ငြိမ်သောဘဝကို ဖြတ်သန်းလိုသောကြောင့် လွန်ခဲ့သောနှစ်နှစ်အတွင်း သူသည် တရုတ်နိုင်ငံတွင် အခြေချနေထိုင်ပြီး သူ၏တရားဝင်စီးပွားရေးလုပ်ငန်းအချို့ကို ထိုနေရာသို့ ပြောင်းရွှေ့ရန် စီစဉ်နေခဲ့သည်။
သို့သော် သူ၏အထောက်အထားနှင့် နောက်ကြောင်းရာဇဝင်များဖြင့် တရုတ်နိုင်ငံတွင် ရှင်သန်ရန်မှာ အခြေခံအားဖြင့် မဖြစ်နိုင်ပေ။
ဤတစ်ကြိမ် စုဟုန်၏ရောက်ရှိလာခြင်းက သူ့အတွက် အခွင့်အရေးတစ်ခုကို မြင်တွေ့စေခဲ့၏။
သို့သော် စုဟုန်သည် ဤသို့ဖြင့် သေဆုံးသွားလိမ့်မည်ဟု သူဘယ်တုန်းကမှ မတွေးထင်ခဲ့ပေ။ အရေးကြီးဆုံးမှာ သူသည် မိမိ၏ပိုင်နက်ထဲတွင် သေဆုံးသွားခြင်းဖြစ်သည်။
×××××××××