အနာဂတ်အတွက်မျှော်လင့်ချက်
Vol. 1 Ch. 53
“ ရှောင်ယောင် မင်းကိုအရင်က ဒီအကြောင်းတွေတစ်ယောက်ယောက်ပြောဖူးလား...”
အသက်ရှူချိန်အနည်းငယ်ကြာအောင် ငြိမ်သက်နေကြပြီးနောက် အဖိုးစုကမေးလိုက်သည်။
စိတ်လှုပ်ရှားမှုကို အတတ်နိုင်ဆုံးထိမ်းချုပ်ထားသော်လည်း သူ၏လေသံကတုန်လှုပ်မှုပြယ်သေးပုံမရပေ။
သူ၏မေးခွန်းကြောင့် ရှောင်ယောင်လည်း အသာခေါင်းယမ်း၍အပြုံးမျက်နှာ ဖြင့်ပြန်မေးလိုက်သည်။
“ မေမေက ငယ်ငယ်ထဲကသိုင်းပညာနဲ့ပတ်သတ်တာတွေကိုသဘောမကျတာ ။ ဒီ့မတိုင်ခင်က ကျနော့်ကိုဘယ်သူပြောဖူးမှာလဲ။
အခုက အဖိူးဟွမ်ရဲ့စကားတွေကိုကြားတော့ ကျနော့်စိတ်ထဲမှာပေါ်လာတာကိုမေးလိုက်တာ။ ဦးလေးတို့လည်းအဲလိုပဲစဉ်းစားမိကြတယ်မလား...”
မေးခွန်းအထုတ်ခံလိုက်ရသည့် စန်းဟုန်းလျန်နှင့်ဆရာတော်ရွှမ်းနန်တို့လည်း တစ်ယောက်ကိုတစ်ယောက်ကြောင်တောင်တောင်ကြည့်လိုက်မိကာ သူတို့၏စိတ်ထဲတွင်ပြိုင်တူအော်ဟစ်နေမိသည်။
“ ငါတို့သာ ဒီလိုမျိူးတွေးတတ်နေရင် သိုင်းဝိဇ္ဇာဖြစ်တာကြာနေပြီပေါ့...”
ပုံမှန်ဆိုလျှင်တည်ကြည်သည့်မျက်နှာများဖြင့် မတုန်မလှုပ်အမူအယာရှိသည့်သူတို့နှစ်ယောက်မှာ ငိုချင်လျက်နှင့်မျက်ရည်မထွက်သည့်အဖြစ်မျိုးကြုံနေရသည်။
“ ဒီကလေးက တကယ့်ကိုထက်မြက်တာပဲ ငါ့ဆို သိုင်းဝိဇ္ဇာအဆင့်ကိုရောက်ပြီးမှအဲလိုမျိုးတွေးမိတာ...”
အဖိုးအိုဟွမ်၏စကားကြောင့်အဖိုးစုလည်း သက်ပြင်းတစ်ချက်ချ၍အနည်းငယ်နာကျင်နေသည့်လေသံဖြင့်ပြောလိုက်သည်။
“ မင်းကမှတော်သေးတယ် ငါ့ဆိုဆရာကလည်းစောစောစီးစီးသေသွားရှာတော့ သိုင်းဝိဇ္ဇာအဆင့်ထိရောက်အောင်စမ်းတဝါးဝါးလေ့ကျင့်ခဲ့ရတာ ....”
လူကြီးလေးယောက်လုံးက အချိနိအနည်းငယ်ကြာအောင်တိတ်ဆိတ်သွားကြပြီး အဖိုးဟွမ်က ချောင်းတစ်ချက်ဟန့်ကာဆက်ပြောလိုက်သည်။
“ ဦးတည်ရာပြောင်းပြီးတိုက်ခိုက်နိုင်တယ်ဆိုတာ သိုင်းကွက်အသေအရှင်သဘောတရားရဲ့အဓိကအချက်ပဲ။
ဒါပေမယ့် သူနိုင်ကိုယ်နိုင်အပြင်းအထန်တိုက်ခိုက်နေချိန်မှာ အတွင်းအားကိုအပြည့်အဝထည့်သွင်းထားတော့ ဦးတည်ရာတစ်ခုကိုရွေ့ပြောင်းနိုင်ဖို့မလွယ်ကူလှဘူး ။
ဒါကြောင့် သိုင်းဝိဇ္ဇာအဆင့်ကိုရောက်လို့ အားအရှိန်ကိုပိုင်ပိုင်နိုင်နိုင်ထိမ်းချုပ်နိုင်မှ တိုက်ကွက်ဦးတည်ရာရွေ့ပြောင်းနိုင်ပြီး သိုင်းကွက်အသေအရှင်သဘောတရားကိုနားလည်တယ်လိူ့ဆိုကြတာ ။
တကယ်တော့ သိုင်းကွက်အသေအရှင်သဘောတရားဆိုတာ အားအရှိန်ထိမ်းချုပ်မှုပဲ။
သာမန်သိုင်းဝိဇ္ဇာတွေက ဦးတည်ရာတစ်ခုပဲရွေ့ပြောင်းနိုင်ပေမယ့် အစွမ်းထက်သိုင်းဝိဇ္ဇာလို့လူသိများတဲ့ အလယ်အလက်သိုင်းဝိဇ္ဇာတွေကတော့ ရှုထောင့်နှစ်ခုသုံးခုအထိပြောင်းလဲတိုက်ခိုက်နိုင်ကြတယ်။
ဦးတည်ရာကိုအလိုရှိသလိုပြောင်းလဲနိုင်ဖို့ကတော့ သိုင်းဝိဇ္ဇာအဆင့်နဲ့တင်မလုံလောက်ဘူး။
ဒါကြောင့်လည်း သိုင်းဝိဇ္ဇာအဆင့်ကိုရောက်ရင် သဘောတရားတွေကိုနားလည်ဖို့က ပိုပြီးအရေးပါတယ်လို့ပြောကြတာပေါ့...။
သိုင်းကွက်တွေကိုသဘောပေါက်တယ်ဆိုတာက သူတို့တတ်မြောက်ထားတဲ့သိုင်းပညာတွေကို တစ်ရာရာခိုင်နှုန်းအသုံးပြုနိုင်ဆယ်ဆိုတာပဲ။
ဥပမာ- ဘယ်သိုင်းပညာကိုပဲလေ့ကျင့်လေ့ကျင့် သိုင်းဝိဇ္ဇာအဆင့်ကိုမရောက်ခင်မှာ အဲဒီသိုင်းပညာရဲ့အစွမ်းကိုအကုန်အစင်မထုတ်ဖော်နိုင်ဘူး။။
ဒါကြောင့် သိုင်းကွက်တွေကိုအဆုံးစွန်အထိအသုံးပြုနိုင်မှ သိုင်းဝိဇ္ဇာအဆင့်ကိုရောက်တယ်လို့ခေါ်ကြတ။။။
အလွယ်ပြောရင် သိုင်းဝိဇ္ဇာအဆင့်ဆိုတာ နက်ရှိုင်းတဲ့အတွင်းအားရယ် ၊ တတ်မြောက်ထားတဲ့သိုင်းကွက်တိုင်းကိူအဆုံးစွန်ထိအသုံးပြုနိုင်စွမ်းရယ် သိုင်းကွက်အသေအရှင်လို့ခေါ်ကြတဲ့ အားအရှိန်ထိမ်းချုပ်မှုစတဲ့သုံးမျိုးလုံးပြည့်စုံတဲ့လူတွေပဲ။
သူတို့ကို သာမန်သိုင်းဝိဇ္ဇာတွေလို့ခေါ်တယ်။ သိုင်းဝိဇ္ဇာအလယ်အဆင့်က ကိုယ်တတ်မြောက်ထားတဲ့သိုင်းပညာတွေကို ပိုပြီးရိုးရှင်းအစွမ်းထက်အောင်ပေါင်းစပ်ရတဲ့အဆင့်ပဲ။
ထိပ်တန်းအဆင့်သိုင်းသမားတွေနဲ့အဆင့်လွန်သိုင်းထိပ်သီးတွေမှာ သိုင်းကွက်များများသိလေကောင်းလေဆိုပေမယိ့ သိုင်းဝိဇ္ဇာအဆင့်မှာကျပြောင်းပြန်ဖြစ်သွားပြီး သိုင်းကွက်နည်းလေလေအစွမ်းထက်လေပဲ ။
ဘာကြောင့်လဲဆိုတော့ ကိုယ်တတ်မြောက်ထားတဲ့သိုင်းပညာတွေကို ပိုပြီးအစွမ်းထက်အောင် သိုင်းကွက်နည်းပြီးကျစ်လျစ်လာအောင်ပေါင်းစပ်ထားကြလို့ကြောက်စရာကောင်းတာပဲ။
သိုင်းဝိဇ္ဇာအလယ်အဆင့်ကို သိုင်းကွက်ပေါင်းစည်းခြင်းလို့ခေါ်တယ်။ ဒီအဆင့်မှာ အားအရှိန်ထိမ်းချုပ်မှုကလည်း အတော်လေးတိုးတက်လာပြီး ရှုထောင့်နှစ်ခုကနေ ငါးခုအထိပြောင်းလဲတိုက်ခိုက်နိုင်စွမ်းရှိလာကြတယ်။
မင်းပြောသလို ကိုယ့်ရဲ့တိုက်ကွက်ကိုအလိုရှိသလိုထိမ်းချုပ်ပြီး ရွေ့ပြောင်းအသုံးပြုနိုင်တဲ့အဆင့်ကတော့ သိုင်းကွက်မဲ့အဆင့်ခေါ်မလားပဲ။ သူတို့အတွက် သိုင်းကွက်တွေတောင်မလိုအပ်တော့ဘူး ...။
ဒီအဆင့်ကို ထိုးထွင်းသိမြင်ခြင်းအဆင့်လို့လည်းခေါ်တယ်။ ဘာကြောင့်လဲဆိုတော့ သိုင်းကွက်တိုင်းကို အလွယ်တကူထိုးထွင်းသိမြင်ပြီး အစွမ်းထက်တဲ့ထိပ်တန်းသိုင်းပညာတွေကိုတောင်တီထွင်နိုင်တဲ့အတွက်ကြောင့်ပဲ။
ငါနဲ့သူတောင်းစားစုတ်တို့က သိုင်းဝိဇ္ဇာနှောင်းပိုင်းအဆင့်မှာရှိတယ်။ သိုင်းဝိဇ္ဇာအလယ်အဆင့်တွေထက်အစွမ်းထက်ပေမယ့် သိုင်းကွက်မဲ့အဆင့်ကိုလည်းမရောက်နိုင်ကြဘူး။ ရှေ့မရောက်နောက်မရောက်ကောင်တွေပေါ့။
ပထမဓားသခင်လို နှင်းငွေ့မိစ္ဆာသခင်လိုလူမျိူးတွေက သိုင်းဝိဇ္ဇာအဆင့်နဲ့သိုင်းကွက်မဲ့အဆင့်ကြားမှာပဲ။ သူတို့ကို သိုင်းဝိဇ္ဇာတွေထဲမှာ အထွတ်အထိပ်လို့သက်မှတ်နိုင်ပြီး သိုင်းကွက်မဲ့အဆင့်ကိုရောက်ဖို့သေချာတဲ့လူတွေပဲ....”
အဖိုးအိုဟွမ်က ရှည်လျားစွာပြောဆိုလိုက်ပြီးသူ၏စကားကိူအဆုံးသက်လိုက်သည်။
အဖိုးအိုဟွမ်၏ရှင်းပြမှုကြောင့် ရှောင်ယောင်လည်း သိုင်းဝိဇ္ဇာအဆင့်နှင့်ပတ်သတ်သည့်အကြောင်းအရာများကိုအသေအချာသဘောပေါက်နားလည်သွားမိသည်။
သိုင်းလောကထဲတွင်အစွမ်းအထက်ဆုံးဟုသက်မှတ်ထားကြသည့်သိုင်းဝိဇ္ဇာများထဲတွင်ပင် အဆင့်များခွဲထားပြီး ရှေ့သို့ရောက်လေလေ ပို၍ရှေ့ဆက်လျှောက်ရန်မဖြစ်နိုင်သလောက်ခက်ခဲလေလေဖြစ်သည်။
အချုပ်အားဖြင့်ဆိုရပါက သိုင်းပညာအခြေခံကိုပက်သိရှိမထားသည့် ရှောင်ယောင်အနေဖြင့် ရှေ့ဆက်လျှောက်ရမည့်လမ်းမှာ မမှန်းဆနိုင်အောင်ရှည်လျားဝေးကွာလှသည်။
သို့သော် ရှောင်ယောင်၏ကြည်လင်သည့်မျက်ဝန်းလေးများထဲတွင် တောက်ပသည့်မျှော်လင့်ချက်များပြည့်နှက်နေပြီး သူ၏လက်သီးကိုတင်းတင်းဆုပ်လိုက်မိတော့၏။
&&-
နောက်တစ်ရက်
အဖိုးဟွမ်နှင့်အဖိုးစုတို့ထွက်ခွာသွားကြပြီဖြစ်သလို စန်းဟုန်းလျန်သည်လည်း လုပ်စရာကိစ္စမရှိတော့ဥရှောင်ယောင်ကို အချိန်အတော်ကြာဆုံးမစကားပြောပြီးနောက် ရှောင်လင်ကျောင်းတော်မှထွက်ခွာသွားပြီဖြစ်သည်။
စိတ်သစ်လူသစ်ဖြင့်သိုင်းလောကထဲတွင်ကျင်လည်မည်ဟုဆုံးဖြတ်ခဲ့သည့်စန်းဟုန်းလျန်၏ပုံစံက ဆယ်နှစ်တာမြင်ဖူးသမျှထဲတွင်တောက်ပဆုံးဖြစ်နေပြီး ရှောင်ယောင်လည်း သူ၏သွေးရင်းတစ်ယောက်လို သံယောဇဉ်ရှိရသည့်စန်းဟုန်းလျန်ထွက်ခွာသွားခြင်းကိုဝမ်းနည်းမိပေသည်။
သူငယ်စဉ်ကပင်ရင်းနှီးခဲ့ရသည့်လူနှစ်ယောက်လုံးရှေ့ဆင့်နောက်ဆင့်ထွက်သွားပြီဖြစ်၍ ရှောင်ယောင်မှာ ဆရာတော်ရွှမ်းနန်နှင့်နှစ်ဦးထဲကျန်ခဲ့ပြီး တာမောဆောင်တွင်လောလောဆယ်နေထိုင်နေသည်။
အဖိုးအိုဟွမ်၏စကားအရ လိုအပ်သည့်ဆေးများကိုဖော်စပ်ရန်ကသုံးလေးလခန့်သာကြာမည်ဖြစ်သော်လည်း ရှောင်ယောင်၏ခန္တာကိုယ်ကသွေးကြောမကြီးများဖွင့်မည့်ဒဏ်ကိုခံနိုင်ရန် အနည်းဆုံးသုံးနှစ်အထိလေ့ကျင့်ရမည်ဟုပြောခဲ့သည်။
ထို့ကြောင့် ရှောင်ယောင်လည်း ရှောင်လင်ကျောင်းတွင်ကျန်ရစ်ခဲ့ခြင်းဖြစ်ပြီး သူတို့၏အစီအစဉ်အတိုင်း လူဝတ်ကြောင်တပည့်တစ်ဦးဖြစ်ကာ သိုင်းပညာသင်ကြားမည်ဖြစ်သည်။
ပုံမှန်ဆိုလျှင် ရှောင်လင်ကျောင်း၌လူဝတ်ကြောင်တပည့်ကိုလက်ခံလေ့မရှိသော်လည်း ကျောင်းထိုင်ဆရာတော်၏ဂရုဏာကြောင့် ရှောင်ယောင်မှာ ချွင်းချက်အနေဖြင့် ဆရာတော်ရွှမ်းနန်၏တာမောဆောင်တွင်နေခွင့်ရခဲ့သည်။
သို့သော်လည်း အဖိုးစုတို့ထွက်သွားပြီး သုံးရက်ခန့်ကြာသည်အထိ ဆရာတော်ရွှမ်းနန်က တစ်စုံတစ်ရာသင်ကြားပေးခြင်းမရှိရာ ရှောင်ယောင်လည်း နေမထိထိုင်သာဖြစ်နေပြီး သူ၏အချိန်များကို ကျောင်းဝန်းအတွင်းလှည့်ပတ်ကြည့်ခြင်းနှင့် ကိုရင်ကြွယ်စင်းတို့နှစ်ဦးဖြင့်လျှောက်လည်ခြင်းတို့ဖြင့်ကုန်ဆုံးခဲ့ရသည်။
ငယ်စဉ်ကပင် အပေါင်းအသင်းကင်းမဲ့ခဲ့သည့်ရှောင်ယောင်အတွက် အစအနောက်သန်သည့်ကြွယ်ယန်နှင့် စကားနည်းကာတိတ်ဆိတ်သည့်ကြွယ်စင်းတို့က သူငယ်ချင်းအသစ်များဖြစ်လာပြီး ငယ်ပေါင်းကြီးဖော်များလိုရင်းနှီးနေပြီဖြစ်သည်။
ထို့အပြင် ကြွယ်ယန်၏ပေါက်ကရအကြံအစည်ကြောင့် အချင်းချင်းသွေးသောက်ညီအစ်ကိုပင်ဖွဲ့ထားကြပြီဖြစ်သည်။
အခြားလူများက သေရည်ကိုသုံး၍သွေးသောက်ညီအစ်ကိုဖွဲ့ကြသော်လည်း ရှောင်လင်ရှိသူတို့သုံးယောက်ကား သေရည်အစား စားဖိုဆောင်မှကြွယ်ယန်ခိုးလာသည့်ဟင်းရည်ကိုသုံးကာ သွေးသောက်ညီအစ်ကိုဖွဲ့ကြခြင်းဖြစ်သည်။
ကြွယ်ယန်၏အကြံက ကလေးဆန်၍ရယ်စရာကောင်းသည်ကိုသိရှိသော်လည်း ပျော်စရာကောင်းသည်ဟုထင်မိ၍သဘောတူခဲ့သည်။
ပင်ကိုယ်ကပင်စကားနည်း၍အေးဆေးသည့်စရိုက်ရှိသည့် ကြွယ်စင်းကတော့ အထူးတလည်ကန့်ကွက်မနေပေ။
ဤသို့ဖြင့် သူတို့ထဲတွင် အသက်အကြီးဆုံးဖြစ်သည့်အပြင် အရင့်ကျက်ဆုံးဖြစ်သည့်ရှောင်ယောင်က အစ်ကိုကြီးနေရာသို့ရောက်ရှိခဲ့ပြီး ကိုရင်ကြွယ်စင်းနှင့်တစ်နေ့ထဲမွေးသော်လည်း အချိန်စောသည်ဟုမျက်နှာပြောင်တိုက်၍ ကြွယ်ယန်က ဒုတိယအစ်ကိုနေရာကိုယူခဲ့သည်။
ထို့ကြောင့် ကျန်ရှိနေသည့်ကိုရင်ကြွယ်စင်းက တတိယညီလေးနေရာသို့အလိုလိုရောက်ရှိခဲ့ပြီး တစ်စုံတစ်ရာစောဒကမတတ်ဘဲ ခေါင်းညိမ့်ခဲ့သည်။
ကျောင်းတော်ရှိလူတိုင်းစေခိုင်းသမျှကို တစ်ချက်မညည်းဘဲလုပ်ဆောင်ပေးတတ်သည့်သူ၏စရိုက်ကြောင့်လည်း မည်သူနှင့်မျှမတည့်သည့်ကြွယ်ယန့်လိုအစအနောက်သန်သူတစ်ဦးပင် ကြွယ်စင်းကိုလွန်စွာခင်မင်နေခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေမတူညီသည့်ဒေသများမှလာခဲ့သည့်သူတို့သုံးယောက်လုံးက တူညီသည့်အိပ်မက်တစ်ခုရှိနေပြီး ဤသည်က နောင်တစ်ချိန်တွင်သိုင်းလောကအတွင်းသို့ဆင်း၍ကျင်လည်ရန်ဆိုသည့်ရည်ရွယ်ချက်ပင်ဖြစ်ပေတော့သည်။
ကြွယ်ယန်တို့နှစ်ဦးက ရှောင်လင်သို့ရောက်ရှိနေသည်မှာ သုံးနှစ်နီးပါးရှိပြီဖြစ်၍သိုင်းပညာအခြေခံပိုင်သည့်အဆင့်ကိုပင်ကျော်လွန်ကာ တစ်ရာ့ရှစ်ခန်းထဲမှသိုင်းပညာများကိုသင်ကြားတတ်မြောက်နေပြီဖြစ်သည်။
သူတို့နှစ်ဦးထဲတွင် ကြွယ်ယန်က သိုင်းလောကရှိအင်အားစုတစ်ခုမှလာခဲ့ခြင်းဖြစ်ပြီး ရှောင်လင်သို့်ရောက်မီကပင် အခြေခိုငိခဲ့ပြီးဖြစ်ကာ အခြားသိုင်းပညာအချို့ကိုပင်သင်ကြားတတ်မြောက်ထားခဲ့သည်။
ထို့ကြောင့် သူ၏အကျင့်ကအနည်းငယ်ပျင်းရိသည့်တိုင် ကောင်းမွန်သည့်အခြေခံနှင့်သူ၏အရည်အချင်းတို့ကြောင့် ဆယ်နှစ်မပြည့်မီအဆင့်မြင့်သိုင်းအဆင့်သို့ရောက်ရန်အနည်းငယ်သာလိုအပ်တော့သည်။
ကိုရင်ကြွယ်စင်းကား မိဘမဲ့တစ်ဦးဖြစ်ပြီးရှောင်လင်သို့အရောက်လာကာ တံခါးဝရှေ့တွင် နှစ်ရက်တိုင်တိုင်ဒူးထောက်တောင်းပန်၍ ရှောင်လင်ကျောင်းတော်သို့ဝင်ခွင့်ရခြင်းဟုသိရသည်။
သိုင်းပညာအခြေခံမရှိသော်လည်း အခြားလူများထက်သာလွန်သောကြိုးစားလိုစိတ် ၊ မဆုတ်မနစ်သောဇွဲသတ္တိတို့ကြောင့် လက်ရှိအချိန်၌ ကိုရင်ကြွယ်စင်းသည်လည်း ကြွယ်ယန်ကိုပင်မှီလုနီးပါးဖြစ်နေပြီဖြစ်၏ ။
သူတို့၏နောက်ခံကမိုးနှင့်မြေလိုကွာခြားသော်လည်း ရှောင်လင်ကျောင်းတော်တွင်သာတူညီမျှအခြေအနေရှိသည့်အပြင် စိတ်တူကိုယ်တူများမဟုတ်သော်လည်း ထူးခြားသည့်အခြေအနေကြောင့်အချင်းချင်းလွန်စွာရင်းနှီးကြခြင်းဖြစ်သည်။
ထိုနှစ်ယောက်နှင့်ယှဉ်လျှင် ရှောင်ယောင်၏ဘဝဖြတ်သန်းမှူက များစွာပင်သာမန်ဆန်လှသည်။
ကြွယ်စင်းတို့နှစ်ဦးစလုံးက ရှောင်လင်၏ယခုမျိုးဆက်တွင်အထူးချွန်ဆုံးငါးယောက်ထဲတွင်ပါဝင်ပြီးနောင်တစ်ချိန်၌သိုင်းလောကတွင်ပါရှောင်လင်ကျောင်းတော်၏ဂုဏ်ကိုဆောင်နိုင်မည်ဟု အဆောင်မှူးဝါစဥ်ကြီးဆရာတော်ကြီးများပင် မျှော်လင့်ချက်ထားကြသူများဖြစ်သည်။
ထိုသို့သော သူငယ်ချင်းနှစ်ယောက်နှင့်အတူရှိနေရမည့်ရှောင်ယောင်၏ရှောင်လင်ကျောင်းတော်သားဘဝမှာ ထင်ထသလောက်ပျင်းစရာကောင်းမည့်ပုံမပေါ်ပေ။