အမှောင်လောကဆွေးနွေးပွဲ
Vol. 1 Ch. 55
လက်ငါးချောင်းတောင်တန်း
အလယ်ပိုင်းဒေသ၏တောင်ဘက်ပိုင်းတွင်ရှိသည့်လက်ငါးချောင်းတောင်မှာ အဝေးမှကြည့်လျှင် လက်ချောင်းငါးချောင်ထောင်ထားသည့်ပုံစံရှိသည့် တောင်တန်းတစ်ခုဖြစ်သည်။
တောင်တန်း၏တောင်ထွတ်ငါးခုက မြင့်မားမက်စောက်လှသည့်အပြင် အပေါ်သို့ရောက်လေ သစ်ပင်ဝါးပင်နည်းပါးလေဖြစ်၍ တောင်ထိပ်သို့ရောက်ဖူးသူမရှိသလောက်ပင်ဖြစ်သည်။
လက်ငါးချောင်းတောင်တန်း၏အလယ်ရှိအမြင့်မားဆုံးတောင်ထိပ်တွင် သဘာဝအတိုင်းဖြစ်ပေါ်နေသည့်တောင်ခါးပန်းတစ်ခုရှိနေသည်။
အလျားအနံများစွာကျယ်ဝန်းခြင်းမရှိဘဲ ပေနှစ်ဆယ်သူံးဆယ်ခန့်သာရှိမည့်ထိုတောင်ခါးပန်းလေးမှာ တောင်ထိပ်နားတွင်ကွယ်၍တည်ရှိနေသဖြင့်တောင်အောင်မှကြည့်လျှင်ပင်မမြင်ရပေ။
ထိုတောင်ခါးပန်း၏အလယ်တွင် မြေပြန့်သဖွယ်ကျယ်ဝန်းသည့်နေရာတစ်ခုရှိပြီး မာကျောသည့်ကျောက်သားမြေပင်ဖြစ်သော်ငြား ပုံမှန်မြေပြင်တစ်ခုလို ညီညာပြန့်ပြူးလျက်ရှိသည်။
တစ်ဖက်တွင် တောင်နံရံရှိကာ ကျန်တစ်ဖက်၌ ချောက်ကမ်းပါးသဖွယ်ပုံစံရှိသည့် ထိုမြေကွက်လပ်တွင် လူငါးယောက်က ဝိုင်းဖွဲ့ထိုင်နေကြသည်။
မြင့်မားမက်စောက်ကာ လူသူအရောက်အပေါက်နည်းပါးသည့်တောင်ခါးပန်းတွင်သက်ရှိလူသားများရောက်ရှိနေသည်က အတော်လေးထူးဆန်းနေပြီး ထိုငါးယောက်က ဝိုင်းဖွဲ့ထိုင်ကာ တစ်စုံတစ်ခုကိုပြောဆိုဆွေးနွေးနေခြင်းက ပို၍ထူးဆန်းသည့်မြင်ကွင်းဖြစ်သည်။
ထိုလူလူငါးယောက်မှာ ထူးဆန်းသည့်ပုံပန်းသွင်ပြင်များလည်းရှိကြပြီး အသက်ငါးဆယ်ကျော်ခြောက်ဆယ်ပတ်ချာလည်ရှိကြသည် ။
အညိုရောင်ဝတ်ရုံဖားဖားကြီးကိုဝတ်ဆင်ထားပြီး အသက်ခုနစ်ဆယ်ခန့်ရှိမည့်အဖိုးအိုက သူတို့ထဲတွင်အသက်အကြီးဆုံးဖြစ်ကာ အရိုးပေါ်အရေတင်ပိန်လှီနေသည့်ခန္တာကိုယ်နှင့် မျက်တွင်းဟောက်ပက် အရိုးစုသဖွယ်ဖြစ်နေသည့်မျက်နှာသွင်ပြင်က များစွာကြောက်မက်ဖွယ်ကောင်းလှသည်။
အဖိုးအို၏ လက်တစ်ဆုပ်ခန့်ပင်ရှိမည့်မျက်တွင်းခွက်ခွက်များအတွင်းရှိ သေးငယ်ကျဉ်းမြောင်းသည့်မျက်လုံးအစုံကား လွန်စွာစူးရှတောက်ပနေပြီး မြင်မိသူတိုင်းအလိုလိုရှိန်စေမည့်အရှိန်အဝါတစ်ခုရှိနေသည်။
အဖိုးအို၏ဘေးဘက်တွင် တောင်ဝေးရှည်တစ်ခုကိုလည်ချထားပြီး ထူးဆန်းသည့်သူ၏ပုံစံကိုပါပေါင်းထည့်ရလျှင် ကြောက်မက်ဖွယ်ကောင်းသည့် အောက်လမ်းမှော်ဆရာတစ်ဦးနှင့်ပင်ဆင်တူနေသည်။
အဖိုးအို၏လက်ယာဘက်၌ ချောမောလှပသည့်အမျိုးသမီးကြီးတစ်ဦးရှိနေကာ သူမ၏နုပျိုသည့်မျက်နှာက အသက်သုံးဆယ်ကျော်လေးဆယ်ရှိသည်ဟုထင်ရသည့်တိုင် စင်စစ်သူမ၏အသက်အစစ်အမှန်ကငါးဆယ်ကိုအတော်ပင်ကျော်လွန်သွားပြီဖြစ်သည်။
အသက်ကြီးသော်လည်းမပျက်စီးသေးသည့်အမျိူးသမီးကြီးမှာ အနက်ရောင်သိုင်းဝတ်စုံကိုချပ်ရပ်စွာဝတ်ဆင်ထားပြီး သူမ၏လုံးကြီးပေါက်လှခန္တာကိုယ်ထက်တွင် လှပစွာပနံသင့်နေသည်။
အမျိုးသမီး၏နက်မှောင်စူးရှသည့်မျက်ဝန်းများက တစ်ဖက်သားကိုညို့ယူနိုင်စွမ်းရှိသည်ဟုထင်ရပြီး သူမနှင့်မျက်လုံးချင်းဆုံမိသူတိုင်းကို တန်းတန်းစွဲဖြစ်စေမည့်ပုံစံမျိုးရှိသည်။
အမျိူသမီး၏ကျန်တစ်ဖက်တွင် အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်အသက်ခြောက်ဆယ်အရွယ်လူကြီးတစ်ဦးရှိပြီး ဓားရှည်တစ်လက်ကိုကျောပိုးထားသည့်သူ၏ပုံစံက တည်ကြည်ပြက်သားကာ ရက်စက်မည့်ပုံစံရှိသည်။
ကျန်ရှိနေသည့်လူနှစ်ယောက်က အနက်ရောင်သိုင်းဝတ်စုံဝတ် ခန့်ညားသည့်ရုပ်သွင်ရှိသည့် သက်လက်ပိုင်းအရွယ်လူကြီးတစ်ဦးနှင့် အဖြူရောင်ဝတ်ရုံရှည်တို့ကိုဝတ်ဆင်ထားသည့် ဖြူဖျော့သည့်မျက်နှာပိုင်ရှင်တို့ဖြစ်သည်။
ထိုလူငါးယောက်က တစ်ယောက်တစ်မျိုးစီထူးခြားသည့်ပုံစံရှိသည့်အပြင် သူတို့ကိုသာသိုင်းလောကထဲတွင်တွေ့ရပါက လူအားလုံးတုန်လှုပ်ချောက်ခြားသွားစေနိုင်မည့်ဂုဏ်သတင်းရှိသူများဖြစ်သည်။
အနက်ရောင်သိုင်းလောက၏ ထိပ်တန်းအဆင့်ဂိုဏ်းကြီးငါးဂိုဏ်း၏ခေါင်းဆောင်များဖြစ်သည့်သူတို့ငါးယောက်မှာ တစ်ယောက်ချင်းစီးကပင်သိုင်းဝိဇ္ဇာအဆင့်ရှိသူများဖြစ်ပြီး သူတို့၏ဂိုဏ်းငါးခုက အနက်ရောင်သိုင်းလောက၏လက်ကျန်ထိပ်တန်းအင်အားစုများဖြစ်သည်။
ခရမ်းရောင်သွေးလဂိုဏ်းပျက်စီးပြီးနောက် အလယ်ပိုင်းရှိအနက်ရောင်သိုင်းလောကတစ်ခုလုံးအင်အားများစွာလျော့ကျခဲ့ရပြီး မူလကထိပ်တန်းအင်အားစုရှစ်ခုရှိရာမှ သုံးခုကပထမတန်းဓားအင်အားစုများအဖြစ်လျော့ကျသွားခဲ့ရသည်။
အကြောင်းရင်းက နှင်းငွေ့မိစ္ဆာသခင်၏ဩဇာကြောင့် အလယ်ပိုင်းရှိအနက်ရောင်သိုင်းလောကတစ်ခုလုံးတစ်စုတစ်စည်းထဲဖြစ်ခဲ့ပြီးနောက် ဂိုဏ်းကြီးခြောက်ဂိုဏ်းကိုရင်ဆိုင်စဉ်က သူတို့၏အင်အားများစွာလျော့နည်းသွားခြင်းဖြစ်သည်။
ကျုံဟွာတောင်တိုက်ပွဲမတိုင်မီ အော့မေ့ ၊ ခွန်လွန်စသည့် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသုံးခုကိုအလစ်ကျူးကျော်တိုက်ခိုက်စဉ်က ခရမ်းရောင်သွေးလဂိုဏ်းမှအဆင့်နိမ့်ဂိုဏ်းသားများသာပါဝင်ပြီးအများစုက ကျန်အနက်ရောင်သိုင်းဂိုဏ်းမှလူများဖြစ်သည်။
ခရမ်းရောင်သွေးလဂိုဏ်း၏အဆင့်မြင့်ဂိုဏ်းသားများက ကျုံဟွာတောင်တိုက်ပွဲသို့ရောက်မှပေါ်ထွက်လာခြင်းဖြစ်ကာ သည့်မတိုင်မီတိုက်ပွဲများက အဖြူအနက်သိုင်းလောကနှစ်ခုလုံးကိုအင်အားလျော့ချလိုသည့်နှင်းငွေ့မိစ္ဆာသခင်၏ဗျူဟာများဖြစ်သည်။
ထို့ကြောင့် ကျုံဟွာတောင်တိုက်ပွဲအပြီးတွင် ခရမ်းရောင်သွေးလဂိုဏ်းပျက်စီးပြီးနောက် ကျန်ရှိနေသည့်အနက်ရောင်သိုင်းဂိုဏ်းများအနေဖြင့်အတော်လေးဆုံးရှုံးမှုများကာ ထိပ်တန်းအင်အားစုရှစ်ခုရှိရာမှ ငါးခုသာကျန်ရစ်သည်အထိပင်။
ထိုအင်အားစုငါးခုသည်လည်း သိုင်းမဟာမိတ်၏ဖိနှိပ်မှုကြောင့် အမှောင်လောကဆိုသည့်ငါးဖွဲ့မဟာမိတ်တစ်ခုပေါ်လာပြန်ကာ လက်ရှိသိုင်းလောကတွင် တန်ခိုးထွားနေသည့်သိုင်းမဟာမိတ်ကိုယှဉ်ပြိုင်နိုင်သည့် တစ်ခုတည်းသောအနက်ရောင်သိုင်းအဖွဲ့တစ်ခုလည်းဖြစ်ပေသည ။
ထို့ကြောင့် ယခုလက်ငါးချောင်းတောင်တန်းပေါ်မှဆွေးနွေးပွဲကို အမှောင်လောကဆွေးနွေးပွဲ သို့မဟုတ် အနက်ရာင်သိုင်းလောက၏ဆွေးနွေးပွဲဟုသက်မှတ်နိုင်ပေသည်။
“ ဒီနေ့ ကျုပ် ခင်ဗျားတို့ကို အစည်းအဝေးခေါ်လိုက်တာရ သိုင်းမဟာမိတ်ရဲ့နောက်ထပ်ခြေလှမ်းတွေကိုခန့်မှန်းပြီး တန်ပြန်အစီအစဉ်တွေလုပ်ဖို့ပဲ....”
အညိုရောင်ဝတ်စုံဝတ်အဖိုးအိုက ကျန်လူများကိုတစ်ချက်ဝေ့ကြည့်ရင်း အက်ကွဲသည့်အသံဖြင့်ပြောလိုက်သည်။
အဆိပ်ငါးပါးဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သည့်ထိုအဖိုးအိုမှာ သူတို့ထဲတွင်အသက်အကြီးဆုံးဖြစ်ရုံသာမက အစွမ်းအထက်ဆုံးလည်းဖြစ်သည်။
မြောင်နယ်ရှိနာမည်ကျော်အဆိပ်စံအိမ်မှခွဲထွက်လာသည်ဆိုသည့်အဆိပ်ငါးပါးဂိုဏ်းမှာသိုင်းလောကတွင်တည်ရှိနေသည်ကအနှစ်နှစ်ရာနီးပါးပင်ရှိပြီးဖြစ်ပြီး အနက်ရောင်သိုင်းလောကတွင် သူ့ထက်ရှေးကျသည့်ဂိုဏ်ဟူ၍ အရိုးဖြူဂိုဏ်းတစ်ခုသာရှိတော့သည်။
အနက်ရောင်သိုင်းလောကကို တိုက်ခိုက်သတ်ဖြတ်ခြင်းများ ၊ အချင်းချင်းချောက်ထိုးငြင်းခုန်ခြင်းများအချိန်ပြည့်ပြည့်နှက်နေသည့်နေရာမျိုးတွင် ထိပ်တန်းအဆင့်အင်အားစုများပင်အနှစ်တစ်ရာပြည့်အောင်မခံဘဲ ယခုလိုနှစ်နှစ်ရာနီးပါးတည်ရှိနေသည့်အင်အားစုတစ်ခုကလွန်စွာကြောက်စရာကောင်းလှပေသည်။
အညိုရောင်ဝတ်စုံဝတ်အဖိုးအိုက အဆိပ်ငါးပါးဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်ပြီး အစွမ်းထက်၍ ဉာဏ်နီဉာဏ်နက်များသည့်သိုင်းဝိဇ္ဇာတစ်ယောက်ဖြစ်ရုံသာမက သူ၏အဆိပ်ကောင်များက အဖြူရောင်သိုင်းလောကမှ သိုင်းဝိဇ္ဇာများကိုပင်ကြောက်လန့်စေသည်။
ထို့ကြောင့်လည်း ကျုံဟွာတောင်တိုက်ပွဲပြီးနောက်တွင် သူ၏အဆိပ်ငါးပါးဂိုဏ်းမှာ အထိခိုက်အနည်းဆုံးဖြစ်ပြီး အနက်ရောင်သိုင်းလောက၏ခေါင်းဆောင်သဘောမျိုးဖြစ်လာခြင်းဖြစ်သည်။
“ ဂိုဏ်းချုပ် ဖုန်းက သိုင်းမဟာမိတ်နဲ့အတ်သတ်ပြီဘယ်လိုမျိုးလုပ်ချင်လို့လဲ...”
အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သွေးမရှိသလိုဖြူလျော်နေသည့်မျက်နှာထားရှိသူကမေးလိုက်သည်။
ထိုလူက အနက်ရောင်သိုင်းလောကထိပ်တန်းအင်အားစုငါးခုအနက်တစ်ခုဖြစ်သည့်အရိုးဖြူဂိုဏ်းချုပ် လီဟူရှိုးဆိုသူဖြစ်ပြီး ဟူရှိုးဆိူသည့်အဓိပ္ပာယ်အမှိုက်ဆိုသည့်သဘောပင်ဖြစ်သည်။
သို့သော် အရိုးဖြူဂိုဏ်းချုပ်လီဟူရှိုးကား ဂိုဏ်းချုပ်ငါးယောက်ထဲတွင်အသက်အငယ်ဆုံးနှင့်အထက်မြက်ဆုံးဖြစ်ပြီး သူ၏အရိုးဖြူဂိုဏ်းမှာ လက်ရှိသိုင်းလောက၏အနက်ရောင်သိုင်းဂိုဏ်းများထဲတွင်ရှေးအကျဆုံးဖြစ်သည်။။
ခရမ်းရောင်သွေးလဂိုဏ်းကြီးစိုးချိန်က အရိုးဖြူဂိုဏ်းမှာ နှင်းငွေ့မိစ္ဆာသခင်ကို ဦးညွှတ်၍ ခရမ်းရောင်သွေးလဂိုဏ်းနှင့်ပူးပေါင်းခဲ့ရသော်လည်း လီဟူရှိး၏သိုင်းပညာက ထိုစဉ်က ခရမ်းရောင်သွေးလဂိုဏ်း၏ဘုရင်ငါးပါးတွင်ပါဝင်သည့် လက်ဝါးဘုရင်ထက်ပင်အစွမ်းထက်သေးသည်ဟုမည်ကျော်သည်။
အထူးသဖြင့်အရိုးဖြူဂိုဏ်း၏နာမည်ကျော်ပညာရပ်များဖြစ်သည့် အေးစိမ့်လက်ဝါးနှင့်အရိုးကွဲလေလက်ဝါးတို့မှာ သိုင်းလောကတွင်လွန်စွာကျော်ကြားသည့်သိုင်းပညာများဖြစ်ပြီး နှင်းငွေ့မိစ္ဆာသခင်ကိုယ်တိုင်ပင်လီဟူရှိုးနှင့်တွေ့ဆုံ၍ ထိုသိုင်းပညာများကိုကြည့်ရှုလေ့လာဖူးသည် ။
ယခုအုပ်စုထဲတွင် အဆိပ်ငါးပါးဂိုဏ်းမှအဖိုးအိုသတိအထားဆုံးလူမှာလည်း လီဟူရှိူးပင်ဖြစ်ပြီး အမြဲလိုလိုပြုံးနေကာ နှိမ့်ချသည့်ပုံစံရှိသည့်ထိုလူက ကျန်သုံးယောက်ထက်များစွာကြောက်မက်ဖွယ်ကောင်းသည်ဟုသူနားလည်ထားသည်။
“ ကျုပ်ကတော့ သိုင်းမဟာမိတ်ဆိုတဲ့ကြောင်သူတော်တွေက တိုက်ခိုက်သတ်ဖြတ်ပစ်ချင်တာပဲသိတယ်...ဒီကောင်တွေက နောက်ကအဖွဲ့အစည်းတွေအားကိုးနဲ့ ကျုပ်တို့ကို ဆယ်နှစ်လူံးဖိနှိပ်လာတဲ့ကောင်တွေ။
ဟမ့် နှင်းငွေ့မိစ္ဆာသခင်ရှိတုန်းကဆိုရင် မျက်နှာတောင်မပြရဲဘဲ သွေးလဖျက်ဆီးသူဆိုပြီး လျှို့ဝှက်လှုပ်ရှားရတဲ့ကောင်တွေက...”
နောက်ကျောတွင်ဓားရှည်တစ်ချောင်းကိုသိုင်းလွယ်ထားသည့် အနီရောင်ဝတ်စုံဝတ်လူကြီးက ဒေါသတကြီးကြုံးဝါးလိုက်သည်။
အသက်ခြောက်ဆယ်ကျော်ပြီဖြစ်သည့်တိုင် တုတ်ခိုင်သန်မာသည့်ကိုယ်လုံးကိုယ်ပေါက်ရှိပြီး မုတ်ဆိတ်မွှေးပါးမြိုင်းမွှေးများနှင့် ယောင်္ကျားပီသသည့်လူတစ်ဦးဖြစ်သည်။
ဝက်ဝံကြီးတစ်ကောင်နှင့်ဆင်တူသည့် ထိုလူကြီးက သံမဏိသွေးဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်ပြီး တိုက်ခိုက်ရေးစွဲလမ်းသူဆိုသည့်နာမည်နှင့်လိုက်အောင် စိတ်လိုက်မာန်ပါလှုပ်ရှားတတ်၍ ရက်စက်ကြမ်းတမ်းသူတစ်ဦးဖြစ်သည်။
သို့သော် သူ၏သိုင်းပညာကသိုင်းဝိဇ္ဇာအဆင့်ကိုရောက်ရှိပြီးဖြစ်သည့်အပြင် ဓားဆန္ဒကိုပါ နားလည်ထားရာ သိုင်းဝိဇ္ဇာအများစုကပင် ရှိန်ရသည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
“ ဂိုဏ်းချူပ်ထျန်...ခင်ဗျားက တစ်ခုခုဆိုရင် ဒီလိုပဲဖြေရှင်းချင်တာ ။ တကယ်လို့ သိုင်းမဟာမိတ်တစ်ခုထဲသာဆိုရင် ကျုပ်တစ်ယောက်ထဲတောင်သွားပြီး ဖြိုခွင်းလို့ရသေးတယ်။
အခုက သူတို့နောက်က ထိပ်တန်းအင်အားစုဆယ်ခုရှိနေလို့ ကျုပ်တို့တောင်မဟာမိတ်ဖွဲ့ထားရတယ်မလား။ လမ်းဘေးလူမိုက်ဆန်ဆန်မပြုမူစမ်းပါနဲ့...”
ထိုစကားကိုပြောလိုက်သူက အနက်ရောင်ဝတ်စုံဝတ်လူတစ်ဦးဖြစ်ပြီး သူ၏ဂိုဏ်းချုပ်လေးယောက်ထဲတွင်ကြည့်အကောင်းဆုံးလူဖြစ်သည်။
အနက်ရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားပြီး ခန့်ညားသည့်ထိုလူက အရာရှိတစ်ဦးနှင့်ပင်ဆင်တူပြီး သူ၏အပြင်ပန်းပုံစံကလူကြီးလူကောင်းတစ်ဦးနှင့်ဆင်တူသည်။
သို့သော် ခန့်ညားသည့်ထိုလူက သူ၏နာမည်ကိုကြားသူတိုင်း ထိတ်လန့်တုန်လှုပ်စေသည့်ဂုဏ်သတင်းရှိပြီး ရက်စက်ကြမ်းကြုတ်၍ အစုလိုက်အပြုံလိုက်သတ်ဖြတ်ရခြင်းကိုနှစ်သက်သည့် လပြည့်ညဂိုဏ်းချူပ်မိစ္ဆာဓားဖြစ်သည် ။
“ ဟမ့်...မင်းကများဒီစကားပြောလာသေးတယ်....လွန်ခဲ့တဲ့ဆယ့်တစ်နှစ်တုန်းက ငါတို့လေးယောက်သာလာမကူရင် မင်းဆိုတဲ့ကောင်မြေကြီးထဲအရိုးဆွေးနေလောက်ပြီ။
မင်းက အရင်တုန်းက ခရမ်းရောင်သွေးလဂိုဏ်းကကောင်တွေနဲ့အရောတဝင်နေပြီး မြောက်ကြွကြွဖြစ်နေတဲ့ကောင်။
ခရမ်းရောင်သွေးလဂိုဏ်းလည်းပျက်စီးပြီးရော အဖြူရောင်သိုင်းဂိုဏ်းတွေက မင်းကိုဝိုင်းသတ်မယ်လုပ်လို့ ငါတို့လာကယ်ထားရတာလေ...”
သံမဏိသွေးဂိုဏ်းချူပ်၏စကားကြောင့် အနက်ရောင်ဝတ်စုံဝတ်လူကြီး၏မျက်နှာက တင်းမာခတ်ထန်သွားပြီး သူ၏လက်သီးတစ်ဖက်ကိုတင်းတင်းဆုပ်လိုက်မိ၏။
ခရမ်းရောင်သွေးလဂိုဏ်းကြီးစိုးချိန်အမှောင်ခေတ်၌ ခရမ်းရောင်သွေးလဂိုဏ်းပြီးလျှင် သူ၏လပြည့်ညဂိုဏ်းက သိုင်းလောကတွင်အရက်စက်ဆုံးဂိုဏ်းတစ်ခုအဖြစ်မှတ်တမ်းဝင်ခဲ့ပြီး သူကိုယ်တိုင်က တစ်ညထဲဖြင့် ပထမတန်းဓားအင်အားစုတစ်ခုကိုဖျက်ဆီးကာ လူနှစ်ရာနီးပါးကိုသွေးချောင်းစီးအောင်သတ်ဖြတ်ဖူးသည် ။
ထို့ကြောင့်လည်း ကျုံဟွာတောင်တိုက်ပွဲအပြီးခရမ်းရောင်သွေးလဂိုဏ်းကျရှူံးချိန်၌ အဖြူရောင်သိုင်းလောကသားများက ခရမ်းရောင်သွေးလဂိုဏ်း၏အကြွင်းအကျန်များကိုလိုက်လံရှင်းလင်းရင်း လပြည့်ညဂိုဏ်းကိုပါဖျက်ဆီးမည်ဟုဆုံးဖြတ်ကြသေးသည်။
အဖြူရောင်သိုင်းလောကသားများ၏လက်ချက်ကြောင့် လပြည့်ညဂိုဏ်း၏သုံးပုံတစ်ပုံသေဆုံးပြီး သူကိုယ်တိုင်ပါ စီးတုမိသားစုခေါင်းဆောင်၊ ကောင်းယွဲ့ဂိုဏ်းချုပ်နှင့် ခုံတုံဂိုဏ်းချုပ်တို့စလက်ချက်ကြောင့် သေလုမြောပါးဖြစ်ခဲ့ရသည်။
သို့သော်လည်း အနက်ရောင်သိုင်းလောက၏ ကျန်ဂိုဏ်းလေးခု၏ကာကွယ်မှုနှင့် သွေးချောင်းစီးတိုက်ပွဲများကိုအလိုမရှိသည့်ဂိုဏ်းကြီးခြောက်ဂိုဏ်းတို့၏သဘောထားကြောင့်သာ လပြည့်ညဂိုဏ်းပျက်စီးမည့်အရေးကိုရှောင်လွှဲနိုင်ခဲ့ခြင်းဖြစ်ပြီး သူကိုယ်တိုင်လည်း အသက်မသေခြင်းဖြစ်သည်။
ထို့ကြောင့်လည်း မိစ္ဆာဓားက ကျန်ဂိုဏ်းချုပ်များအပေါ်တွင် ကျေးဇူးကြွေးရှိနေသည်ဟုပြောနိုင်ကာ သူ၏ဂိုဏ်းက အင်အားအနည်းဆူံးဖြစ်၍လည်း မဟာမိတ်ထဲတွင်သူ၏နေရာကအနိမ့်ဆုံး၌ရှိနေခြင်းဖြစ်သည်။