← Chapters

ကျောင်းတော်ရှိဘဝ

Vol. 1 Ch. 58

ကျောင်းတော်ရှိဘဝ

Vol. 1 Ch. 58

မှန်ပေသည်။

ဗုဒ္ဓလက်ဝါးဟုနာမည်ကျော်သည့်ဆရာတော်ရွှမ်းမင်က ရှောင်ယောင်၏ဆရာဖြစ်သည်။

ထိုကိစ္စနှင့်ပတ်သတ်လျှင်ကား လွန်ခဲ့သည့်နှစ်နှစ်ခန့်အချိန်ကိုပြန်သွားရပေမည်။

ထိုစဉ်က ရှောင်ယောင်မှာ သူ၏အဖိုးလေးတော်စပ်သည့် ဆရာတော်ရွှမ်းနန်၏တပည့်ဖြစ်မည်ဟုထင်ခဲ့သော်လည်း သူတွေးထင်ခဲ့သည်နှင့်ခြားနားစွာ ဆရာတော်ရွှမ်းနန်က ရှောင်ယောင့်ကို ရွှမ်းမင်ဆရာတော်၏တပည့်ဖြစ်စေခဲ့သည်။

သိုင်းပညာကိုလွန်စွာဝါသနာကြီးပြီး တောင်တန်းကြီးတစ်ခုလို တည်ငြိမ်လှသည့်ဗုဒ္ဓလက်ဝါးကိုယ်တော်မှာ အချိန်ရှိသရွေ့သိုင်းပညာလေ့ကျင့်နေတတ်ပြီး လောဟန်ဆောင်၏လေ့ကျင့်ရေးကိုပင်ကူညီခြင်းမရှိပေ။

ထို့ကြောင့်ပင် အသက်လေးဆယ်ကျော်ဖြင့်သိုင်းဝိဇ္ဇာအဆင့်ကိုရောက်ရှိနေပြီး သူ၏ပါရမီက သိုင်း‌လောကတစ်ခုလုံးကို အံ့ဩတုန်လှုပ်သွားစေခဲ့သည်။

သို့သော်လည်း ရွှမ်းမင်ဆရာတော်မည်မျှ သိုင်းပညာရူးသွပ်ပါစေ သူနှင့်လွန်စွာရင်းနှီးခင်မင်သည့် ရွှမ်းနန်ဆရာတော်၏အတင်းအကြပ်တောင်းဆိုမှုကြောင့် ရှောင်ယောင်၏ဆရာဖြစ်လာခဲ့ရသည်။

သူ၏စရိုက်ကတည်ငြိမ်‌ပြီးစိတ်ခံစားချက်ကင်းမဲ့ဟန်တူသော်လည်း ရှောင်ယောင်၏လေ့ကျင့်ရေးကိုတော့ အတော်လေးဂရုစိုက်မှုရှိပေသည်။

ပုံမှန်အချိန်များတွင် လွန်စွာတည်ငြိမ်တိတ်ဆိတ်ကာ တစ်ရက်လျှင် စကားဆယ်ခွန်းပြည့်အောင်မပြောတတ်သော်လည်း လေ့ကျင့်ရေးအချိန်များတွင် လွန်စွာစည်းကမ်းတင်းကြပ်သည့်ဆရာတစ်ယောက်နှင့်ဆင်တူသည်။

လက်ရှိရှောင်ယောင်လေ့ကျင့်နေသည့် ရွှေဝတ်ရုံလွှာကျင့်စဉ် ၊ ရွှေခေါင်းလောင်းသိုင်းနှင့် သံမဏိလက်သီးသိုင်းတို့ကို သူရွေးချယ်ပေးထားခြင်းဖြစ်သည်။

ရွှမ်းမင်ဆရာတော်က ရှောင်ယောင်ကို နေ့စဉ်လေးနာရီခန့်သာ သင်ကြားပြသပေးပြီး ကျန်အချိန်များတွင် သူ၏ကိုယ်ပိုင်သိုင်းပညာကိုသာ လေ့ကျင့်နေတတ်သော်လည်း ထိုအချိန်လေးကပင် ရှောင်ယောင်အတွက်လွန်စွာအကျိုးရှိစေသည်။

အကြောင်းကား သိုင်းပညာကိုရူးသွပ်သည့်ဆရာတော်ရွှမ်းမင်က ရှောင်လင်ကျောင်းရှိသိုင်းပညာအတော်များများကိုသိမြင်နှံ့စပ်ပြီး ခုနစ်ဆယ့်နှစ်မျိုးလျှို့ဝှက်သိုင်းထဲမှအများစုကိုအောင်မြင်ထား၍ဖြစ်သည်။

ထို့ကြောင့်သိုင်းပညာအမျိုးမျိုးကိုနှံ့စပ်ကျွမ်းကျင်သည့်ရွှမ်းမင်ဆရာတော်လိုလူမျိုး၏တပည့်ဖြစ်လာ၍ ရှောင်ယောင်၏တိုးတက်မှုက ပုံမှန်ထက်မြန်ဆန်ခဲ့ကာ သူ၏ပင်ကိုယ်ပါရမီနှငိ့အရည်အချင်း၊ ဇွဲ့လုံ့လတို့ကြောင့်လည်း နှစ်နှစ်အတွင်း ထိပ်တန်းသိုင်းပညာနှစ်ခုကိုအောင်မြင်ခဲ့ခြင်းဖြစ်ပေသည်။

ယခု ရွှမ်းမင်ဆရာတော်က ရှောင်ယောင် သိုင်းပညာလေ့ကျင့်နေသည်ကို ကြည့်ရှုနေရာမှ ရုတ်တရက်တိုက်ခိုက်စစ်ဆေးခဲ့ခြင်းဖြစ်ကာ သူ၏အတွင်းအားကိုနှိမ့်ချ၍ ထိပ်တန်းအဆင့်အတွင်းအားကိုသာအသုံးပြုခဲ့ခြင်းဖြစ်သည်။

သို့တိုင် ရှောင်ယောင်က သိုင်းကွက်ငါးဆယ်ခန့်အထိခုခံနိုင်ကာ သူ့ကိုကျေနပ်အားရစေသည်။

တစ်ခုသိထားရမည်မှာ ရွှမ်းမင်ဆရာတော်လို သိုင်းဝိဇ္ဇာတစ်ယောက်က သာမန်ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်နှင့်ခြားနားပြီး အစောပိုင်းက သူ၏တိုက်ခ်ိုက်မှုများကို သိုင်းလောကထဲရှိအဆင့်မြင့်သိုင်းသမားများဆိုလျှင် သိုင်းကွက်သုံးဆယ်ပင်ခံနိုင်မည်မသုတ်ပေ။

ထို့ကြောင့်လည်း သူ၏တိုက်ကွက်ကိုငါးဆယ်နီးပါးအထိခံနိုင်သည့်ရှောင်ယောင့်ကို ကျေနပ်အားရနေခြင်းဖြစ်ပြီး လက်ရှိရှောင်ယောင်က သိုင်းလောကထဲရှိအဆင့်မြင့်သိုင်းသမားများကိုလွယ်လွယ်ကူကူအနိုင်ယူနိုင်သည်ဆိုသည့်အချက်မှာ အမှန်ပင်ဖြစ်သည် ။

“ ကောင်းပြီ ဒီတစ်ခါ အတွင်းအားမပါဘဲ သိုင်းကွက်သက်သက်ယှဉ်ပြိုင်ရအောင်....ငါက သိုင်းပညာမျိုးစုံသုံးလာတော့မှာမလို့ သတိထားပါ...”

‌ရွှမ်းမင်ဆရာတော်က ရှောင်ယောင်ကိုအနားပေးလိုဟန်မရသေးဘဲ အေးဆေးစွာပြောလိုက်သည်။

သူ၏လေသံကတင်းမာခတ်ထန်ခြင်းမရှိသော်လည်း ရှောင်ယောင်၏မျက်နှာကအနည်းငယ်ရှုံ့မဲ့သွားပြီး သူ့ကိုယ်သူပြန်၍ပြင်ဆင်လိုက်သည်။

အစောပိုင်းကတိုက်ပွဲတွင် ရွှမ်းမင်ဆရာတော်က ပန်းလော့လက်ဝါးသိုင်းတစ်ခုထဲကိုသာအသုံးပြုခဲ့ခြင်းဖြစ်ပြီး ယခုသိုင်းပညာမျိုးစုံအသုံးပြုလာမည်ဆိုခြင်းက လက်သီးသိုင်း၊ လက်ချောင်းသိုင်း၊ သာမက ခြေသိုင်းများပင်ပါဝင်လာတော့မည်ဟုဆိုလိုခြင်းဖြစ်သည်။

ရှောင်လင်၏သိုင်းပညာခုနစ်ဆယ့်နှစ်မျိုးမှ တစ်ဝက်ကျော်ကိုကျွမ်းကျင်အဆင့်ထိရောက်ရှိနေသည့်အပြင် ဗုဒ္ဓလက်ဝါးသိုင်းနှင့် မိစ္ဆာနှိမ်လက်ဝါးသိုင်းတို့လိုရှေးဟောင်းသိုင်းပညာများကိုပါအောင်မြင်အောင်လေ့ကျင့်ထားနိုင်သည့် ရွှမ်းမင်ဆရာတော်၏သိုင်းပညာရူးသွပ်မှုက သူ၏ဆရာရင်းဖြစ်သည့် လောဟန်အဆောင်မှူးပင်သက်ပြင်းချရသည်။

ယခုလည်း အတွင်းအားလုံးဝအသုံးမပြုဟုဆိုသည့်တိုင် သံမဏိခန္တာကိုယ်ကျင့်စဉ်ကိုအောင်မြင်ထားသည့်ရွှမ်းမင်ဆရာတော်၏ခန္တာကိုယ်ကရှောင်ယောင့်ထက်ပင်များစွာသာလွန်ပြီး ရှောင်ယောင်အတွက်ခက်ခဲသည့်အချိန်များရောက်ရှိလာပေတော့မည်။

“ တိုက်ကွက်စပြီ...”

ဆရာတော်ရွှမ်းမင်၏သတိပေးသံကပင်နောက်ကျနေပြီး သူ၏ဖြောင့်လက်သီးက ရှောင်ယောင်၏မျက်နှာဆီသို့တည့်မက်စွာဝင်ရောက်လာသည်။

ယခင်ကလည်း အကြိမ်ပေါင်းများစွာယှဉ်ပြိုင်ဖူး၍ တစ်ဦးချင်းယှဉ်ပြိုင်ရာတွင်သက်ညှာခြင်းမပြုဘဲမထနိုင်သည်အထိတိုက်ခိုက်တတ်သည့်ဆရာတော်ရွှမ်းမင်၏အကြောင်းကိုသိရှိထားသည့်ရှောင်ယောင်ကား ဆရာတော်ရွှမ်းမင်၏လက်သီးမလာမီကပင် ဘေးဘက်သို့ခုန်ဆုတ်လိုက်ပြီးဖြစ်ကာ လွတ်နေသည့်ဆရာတော်ရွှမ်းမင်၏ နံကြားကိုပြင်းထန်သည့်လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။

သို့သော် ရှောင်လင်သိုင်းပညာခုနစ်ဆယ့်နှစ်မျိုးမှအများစုကိုကျွင်းကျင်အဆင့်ထိလေ့ကျင့်ထားသည့်ဆရာတော်ရွှမ်းမင်ကိုအလစ်အငိုက်ဖမ်းရန်မလွယ်ကူဘဲ သူ၏တန်ပြန်လက်ဝါးနှင့်ဆုံတွေ့လိုက်၍ ရှောင်ယောင်၏လက်တစ်ချောင်းလုံး ထုံကျင်သွားလေသည်။

“ ဖောင်း. ဝုန်း...”

သူတို့နှစ်ဦးယှဉ်ပြိုင်တိုက်ခိုက်နေသည်က ကျွဲနှစ်ကောင်ခတ်နေသည့်အလားလွန်စွာပြင်းထန်လှပြီး အပြင်အားနှင့်ခန္တာကိုယ်တို့ကိုအသုံးပြုတိုက်ခိုကိနေခြင်းဖြစ်၍ တိုက်ပွဲကကြောက်မက်ဖွယ်ကောင်းနေသည်။

ရှောင်ယောင်မှာ တိုက်ပွဲအစသိုင်းကွက်အနည်းငယ်သာတိုက်စစ်ဆင်နိုင်လိုက်ပြီး ကျန်ရှိနေသည့်အချိန်များတွင် ဆရာတော်ရွှမ်းမင်၏လက်ချက်မမိစေရန် ရွှေခေါင်းလောင်းသိုင်းဖြင့်တစ်ချိန်လုံးကာကွယ်ထားရသည်။

ဆရာတော်ရွှမ်းမင်၏ရည်ရွယ်ချက်က ရှောင်ယောင်တတ်မြောက်ထားသည့်သိုင်းပညာများကိုကျွမ်းကျင်အဆင့်ထိရောက်ရှိစေလိုခြင်းဖြစ်၍ တစ်ချက်မညှာဘဲ ပြင်းထန်စွာတိုက်ခိုက်လျှက်ရှိသည်။

အားကောင်းသည့်လက်သီးချက်များ၊ ပြင်းထန်သည့်လက်ဝါးရိုက်ချက်များနှင့်တစ်ခါတစ်ရံလျှင်မြန်သည့်ခြေကန်ချက်များပါဝငိရောက်လာတတ်၍ ရှောင်ယောင်မှာ သတိတစ်ချက်မလစ်ရဲဘဲအစွမ်းကုန်ကြိုးစားကာကွယ်နေရသည်။

ဆရာတော်ရွှမ်းမင်က သူ၏စကားအတိုင်းအတွင်း

အားလုံးဝအသုံးမပြုသော်လည်း သူ၏အပြင်အားတိုက်ခိုက်မှုများကပင် ရှောင်ယောင်ကိုအပေါ်စီးမှဖိ၍တိုက်ခိုက်နိုင်သည်

အကယ်၍ သံမဏိခန္တာကိုယ်ကျင့်စဉ်ကြောင့် ဓားလှံမတိုးသည့်ခန္တာကိုယ်ကိုပိုင်ဆိုင်ထားသည့်ဆရာတော်ရွှမ်းမင်သာအစွမ်းကုန်တိုက်ခိုက်ပါက အဆင့်လွန်ထိပ်သီးများကိုပင်အတွင်းအားမသုံးဘဲအလွယ်တကူအနိူင်ယူနိုင်စွမ်းရှိပေမည်။

ထိုအချိန်တွင် ရှောင်လင်ကျောင်းတော်၏အနောက်ဘက်‌ဆီမှသံကြိုးသံတချွင်ချွင်နှင့်အတူ တာမောဆောင်ဆီသို့မောပန်းခြင်းကြီးစွာဖြင့်ပြန်လာနေသည့်ကိုရင်ကြီးတစ်ပါးရှိနေသည်။

ရှောင်လင်ကျောင်းလို နေ့စဉ်နှင့်အမျှသိုင်းပညာလေ့ကျင့်နေရသည့်နေရာမျိုးတွင်ပင် ထိုကိုရင်ကြီး၏ခန္တာကိုယ်က ဝဖိုင့်နေဆဲဖြစ်ပြီး ခပ်ပြည့်ပြည့်မျက်နှာသွင်ပြင်ရှိနေသည်။

ထိုကိုရင်ကြီးက ကြီးမားသည့်သံကြိုးများဖြင့်တွဲစပ်ထားသည့် သံဖိနပ်ကြီးတစ်ရံကိုစီးထားသည့်အပြင် လက်ထဲတွင် သံထမ်းပိုးတစ်ခုနှင့်အတူ သံရေပုံးကြီးနှစ်ခုကိုပါသယ်လာပြီး စိုရွှဲနေသည့်သူ၏ခန္တာကိုယ်က ရေများလားချွေးများလားမသိရပေ။

ဝဖိုင့်သည့်ထိုကိုရင်ကြီးက တာမောဆောင်သို့ဦးတည်၍လာနေခြင်းဖြစ်ပြီး ပါးစပ်မှလည်း စကားလုံးအချို့ကိုပွစိပွစိရေရွတ်လျက်ရှိသည်။

တာမောဆောင်အနီးသို့နီးကပ်လာသည့်အခါ အဆောင်နောက်ဘက်သိုင်းပညာလေ့ကျင့်ရာမြေကွက်လပ်မှ တအုန်းအုန်း တဘုံးဘုံးအသံများကြောင့် သူ၏မျက်လုံးများတောက်ပသွားပြီး ခြေလှမ်းများက ပိုသွက်လာသည်

များမကြာမီ လူရိပ်ပင်မကွဲ‌အောင်အပြင်းထန်တိုက်ခိုက်နေကြသည့်လူနှစ်ယောက်ကိုမြင်လိုက်ရပြီး ဝဖိုင့်သည့်ကိုရင်ကြီး၏မျက်နှာထက်တွင်ညစ်ကျယ်ကျယ်အပြုံးတစ်ခုပေါ်လာကာ သူ၏လည်ပင်းကိုလက်ဖြင့်ကိုင်၍ ကျယ်လောင်သည့်အသံဖြင့်အော်ဟစ်လိုက်သည်။

“ အစ်ကိုကြီး ဆရာတော်ရွှမ်းမင်ကိုအနိုင်ရအောင် ကြိုးစားထား...”

တာမောဆောင်အနောက်ဘက်အပေါက်ဝတွင်ရပ်ကာ ရှောင်ယောင်တို့၏တိုက်ပွဲကိုကြည့်၍ခေါင်းတညိမ့်ညိမ့်ကျေနပ်နေသည့်ဆရာတော်ရွှမ်းနန်ပင် ရုတ်တရက်ထွက်ပေါ်လာသည့်အသံဆိုးကြီးကြောင့် ထိုနေရာသို့ကြည့်လိုက်သည်။

သူနှင့်မလှမ်းမကမ်းမှလင်ဗန်းကွဲနှစ်ခုတီးခတ်သလိုဆိုးရွားပြီးကျယ်လောင်သည့်အသံကြီးထွက်ပေါ်လာ၍ ရှောင်ယောင်လည်း အသံထွက်ပေါ်လာရာဆီသို့အလိုလိုကြည့်လိုက်မိ၏။

ထိုစဉ် ဆရာတော်ရွှမ်းမင်၏လက်ဝါးက ရှောင်ယောင်၏ခံစစ်ကိုဖြတ်ကျော်လာပြီးပခုံးကိုတည့်မက်စွာရိုက်မိလိုက်သည့်အပြင် ဆရာတော်ရွှမ်းမင်၏ကျန်လက်‌တစ်ဖက်က သူ၏နဖူးဆီသို့တည့်မက်စွာရောက်ရှိလာသည်။

“ ထောက်.. ဝုန်း...”

ကျယ်လောင်သည့်အသံကြီးနှင့်အတူ ရှောင်ယောင်၏ခန္တာကိုယ်က နောက်ဘက်သို့လွင့်စင်သွားကာ ဝုန်းခနဲပစ်လဲသွားသည်။

ဆရာတော်ရွှမ်းမင်ကား သူ၏ပုံစံအတိုင်းတည်ငြိမ်စွာရှိနေပြီး သူ၏နာမည်ပါဝင်နေသည့်တိုင် အသံကြားရာဆီသို့တစ်ချက်ကလေးမှပင်စောင်းငဲ့ကြည့်ခြင်းမရှိပေ။ ထို့နောက်

“ ရှောင်ယောင် တိုက်ပွဲကိုအပြည့်အဝအာရုံစိုက်စမ်း.. ရန်သူတစ်ယောက်ယောက်နဲ့သူသေကိုယ်သေတိုက်နေရင်းအခုလိုလုပ်ရင် မင်းအသတ်ခံရလိမ့်မယ်...”

ဆရာတော်ရွှမ်းမင်က ရှောင်ယောင့်ကိုလိုက်လံတိုက်ခိုက်ခြင်းမရှိဘဲ လေးနက်သည့်လေသံဖြင့်ပြောလိုက်သည်။

တိုက်ကွက်နှစ်ခုဖြင့် တစ်ပြိုင််နက်အတိုက်ခံလိုက်ရ၍လွင့်စင်သွားသည့်ရှောင်ယောင်လည်း ဆရာတော်ရွှမ်းမင်၏လက်တောက်ချက်ကြောင့် နီရဲနေသည့်နဖူးကိုပွတ်ရင်းအလျှင်အမြန်ထရပ်လိုက်သည်။

“ ကျနော်သိပါပြီဆရာ...”

ဆရာတော်ရွှမ်းမင်ကိုအရိုအသေပေး၍ပြောလိုက်သော်ငြားသူ၏စိတ်ထဲတွင်အချိန်ကိုက်ဝင်ရောက်နှောက်ယှက်သည့်ကိုရင်ကြွယ်ယန်ကို ကျိန်ဆဲလိုက်မိ၏။

ဦးညွှတ်အရိုအသေပေးနေသည့်ရှောင်ယောင်၏မအီမလည်မျက်နှာကြီးနှင့် ဩဝါချွေနေသည့်ဆရာတော်ရွှမ်းမင်ကိုကြည့်ရင်း ဝဖိုင့်သည့်ကိုရင်ကြီးလည်း သဘောကျစွာရယ်မောလ်ိုက်မိသည်။

ရုတ်တရက်သူ၏ ဦးခေါင်းကိုအနည်းငယ်စောင်းလိုက်ရာ အဆောင်တံခါးတွင်ရပ်၍ သူ့ကိုစူးစိုက်ကြည့်‌နေသည့်ဆရာတော်ရွှမ်းနန်ကိုမြင်လိုက်ရသည့် ကိုရင်ကြီး၏ဇာတ်ကလေးပုသွားသည် ။

ချက်ခြင်းပင် အဆောင်ဘေးသို့ခပ်သုတ်သုတ်သွားကာ သံရေပုံးနှင့်ထမ်းပိုးကိုချရင်း သံဖိနပ်ကြီးကိုလည်းအလျှင်အမြန်ချွတ်လိုက်သည်။

ထို့နောက် ဆရာတော်ရွှမ်းနန်၏အရှေ့သို့လျှောက်လာပြီး ဦးညွှတ်အရိုအသေပေး၍ပြောလိုက်သည်။

“ ဆရာ တပည့်ရေဒဏ်အခေါက်တစ်ရာပေးတာ ပြီးခဲ့ပါပြီ...”

စင်စစ် ဝဖိုင့်သည့်ကိုရင်ကြီးကား အစအနောက်သန်သည့်ကိုရင်ကြွယ်ယန်မှလွဲ၍အခြားမဟုတ်‌ပေ။

ယခုလည်း သူ၏စနောက်မှုကိုမခံနိုင်သည့် လောဟန်ဆောင်မှကိုရင်သုံးယောက်နှင့်တိုက်ခိုက်ရင်း ထိုသုံးယောက်ကိုအမှောက်သိပ်လိုက်ရာ ရေဒဏ်ကျနေ၍တစ်နေ့လည်လုံးရေထမ်းနေရခြင်းဖြစ်သည်။

ဆရာတော်ရွှမ်းနန်၏အမူအယာကတည်ကြည်နေပြီး သိုင်းပညာပါရမီ‌ကောင်းမွန်သည့်တိုင် အကျင့်စရိုက်မဖျောက်နိုင်သည့်တပည့်ကျော်ကိုစိတ်ပျက်စွာခေါင်းယမ်းလိုက်မိကာ လက်ကိုဝေ့ယမ်း၍ပြောလိုက်သည်။

“ သွား နောက်ထပ် ရေဆယ်ခေါက်ထမ်းချေ...”

ဆရာတော်ရွှမ်းနန်၏အမိန့်ကြောင့် ဒယ်အိုးဖင်လိုမည်းမှောင်သွားမည့်ကိုရင်ကြွယ်ယန်၏မျက်နှာကိုမြင်ယောင်လိုက်မိ၍ အဆောင်ထဲတွင် စာအုပ်စင်များကိုရှင်းလင်းနေသည့်ကိုရင်ကြွယ်စင်းလည်း တစ်ဦးထဲပြုံးလိုက်မိတော့သည်။

All Chapters