ညီရင်းအစ်ကိုဆက်ဆံရေး
Vol. 1 Ch. 59
ညဘက်အချိန်
ရှောင်လင်ကျောင်းတော်တစ်ခုလုံး ဆီမီးများထိန်ညီးနေအောင်ထွန်းထားပြီး ကျောင်းဝန်းတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေသည်။
ရံဖန်ရံခါ၌ ကျောင်းဝန်းအနှံ့လှည့်လည်နေကြသည့် လောဟန်ဆောင်မှကိုရင်ဘုန်းကြီးတစ်စုရှိပြီး တုတ်ရှည်ကိုယ်စီကိုင်ဆောင်ထားကြကာ ကျောင်း၏လုံခြုံရေးကိုလှည့်ပတ်စောင့်ကြပ်နေသူများဖြစ်၏။။
ယခင်က ယခုလိုမျိုးညဘက်ကင်းလှည့်ခြင်းမရှိသော်လည်း လွန်ခဲ့သည့်ဆယ့်ခုနှစ်နစ်ခန့်က တာမောဆောင်မှသိုင်းကျမ်းများခိုးယူခံရပြီးယခုလို ညစဉ်ကင်းလှည့်သည့်အလေ့အကျင့်တစ်ခုဖြစ်လာခြင်းဖြစ်၏။
တာမောဆောင်နှင့်ခပ်လှမ်းလှမ်းတွင်ရှိသည့်အဆောင်ငယ်တစ်ခုသည်လည်းမီးရောင်မှိန်မှိန်တစ်ခုရှိနေကာ အဆောင်ထဲတွင်ကိုရင်ကြီးနှစ်ပါးနှင့် အသက်ဆယ့်နှစ်နှစ်အရွယ်ကောင်လေးတစ်ယောက်တို့ရှိနေကြသည်။
သူတို့သုံးယောက်က တာမောဆောင်တွင်နေထိုင်သည့်ရှောင်ယောင်တို့သုံးယောက်သာဖြစ်ပြီး ကျောင်းဆောင်နှင့် သူတို့ညအိပ်သည့်အဆောင်ကြား၌ သိုင်းလေ့ကျင့်သည့်မြေကွက်တစ်ခုသာခြားသည် ။
တာမောဆောင်တွင်လူအနည်းငယ်သာရှိပြီး အဆောင်မှူးခုံးရှက တစ်ပတ်လျှင်တစ်ကြိမ်ခန့်သ အဆောင်သို့လာရောက်တတ်သည်။
အကြောင်းက သူ၏တပည့်ဖြစ်သည့် ဆရာတော်ရွှမ်းနန်လည်း တာမောဆောင်တွင်သာအချိန်ပြည့်နေထိုင်ပြီဖြစ်၍ ဆရာတော်ခုံးရှလည်းကျန်အချိန်များက သူ၏အဆောင်တွင်သာနေ၍ အချိန်အများစုကိုတရားဓမ္မကျင့်ကြံနေတတ်သည်။
ပိဍိကတ်အဆောင်မှူး ၊ တာမောအဆောင်မှူးဆရာတော်ခုံးရှနှင့် လောဟန်အဆောင်မှူးခုံးဝန်တို့မှာ သိုင်းပညာတွင်လည်းသိုင်းလောကထိပ်ဆုံး၌ရှိနေသူများဖြစ်၍ လောကုတ္တရာဘက်ကိုသာကြိုးစား၍ကျင့်ကြံနေကြပေသည်။
ကျောင်းထိုင်ဆရာတော်လို သိုင်းပညာခန့်မှန်းမရသည့်အဆင့်သို့ရောက်နေပြီဖြစ်သည့်ပုဂ္ဂိုလ်မျိုးဆိုလျှင် နောက်ထပ်သိုင်းပညာတိုးတက်ရန်လောဘမရှိတော့ဘဲ အချိန်ရှိသရွေ့တရားအားထုတ်၍သာနေတော့သည်။
လက်ရှိတာမောဆောင်တွင်အချိန်ပြည့်ရှိနေတတ်သူက ဆရာတော်ရွှမ်းနန်သာဖြစ်ပြီး တာမောဆောင်၏ကိုရင်ကြီးများဖြစ်သည့် ကြွယ်ယန်နှင့်ကြွယ်စင်းတို့က နေ့ဘက်တွင်လိုအပ်သည်များကိုလုပ်ကိုင်ပေးရင်းသိုင်းပညာကိုပါလေ့ကျင့်ရပေသည်။
ရှောင်ယောင်ကသူတို့ထဲတွင်အအားလပ်ဆုံးဟုဆိုနိုင်ပြီး သိုင်းပညာမလေ့ကျင့်သည့်အချိန်များတွင် အခြားကိုရင်များလိုတာဝန်များမရှိ၍လွတ်လပ်နေပေသည် ။
သို့သော် ရှောင်ယောင်သည်လည်း သူ၏အချိန်အများစုကို သိုင်းပညာလေ့ကျင့်ခြင်းဖြင့်ကုန်ဆုံးကာ အားလပ်ချိနိများတွင် ကိုရင်ကြွယ်စင်းနှင့်ကြွယ်ယန်တို့ကိုကူညီ၍ တာမောဆောင်၏အလုပ်များကိုကူညီလုပ်ဆောင်ပေးတတ်သည်။
ဤသို့ဖြင့် တာမောဆောင်၏တပည့်များဟုဆိုနိုင်သည့်သူတို့သုံးယောက်မှာ နှစ်နှစ်ဆိုသည့်အချိန်အတွင်း ညီရင်းအစ်ကိုပမာ ရင်းနှီးလာကြပြီး တစ်ယောက်ကိုတစ်ယောက် ပြောမနာဆိုမနာဖြင့်စည်းလုံးစွာရှိခဲ့ကြပေသည်။
ယခုအချိန်၌ ရှောင်ယောင်က အပေါ်ပိုင်းဗလာကျင်းလျက် သူ၏ခါးတစ်ဝက်ရှိမည့်စည်ပိုင်းပြတ်ထဲတွင်ဆေးရည်စိမ်နေကာ သူ၏ဦးခေါင်းနှင့်ရင်ဘက်သာရေပေါ်တွင်ပေါ်နေသည်။
အဆောင်ထောင့်တွင်ချထားသည့်ထိုစည်ပိုင်းပြတ်မှာ ရှောင်ယောင်ကိုယ်တိုင်ပြုလုပ်ထားခြင်းဖြစ်ပြီး နှစ်နှစ်လုံးလုံး ညစဉ်ဆေးရည်စိမ်ရာနေရာလည်းဖြစ်သည်။
ရေနွေးဖြင့်ရောစပ်ထားသည့်ထိုရေထဲတွင် အမျိုးမျိူးသောဆေးမြစ်များကိုရောစပ်ထားသည့် ဆေးမှုန့်များထည့်ထားပြီး ထိုဆေးညွှန်းက အဖိုးဟွမ်မပြန်မီရှောင်ယောင်အတွက်ရေးပေးခဲ့ခြင်းဖြစ်သည်။
ရှောင်လင်ကျောင်းတော်တည်ရှိရာ ရှောက်ရှိတောင်အနီးတစ်ဝိုက်တွင်ပင်တွေရများသည့်ဆေးမြစ်များကို အချိုးကျရောစပ်ပြီးနောက် ဒဏ်ရာအမျိုးမျိုးကိုပျောကိကင်းစေသည့် ဆေးမှုန့်ရရှိလာပြ ရေထဲတွင်ထည့်၍စိမ်လျှင်လည်းအတွင်းဒဏ်ရာများကိုပင်လျှင်မြန်စွာသက်သာစေသည်။
ထို့ကြောင့် ရှောင်ယောင်လည်း နေ့စဉ်ရွှေဝတ်ရုံလွှာကျင့်စဉ်ကိုအချိန်တစ်ခုပေး၍လေ့ကျင့်နေသလို ညဘက်တွင်လည်းဆေးရည်စိမ်ခြင်းဖြင့် သူ၏ခန္တာကိုယ်တွင်ရခဲ့သည့်ဒဏ်ရာများကို မြန်မြန်သက်သာပျောက်ကင်းစေသည်။
ထို့ကြောင့်လည်း နှစ်နှစ်အတွင်း အရိုးမာကျောခြင်းအဆင့်ကိုပြီးမြောက်ခဲ့ပြီး နေ့ဘက်တွင်အနာတရများဖြစ်ခဲ့လျှင်ပင် ဆေးရည်စိမ်ခြင်းဖြင့်လျှင်မြန်စွာပျောက်ကင်းပြီး တစ်ရက်မပျက်သိုင်းပညာလေ့ကျင့်နိုင်ခြင်းဖြစ်သည်။
အနာကျက်ဆေးမှုန့်ဟုအမည်ပေးထားသည့်ထိုဆေးမှုန့်၏နာမည်မှာ ရိုးစင်းပြီး ရှာရမခက်သည့်သာမန်ဆေးမြစ်များဖြင့်ဖော်စပ်ထားခြင်းဖြစ်သည့်တိုင် လွန်စွာအစွမ်းထက်သည့်အာနိသင်ရှိကာ အဖိုးဟွမ်လိုအစွမ်းထက်သမားတော်တစ်ယောက်သာ ထိုဆေးမှုန့်မျိုးကိုတီထွင်ကြံဆနိုင်ပေမည်။
“ အား...ကျွတ် ကျွတ်...တတိယညီလေး မင်းကငါ့ကိုသေအောင်သတ်နေတာလား...”
အနီးရှိအဆောင်ကြမ်းပြင်ပေါ်တွင် အပေါ်ပိုင်းဗလာကျင်းကာ မှောက်ခုံအနေအထားဖြင့်ရှိနေသည့်ကိုရင်ကြွယ်ယန်က စုတ်တသတ်သတ်ဖြင့်ညည်းညူလိုက်သည်။
မနက်ပိုင်းက တစ်နေ့ခင်းလုံးရေဒဏ်ကျခဲ့သည့်အပြင် ရှောင်ယောင်တို့ကိုနောက်ပြောင်နေစဉ် ဆရာတော်ရွှမ်းနန်နှင့်ပတ်ပင်းမိ၍ နောက်ထပ်ဒဏ်ပေးခံရကာ အစအနောက်သန်သည့်ကြွယ်ယန်တစ်ယောက်အီစိမ့်နေခြင်းဖြစ်သည်
ကိုရင်ကြွယ်စင်းကတော့ အနာကျက်ဆေးမှုန့်များကိုအဝတ်သန့်ဖြင့်တို့၍ ကိုရင်ကြွယ်ယန်၏ပခုံးရှိပေါက်ပြဲနေသည့်အရည်ကြည်ဖုများကိုလိမ်းပေးနေခြင်းဖြစ်ကာ ကြွယ်ယန်ကဆေးလိမ်းခံနေရင်းနာကျင်မှုကြောင့်ညည်းညူနေခြင်ဖြစ်သည်။
တောင်အောက်ရှိရေတွင်းမှရေကို ပိဿာများစွာရှိသည့်သံထမ်းပိုးနှင့်သံရေပုံးနှစ်ခုဖြင့် အခေါက်တစ်ရာကျော်အောင်သယ်ရခြင်းက ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်ကိုပင် ခြေကုန်လက်ပန်းကျစေမည်ဖြစ်ပြီး နောက်ထပ်လွန်စွာလေးလံသည့်သံဖိနိပ်တစ်ရံစီးထားရခြင်းက ရေဒဏ်ကျခြင်းမည်၏ ။
ကျောင်းတော်ထဲတွင် စည်းကမ်းဖောက်ဖျက်သူများကို ရေဒဏ်၊ သဲဒဏ်စသည့် သင့်လျော်သည့်အပြစ်ဒဏ်များပေးတတ်ပြီး ကိုရင်ကြွယ်ယန်ကား တစ်လလျှင်တစ်ကြိမ်သို့မဟုတ် နှစ်ကြိမ်ခန့် ပုံမှန်ပြစ်ဒဏ်ပေးခံရသူလည်းဖြစ်သည်။
သို့သော် ထိုပြစ်ဒဏ်များပေးခြင်းက ရှောင်လင်ကျောင်းရှိဘုန်းကြီးကိုရင်များကိုလွန်စွာမောပန်းနွမ်းနယ်စေသည့်နည်းတူ ထိုအလုပ်များက သိုင်းပညာအခေါက်ခေါက်အခါခါ လေ့ကျင့်သည်နှင့်ညီမျှကာ ခန္တာကိုယ်အတွက်အကျိူးဖြစ်ထွန်းစေပြီး ခံနိုင်ရည်ကိုလည်းမြင့်တက်စေသည်။
မည်သို့ပင်ဖြစ်စေတစ်ရက်အတွင်းအကြိမ်ခြောက်ဆယ်ခန့်သယ်ခဲ့ရသည့်ကိုရင်ကြွယ်ယန်ကား ပခုံးနှင့်ခြေထောက်များတွင်အရည်ကြည်ဖူးများပင်ပေါက်ကာ ပတ်လက်လန်နေပြီဖြစ်သည်။
“ မှတ်လေ..မင်းကငါတို့ကို စနောက်ဖို့လောက်ပဲစိတ်ထဲရှိတာကိုး...”
စည်ပိုင်းထဲတွင်ဆေးရည်စိမ်နေရင်း ရှောင်ယောင်က ကြွယ်ယန့်ကိုလှောင်ပြောင်လိုက်သည်။
သူ၏စကားကြောင့် နာကျင်မှုကြောင့်ရှုံ့မဲ့နေသည့်ကြွယ်ယန်၏မျက်နှာက ပို၍ပင်ခွက်ဝင်သွားပြီး ခေါင်းထောင်ကု မကျေမနပ်လေသံဖြင့်ပြောလိုက်သည်။
“ အေးပေါ့..မင်းကဘယ်လောက်ပဲ ဒဏ်ရာရရဆေးရည်စိမ်ရင် မြန်မြန်ပျောက်ကင်းတာကိုး..ငါတို့မှာသာ နေ့တိုင်းအဆောင်ရဲ့တာဝန်တွေလုပ်ရ ၊ သိုင်းပညာကိုလည်းတစ်ရက်မပျက်ကျင့်ရတဲ့အပြင် အပြစ်လုပ်မိရင်ပါဒဏ်ပေးခံရသေးတယ်။။
ဒီလိုမှန်းသိရင်ငါလည်း ရှောင်လင်မှာ ကိုရင်မဝတ်ဘဲ မင်းလိုလူဝတ်ကြောင်တပည့်အဖြစ်လာပါတယ်...”
ဤသည်ကစကားအဖြစ်သာပြောခြင်းဖြစ်ပြီး ဆေးမြစ်များကိုရှာဖွေစုဆောင်း၍ဖော်စပ်ကသည်က အတော်လေးအလုပ်ရှုပ်ပြီး ရှောင်ယောင်အတွက်လွန်စွာအကျိုးရှိမှန်းသိ၍ ကြွယ်ယန်တို့နှစ်ယောက်မှာ အလိုက်သိစွာဖြင့်တစ်ခါမှပင်ဆေးရည်စိမ်ခြင်းမရှိပေ။
သိူ့သော် သူတို့တာမောဆောင်၏လက်သုံးဆေးမှုန့်က အဖိုးဟွမ်၏ ဆေးညွှန်းအတိုင်း ရှောင်ယောင်ပြုလုပ်ထားသည့်ထိုဆေးမှုန့်ပင်ဖြစ်ပြီးမည်မျှထိခိုက်ဒဏ်ရာရသည်ဖြစ်စေအလျှင်အမြန်ပျောက်ကင်းနိုင်၍ ယခုလည်း ကြွယ်ယန်တစ်ယောက်ထိုဆေးမှုန့်ကို သူ၏အရည်ကြည်ဖုပေါက်ပြဲနေသည့်နေရာများကို အသိပ်ခိုင်းခြင်းဖြစ်၏။
မကျေမနပ်ဖြင့်ဘုတေလိုက်သည့် ကြွယ်ယန်၏စကားကြောင့် ရှောင်ယောင်လည်း သဘောကျစွာပြုံးလိုက်ပြီး ရေစည်ထဲမှထရပ်လိုက်သည်။
“ လာပါ..ငါပြီးပြီ မင်းဆက်စိမ်လို့ရတယ်....”
ပြောပြောဆိုဆိုဖြင့် ရေစည်ထဲမှထွက်ကာ စိုနေသည့်သူ၏ခန္တာကိုယ်ကို တပတ်အဖြစ်အသုံးပြုသည့် ဖျင်ကြမ်းအဝတ်စတစ်ထည်ဖြင့်သုတ်လိုက်သည်။
“ တော်စမ်းပါ...မင်းစိမ်ပြီးသားကို ငါစိမ်ရမှာလား...ပြီးတော့ သိုင်းကျင့်ရင် အင်္ကျီချွတ်ပြီး ဗလကြွားချင်တဲ့ကောင်...”
ကြွယ်ယန်က ကြွက်သားများအချိူးကျစွာပေါ်လွင်နေသည့် ရှောင်ယောင်၏ခန္တာကိုယ်နှင့် အနည်းငယ်စူထွက်နေသည့်သူ၏ဝမ်းဗိုက်ကိုနှိုင်းယှဉ်လိုက်မိပြီး မနာလိုအားကျစွာဖြင့်ပြောလိုက်သည်။
ကြွယ်ယန်၏စကားကြောင့် ရှောင်ယောင်နှင့်ကြွယ်စင်းတို့မှာမနေနိုင်ဘဲရယ်မောလိုက်မိကြသည်။
ရှောင်လင်ကျောင်းရှိလူအတော်များများမှာ သိုင်းပညာနေ့စဉ်လေ့ကျင့်ကြ၍ ကြံ့ခိုင်သန်စွမ်းသူများပြားပြီး ကြွယ်ယန့်လို ဝဖိုင့်သည့်လူမျိုးကားရှားပါးသည်။
ကြွယ်ယန်ကိုယ်တိုင်လည်းအခြားလူများလိုပင်ပင်ပန်းပန်းလေ့ကျင့်ခဲ့သော်ငြား အစားစားချိန်တွင်လည်း သူ့များထက်နှစ်ဆခန့်စားသောက်နိုင်၍ သူ၏ခန္တာကိုယ်က အရပ်အနည်းငယ်ရှည်၍ ကိုယ်လုံးကိုယ်ပေါက် ကြီးထွားလာသည်မှလွဲ၍ လွန်ခဲ့သည့်နှစ်နှစ်ကလိုပင် ဖက်တီးလေးဖြစ်နေဆဲပင်။
“ ငြိမ်ငြိမ်နေပါ...”
ကြွယ်ယန်တစ်ယောက် ပေါက်ပေါက်ဖောက်နေသည်ကို အမြင်ကပ်လာသည့် ကိုရင်ကြွယ်စင်းက ဆေးထည့်နေသည့်အဝတ်စကိုဖိသိပ်လိုက်သည်။
“ အား...ကြွယ်စင်း မင်းနာချင်ပြီလား...”
အော်ဟစ်သံနှင့်အတူ ကြွယ်ယန်၏ခန္တာကိုယ်ကကြွတက်လာ၍ ရှောင်ယောင်လည်း သူတို့အနီးသို့အလျှင်အမြန်သွားလိုက်ပြီး ကြွယ်ယန့်ကိုချုပ်ထားလိုက်သည်။
အပြင်အားလမ်းစဉ်လျှောက်သူပီပီ ခွန်အားသန်မာလှသည့်ရှောင်ယောင်၏ချုပ်ကိုင်မှုကြောင့် ကြွယ်ယန်တစ်ယောက်လှုပ်မရရုန်းမရဖြစ်နေစဉ် ရှောင်ယောင်က ကြွယ်စင်းကိုပြောလိုက်သည်။
“ တတိယညီလေး ဆက်ပြီးလုပ်...”
အချင်းချင်းစနောက်နေခြင်းဖြစ်၍ အတွင်းအားနှင့်သိုင်းပညာကိုပါအသုံးမပြုနိုင်ရာ ကြွယ်ယန်မှာ ရှောင်ယောင်၏ခွန်အားကိုလုံးဝယှဉ်နိုင်ခြင်းမရှိပေ။
“ မလုပ်နဲ့နော် မင်းတို့နှစ်ယောက်တစ်ယောက်အနိုင်မကျင့်နဲ့...”
ပုံမှန်အချိန်များတွင် စိတ်ကောင်းရှိပြီးနာခံတတ်သော်လည်း တစ်ခါတစ်ရံ၌ ကြွယ်ယန်၏ မကောင်းသည့်အကျင့်များကူးစပ်နေဟန်တူသည့် ကြွယ်စင်း၏မျက်နှာထက်တွင်လည်းအပြုံးကြီးကြီးတစ်ခုပေါ်လာပြီးလက်ထဲရှိဆေးမှုန့်လက်ကျန်များကိုကြွယ်ယန်၏အနာများပေါ်သို့အားလုံးဖြူးချလိုက်သည်။
အကျိူးသက်ရောက်မှုကောင်းမွန်လှသော်လည်း နာကျင်မှုဒဏ်ရာမသေးလှသည့်အတွက် ကြွယ်ယန်၏ခန္တာကိုယ်ကတွန့်လိန်နေကာ ဝက်သတ်သလိုအော်ဟစ်သံကြီးက သူတို့အဆောင်လေးထဲမှ ဟိန်းထွက်လာတော့သည် ။
“ ဟင်း...ဒီကလေးတွေကတော့.. “
မီးရောင်မှိန်မှိန်လင်းနေသည့် တာမောဆောင်ထဲတွင် အတွင်းအားလေ့ကျင့်နေသည့်ဆရာတော်ရွှမ်းနန်၏မျက်လုံးများဖျက်ခနဲပွင့်လာကာ ဆူညံနေသည့်အဆောင်ငယ်လေးရှိရာသို့လှမ်းမျှော်ကြည့်လိုက်သည်။
သူ၏မျက်နှာထက်တွင်တော့ အပြုံးတစ်ခုရှိနေပေသည်။
ထို့နောက် ဆရာတော်ရွှမ်းနန်လည်းစိတ်ကိုစုစည်း၍အတွင်းအားကျင့်စဉ်ကိုပြန်လည်လေ့ကျင့်လိုက်သည်။
ဆရာတော်ရွှမ်းနန်၏နှာခေါင်းထိပ်တွင် မီးခိုးငွေ့လိုအဖြူရောင်အခိုးအငွေ့အငွေ့တန်းတစ်ခုရှိနေပြီး သူအသက်ရှူသွင်းရှူထုတ်လိုက်တိုင်းအနည်းငယ်လှုပ်ခတ်နေသည် ။
အကယ်၍ ယခုအဖြစ်ကိုသိုင်းလောကအတွင်းရှိလူများသာတွေ့မြင်ပါက လွန်စွာအံ့ဩတုန်လှုပ်ကြမည်ဖြစ်ပြီး ထိုလက္ခဏာကအတွင်းအားပညာရပ်တွင်နက်ရှိုင်းသည့်အဆင့်တစ်ခုသို့ရောက်နေသူများတွင်သာတွေ့ရနိုင်သည့်ပုံစံဖြစ်သည်။
တာမောဆောင်၏လက်ထောက်အဆောင်မှူးဖြစ်သည့်တိုင်သိုင်းလောကတွင်နာမည်ကျော်ကြားမှုမရှိသည့်ဆရာတော်ရွှမ်းနန်ကား သူ၏ပညာကိုမဖော်ပြဘဲအစွမ်းထက်လှသည့်သိုင်းပညာရှင်တစ်ယောက်ဖြစ်နေပေသည် ။