နေ့စဉ်မပျက်လေ့ကျင့်အပ်
Vol. 1 Ch. 60
နံနက်စောစောအချိန်..
အရှေ့အရပ်မှနေမင်းကြီးက ထွက်ပြူစအချိန်ဖြစ်ပြီး နီကျင့်ကျင့်အလင်းတန်းများက ကမ္ဘာမြေကြီးပေါ်သို့ရောင်ခြည်များပတ်ဖြန်းပေးတော့မည့်အခါသမယပင်ဖြစ်သည်။
‘ နံနက်စောသောထသည့်ငှက်အစာဝသည် ‘ ဆိုသည့်စကားအတိုင်း ကျေးငှက်တို့၏ကျီကျီကျာကျာအသံလေးများပြည့်နှက်နေပြီး စောစောထသည့်ပိုးကောင်လေးများအတွက်တော့ စိတ်မကောင်းဖွယ်ရာပင် ။
နံနက်စောစောအချိန်ဖြစ်၍ ကျောင်းဝန်းတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေကာ တစ်ခါတစ်ရံပင်မဆောင်ကြီးဆီမှလွင့်ပျံ့လာသည့်တရားဓမ္မရွတ်ဖတ်သံများကြားရပြီး ယခုအချိန်က နံနက်ခင်းစုပေါင်းရွတ်ဖတ်ချိန်ဖြစ်သည်။
တာမောဆောင်၏နောက်ဘက်ရှိမြေကွက်လပ်လေးထဲတွင် ရှောင်ယောင်တစ်ယောက် နိစ္စဓူဝအလုပ်ဖြစ်သည့် သိုင်းပညာလေ့ကျင့်ခြင်းကိုပြုလုပ်နေကာ သစ်ပင်ကြီး၏အောက်တွင်ခြေချိတ်ထိုင်နေသည့်သူ၏ခန္တာကိုယ်က ဝါရင့်ဘုန်းတော်ကြီးတစ်ပါးပမာ တည်ငြိမ်တိတ်ဆိတ်နေသည်။
တစ်ခါတစ်ရံသူ၏ခန္တာကိုယ်ကအနည်းငယ်လှုပ်ခတ်သွားတတ်ပြီး မျက်နှာကနာကျင်ဟန်ဖြင့် မျကမှောင်ကြုတ်သွားတတ်သည် ။
အချိန်အတော်ကြာပြီးနောက် ရှောင်ယောင်၏တစ်ကိုယ်လုံးတဆက်ဆက်တုန်ယင်လာပြီး လေကိုအမောတကောရှူရှိုက်ကာ မျက်လုံးများပွင့်ဟလာသည် ။
“ ဟား... ဒီနေ့လည်း နည်းနည်းပဲတိုးတက်သေးတယ်...”
ရှောင်ယောင်လည်းသက်ပြင်းတစ်ချက်ချရင်း ခန္တာကိုယ်ကိုဆန့်ထုတ်လိုက်ရာ အရိုးအဆစ်များမှ ဖျိုးဖျိုးဖျစ်ဖျစ်မည်သံများထွက်ပေါ်လာသည်။
အရှေ့ဘက်မှ နေမင်းကြီးက ပီပီပြင်ပြင်ပေါ်ထွက်နေပြီးဖြစ်သလို နံနက်ခင်းစုပေါင်းရွတ်ဖတ်ချိန်ပြီးဆုံး၌ ကျောင်းဝန်းထဲရှိဘုန်းကြီးကိုရင်များသိုင်းပညာလေ့ကျင့်နေကြပြီဖြစ်သည်။
နံနက်အာရုဏ်တတ် တုံးခေါက်သည်နှင့် ကျောင်းထဲရှိလူတိုင်း အိပ်ယာထကာ မျက်နှာသစ်ကိုယ်လက်သုတ်သင်ပြီး ဆွမ်းစားရသည်။
ရှောင်ယောင်လည်း ထိုအချိန်တွင် အိပ်ယာထ၍ ကြွယ်ယန်တို့နှင့်အတူ ထမင်းချက်ဆောင်သို့သွားကာ ယာဂုနှင့်အသီးအရွက်တစ်ပန်းကန်စားသောက်ရသည်။
ထို့နောက် ကြွယ်စင်းတို့က အခြားဘုန်းကြီးကိုရင်များနှင့်အတူပင်မဆောင်သို့သွား၍ တရားဓမ္မများကိုစုပေါင်းရွတ်ဖတ်ရပြီး ရှောင်ယောင်ကား တာမောဆောင်ရှိသိုင်းပညာလေ့ကျင့်ရာမြေကွက်လပ်သို့ပြန်လာကာ ရွှေဝတ်ရုံလွှာကျင့်စဉ်ကိုစတင်လေ့ကျင့်တော့သည်။
သိုင်းလောကထဲရှိလူအမျာစုက အပြင်ပိုင်းခန္တာကိုယ်ကျင့်စဥ်ဆိုလျှင် လွန်စွာလေးလံသည့်အလေးတုံးကြီးများ ၊ သံတုံးများကိုမ၍လေ့ကျင့်ရမည်ဟုထင်တတ်ကြသည်။
စင်စစ် ထိုအလေးတုံးများကိုအသုံးပြုရခြင်းက ခန္တာကိုယ်ကျင့်စဥ်များ၏ အခြေခံဖြစ်ကာ အဆင့်တစ်ခုသို့ရောက်သည်နှင့်ထိုသို့လေ့ကျင့်နေခြင်းကိုရပ်လိုက်ရသည်။
ထို့နောက်အတွင်းအားကိုအသုံးပြုကာ မိမိ၏ကိုယ်ခန္တာကိုယ်သံမဏိလိုမာကျောရန်လေ့ကျင့်ရခြင်းဖြစ်ပြီး ရှောင်လင်၏နာမည်ကျော်သံမဏိခန္တာကိုယ်ကျင့်စဉ်သည်လည်း ထိုနည်းတူပင်ဖြစ်၏။
သို့သော် အပြင်အားလမ်းစဉ်လျှောက်သူများမှာမူ အတွင်းအားပညာရှင်များနှင့်ကွဲပြားစွာ လေ့ကျင့်ရရှိသည့်အတွင်းအားကိုသိုလှောင်စုစည်းရမည့်အစား ခန္တာကိုယ်အစိတိအပိုင်းများရှိရာသို့ပို့လွှတ်၍ သက်ဆိုင်ရာကျင့်စဉ်အတိုင်းလေ့ကျင့်ရသည်။
အပြင်အားလမ်းစဉ်ဟူသည် အတွင်းအားကိုစုစည်း၍အလိုရှိချိန်တွင်အသုံးပြုရမည့်အစား သံကိုမာကျောရန်အကြိမ်ကြိမ်ထုရိုက်သလို သူ၏ကိုယ်ခန္တာကိုယ်လက်နက်တစ်ခုလိုလေ့ကျင့်ရခြင်းဖြစ်သည်။
ထိုသို့ပြုလုပ်ရာတွင် ခန္တာကိုယ်နေရာအနှံ့သို့အတွင်းအားများခွဲဖြာပို့လွှတ်၍ စုဆောင်းရရှိသည့်အတွင်းအားများကို စုစည်းနိုင်ခြင်းမရှိဘဲ ခန္တာကိုယ်ကသာ တစ်စထက်တစ်စမာကျောလာသည်။
ထို့ကြောင့် အပြင်အားလမ်းစဉ်လျှောက်သူများမှာ အတွင်းအားပမာဏအနည်းငယ်သာရှိကြသော်လည်း သူတို့၏ခန္တာကိုယ်များကလွန်စွာကြောက်မက်ဖွယ်ကောင်းပြီး အပြင်အားလမ်းစဉ်၏ထိပ်တန်းပညာရှင်များဆိုလျှင် သိုင်းဝိဇ္ဇာများကိုပငိသတ်ဖြတ်နိုင်စွမ်းရှိပေသည်။
အပြင်အားလမ်းစဉ်အတိုင်းခန္တာကိုယ်လေ့ကျင့်ရာတွင် လွန်စွာဆင်းရဲပင်ပန်းလှပြီး နာကျင်မှုဒဏ်ကိုမခံနိုင်၍လက်လျော့သူများကဒုနဲ့ဒေးပင်။
ထို့အပြင် အပြင်အားလမ်းစဉ်ကိုလျှောက်ရန် သာမန်လူတို့ထက်အဆပေါင်းများစွာသာလွန်သည့်ဇွဲသတ္တိလိုအပ်သည့်အပြင် စိတ်ကူးမရနိုင်သည့်နာကျင်ပင်ပန်းမှုဒဏ်ကိုခံနိုင်ရန်လည်းလိုအပ်သည်။
စသည့် အကြောင်းအရာများကြောင့် ခက်ခဲပင်ပန်းပြီးပေါက်မြောက်ရန်ခဲယဉ်းသည့် အပြင်အားလမ်းစဉ်အစား အတွင်းအားကိုသာအဓိကထားလေ့ကျင်ကလာကြပြီး ထန်ပြည်ထောင်ပျက်သုဉ်းပြီးချိန်၍ အပြင်အားလမ်းစဉ်လျှောက်သူများမရှိသလောက်နည်းပါးလာခြင်းဖြစ်သည်။
ယခုခေတ်တွင် အပြင်အားလမ်းစဉ်လျှောက်သူမှာ လုံးဝပျောက်ကွယ်လုဆဲဆဲဖြစ်နေပြီး ခန္တာကိုယ်ကျင့်စဉ်အများစုကလည်းတိမ်မြုပ်ပျောက်ကွယ်နေကြပြီဖြစ်သည်။
လက်ရှိရှောင်ယောင်ကသူ၏သွေးကြောမကြီးများဖွင့်လှစ်ချိန်၍နာကျင်မှုဒဏ်ကိုခံနိုင်ရန်နှင့် မာကျောသည့်ခန္တာကိုယ်ကရှိရန်အတွက် အပြင်အားလမ်းစဉ်ကိုလျှောက်ခဲ့ရခြင်းဖြစ်ပြီး လက်ရှိခေတ်၏တစ်ဦးတည်းသောအပြင်အားလမ်းစဉ်လျှောက်သူပင်ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ရှောင်ယောင်လည်း တစစီစုတ်ဖြဲခံနေရသလိုနာကျင်နေသည့်ခန္တာကိုယ်အတွင်းပိုင်းကြောင့် အနည်းငယ်ရှုံ့မဲ့လိုက်ကာ ထရပ်၍ သွေးပူစေရန်ခြေလက်များကိုအနည်းငယ်လှုပ်ယမ်းလိုက်သည်။
ထို့နောက် သူတတ်မြောက်ထားသည့်သိုင်းပညာများကို အစအဆုံးပြန်လည်လေ့ကျင့်ရန်ပြင်ဆင်လိုက်သည်။
ထိပ်တန်းသိုင်းပညာတစ်ခုကိုအောင်မြင်ရန်က လွန်စွာခက်ခဲပြီး ကျွမ်းကျင်အဆင့်ထိရောက်ရှိရန်က အဆများစွာပို၍ခက်ခဲပေသည်။
ကျွင်းကျင်အဆင့်ကိုရောက်ရှိရန် ထိုသိုင်းပညာကို
အထပ်ထပ်အခါခါလေ့ကျင့်ရန်လိုအပ်သလို ကောင်းမွန်သည့်ထိုးထွင်းသိမြင်မှုကိုလည်းလိုအပ်ပေသည် ။
ယခု ရှောင်ယောင်က အကာကွယ်ရွှေခေါင်းလောင်းသိုင်းနှင့် ရှောင်လင်သံမဏိလက်သီးသိုင်းတို့ကို အောင်မြင်ခဲ့သည်မှာ တစ်လကျော်နှစ်လခန့်ရှိပြီဖြစ်သော်လည်း ကျွမ်းကျင်အဆင့်ထိရောက်ရှိရန်က အချိန်များစွာပေးရဦးမည်ဖြစ်သည်။
နေမင်းကြီးက တဖြေးဖြေးမြင့်တက်၍ ပူပြင်းသည့်အပူရှိန်က မြေကွက်လပ်ပေါ်သို့ကျရောက်နေသည်။
“ ဝှစ်....”
“ ဟူး... ဟူး...”
ရှောင်ယောင်တစ်ယောက်ရွှေခေါင်းလောင်းသိုင်းနှင့်သံမဏိလက်သီးသိုင်းတို့ကိုအပြန်ပြန်အလှန်လှန်လေ့ကျင့်နေသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။
သူ၏တစ်ကိုယ်လုံးချွေးများစိုရွှဲနေပြီး အသက်ရှူသံပင်အနည်းငယ်လေးလံလာပြီးဖြစ်သော်လည်း တက်ကြွစွာလေ့ကျင့်နေဆဲဖြစ်သည် ။
ယနေ့တွင် တစ်ကျောင်းလူံးရှိကိုရင်များ၏သိုင်းပညာစစ်ဆေးမှုရှိသဖြင့် နေ့လည်ဆွမ်းမစားမီအချိန်ထိ ကိုရင်ကြွယ်ယန်နှင့်ကြွယ်စင်းတို့က တာမောဆောင်သို့ပြနခလာနိုင်မည်မဟုတ်ပေ။
ထိုသို့သုံးနှစ်တစ်ကြိမ်စစ်ဆေးရာတွင် ကိုရင်ကြွယ်ယန်နှင့်ကြွယ်စင်းတို့မှာ အမြဲလိုလိုထိပ်ဆုံးသုံးနေရာသို့ဝင်ရောက်တတ်ပြီး ကျန်ကိုရင်များပင် လူဦးရေအနည်းငယ်သာရှိသည့် တာမောဆောင်ကိုအားကျရသည်အထိပင်။
ရှောင်ယောင်လည်း သိုင်းပညာနှစ်ခုကိုအထပ်ထပ်အခါခါလေ့ကျင့်ပြီးနောက် အဖိုးစုသင်ပေးခဲ့သည့်လှုပ်ရှားမှူသိုင်းကို စတင်၍လေ့ကျင့်လိုက်သည်။
အရက်မူးသိုင်းဟုအဖိုးစုအလွယ်ခေါ်သည့်ထိုခြေလှမ်းသိုင်းမှာ လွန်စွာအစွမ်းထက်သည့်ထိပ်တန်းသိုင်းပညာတစ်ရပ်ဖြစ်ပြီး ထိုအချက်ကိုဝူတန်းတောင်ပေါ်တွင်ကလေးမလေးနှင့်တိုက်ခိုက်စဉ်ကပင် သူရိပ်စားမိခဲ့သည်။
အသက်ကိုးနှစ်ကျော်ဆယ်နှစ်ဝန်းကျင်သာရှိမည့်ထိုကလေးမလေးက လူကြီးတစ်ယောက်လိုဟန်ဆောင်တတ်သည့်အပြင် သူမ၏ခေါင်းမာမှုကလည်း ဩချရလောက်သည်။
ထို့ကြောင့်ပင်ရှောင်ယောင်၏စိတ်ထဲ၌ ကလေးမလေးကို အမှတ်ထင်ထင်မှတ်မိနေခြင်းဖြစ်ပြီး သူမ၏လွန်စွာချစ်စရာကောင်းလှသည့်မျက်နှာလေးကလည်း တစ်စိတ်တစ်ဒေသပါဝင်သည်ဟုဝန်ခံရပေမည်။
ထိုစဉ်က သူကိုယ်တိုင်က သိုင်းပညာအခြေခံပင်မရှိရာ ထိုအရှုပ်ထုပ်မလေး၏သိုင်းပညာကိုသူမသိခဲ့သော်လည်း လမ်းတွင်ဦးလေးစန်း၏စကားကြောင့် သူ့ထက်ပင်ငယ်ရွယ်ဟန်တူသည့် ထိုကလေးမ၏သိုင်းပညာက အဆင့်မြင့်သိုင်းအဆင့်သို့ပင်ရောက်ရှိနေသည်ဟုသိခဲ့ရသည် ။
ထိုအရည်အချင်းက ရှောင်လင်၏ထိပ်တန်းလူငယ်မျိူးဆက်များဖြစ်သည့် ကြွယ်ယန်နှင့်ကြွယ်စင်းတို့ထက်ပင် အနည်းငယ်သာလွန်ပြီး ပို၍အံ့ဩဖွယ်ကောင်းသည်က ကလေးမလေး၏တိုက်ကွက်များကို သိုင်းပညာအခြေခံပင်မရှိသည့်သူက အချိန်အတော်ကြာရှောင်တိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
နောက်ပိုင်းတွင် မောပန်းမှုကြောင့် အရှုံးပေးရခါနီးဖြစ်ခဲ့သော်လည်း အဖိုးစုသင်ပေးသည့်လှုပ်ရှားမှူသိုင်းပညာ၏အစွမ်းကိုသံသယဖြစ်စရာမလိုပေ။
ယခုအချိန်တွင် အရှုပ်ထုပ်မလေးနှင့်ပြန်တွေ့ပါက ရှောင်ယောင်မှာ သူမကိုအနိုင်ယူနိုင်လျှင်ပင် မရှုံးနိမ့်နိုင်ဟုယုံကြည်ချက်ရှိနေပြီး ထိုအကြောင်းကိုတွေးမိလိုက်၍ ရှောင်ယောင်လည်း အသာပြုံးလိုက်ကာ သူ၏ခန္တာကိုယ်ကိုအရက်မူးသိုင်း၏ခြေလှမ်းကွက်များအတိုင်းစတင်ရွေ့လျားလိုက်သည်။
ရှောင်ယောင်၏ခြေလှမ်းကွက်များက အစီအစဉ်မကျစွာရွေလျားနေသလို သူ၏ခန္တာကိုယ်ကလည်း ရေချိန်ကိုက်နေသည့်အရက်မူးသမားတစ်ယောက်လိုရှေ့နောက်ယိမ်းထိုးနေသည်။
ပင်မခြေလှမ်းကွက်ရှစ်ကွက်သာ ပါဝင်သည့်ထိုသိုင်းပညာက ရိုးစင်းသည်ဟုထင်ရသော်လည်း ကွက်ပွားတစ်ရာ့ရှစ်ကွက်နှင့် တစ်ကွက်ချင်းစီတွင်ယှဉ်တွဲပါဝင်သည့်လှုပ်ရှားမှုပုံစံတို့ကြောင့် လွန်စွာရှုပ်ထွေးသည့်လှုပ်ရှားမှုပညာတစ်ခုဖြစ်သည်။
ရှောင်ယောင်လိုဉာဏ်ရည်ထက်မြက်၍ ပါရမီကောင်းမွန်လှသူတစ်ဦးပင် ထိုပညာကိုအောင်မြင်ရန် တစ်နှစ်ခန့်အထိအချိန်ပေးခဲ့ရပြီး ကျွမ်းကျင်အဆင့်ထိရောက်ရှိရန်က နောက်ထပ်သုံးနှစ်ခန့်လေ့ကျင့်ခဲ့ရသည်။
ထိုအချိန်တွင် တာမောဆောင်၏ အနောက်ဘက်အခန်းငယ်ထဲတွင် ဆရာတော်ရွှမ်းဝန်က သူရပ်နေကျနေရာတွင်ရှိနေကာ နေ့စဉ်ပြုလုပ်နေကျ ထုံးစံအတိုင်း ရှောင်ယောင်၏လေ့ကျင့်မှုကိုကျေနပ်အားရသည့်မျက်ဝန်းများဖြင့်ကြည့်ရှုနေသည်။
ဆရာတော်ရွှမ်းနန်၏ပုံစံက ပေါ့ပါးပြီးစိတ်ခံစားချက်ကိုအလေးမထားဟန်တူသော်လည်း သူ၏တစ်ဦးတည်းသောဆွေမျိုးရင်းချာဖြစ်သည့် ရှောင်ယောင်ကိုတော့လွန်စွာဂရုစိုက်ကြင်နာပေသည်။
ထို့ကြောင့်လည်း ရှောင်ယောင်ကို ရှောင်လင်ကျောင်းတွင် လူဝတ်ကြောင်တပည့်ဘဝဖြင့်နေခွင့်ရရန်အစစအရာရာကြိုးပမ်းပေးခဲ့ပြီး ကျောင်းထိုင်ဆရာတော်၏စေတနာကြောင့်လည်း သူ၏ရည်ရွယ်ချက်အထမြောက်ခဲ့သည် ။
ထိုမျှမကသေး ရှောင်ယောင်ကိုသိုင်းပညာသင်ကြားရာတွင် သူကိုယ်တိုင်သင်ကြားပေးလျှင်လည်းသင့်လျော်သော်ငြား ရှောင်ယောင့်အတွက်အကောင်းဆုံးဖြစ်စေရန် သိုင်းပညာရူးသွပ်သည်ရွှမ်းမင်ဆရာတော်ကို မရမကတောင်းဆိုခဲ့သေးသည်။
“ ကျုပ်တော့ ဒီကလေးအခုလိုပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွဖြစ်နေတာကိုမြင်ရတာ အတော့်ကိုဝမ်းမြောက်မိတယ်။
အရင်ကဆို သူက သူ့မိခင်ရဲ့စိတ်တိုင်းကျပုံစံအတိုင်းနေထိုင်ခဲ့ပြီး သူ့ရဲ့ခံစားချက်တွေကို အပေါ်ယံအပြုံးတွေအောက်မှာ အမြဲလိုလိုသိမ်းဆည်းထားခဲ့တယ်။
သူ့ကို ရှောင်လင်မှာထားတာတကယ့်ကိုမှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲ ..”
ထိုစကားကိုပြောလိုက်သူက ဆရာတော်ရွှမ်းနန်မဟုတ်ဘဲ သူ၏ဘေးရှိအဖြူရောင်ဝတ်စုံဝတ်လူတစ်ဦးဖြစ်သည်။
အဖြူရောင်သိုင်းဝတ်စုံကိုသပ်ရပ်စွာဝတ်ဆင်ထားပြီး တည်ကြည်သည့်မျက်နှာထားရှိသည့်ထိုလူက အသက်လေးဆယ်ကျော်ရှိပြီဖြစ်သည့်တိုင် ခန့်ညားချောမောနေဆဲပင်ဖြစ်၏။
သူ၏မျက်နှာထက်တွင်ကား ဆရာတော်ရွှမ်းနန်ထက်မလျော့သည့် ကျေနပ်ပီတိတို့ရှိနေပြီး ခပ်လှမ်းလှမ်းရှိရှောင်ယောင်ကို အပြုံးဖြင့်ကြည့်ရှုနေသည်။
သူတို့နှစ်ဦးက တာမောဆောင်နှင့်တွဲလျက်အနောက်ဘက်အခန်းငယ်လေးထဲရှိပြတင်းပေါက်အနီးတွင်ရပ်နေကြခြင်းဖြစ်သည်။
တာမောဆောင်က သိုင်းပညာလေ့ကျင့်ရာ မြေကွက်လပ်နှင့်တစ်ဆက်ထဲရှိပြီး ရှောင်ယောင်လေ့ကျင့်နေသည့်နေရာနှင့်မလှမ်းမကမ်းတွင်ရှိသော်လည်း သိုင်းပညာလေ့ကျင့်နေသည့်ထဲတွင်နစ်မျောနေသည့်ရှောင်ယောင်ကား သူ့ကိုကြည့်ရှုနေသူများကို သတိမထားမိပေ။
တာမောဆောင်၏သိုင်းကျမ်းများထားရှိရာခန်းမကို လုံးဝတင်းကြပ်ထားပြီး ကြွယ်ယန်နှင့်ကြွယ်စင်းတို့ပင် အခွင့်ရှိမှဝင်ရသော်လည်း အဆောင်နောက်ဘက်ရှိ ဆရာတော်ရွှမ်းနန် နေထိုင်ရာ အခန်းငယ်ဖြစ်သည့်ယခုနေရာတွင်ကား ဧည်သည်များကိုပါလက်ခံတွေ့နိုင်သည့်နေရာဖြစ်သည်။
ယခုလည်း ဆရာတော်ရွှမ်းနန်နှင့်အဖြူရောင်ဝတ်စုံဝတ်လူတို့နှစ်ဦးသာမက သူတို့၏နောက်ဘက်ကြမ်းပြင်ပေါ်တွင် အကျအနထိုင်ကာ ရေနွေးကြမ်းသောက်နေသည့်အဖိုးအိုတစ်ယောက်ပါရှိနေသည်။