ဇာတ်လိုက် ဒေါသထွက်ခြင်း
Vol. 6 Ch. 71
မူလနာမည် စွန်းပေါင်ရှန်း ဖြစ်သော စွန်းဟွာလင်းသည် ရဲလန်ယွဲ့၏ အလယ်တန်းကျောင်းနေဖက် သူငယ်ချင်းဖြစ်သည်။ စွန်းပေါင်ရှန်းက ရဲလန်ယွဲ့ကို တစ်ဖက်သတ် သဘောကျခဲ့သော်လည်း အထက်တန်းကျောင်းရောက်သောအခါ မိသားစုအကြောင်းကြောင့် စွန်းပေါင်ရှန်း ကျောင်းပြောင်းသွားရခဲ့သည်။ သူသည် ကျောင်းပြောင်းသွားရုံသာမက သူ့နာမည်ကိုလည်း စွန်းဟွာလင်းဟု ပြောင်းလဲခဲ့၏။
စွန်းဟွာလင်းသည် နိုင်ငံခြားတွင် ပညာသင်ကြားပြီးနောက် မိသားစုစီးပွားရေးကို အမွေဆက်ခံရန် ပြန်လာခဲ့သည်။ သူ့ကို လေ့ကျင့်ပေးရန်အတွက် သူ့မိသားစုမှ အကြီးအကဲများက သူ့ကို 'ချန်းဟိုင်ယွဲ့မင်' ကုမ္ပဏီ၏ CEO အဖြစ် ခန့်အပ်ခဲ့၏။
ထိုအချိန်မှာပင် စွန်းဟွာလင်းသည် သူတစ်ချိန်က သဘောကျခဲ့ရသော ရဲလန်ယွဲ့က သူ့ကုမ္ပဏီတွင် အလုပ်လုပ်နေသည်ကို သိရှိသွားခဲ့သည်။
စွန်းဟွာလင်းသည် မည်သူမည်ဝါဖြစ်ကြောင်းကို ဘယ်တော့မှ မဖော်ထုတ်ဘဲ ရဲလန်ယွဲ့ကို တိတ်တဆိတ် ကူညီခဲ့ပြီး ရဲလန်ယွဲ့ကိုပင် 'ချန်းဟိုင်ယွဲ့မင်' ၏ CEO ဖြစ်လာစေခဲ့သည်။
သို့သော် စွန်းဟွာလင်း မသိခဲ့သည့်အချက်မှာ ရဲလန်ယွဲ့သည် သူလုပ်သမျှအားလုံးနှင့် သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သိနေခြင်းကိုပင်။
ရဲလန်ယွဲ့သည် စွန်းဟွာလင်း၏ ခံစားချက်များကိုလည်း သိသော်လည်း သူမသည် ဤဘဝတွင် သာမန်ဘဝဖြင့် နေထိုင်နိုင်မည်လားဆိုတာ မသေချာသောကြောင့် စွန်းဟွာလင်းအပေါ်ထားသော သူမ၏ ခံစားချက်များသည် သူငယ်ချင်းအဆင့်တွင်သာ ရှိနေခဲ့၏။
......
စွန်းဟွာလင်းသည် ကားဆီသို့ ပြန်သွားပြီး ယာဉ်မောင်းထိုင်ခုံရှိ လူလတ်ပိုင်းအရွယ် အမျိုးသားကို ပြောလိုက်သည်။
"ဦးလေးအို ရဲလန်ယွဲ့နဲ့အတူ တုန်းဟိုင်ကို ဘယ်သူပြန်လာသလဲဆိုတာ စုံစမ်းပေးပါ"
ဦးလေးအိုဟုခေါ်သော ထိုလူလတ်ပိုင်းအရွယ် အမျိုးသားက ပြုံးပြီး ပြောလိုက်၏။
"သခင်လေး ဘာလို့ ကိုယ်တိုင်မမေးလိုက်တာလဲ"
ဦးလေးအို၏ စကားကိုကြားသောအခါ စွန်းဟွာလင်း၏ မျက်နှာအမူအရာမှာ တောင့်တင်းသွားပြီးနောက် ရှက်ကိုးရှက်ကန်းဖြင့်
"ကျွန်တော်တို့က ဘာမှမှမပတ်သက်တာ အများကြီးမေးရင် မကောင်းဘူးလေ"
"ဟားဟားဟား ဒါဆို ကျွန်တော်က တိတ်တိတ်လေး စုံစမ်းတာကတော့ ကောင်းတယ်ပေါ့လေ ခင်ဗျားတို့ လူငယ်တွေစကားနဲ့ပြောရရင် ရှက်ပြီး မူနေတာပဲ"
စွန်းဟွာလင်း: .....
"ဘာပဲဖြစ်ဖြစ် မနက်ဖြန် ဒီအချိန်ရောက်ရင် အဲဒီလူတွေရဲ့ အချက်အလက်တွေနဲ့ ရဲလန်ယွဲ့နဲ့ သူတို့ရဲ့ ဆက်ဆံရေးကို ကျွန်တော်သိချင်တယ်"
စွန်းဟွာလင်းသည် ဦးလေးအိုနှင့် သူ၏ ရှက်ပြီးမူနေသော ကိစ္စကို ဆက်မဆွေးနွေးလိုတော့ဘဲ တိုက်ရိုက်အမိန့်ပေးလိုက်သည်။
ဦးလေးအိုသည်လည်း သူ့သခင်လေး၏ မျက်နှာကို ထောက်ထားရမည်ကို သိသည်။ သူက OK ဟန်ပြလိုက်ပြီး လေဆိပ်မှ ကားမောင်းထွက်သွားခဲ့၏။
........
လေဆိပ်အဝင်ဝတွင်။
"မစ္စတာရဲ ကျွန်မနဲ့ ဖန်လုံတို့ ကူယန်ကို အရင်ပြန်နှင့်ပါ့မယ် ဒီကျောက်စိမ်းတွေကို ရှင့်ရဲ့အိမ်ကို တိုက်ရိုက်ပို့ပေးပါ့မယ်"
ချွေ့ယာကျဲနှင့် ဖန်လုံတို့သည် တုန်းဟိုင်တွင် ဆက်မနေတော့ဘဲ ရဲရှင်းချန်ပေးလိုက်သော ကျောက်စိမ်းများကို ယူကာ ကူယန်သို့ ကားမောင်းပြန်သွားကြသည်။
ကူယန်သည် တုန်းဟိုင်နှင့် သိပ်မဝေးလှဘဲ ကားဖြင့် နာရီအနည်းငယ်သာ မောင်းရ၏။
"အင်း"
ရဲရှင်းချန်က ခေါင်းညိတ်ပြီးနောက်
"ခင်ဗျားတို့ အဲ့ဒီကျောက်စိမ်းတွေထဲက နှစ်တုံးလောက် ရွေးယူသွားလိုက်ပါ ဒီတစ်ခေါက်အတွက် ခင်ဗျားတို့နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်"
"ဟီးဟီး မစ္စတာရဲ ဘာတွေပြောနေတာလဲရှင် ဒါပေမဲ့ မစ္စတာရဲ ပေးတဲ့အရာဆိုတော့ ကျွန်မ လက်ခံလိုက်ပါ့မယ်"
ချွေ့ယာကျဲက ပြုံးပြီး ရဲရှင်းချန်၏ စေတနာကို လက်ခံလိုက်သည်။
.......
ချွေ့ယာကျဲနှင့် ဖန်လုံတို့ ထွက်သွားပြီးနောက် ရဲရှင်းဟွေ့၊ ရဲရှင်းချန်၊ ရဲပေါင်ပေါင်းနှင့် ဝက်ဝံကန်းတို့သည် ရဲလန်ယွဲ့၏ နေအိမ်သို့ အတူတကွ သွားခဲ့ကြ၏။
မူလက ရဲရှင်းဟွေ့သည် ကူယန်သို့ပြန်ရန် စီစဉ်ထားခဲ့သည်။ အကြောင်းမှာ သူ၏တီဗီလေးထဲတွင် ကြည့်မပြီးသေးသော ဇာတ်လမ်းတစ်ပိုင်းကျန်နေသေးပြီး ရဲရှင်းဟွေ့က အိမ်ပြန်အပြီးကြည့်ချင်သောကြောင့်ပင်။
သို့သော် သူ့အစ်မက သူ့အိမ်သို့ ဖိတ်ခေါ်သောကြောင့် ရဲရှင်းဟွေ့ မငြင်းနိုင်ခဲ့ပေ။
ရဲလန်ယွဲ့၏ နေအိမ်သည် လေဆိပ်နှင့် သိပ်မဝေးသောကြောင့် အဖွဲ့သည် တက္ကစီမငှားဘဲ ရဲလန်ယွဲ့၏ နေအိမ်သို့ လမ်းလျှောက်သွားခဲ့ကြသည်။
လမ်းတွင် ရဲရှင်းဟွေ့သည် သူ့ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်ကို အဆက်မပြတ် လည်ပတ်နေစေပြီး တာအိုကျောင်းတော်မှော်ပညာ မန္တာန်အချို့ကို တိတ်တဆိတ် ရွတ်ဆိုနေခဲ့၏။
“ကောင်းကင်ဘုံ၏ ဥပဒေသသည် ထင်ရှားပြီး ပထဝီမြေဘုံ၏ ဥပဒေသသည် နက်နဲလှ၏…..။ ယင်နှင့်ယန် ပေါင်းစပ်ကာ ရေစောင့်နတ်တို့ ကိုယ်ထင်ပြစေ……။ ဝိညာဉ်အလင်းတန်းဖြင့် ရေဓာတ်ကို စုစည်းလျက် ကောင်းကင်နှင့်မြေကြီးအား ဆက်သွယ်ပြီး ဥပဒေသဟူသမျှကို နာခံစေ…..။ ယင်ယန်ကြေးမုံပြင်၌ သရုပ်အမှန် အလျင်အမြန် ပေါ်လာစေ…..။ သရုပ်အမှန် အလျင်အမြန် ပေါ်လာစေ….။ အကျွန်ုပ်သည် မောဝ်နတ်ဘုရားသုံးပါး၏ အမိန့်တော်ကို နာခံပါ၏…..။ အမိန့်တော်သည် ဥပဒေသကဲ့သို့ မြဲမြံစွာ တည်စေသတည်း….။”
တာအိုမှော်ပညာမန္တာန်တစ်ခုကို စိတ်ထဲတွင် ရွတ်ဆိုပြီးနောက် ရဲရှင်းဟွေ့၏ မျက်လုံးများက ရွှေရောင်အလင်းတန်းများဖြင့် တောက်ပလာ၏။
ဤတာအိုမှော်ပညာမန္တာန်သည် အလွန်အခြေခံကျသော မောဝ်ရှန်းတာအိုပညာဖြစ်သည့် တတိယမျက်လုံး ဖွင့်ခြင်းပင်။
တတိယမျက်လုံးဖွင့်ခြင်း၏ အစွမ်းမှာ သာမန်မျက်စိဖြင့် မမြင်နိုင်သော ဝိညာဉ်များနှင့် တစ္ဆေများကဲ့သို့ အရာများကို မြင်နိုင်ခြင်းဖြစ်၏။
ရဲရှင်းဟွေ့ တတိယမျက်လုံးဖွင့်ရခြင်းမှာ ဤလောကတွင် တကယ်တစ္ဆေများ ရှိ မရှိ သိချင်ခြင်းကြောင့်ပင်။
ရဲရှင်းဟွေ့ တတိယမျက်လုံးဖွင့်လိုက်သောအခါ ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း ထူးခြားမှုတစ်စုံတစ်ရာ မတွေ့ရပေ။ သို့သော် သူ၏အစ်ကိုနှင့် အစ်မကို ကြည့်လိုက်သောအခါ အံ့အားသင့်သွားသည်။
အကြောင်းမှာ သူ၏အစ်ကိုနှင့် အစ်မ၏ ကိုယ်တွင် မြူခိုးလွှာတစ်ခုက ရစ်ပတ်နေလို့ပင်။
ခရမ်းရွှေရောင်မြူခိုးလွှာတစ်ခုက ရဲရှင်းချန်၏ ကိုယ်တွင် ရစ်ပတ်နေပြီး လည်ပတ်နေသော မြူခိုးများထဲတွင် ခရမ်းရွှေရောင်နဂါးတစ်ကောင် လှည့်ပတ်နေသည်ကို မထင်မရှား မြင်နေရသည်။
ထို့အတူ ငွေဖြူရောင်မြူခိုးလွှာတစ်ခုက ရဲလန်ယွဲ့၏ ကိုယ်တွင် ရစ်ပတ်နေပြီး မြူခိုးများထဲတွင် နဂါးတစ်ကောင်လည်း လှည့်ပတ်နေသော်လည်း ထိုနဂါး၏အရောင်မှာ ငွေရောင်ဖြစ်သည်။
ဤမြင်ကွင်းကိုမြင်သောအခါ ရဲရှင်းဟွေ့သည် အနည်းငယ် ကြောင်သွား၏။ အကြောင်းမှာ သူသိထားသော တာအိုမှော်ပညာ ဗဟုသုတများထဲတွင် သူ့အစ်ကိုနှင့် အစ်မတို့၏ ကိုယ်ပေါ်ရှိ အရှိန်အဝါကို ဖော်ပြထားခြင်း မရှိခြင်းကြောင့် ဖြစ်သည်။
"ဒါက ဒဏ္ဍာရီထဲက ဇာတ်လိုက်အရှိန်အဝါလား"
ထိုအခိုက်အတန့်တွင် ရဲရှင်းဟွေ့သည် မြို့ပြဝတ္ထုအမျိုးမျိုးတွင် ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို ကြည့်နိုင်တဲ့ တာအိုဘုန်းကြီးတစ်ပါးသာရှိလျှင် ဇာတ်လိုက်၏ ထူးကဲသောကံကြမ္မာကို သေချာပေါက် မြင်နိုင်လိမ့်မည်ဟု တွေးမိသည်။
ထို့နောက် အထက်တန်းလွှာတွင် နာမည်ကြီးသော ထိုတာအိုဘုန်းကြီးသည် ဇာတ်လိုက်ထံ ခေါင်းငုံ့ပြီး ဇာတ်လိုက်က ဤအဆက်အသွယ်ကို အသုံးချကာ ဂိုက်ဖမ်းပြီး မျက်နှာပိုးသတ်လိမ့်မည်။
ဤသို့တွေးမိသောအခါ ရဲရှင်းဟွေ့သည် သူ့မှာလည်း ထိုကဲ့သို့ ခန့်ညားထည်ဝါပြီး ပြင်ပသို့ ထုတ်လွှင့်နေသော ကံကြမ္မာစွမ်းအင် ရှိ မရှိ ကြည့်ချင်လာ၏။
ထို့နောက် သူသည် သူ့ကိုယ်ပေါ်တွင်လည်း ထိုကဲ့သို့ မြူခိုးများ ရှိ မရှိ စစ်ဆေးကြည့်လိုက်သည်။
သို့သော် ရဲရှင်းဟွေ့ စိတ်ပျက်စွာဖြင့် သူ့ကိုယ်ပေါ်တွင် ဘာမျှမရှိဘဲ သာမန်မျက်စိဖြင့် မမြင်နိုင်သော ကြည်လင်သည့် ဝိညာဉ်စွမ်းအင်လွှာတစ်ခုသာ ရှိနေသည်ကို တွေ့လိုက်ရ၏။
"တောက်စ် ငါလည်း ဘဝကူးပြောင်းလာတာပဲ မဟုတ်လား ဘာလို့ ငါ့မှာ ဇာတ်လိုက်ကံကြမ္မာ မရှိရတာလဲ"
ရဲရှင်းဟွေ့သည် သူ့အစ်ကိုနှင့် အစ်မ၏ ကိုယ်ပေါ်ရှိ မြူခိုးများကို ဇာတ်လိုက်များသာ ပိုင်ဆိုင်သည့် ကံကြမ္မာအရှိန်အဝါဟု မှတ်ယူလိုက်ပြီဖြစ်သည်။
သို့သော် ဘဝကူးပြောင်းလာသူချင်း အတူတူ ရဲရှင်းဟွေ့သည် အလွန်မတရားသလို ခံစားရ၏။
သူတို့နှစ်ယောက်လုံးမှာ ရှိပြီး သူက ဘာလို့မရှိရတာလဲ ငါက ဘဝကူးပြောင်းလာသူ အတုမို့လို့လား။
တစ်ချိန်တည်းမှာပင် ရဲရှင်းဟွေ့သည် သူ ငတုံးနတ်ဘုရားအိုကြီးထံမှ လုယူခဲ့သော အလုံးစုံမြင်မျက်လုံးကိုလည်း သတိရလိုက်သည်။
ထို အလုံးစုံမြင်မျက်လုံး၏ နာမည်က ခမ်းနားသော်လည်း ၎င်း၏ အစွမ်းမှာ တကယ်ကို အားနည်းလှသည်။
ချစ်ခင်မှု မုန်းတီးမှုနှင့် သတ်ဖြတ်လိုစိတ် တန်ဖိုးများကို မြင်နိုင်ခြင်းအပြင် အခြေခံအချက်အလက်အချို့နှင့် ဘဝရာဇဝင်အကျဉ်းကိုလည်း ပြသပေး၏။
ယခုအချိန်တွင် ရဲရှင်းဟွေ့ မြင်နိုင်သော ဘဝရာဇဝင်များမှာ သူ့မိသားစုဝင်များ၏ ရာဇဝင်များသာ ဖြစ်သည်။
တခြားသူတွေအတွက်လား ရဲရှင်းဟွေ့၏ စရိုက်နှင့်ဆိုလျှင် သူက တက်ကြွစွာ ချစ်ခင်မှုရအောင် ကြိုးစားမည်မဟုတ်ပေ။ မုန်းတီးမှုကတော့ ပိုဖြစ်နိုင်ချေရှိသည်။
အမှန်တကယ်တွင် ရဲရှင်းဟွေ့ မသိခဲ့သောအချက်မှာ ဤ အလုံးစုံမြင်မျက်လုံးသည် သူ့အလိုလို အစွမ်းထက်သောအရာမဟုတ်ဘဲ ရိုးရှင်းသောလုပ်ဆောင်ချက်အချို့ ထည့်သွင်းပေးထားသည့် သော့တစ်ချောင်းသာ ဖြစ်ကြောင်းကိုပင်။
၎င်းကို ထည့်သွင်းပေးထားသော ရိုးရှင်းသည့် လုပ်ဆောင်ချက်များမှာ ချစ်ခင်မှု မုန်းတီးမှုနှင့် သတ်ဖြတ်လိုစိတ် တန်ဖိုးများကို မြင်နိုင်စွမ်းနှင့် အခြားသူများ၏ အချက်အလက်များကို ကြည့်ရှုနိုင်စွမ်းတို့ပင် ဖြစ်သည်။
ငတုံးနတ်ဘုရားအိုကြီးက ဤသော့ကို ထိုကဲ့သို့ လုပ်ဆောင်ချက်များ ထည့်သွင်းပေးရသည့်အကြောင်းမှာလည်း အလွန်ရိုးရှင်းသည်။ ငတုံးနတ်ဘုရားအိုကြီးသည် ပါးစပ်ဖွာပြီး လက်ဆော့သောကြောင့် နတ်ဘုရားများစွာကို ရန်စခဲ့မိ၏။
ဤလုပ်ဆောင်ချက်ကို ထည့်သွင်းပေးရခြင်း၏ ရည်ရွယ်ချက်မှာ သူ့ဆီသို့ လျှောက်လာသောသူသည် သူ့ကို တကယ်သတ်ချင် မသတ်ချင် သိနိုင်ရန်ဖြစ်သည်။
အကယ်၍ သတ်ဖြတ်လိုစိတ် တန်ဖိုးက အလွန်မြင့်မားနေလျှင် သူက တိုက်ရိုက်ထွက်ပြေးရန် ရွေးချယ်လိမ့်မည်။ အကယ်၍ မုန်းတီးမှုတန်ဖိုးက မြင့်နေလျှင် သူက ရှေ့သွားပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ခုခုပြောကာ တစ်ဖက်လူ၏ သတ်ဖြတ်လိုစိတ်တန်ဖိုးကို မြှင့်တင်ကောင်း မြှင့်တင်လိမ့်မည်။
သဘာဝကျစွာပင် ရဲရှင်းဟွေ့သည် ဤအရာအားလုံးကို မသိခဲ့ပေ။
×××××××××