← Chapters

တရုတ် စားပွဲတင်တင်းနစ် အဖွဲ့ချုပ်လား

Vol. 6 Ch. 73

တရုတ် စားပွဲတင်တင်းနစ် အဖွဲ့ချုပ်လား

Vol. 6 Ch. 73

ညစာစားပွဲပေါ်တွင် အရသာရှိသော ဟင်းလျာများ အပြည့်ခင်းကျင်းထားသည်။

ရဲရှင်းဟွေ့၊ ရဲရှင်းချန်၊ ရဲလန်ယွဲ့၊ ဝက်ဝံကန်း၊ ယန်ချွဲနှင့် ပေါင်ပေါင်းတို့သည် စားပွဲတွင် ဝိုင်းဖွဲ့ထိုင်နေကြ၏။

"လာ၊ မင်းတို့အစ်မရဲ့ လက်ရာကို မြည်းစမ်းကြည့်။"

ရဲလန်ယွဲ့က သူမ၏ မောင်ငယ်နှစ်ယောက်ကို ပြုံးရင်း ပြောလိုက်သည်။

သူမဘေးတွင်ထိုင်နေသော ယန်ချွဲသည် ရဲလန်ယွဲ့ ဒီလောက်ပျော်နေသည်ကို မြင်သောအခါ အတော်လေး အံ့ဩသွား၏။

တကယ်တော့ သူမသည် အစကတည်းက မေးချင်နေခဲ့သည်မှာ အစ်မလန်ယွဲ့တွင် စရိုက်နှစ်မျိုးများ ရှိနေသလားဟူ၍ ဖြစ်သည်။

ယန်ချွဲသည် ရဲလန်ယွဲ့ကို အေးစက်ပြီး ခန့်ညားသော နတ်ဘုရားမတစ်ပါးအဖြစ် အမြဲတမ်း ထင်မြင်ခဲ့ပြီး ပြုံးခဲလှသည်။

သို့သော် သူမ၏ မောင်ငယ်နှစ်ယောက်နှင့် တွေ့ပြီးနောက်ပိုင်းတွင် ရဲလန်ယွဲ့သည် အခြားစရိုက်တစ်ခု နိုးထလာသကဲ့သို့ ယန်ချွဲ ခံစားလိုက်ရ၏။ သူမသည် မောင်နှစ်ယောက်ကို ပြုံးပြရုံသာမက အခါအားလျော်စွာ နောက်ပြောင်ကျီစယ်တတ်သေးသည်။

ဒီနေ့ဆိုလျှင် ကိုယ်တိုင်ပင် ချက်ပြုတ်နေ၏။

ယန်ချွဲသည် ရဲလန်ယွဲ့ကို သိတာကြာပြီဖြစ်သော်လည်း သူမ ချက်ပြုတ်တတ်မှန်း တစ်ခါမှ မသိခဲ့ပေ။

.......

ရဲရှင်းဟွေ့သည် လှပစွာပြင်ဆင်ထားပြီး အရောင်အသွေးစုံလင်သော ဟင်းပွဲများကို ကြည့်ကာ မသိစိတ်ဖြင့် တံတွေးမျိုချလိုက်သည်။

"အစ်မရဲ့လက်ရာကို မစားရတာ တကယ်ကို အချိန်အကြာကြီးရှိပြီပဲ။"

ရဲရှင်းဟွေ့က သက်ပြင်းချရင်း ပြောလိုက်၏။

ရဲရှင်းဟွေ့၏ မှတ်ဉာဏ်ထဲတွင် သူ့အစ်မ၏ ချက်ပြုတ်နိုင်စွမ်းသည် မယုံနိုင်လောက်အောင် ကောင်းမွန်ပြီး သူ့အမေ၏ ချက်ပြုတ်နည်းများသည်ပင် သူ့အစ်မထံမှ သင်ယူခဲ့ခြင်းဖြစ်သည်။

ရဲရှင်းဟွေ့၏ စကားကိုကြားသောအခါ သူ့ဘေးမှ ရဲရှင်းချန်ကလည်း ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။

"တကယ်ကို အချိန်အကြာကြီးရှိပြီပဲ။"

ရဲရှင်းဟွေ့နှင့် နှိုင်းယှဉ်လျှင် ရဲရှင်းချန်အတွက်မူ အချိန်က ပို၍ပင်ကြာမြင့်ခဲ့သည်။

နှစ်တစ်ထောင်လောက်ပင်။

"ဒီလောက် ခံစားမနေကြနဲ့။ ဒီပရောဂျက်ပြီးသွားရင် မင်းတို့နှစ်ယောက်နဲ့အတူနေဖို့ ကူယန်ကို ပြောင်းလာခဲ့မယ်။"

စကားပြောနေရင်း ရဲလန်ယွဲ့သည် နံရိုးနှစ်ချောင်းကို ညှပ်ယူပြီး ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်တို့၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

"ဟင်။ ကူယန်ကို ပြန်လာမှာလား။"

ရဲရှင်းဟွေ့သည် သူ့ပန်းကန်ထဲက နံရိုးကိုမစားဘဲ နားမလည်စွာဖြင့် မေးလိုက်သည်။

"ဟုတ်တယ်။"

ရဲလန်ယွဲ့က ခေါင်းညိတ်ပြီး

"မင်းတို့နှစ်ယောက်လုံး လက်တွေ့ကမ္ဘာနဲ့ ထိတွေ့ဆက်ဆံနေပြီဆိုတာ သိသွားမှတော့ အစ်မအနေနဲ့ မင်းတို့ကို ဒီအတိုင်း ပစ်ထားလို့မဖြစ်တော့ဘူးလေ။"

ရဲရှင်းချန်က ရဲလန်ယွဲ့ စိုးရိမ်စရာမလိုကြောင်း ပြောချင်သော်လည်း ဤသည်မှာ သူ့အစ်မ၏ စေတနာဖြစ်သည်ဟု တွေးမိသောကြောင့် ဘာမှမပြောတော့ပေ။

တိုက်တိုက်ဆိုင်ဆိုင်ပင် သူသည် လာမည့်နှစ်ရက်အတွင်း သူ့မိဘများကို ကယ်တင်ရန် ကျွန်းစုနိုင်ငံသို့ သွားရန်လိုအပ်ပြီး ရဲလန်ယွဲ့ လိုက်သွားပါက သူ့ညီကိုလည်း ကာကွယ်ပေးနိုင်မည်ဖြစ်သည်။

ဤသို့တွေးမိသောအခါ ရဲရှင်းချန်က "ဒါဆို အစ်မရဲ့ ပရောဂျက်က ဘယ်တော့ပြီးမှာလဲ။" ဟု မေးလိုက်သည်။

"နောက်နှစ်ရက်လောက်အတွင်း ဖြစ်မယ်ထင်တယ်။"

ရဲလန်ယွဲ့က ထမင်းတစ်လုတ်စားရင်း ဆက်ပြောသည်။

"မင်းယူလာတဲ့ ဧကရာဇ်စိမ်းကို ကုမ္ပဏီကို လွှဲပေးလိုက်တာနဲ့ အခြေခံအားဖြင့် တခြားဘာမှလုပ်စရာမလိုတော့ဘူး။ ဒီနှစ်ရက်အတွင်းမှာ လာမယ့် အဆိုပြုလွှာကို အပြီးသတ်လိုက်ရုံပဲ။"

ရဲလန်ယွဲ့သည် ရက်အနည်းငယ်အတွင်း ကူယန်သို့ ပြန်လာမည်ကို ကြားသောအခါ ရဲရှင်းချန်က ခေါင်းညိတ်ပြီး

"ကောင်းပြီ၊ မနက်ဖြန် ရှင်းဟွေ့နဲ့ ကျွန်တော် အရင်ပြန်ပြီး အစ်မအခန်းကို သန့်ရှင်းရေးလုပ်ပေးထားမယ်။"

"ဟင်။ ကျွန်တော်တို့ အတူတူပြန်ကြမှာ မဟုတ်ဘူးလား။"

ရဲလန်ယွဲ့က နားမလည်စွာဖြင့် မေးလိုက်သည်။

"မဟုတ်ဘူး။"

ရဲရှင်းချန်က ခေါင်းခါလိုက်သော်လည်း များများစားစား ရှင်းမပြခဲ့ပေ။

ရဲရှင်းဟွေ့က သူတို့ဘာကြောင့် အတူတူမပြန်ကြသလဲဟု မေးမည်ပြုလိုက်စဉ်မှာပင် သူ့အိတ်ကပ်ထဲမှ ဖုန်းက မြည်လာသည်။

သူသည် နားမလည်စွာဖြင့် ဖုန်းကိုင်လိုက်သောအခါ တစ်ဖက်မှ ရှီမင်ယန်၏ အသံထွက်ပေါ်လာသည်။

"ဟယ်လို။ ရှင်းဟွေ့၊ မင်းဘယ်မှာလဲ။"

"ငါ တုန်းဟိုင်မြို့မှာ၊ ငါ့အစ်မဆီမှာ။ ဘာကိစ္စလဲ။"

ရဲရှင်းဟွေ့က ပြန်မေးလိုက်သည်။

"ဟွာရှား စားပွဲတင်တင်းနစ်အဖွဲ့ချုပ်ကလို့ပြောတဲ့ လူတချို့ မင်းကိုရှာနေတယ်။ ကိစ္စတစ်ခုရှိပုံပဲ..."

ရှီမင်ယန် စကားမဆုံးမီမှာပင် ဖုန်းကို အခြားတစ်ယောက်က လုယူသွားသည်။

"ဟယ်လို၊ ကျောင်းသား ရဲရှင်းဟွေ့လား။"

ဖုန်း၏တစ်ဖက်မှ မရင်းနှီးသော အမျိုးသားအသံတစ်ခု ထွက်ပေါ်လာသည်။

"ဟုတ်ပါတယ်။ ကျွန်တော်ပါ။"

"ဒါဆိုကောင်းတယ်။ ကျွန်တော်က ဟွာရှား စားပွဲတင်တင်းနစ်အဖွဲ့ချုပ်ကပါ။ ဖြစ်နိုင်ရင် ခင်ဗျားနဲ့ တွေ့လို့ရမလား။ ခင်ဗျားနဲ့ ဆွေးနွေးစရာ အရေးကြီးတဲ့ကိစ္စတစ်ခုရှိတယ်။ ဒါက ဟွာရှား စားပွဲတင်တင်းနစ်ရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်တယ်။"

ကိစ္စက ဟွာရှား စားပွဲတင်တင်းနစ်နှင့် သက်ဆိုင်သည်ဟု ကြားသောအခါ ရဲရှင်းဟွေ့၏ မျက်နှာသည်လည်း တည်သွားသည်။

"မနက်ဖြန် တွေ့လို့ရမလား။ ကျွန်တော် အခု တုန်းဟိုင်မှာပဲ ရှိသေးလို့။"

"ရပါတယ်။"

ရဲရှင်းဟွေ့ တွေ့ရန်သဘောတူသည်ကို ကြားသောအခါ တစ်ဖက်မှ ချက်ချင်း သဘောတူလိုက်သည်။

"ဒါဆို မနက်ဖြန် နေ့လယ်၊ ခင်ဗျားကျောင်းရှေ့က ကော်ဖီဆိုင်မှာ တွေ့ကြတာပေါ့။"

"ဟုတ်ကဲ့၊ မနက်ဖြန်တွေ့မယ်။"

ပြောပြီးနောက် ရဲရှင်းဟွေ့ ဖုန်းချလိုက်၏။

ဖုန်းထဲကလူ ဘာပြောနေမှန်း မသိသော်လည်း ဟွာရှားနှင့် သက်ဆိုင်သရွေ့ ရဲရှင်းဟွေ့သည် အစွမ်းကုန် ကြိုးစားမည်မှာ သေချာသည်။

ယခင်ဘဝဖြစ်စေ၊ ဤဘဝဖြစ်စေ ရဲရှင်းဟွေ့သည် ဟွာရှားလူမျိုးတစ်ယောက်ဖြစ်ရသည်ကို ဂုဏ်ယူသည်။

စားပွဲတင်တင်းနစ်သည် ဟွာရှားနှင့် ဆက်စပ်နိုင်သလားဆိုလျှင် သေချာပေါက် ဆက်စပ်နိုင်၏။ စားပွဲတင်တင်းနစ်ကို ဟွာရှား၏ အမျိုးသားအားကစားဟု သတ်မှတ်နိုင်သည်။ နိုင်ငံတကာပြိုင်ပွဲများ ရှိသရွေ့ စားပွဲတင်တင်းနစ်မှ ရွှေတံဆိပ်အမျိုးမျိုးနှင့် ချန်ပီယံဆုများသည် ဟွာရှား၏ လက်ထဲတွင်သာ ရှိကြ၏။

လူအများက ပြောကြလိမ့်မည်။

စားပွဲတင်တင်းနစ်ကို ဗြိတိသျှတွေက တီထွင်ခဲ့တာမဟုတ်လား။ ဘယ်လိုလုပ် ဟွာရှားရဲ့ အမျိုးသားအားကစား ဖြစ်သွားရတာလဲ။

ဤသို့သော မေးခွန်းမျိုးမေးနိုင်သူများကို ရဲရှင်းဟွေ့သည် ရယ်ကျဲကျဲဖြင့်သာ တုံ့ပြန်နိုင်သည်။

ဘောလုံးကို ရှေးခေတ်ဟွာရှားလူမျိုးများက တီထွင်ခဲ့သည် မဟုတ်ပါလား။ သို့သော် အာဂျင်တီးနားနှင့် ဘရာဇီးတို့သည် ဘောလုံးကို ၎င်းတို့၏ အမျိုးသားအားကစားအဖြစ် သတ်မှတ်ထားသည် မဟုတ်လား။

ဗြိတိန်ကို စားပွဲတင်တင်းနစ်၏ တီထွင်သူဟု ဆိုနိုင်သော်လည်း ဟွာရှားသည် စားပွဲတင်တင်းနစ်၏ ရှေ့ဆောင်လမ်းပြနှင့် ဆန်းသစ်တီထွင်သူ ဖြစ်၏။

.......

"ရှင်းဟွေ့ကလည်း မနက်ဖြန်ပြန်မှာဆိုတော့ ငါတို့ မနက်ဖြန်မနက် ထွက်ခွာကြတာပေါ့။"

ရဲရှင်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

ရဲလန်ယွဲ့၏ အကြားအာရုံဖြင့် ရဲရှင်းဟွေ့၏ ဖုန်းပြောစကားများကို ကြားရသည်မှာ သဘာဝကျသောကြောင့် သူမ၏ မောင်နှစ်ယောက် စောစောထွက်ခွာရန် တောင်းဆိုမှုကို ငြင်းဆိုခြင်းမပြုခဲ့ပေ။

"ကောင်းပြီလေ၊ မနက်ဖြန် ယန်ချွဲကို အစ်မကားမောင်းပြီး မင်းတို့နှစ်ယောက်ကို ကူယန်ကို လိုက်ပို့ခိုင်းလိုက်မယ်။"

ဤသို့ကြားသောအခါ ရဲရှင်းချန်က ခေါင်းခါပြီး

"မလိုပါဘူး၊ ကျွန်တော်တို့မှာ ကားရှိတယ်"

"ဟင်။ အစ်ကို... ကျွန်တော်တို့မှာ ကားဘယ်တုန်းက ရှိသွားတာလဲ။"

ရဲရှင်းဟွေ့ အနည်းငယ် နားရှုပ်သွားသည်။

ရဲရှင်းချန်က သူ့မေးစေ့ဖြင့် အငမ်းမရစားနေသော ဝက်ဝံကန်းဘက် ညွှန်ပြပြီး "သူ့ကိုမေး" ဟု ပြောလိုက်၏။

ဤသို့မြင်သောအခါ ရဲရှင်းဟွေ့သည် ဝက်ဝံကန်းကို ကြည့်လိုက်ပြီးနောက် ဝက်ဝံကန်းက

"သခင်လေးရဲက အောက်ထပ်မှာရှိတဲ့ သူ့ကားကို ပြောချင်တာဖြစ်မယ်"

ရဲရှင်းချန်၏ အစွမ်းကို သိသောကြောင့် ဝက်ဝံကန်းသည်လည်း ဖန်လုံနှင့် ချွေ့ယာကျဲကဲ့သို့ ရဲရှင်းချန်ကို သခင်လေးရဲဟု ခေါ်ဝေါ်နေပြီဖြစ်သည်။

ဝက်ဝံကန်း၏ ရှင်းပြချက်ကိုကြားမှ ရဲရှင်းဟွေ့သည် သူ့အစ်ကိုနောက်သို့ အမြဲလိုက်ပြီး အချောင်ခိုနေသော ဇီးကွက်လည်း ရှိသေးသည်ကို သတိရသွား၏။

ဇီးကွက်၏ နာမည်ကိုကြားသောအခါ ယန်ချွဲသည် မြန်မာနိုင်ငံမှ ပြန်လာကတည်းက မေ့နေသောအရာတစ်ခုကို သတိရသွားသည်။

"ဪ ဟုတ်သားပဲ။ ငါ ဝက်ဝံကန်းကိုပဲ တွေ့နေရတာ၊ ဒါနဲ့... ဇီးကွက်ရော ဘယ်ရောက်သွားလဲ။"

......

ထိုအချိန်မှာပင် ရဲလန်ယွဲ့၏ တိုက်ခန်းအောက်ထပ် SUV ကားတစ်စီးထဲတွင် သူ၏ စနိုက်ပါရိုင်ဖယ်ကို ထိန်းသိမ်းနေသော ဇီးကွက်သည် ရုတ်တရက် နှာချေလိုက်မိသည်။

"ဟတ်ချိုး... ငါ့အကြောင်း တစ်ယောက်ယောက် ပြောနေတာလား။"

......

သူမ၏ မောင်နှစ်ယောက် ပြန်ရန်နည်းလမ်းရှိသည်ကို သိသောအခါ ရဲလန်ယွဲ့ ဘာမှမပြောတော့ပေ။

ညစာစားပြီးနောက် ညနေပိုင်းရောက်သောအခါ ပရောဂျက်ကို စောစောပြီးလိုသော ရဲလန်ယွဲ့သည် အဆိုပြုလွှာရေးရန် သူမ၏ အခန်းသို့ ပြန်သွားခဲ့သည်။

တကယ်တော့ ရဲလန်ယွဲ့သည် မူလက အဆိုပြုလွှာရေးရန် အစီအစဉ်မရှိခဲ့ပေ။ အကြောင်းမှာ သူမသည် ပရောဂျက်၏ အခြေခံမူဘောင်ကို ချမှတ်ပြီးဖြစ်သောကြောင့် တုံးအလွန်းသူမှမဟုတ်လျှင် မည်သူမဆို ဆက်လက်လုပ်ဆောင်နိုင်၏။

သို့သော် သူမ၏ ဉာဏ်ရည်နှင့်ယှဉ်လျှင် ကုမ္ပဏီက တခြားလူတွေက တကယ်ကို အရူးတွေနဲ့ ဘာမှမခြားဘူးဟု တွေးမိသောကြောင့် အသေးစိတ်အဆိုပြုလွှာကို အမြန်ပြီးအောင် ရေးသားရန် ဆုံးဖြတ်လိုက်သည်။

×××××××××××

All Chapters