Dark Web
Vol. 6 Ch. 74
နောက်တစ်နေ့ နံနက်။
ရဲရှင်းဟွေ့သည် နံနက်ခင်းအပြေးလေ့ကျင့်ခန်းလုပ်ရန် မရွေးချယ်ခဲ့ပေ။အကြောင်းမှာ အချိန်က အနည်းငယ်ကြပ်တည်းနေသောကြောင့် ဖြစ်သည်။
သူသည် နေ့လယ်မတိုင်မီ ကူယန်တွင် ဟွာရှား စားပွဲတင်တင်းနစ်အဖွဲ့ချုပ်မှ လူနှင့်တွေ့လိုလျှင် စောစောထွက်ခွာရမည်။
ရဲရှင်းဟွေ့၊ ရဲရှင်းချန်နှင့် ဝက်ဝံကန်းတို့ အတူတကွ အောက်ထပ်သို့ ဆင်းသွားကြသည်။ ပေါင်ပေါင်းကိုမူ ရဲရှင်းဟွေ့က သူ့အစ်မကို စောင့်ရှောက်ခိုင်းခဲ့၏။
တကယ်တော့ သူက သူမကို မခေါ်သွားချင်၍ မဟုတ်ပေ။ ပြဿနာမရှာတတ်သည့်အပြင် ပစ္စည်းများသယ်ပိုးရာတွင် ကူညီရန် အလွန်အမင်း လှပသည့်မိန်းကလေးတစ်ယောက် ရှိနေခြင်းသည် အတော်လေးကောင်းမွန်သည်။
သို့သော် ညက ဆွေးနွေးပြီးနောက် ရဲလန်ယွဲ့သည် ပေါင်ပေါင်းကို သူမအနားတွင် ယာယီထားရှိရန် ဆုံးဖြတ်ခဲ့၏။
အကြောင်းရင်းမှာလည်း ရဲရှင်းဟွေ့ ငြင်းဆိုနိုင်စွမ်းမရှိသည့် အရာတစ်ခု ဖြစ်သည်။
ပထမအချက်မှာ ပေါင်ပေါင်းတွင် သက်သေခံအထောက်အထားမရှိခြင်း ဖြစ်သည်။ ပေါင်ပေါင်း လေယာဉ်ပေါ်တက်နိုင်ပြီး နိုင်ငံတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည့် တစ်ခုတည်းသောအကြောင်းရင်းမှာ သူ့အစ်မက စီစဉ်ပေးခဲ့သောကြောင့်သာ။
ရဲလန်ယွဲ့သည် အမှောင်ဧကရာဇ်အဖွဲ့၏ ဘော့စ်ဖြစ်သောကြောင့် အမည်မသိလူတစ်ဦး၏ သက်သေခံပြဿနာကို ဖြေရှင်းပေးရန်မှာ သူမအတွက် အလွန်ရိုးရှင်းသည်။
နောက်အကြောင်းရင်းတစ်ခုမှာ ပေါင်ပေါင်း၏ ပုံမှန်မဟုတ်သော ခွန်အားနှင့် ကာယခန္ဓာဖြစ်သည်။ စဉ်းစားရန်ပင်မလို၊ ပေါင်ပေါင်းသည် သာမန်လူတစ်ယောက် မဟုတ်သည်မှာ သေချာ၏။ သူမသည် သာမန်လူမဟုတ်သည့်အတွက် လက်တွေ့ကမ္ဘာမှသာ ဖြစ်နိုင်သည်။
ရှင်းအောင်ပြောရလျှင် အမှောင်ဧကရာဇ်အဖွဲ့သည် လူသတ်သမားအဖွဲ့အစည်းမဟုတ်ဘဲ ကွန်ရက်အချက်အလက်များကို အဓိကထားသော ထောက်လှမ်းရေးအဖွဲ့အစည်းတစ်ခုဖြစ်၏။ အမှောင်ဧကရာဇ်အဖွဲ့ကြောင့်ပင် ရဲလန်ယွဲ့သည် လက်တွေ့ကမ္ဘာအကြောင်း များစွာသိရှိနိုင်ခဲ့ခြင်းဖြစ်သည်။
အမှောင်ဧကရာဇ်ကို Dark Web ၏ ဧကရာဇ်ဟုလည်း ခေါ်ဆိုနိုင်သည်။ “Dark Web" ကို "နက်ရှိုင်းသောဝက်ဘ်"၊ "မမြင်နိုင်သောဝက်ဘ်" သို့မဟုတ် "လျှို့ဝှက်ဝက်ဘ်" ဟုလည်း ခေါ်ကြ၏။
၎င်း၏ အဓိကလက္ခဏာမှာ ကုဒ်ဝှက်ဖြင့်ကာကွယ်ထားပြီး သာမန်ဘရောက်ဇာများနှင့် ရှာဖွေရေးအင်ဂျင်များဖြင့် ဝင်ရောက်ကြည့်ရှု၍မရဘဲ အရောင်းအဝယ်ပြုလုပ်ရာတွင် အတုအယောင်ငွေကြေးများကို အသုံးပြုခြင်းဖြစ်သည်။ အချို့သောကျွမ်းကျင်သူများက အင်တာနက်ကို ရေခဲတောင်ကြီးတစ်ခုနှင့် နှိုင်းယှဉ်ကြ၏။
လူများ ပုံမှန်ဝင်ရောက်ကြည့်ရှုသော ကွန်ရက်များသည် ရေပေါ်တွင်ပေါ်နေသော ထိပ်ဖျားလေးတစ်ခုသာဖြစ်ပြီး ရေမျက်နှာပြင်အောက်တွင်မူ မမြင်နိုင်သော "Dark Web" တစ်ခုရှိနေသည်။
လျှို့ဝှက်စွာတည်ရှိပြီး စည်းမျဉ်းစည်းကမ်းကင်းမဲ့သောကြောင့် "Dark Web" သည် မကောင်းမြင်မှုများနှင့် တရားမဝင်အချက်အလက်များ အများအပြားဖြင့် ပြည့်နှက်နေ၏။ အင်တာနက်အသုံးပြုသူတစ်ဦးသည် သူ၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို "Dark Web" ပေါ်တွင် တွေ့ရှိခဲ့ပြီး သူကိုယ်တိုင် "ဖောက်ထွင်းမြင်နိုင်သော" လူတစ်ယောက်လို ခံစားခဲ့ရသည်။
.......
ရဲရှင်းဟွေ့၊ ရဲရှင်းချန်နှင့် ဝက်ဝံကန်းတို့အားလုံး ဇီးကွက်၏ ကားထဲသို့ ဝင်လိုက်ကြသည်။
ထိုသို့ဖြင့် သူတို့သည် ကူယန်သို့ ဦးတည်မောင်းနှင်သွားကြ၏။
ပေါင်ပေါင်းသည် တဖြည်းဖြည်းပျောက်ကွယ်သွားသော ကားကို ကြည့်နေသည်။ သူမသည် ဦးစွာ ရဲလန်ယွဲ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ကာ ကားနောက်သို့ လိုက်ပြေးသွားတော့သည်။
ထိုမြင်ကွင်းကို မြင်သောအခါ ရဲလန်ယွဲ့သည် အလျင်အမြန် လက်လှမ်းကာ သူမကို တားလိုက်ပြီး ရဲပေါင်ပေါင်း၏ လက်ကောက်ဝတ်ကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။
ရဲပေါင်ပေါင်းမှာမူ သူမသည် နာကျင်မှုကို မသိသလိုပင် ရဲလန်ယွဲ့၏ ဆုပ်ကိုင်မှုမှ လွတ်မြောက်ရန် ရုန်းကန်နေ၏။
မကြာမီ ရဲလန်ယွဲ့သည် ကျွတ်ကျွတ်မြည်သံတစ်ခုကို ကြားလိုက်ရတော့သည်။ ဤသည်မှာ ရဲပေါင်ပေါင်းက သူမ၏ ခွန်အားနှင့် သူကိုယ်တိုင်၏ ခွန်အားကို မခံနိုင်သောကြောင့်ဖြစ်ကြောင်း သူမသိသည်။ ဤအတိုင်းဆက်သွားပါက သူမ၏လက်သည် သေချာပေါက် ကျိုးကြေသွားလိမ့်မည်။
"မင်း ရှင်းဟွေ့ကို ရှာချင်တာဟုတ်။"
ရဲလန်ယွဲ့က မေးလိုက်သည်။
ရဲပေါင်ပေါင်းသည် ထိုစကားကိုကြားသောအခါ သူမ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။
ထိုမြင်ကွင်းကို မြင်သောအခါ ရဲလန်ယွဲ့သည် အနည်းငယ်အားမတန်မာန်လျှော့စွာဖြင့် သူမ၏လက်ကို လွှတ်ပေးလိုက်ပြီး
"မင်း သူ့ကိုရှာလို့ရတယ်၊ ဒါပေမဲ့ ကားက ထွက်သွားနှင့်ပြီ။ မင်း အခုလိုက်ရှာရင်တောင် သူ့ကိုတွေ့မယ်မထင်ဘူး။ ငါ့ကို နှစ်ရက်လောက် စောင့်မနေချင်ဘူးလား။ နှစ်ရက်နေရင် ငါမင်းကို သူ့ဆီခေါ်သွားပေးမယ်။"
ရဲပေါင်ပေါင်းသည် ရဲလန်ယွဲ့ပြောသည့်စကားက အကျိုးအကြောင်းရှိသည်ဟု ခံစားရသည်။ စဉ်းစားပြီးနောက် သူမ သဘောတူလိုက်၏။
ခံစားချက်မရှိသော ရဲပေါင်ပေါင်းက အဘယ်ကြောင့် ရဲရှင်းဟွေ့ကို ရှာချင်ရသနည်းဆိုသော် အကြောင်းမှာ ရဲရှင်းဟွေ့က သူမကို နာမည်တစ်ခု ပေးခဲ့သောကြောင့်ပင်။
နောက်အကြောင်းရင်းတစ်ခုမှာ ရဲရှင်းဟွေ့နောက်သို့ လိုက်ခြင်းဖြင့် သူမသည် မည်သူဖြစ်ကြောင်းနှင့် မည်သည့်နေရာမှ လာကြောင်း သိရှိနိုင်မည်ဟု ခံစားရသောကြောင့်ဖြစ်သည်။ ဤခံစားချက်သည် ကြိုတင်သတိပေးခြင်းမရှိဘဲ ဖြစ်ပေါ်လာသော်လည်း ရဲရှင်းဟွေ့ကို ပထမဆုံးမြင်သည့်အချိန်မှာပင် သူမ ထိုသို့ခံစားခဲ့ရသည်။
ထိုခံစားချက်ကြောင့်ပင် ကျောက်မိုင်းလုပ်သားသုံးဦး ရဲရှင်းဟွေ့ဆီသို့ ပြေးလာသောအခါ သူမသည် ဆက်မပြေးဘဲ ရဲရှင်းဟွေ့ကို စောင့်ကြည့်ရန် နေခဲ့ခြင်းဖြစ်၏။
......
ရဲပေါင်ပေါင်း သဘောတူသည်ကို မြင်သောအခါ ရဲလန်ယွဲ့သည် ရဲပေါင်ပေါင်း၏ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသော လက်ကောက်ဝတ်ကို ငုံ့ကြည့်လိုက်ပြီးနောက် သူမကို တိုက်ခန်းသို့ ပြန်ခေါ်သွားခဲ့သည်။
တကယ်တော့ ရဲလန်ယွဲ့က ရဲပေါင်ပေါင်းကို ရဲရှင်းဟွေ့တို့အဖွဲ့နှင့် အခုချက်ချင်း လိုက်သွားစေချင်လျှင် သူတို့ကို လုံးဝပြန်ခေါ်နိုင်သည်။
သို့သော် ရဲရှင်းဟွေ့၏ လုံခြုံရေးအတွက် ရဲလန်ယွဲ့သည် ရဲပေါင်ပေါင်းကို ဦးစွာ စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ခဲ့သည်။
ဤစုံစမ်းစစ်ဆေးမှုသည် ရဲပေါင်ပေါင်း၏ နောက်ကြောင်းရာဇဝင်ကို စုံစမ်းခြင်းမဟုတ်ပေ။ မနေ့က သူမသည် အမှောင်ဧကရာဇ်အဖွဲ့ကို ရဲပေါင်ပေါင်းအကြောင်း စုံစမ်းခိုင်းခဲ့ပြီးဖြစ်ရာ ရလဒ်မှာ ရဲပေါင်ပေါင်းသည် အမှန်တကယ်ပင် ဘယ်ကမှန်းမသိဘဲ ရုတ်တရက် မြန်မာနိုင်ငံ၏ လမ်းများပေါ်တွင် ပေါ်လာခဲ့ခြင်းဖြစ်သည်။
ရဲလန်ယွဲ့ စုံစမ်းလိုသည်မှာ ရဲပေါင်ပေါင်း၏ ခန္ဓာကိုယ်၊ သူမ၏ ဝိညာဉ်နှင့် သူမ၏ မှတ်ဉာဏ်များပင်။
ရဲလန်ယွဲ့က အပိုလုပ်နေခြင်းမဟုတ်။ အဓိကအားဖြင့် လက်တွေ့ကမ္ဘာသည် ရဲရှင်းဟွေ့အတွက် အလွန်အန္တရာယ်များသောကြောင့် ဖြစ်သည်။
သူမသည် ရဲရှင်းချန်အတွက် မစိုးရိမ်ပေ။ အကြောင်းမှာ ရဲလန်ယွဲ့သည် ဤမောင်ငယ်၏ အစွမ်းသည် သူမထက်မနိမ့်ကျဘဲ ပို၍ပင် အားကောင်းနိုင်သည်ကို ခံစားမိနေ၏။
သူမ၏ မိဘများအတွက်ဆိုလျှင်လည်းသူမ သိပ်မစိုးရိမ်ပေ။ အကြောင်းမှာ သူမသည် သူမ၏အဖေ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ကောင်းစွာနားလည်ထားသည်။ တိတိကျကျပြောရလျှင် သူမ၏အဖေ ရဲချန်သည် မူလကတည်းက လက်တွေ့ကမ္ဘာမှ ဖြစ်သည်။
သူမအဖေအကြောင်း တွေးနေစဉ်မှာပင် ဖုန်းမြည်လာ၏။
"ဟယ်လို။"
"ဘော့စ်။ သခင်ရဲ မတော်တဆမှုဖြစ်ပါတယ်။"
ဖုန်းထဲမှ အီလက်ထရောနစ်စနစ်ဖြင့် ပြုပြင်ထားသောအသံတစ်ခု ထွက်ပေါ်လာသည်။
သူမအဖေ မတော်တဆမှုဖြစ်သည်ဟု ကြားသောအခါ ရဲလန်ယွဲ့လည်း လန့်သွား၏။
ယန်ချွဲ သူမအနားတွင် ပေါ်လာသည့်အချိန်ကတည်းက ရဲလန်ယွဲ့သည် သူမ၏မောင် လုပ်ကြံခံရခြင်းနှင့် သူမ၏မိဘများ စုမိသားစုနှင့် ရေနက်အဖွဲ့ကို စုံစမ်းရန် သွားခြင်းအကြောင်း သိရှိထားပြီးသားပင်။
တကယ်တော့ ရဲလန်ယွဲ့သည်လည်း စုံစမ်းနေခဲ့ပြီး များစွာစုံစမ်းပြီးနောက် လက္ခဏာအားလုံးသည် ရေနက်အဖွဲ့၏ လက်ရှိဦးဆောင်သူဖြစ်ပြီး ရဲချန်၏ ယခင်အသင်းဖော်လည်းဖြစ်သူ ချန်ဝေ့ထံသို့ ညွှန်ပြနေ၏။
သူတို့နှစ်ဦးစလုံး ဟွာရှားလူမျိုးများဖြစ်သောကြောင့် ရဲချန်၏ ကြေးစားစစ်သားအဖွဲ့တွင် ချန်ဝေ့သည် ရဲချန်နှင့် အရင်းနှီးဆုံးဖြစ်သည်။ နှစ်ဦးသား အသက်ပေးခင်မင်နိုင်သော သူငယ်ချင်းများဟု ဆိုနိုင်သည်။
ထို့ကြောင့်ပင် ရဲလန်ယွဲ့သည် ဝင်မစွက်ဖက်ဘဲ သူမ၏ လက်စားချေခြင်းပစ်မှတ်ကို အော်ရိုဘိုရော့စ် လူသတ်သမားအဖွဲ့အစည်းဘက်သို့ လှည့်ခဲ့၏။
ပင်းခွေနှင့် မေ့ခွေတို့ ကူယန်သို့ ရောက်ရှိလာချိန်တွင် အော်ရိုဘိုရော့စ်အတွင်း၌ ပြဿနာကြီးများ ဖြစ်ပွားနေခဲ့ပြီး သူတို့အဖွဲ့အစည်းဝင်အများစု၏ အချက်အလက်များအားလုံး အွန်လိုင်းပေါ်တွင် ပေါက်ကြားသွားခဲ့သည်။
ထိုမျှသာမက အော်ရိုဘိုရော့စ်က ကောက်ခံထားသော အာမခံကြေးများအားလုံးကိုလည်း တစ်ရက်အတွင်း လွှဲပြောင်းသွားခဲ့၏။
ရဲရှင်းချန် သတ်ခဲ့သော ကျောက်စိမ်းဘုရင်သည်လည်း အော်ရိုဘိုရော့စ် လူသတ်သမားအဖွဲ့အစည်းနှင့် အာမခံထားခဲ့သည်။ အာမခံကြေးများအားလုံး လွှဲပြောင်းသွားသောကြောင့်ပင် ရဲလန်ယွဲ့သည် ရဲရှင်းချန်ကို ကာကွယ်ရန် မည်သည့်အစီအမံမျှ မလုပ်ခဲ့ခြင်းဖြစ်သည်။
အာမခံကြေးမရှိဘဲ သေဆုံးသွားသူတစ်ဦးအတွက် လက်စားချေရန် ကြိုးစားမည်ဆိုလျှင် အရူးသာဖြစ်လိမ့်မည်။ မြန်မာနိုင်ငံသို့ တိုက်ရိုက်သွားပြီး ကျောက်စိမ်းဘုရင်၏ လုပ်ငန်းကို သိမ်းပိုက်ခြင်းက ပို၍အကျိုးရှိလိမ့်မည်။
အော်ရိုဘိုရော့စ်အတွင်း ဖြစ်ပေါ်ခဲ့သော ပြဿနာများအားလုံး၏ စီစဉ်သူမှာ ရဲလန်ယွဲ့ပင်။
.......
သူမအဖေ မတော်တဆမှုဖြစ်ကြောင်း သိရှိသောအခါ ရဲလန်ယွဲ့က အေးစက်စွာမေးလိုက်သည်။
"ပြောစမ်း၊ ဘာတွေဖြစ်နေတာလဲ။"
"အဲဒါက… ဘော့စ်၊ စိတ်မပူပါနဲ့။ သခင်ရဲနဲ့ သူ့ဇနီးတို့ အသက်အန္တရာယ်မရှိပါဘူး။ အကြောင်းက… သူတို့ ဂျပန်ရဲ့ ယာဆူကူနီနတ်ကွန်းကို မီးရှို့လိုက်လို့ အခု ဂျပန်အစိုးရက ထိန်းသိမ်းထားပါတယ်။"
ဤသို့ကြားသောအခါ ရဲလန်ယွဲ့သည် မနေ့က သူမမြင်ခဲ့သော သတင်းကို ရုတ်တရက် သတိရလိုက်သည်။【ဟွာရှားစုံတွဲ ယာဆူကူနီနတ်ကွန်းကို မီးရှို့】။
"ဒါဆို အဖေနဲ့အမေက လုပ်ခဲ့တာပေါ့။ သူတို့က ဘာလို့အဲ့လိုလုပ်ရတာလဲ။ ဒေါသထွက်နေတဲ့ လူငယ်တွေကြောင့်လား။ အသက်ကြီးနေပြီဖြစ်တဲ့ သူတို့နှစ်ယောက်က ဒေါသထွက်တတ်တဲ့ လူငယ်တွေရဲ့ အရွယ်ကို ကျော်လွန်နေပြီမဟုတ်လား။"
သူမအဖေ ယာဆူကူနီနတ်ကွန်းကို မီးရှို့ရသည့်အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမသိသောကြောင့် ရဲလန်ယွဲ့သည် သူမအဖေ၏ အစီအစဉ်ကို မနှောင့်ယှက်မိစေဖို့အရေး မဆင်မခြင်ပြုမူရန် အစီအစဉ်မရှိခဲ့ပေ။
"အသေးစိတ်အချက်အလက်တွေကို ငါ့အတွက် စုံစမ်းပေး၊ ပြီးတော့ ရေနက်အဖွဲ့ရဲ့ လက်ရှိအခြေအနေကိုလည်း စုံစမ်းပေး။"
ဤသို့ပြောပြီးနောက် ရဲလန်ယွဲ့ ဖုန်းချလိုက်သည်။
×××××××××