← Chapters

ကျွန်းစုနိုင်ငံသို့ ရောက်ရှိခြင်း၊အန္တရာယ် တစ်ဖန်ပေါ်ပေါက်လာခြင်း

Vol. 6 Ch. 82

ကျွန်းစုနိုင်ငံသို့ ရောက်ရှိခြင်း၊အန္တရာယ် တစ်ဖန်ပေါ်ပေါက်လာခြင်း

Vol. 6 Ch. 82

"နည်းပြလျို၊ ကျွန်တော့်သူငယ်ချင်းနဲ့ အိမ်မွေးတိရစ္ဆာန်ကို ခေါ်လာလို့ရမလား။"

လျိုကောလျန်ကို မြင်သောအခါ ရဲရှင်းဟွေ့သည် သူ့နောက်တွင်ရပ်နေသော ဇီးကွက်နှင့် သူ၏ပခုံးပေါ်မှ ဘုရင်ဖြူကို ညွှန်ပြရင်း မေးလိုက်သည်။

ရဲရှင်းဟွေ့၏ စကားကိုကြားသောအခါ လျိုကောလျန်သည် အနည်းငယ်တွန့်ဆုတ်သွားသော်လည်း စဉ်းစားပြီးနောက် ကြီးကြီးမားမားပြဿနာမရှိသင့်ဟု တွက်ဆလိုက်သည်။

လူတစ်ယောက်ထပ်တိုးလာခြင်းသည် လေယာဉ်လက်မှတ်တစ်စောင် ပိုဝယ်ရုံသာဖြစ်၏။ အိမ်မွေးတိရစ္ဆာန်အတွက်လား။ ဝန်စည်အနေဖြင့် တင်သွားရုံပေါ့။

"ရပါတယ်။ ရတယ်။"

......

ထိုသို့ဖြင့် အဖွဲ့သည် ယန်ကျင်းသို့ အရင်ပျံသန်းရန် ရည်ရွယ်ချက်ဖြင့် လေဆိပ်သို့ အတူတကွ သွားခဲ့ကြသည်။

သို့သော် လေယာဉ်မတက်မီ လုံခြုံရေးစစ်ဆေးမှုအတွင်း ပြဿနာတစ်ခုတော့ ဖြစ်ပွားခဲ့သည်။

ပြဿနာမှာ အခြားမဟုတ်ဘဲ ရဲရှင်းဟွေ့၏ ခန္ဓာကိုယ်ထဲမှ အက်ဒ်မန်သတ္တုစပ်ပင်။

လုံခြုံရေးဂိတ်ကို မဖြတ်သန်းမီ ရဲရှင်းဟွေ့သည်လည်း ဤကိစ္စကို တွေးမိခဲ့၏။

သို့သော် ရဲရှင်းဟွေ့သည် ဝူလ်ဗရင်းမဟုတ်ပေ၊ ဝူလ်ဗရင်း၏ စွမ်းရည်များအပြင် သူ၌ ရှင်းဟွေ့၏ အထူးစွမ်းရည်များလည်း ရှိနေသေးသည်။

အီလက်ထရောနစ်ပစ္စည်းများကို ယာယီချို့ယွင်းသွားစေခြင်း သို့မဟုတ် အမြဲတမ်းအစိမ်းရောင်ပြနေစေခြင်းသည် သူ့အတွက် အလွန်ရိုးရှင်းသော လုပ်ဆောင်မှုတစ်ခုသာ။

ထိုသို့ဖြင့် ရဲရှင်းဟွေ့သည် လုံခြုံရေးဂိတ်ကို အောင်မြင်စွာ ဖြတ်သန်းသွားခဲ့သည်။

လုံခြုံရေးဂိတ်ကို ဖြတ်သန်းပြီးနောက် သူသည် လုံခြုံရေးဂိတ်၏ လုပ်ဆောင်ချက်ကို ပြန်လည်ကောင်းမွန်အောင် လုပ်ပေးခဲ့၏။

.......

လေယာဉ်ပေါ်တွင် ရဲရှင်းဟွေ့သည် လျိုကောလျန်အား ကျွန်းစုနိုင်ငံ၌ သူတို့ကြုံတွေ့ခဲ့ရသော ကားမတော်တဆမှုအကြောင်းကို မေးမြန်းခဲ့သည်။

သူဤသို့မေးမြန်းရခြင်း၏ အဓိကအကြောင်းရင်းမှာ ရဲရှင်းဟွေ့သည် ဤကားမတော်တဆမှုမှာ အပေါ်ယံမြင်ရသလောက် ရိုးရှင်းမည်မဟုတ်ဟု ခံစားမိသောကြောင့်ပင်။

......

လွန်ခဲ့သော ရက်အနည်းငယ်က လျိုကောလျန်နှင့် အသင်းသားများ လေယာဉ်ပေါ်မှ ဆင်းပြီးနောက် သူတို့သည် ဟိုတယ်သို့သွားမည့် ဘတ်စ်ကားပေါ်သို့ တက်ခဲ့ကြသည်။

လုံခြုံရေးအတွက် လျိုကောလျန်သည် ဘတ်စ်ကားကိုလည်း စေ့စေ့စပ်စပ် ဘေးကင်းလုံခြုံရေးစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ယာဉ်မောင်းမှာလည်း ဟွာရှားအသင်းမှ ခေါ်ဆောင်လာသော သူတို့၏လူပင် ဖြစ်သည်။

စေ့စေ့စပ်စပ်စစ်ဆေးပြီးနောက် ဘတ်စ်ကားတွင် ပြဿနာတစ်စုံတစ်ရာမရှိကြောင်း တွေ့ရှိခဲ့ရ၏။

ဘတ်စ်ကားမှာ အဆင်ပြေသော်လည်း ခဏတာမောင်းနှင်ပြီးနောက် ၎င်း၏ပတ်ပတ်လည်တွင် မြူများထလာသည်။

မြူသည် ထူထဲခြင်းမရှိသောကြောင့် ဘတ်စ်ကားမောင်းသမားသည် သိပ်အာရုံမစိုက်ခဲ့သော်လည်း အမည်မသိအကြောင်းပြချက်တစ်ခုကြောင့် ဘတ်စ်ကားမောင်းသမားသည် ရုတ်တရက် စတီယာရင်ကို စောင့်ဆွဲလိုက်သည်။

မိုးရွာထားသည့်အပြင် ရုတ်တရက်စောင့်ဆွဲလိုက်ခြင်းနှင့် ပေါင်းစပ်သွားသောအခါ ဘတ်စ်ကားတစ်စီးလုံး မှောက်သွားခဲ့သည်။

ဤမတော်တဆမှုကြောင့်ပင် အသင်းသားအများအပြား ဒဏ်ရာရရှိခဲ့၏။

နောက်ပိုင်းတွင် လျိုကောလျန်က ဘတ်စ်ကားမောင်းသမားအား ထိုအချိန်က ဘာဖြစ်ခဲ့သလဲဟု မေးမြန်းသောအခါ ယာဉ်မောင်းက သူကားမောင်းနေစဉ် ရှေ့တွင် ကြီးမားသောကျောက်တုံးကြီးတစ်ခု ပေါ်လာပြီး လမ်းကိုပိတ်ဆို့ထားသည်ကို မြင်လိုက်ရသည်ဟု ဆိုသည်။

ကျောက်တုံးသည် အလွန်ရုတ်တရက်ပေါ်လာသောကြောင့် ဘတ်စ်ကားမောင်းသမားသည် ထိတ်လန့်တကြားဖြင့် စတီယာရင်ကို စောင့်ဆွဲလိုက်ရုံသာ တတ်နိုင်ခဲ့သည်။

.........

လျိုကောလျန်၏ ပြန်လည်ပြောပြချက်ကို နားထောင်ပြီးနောက် ရဲရှင်းဟွေ့သည် ဤအဖြစ်အပျက်နောက်ကွယ်တွင် တစ်စုံတစ်ယောက် သေချာပေါက်ရှိနေသည်ဟု ပို၍ပင် သေချာသွား၏။

ယာဉ်မောင်းတစ်ဦးကို စတီယာရင်စောင့်ဆွဲအောင် ပြုလုပ်ခြင်းသည် အမှန်တကယ်တွင် အလွန်ရိုးရှင်းသည်၊လှည့်ကွက်ငယ်တစ်ခုသာ လိုအပ်ရုံဖြင့် ပြီးမြောက်နိုင်သည်။

"ဒီတစ်ခေါက် အဲ့ဒီလှည့်ကွက်တွေသုံးတဲ့လူနဲ့ ငါတွေ့ဖြစ်ဦးမလား မသိဘူး။"

ရဲရှင်းဟွေ့သည် လှည့်ကွက်များသုံးသော ထိုလူနှင့် တစ်ဖန်ပြန်တွေ့ရန် အမှန်တကယ်မျှော်လင့်နေသည်။ အကယ်၍ သူတွေ့ခဲ့ပါက ယခင်အသင်းသားများအတွက် လက်စားချေပေးနိုင်မည်။

ဟွာရှားတွင် လူသတ်ခြင်းသည် တရားမဝင်သော်လည်း ကျွန်းစုနိုင်ငံတွင်မူကား…..

......

နှစ်နာရီကျော်ကြာပြီးနောက် လေယာဉ်သည် နောက်ဆုံးတွင် ယန်ကျင်း၌ ဆင်းသက်ခဲ့သည်။

သူတို့သုံးဦး လေယာဉ်ပေါ်မှဆင်းပြီး ဟွာရှား စားပွဲတင်တင်းနစ်အဖွဲ့ချုပ်မှ ဝန်ထမ်းအချို့ထံမှ ကျွန်းစုနိုင်ငံသို့သွားမည့် လက်မှတ်များကို လက်ခံရယူကာ ကျွန်းစုနိုင်ငံသို့ ဦးတည်သောလေယာဉ်ပေါ်သို့ တက်ရောက်ခဲ့ကြ၏။

လေယာဉ်ပေါ်တွင် ရဲရှင်းဟွေ့သည် သူကဲ့သို့ပင် အသင်းသို့ ယာယီခေါ်ယူခြင်းခံရသော လူငယ်အချို့ကို တွေ့လိုက်ရသည်။

ရဲရှင်းဟွေ့ သူတို့ကိုမသိသော်လည်း ဤပြည်နယ်အသင်းသားများအားလုံးသည် ရဲရှင်းဟွေ့၏ တည်ရှိမှုကို သိကြ၏။

အဓိကအားဖြင့် ရဲရှင်းဟွေ့ စားပွဲတင်တင်းနစ်ကစားနေသည့် ဗီဒီယိုများသည် မကြာသေးမီက အွန်လိုင်းပေါ်တွင် အတော်လေးရေပန်းစားနေပြီး အထူးသဖြင့် စားပွဲတင်တင်းနစ်အသိုင်းအဝိုင်းအတွင်း၌ ဖြစ်သည်။

"ရဲရှင်းဟွေ့၊ မင်းအဲ့ဒီနောက်ပြန်ရိုက်ချက်ကို ဘယ်လိုစဉ်းစားမိတာလဲ။"

"ရဲရှင်းဟွေ့၊ မင်းကစားတာ ဘယ်လောက်ကြာပြီလဲ။"

"ရဲရှင်းဟွေ့၊ ငါတို့ဆင်းသွားရင် မင်းငါနဲ့တစ်ပွဲလောက် ကစားပေးနိုင်မလား။"

"ရဲရှင်းဟွေ့......."

အသင်းသားတစ်စုသည် ရဲရှင်းဟွေ့ကို စိတ်အားထက်သန်စွာ နှုတ်ဆက်ပြီး စကားစမြည်ပြောကြသည်။

ရဲရှင်းဟွေ့သည် ဤအသင်းသားများနှင့် စကားပြောနေသော်လည်း သူ၏အာရုံစိုက်မှုသည် အဖွဲ့၏အလယ်တွင် ထိုင်နေသော လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးအပေါ်တွင် ရှိနေခဲ့သည်။

ရဲရှင်းဟွေ့သည် ထိုအမျိုးသားမှာ သာမန်လူတစ်ယောက်မဟုတ်ကြောင်း ခံစားမိနိုင်သည်။ သူသည် သေချာပေါက် အစွမ်းထက်သော သိုင်းပညာရှင်တစ်ဦး ဖြစ်၏။ မည်မျှအစွမ်းထက်သနည်းဆိုလျှင် ရဲရှင်းဟွေ့သည် သူနှင့်မတိုက်ခိုက်ဘဲ မသိနိုင်သော်လည်း အနည်းဆုံးတော့ စပါးအုံးထက် မနိမ့်ကျပေ။

ရဲရှင်းဟွေ့သည် ထိုအမျိုးသားမှာ သာမညမဟုတ်ကြောင်း ပြောနိုင်ပြီး ဇီးကွက်သည်လည်း သဘာဝအတိုင်း တွေ့မြင်သည်။

"နည်းပြလျို၊ အဲ့ဒီလူက ဘယ်သူလဲ။ သူလည်း စားပွဲတင်တင်းနစ်အသင်းက နည်းပြတစ်ယောက်လား။"

ရဲရှင်းဟွေ့သည် သူ့ဘေးမှ လျိုကောလျန်ကို တိုးတိုးလေးမေးလိုက်သည်။

"သူက စားပွဲတင်တင်းနစ်အသင်းက မဟုတ်ဘူး... သူ့နာမည်က ကျန်းချန်၊ သူက ငါတို့ကိုကာကွယ်ပေးဖို့ ဒီမှာရှိနေတာ။"

လျိုကောလျန်၏ စကားကိုကြားသောအခါ ရဲရှင်းဟွေ့က ခေါင်းညိတ်ပြီးနောက် စကားဆက်မပြောတော့ဘဲ မျက်လုံးမှိတ်ကာ အနားယူတော့သည်။

ရဲရှင်းဟွေ့သည် ကျန်းချန်မှာ ဤစားပွဲတင်တင်းနစ်ကစားသမားများနှင့် နည်းပြများကို ကာကွယ်ရန် ဟွာရှားအစိုးရမှ စေလွှတ်လိုက်သူဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။

အထက်လူကြီးများသည်လည်း ကားမတော်တဆမှုမှာ မတော်တဆမှုတစ်ခုမဟုတ်ကြောင်း သိရှိသောကြောင့် ဤအသင်းသားများနှင့် နည်းပြများကို ကာကွယ်ရန် ကျွမ်းကျင်သူတစ်ဦးကို စေလွှတ်လိုက်ခြင်းဖြစ်မည်ဟု သူခန့်မှန်း၏။

.......

နောက်ထပ်နာရီပေါင်းများစွာ ခရီးနှင်ပြီးနောက် လေယာဉ်သည် ကျွန်းစုနိုင်ငံ၏ မြို့တော် ကျိုတိုရှိ လေဆိပ်သို့ ရောက်ရှိလာခဲ့သည်။

ဤတစ်ကြိမ်တွင် ဟွာရှားအသင်းသားများကို လာကြိုသည်မှာ ဘတ်စ်ကားမဟုတ်ပေ၊ လုံခြုံရေးအတွက် MPV ကားနှစ်စီး ရောက်ရှိလာ၏။

လူတိုင်း ကားများထဲသို့ ဝင်ရောက်ပြီးနောက် ရဲရှင်းဟွေ့သည် သူ၏လှောင်အိမ်ထဲတွင် ရှိနေဆဲဖြစ်သော ဘုရင်ဖြူကို လွှတ်ပေးလိုက်သည်။

နာရီပေါင်းများစွာ လေယာဉ်ပေါ်တွင် နေခဲ့ရသော ဘုရင်ဖြူသည် သူ၏လှောင်အိမ်ထဲမှ လွှတ်ပေးလိုက်သည်နှင့် ချက်ချင်းပင် မြူးထူးပျော်ပါးတော့သည်။

"ငါနဲ့ သိပ်အဝေးကြီးမသွားနဲ့၊ အပေါ်ကနေ ငါ့ကိုကူပြီး စောင့်ကြည့်ပေး။"

ရဲရှင်းဟွေ့သည် MPV ကားထဲသို့ မဝင်မီ ဘုရင်ဖြူအား ဤသို့ပြောလိုက်သည်။

.......

ရဲရှင်းဟွေ့နှင့် ကျန်းချန်တို့သည် ကားတစ်စီးတည်းတွင် ရှိနေကြသည်။

ကားစတင်ထွက်ခွာသောအခါ ကျန်းချန်၏ မျက်နှာအမူအရာသည် ချက်ချင်းပင် တည်ကြည်သွားသည်။

တစ်ချိန်တည်းမှာပင် ရဲရှင်းဟွေ့သည်လည်း သူ၏တတိယမျက်လုံးဖြင့် ပတ်ဝန်းကျင်ကို စတင်စောင့်ကြည့်နေ၏။

MPV ကားနှစ်စီး စည်ကားသောမြို့ပြဧရိယာမှ မောင်းထွက်သွားသောအခါ သူတို့ပတ်လည်တွင် မြူများ ချက်ချင်းထလာသည်။

ဤမြင်ကွင်းကို မြင်သောအခါ ရဲရှင်းဟွေ့၏ မျက်လုံးများသည် အနည်းငယ်ကျဉ်းမြောင်းသွားပြီး စိတ်ထဲမှ တွေးလိုက်သည်။

"တကယ်ပဲ ရောက်လာတာပဲကိုး။"

ဤသို့တွေးရင်း ရဲရှင်းဟွေ့သည် သူ့ဘေးမှ ပြတင်းပေါက်ကို ဖွင့်လိုက်၏။

ပြတင်းပေါက်ဖွင့်ပြီးနောက် ရဲရှင်းဟွေ့သည် သူ၏တတိယမျက်လုံးကို ချက်ချင်းဖွင့်လှစ်လိုက်သည်။

သူ၏တတိယမျက်လုံး ဖွင့်လှစ်လိုက်သောအခါ သူသည် ဤရုတ်တရက်ဖြစ်ပေါ်လာသော မြူ၏ သဘာဝအမှန်ကိုလည်း မြင်တွေ့လိုက်ရသည်။

မြူထဲတွင် ခပ်ဖျော့ဖျော့ ဝိညာဉ်စွမ်းအင်တစ်ခုရှိနေပြီး ဤမြူသည် လူလုပ်ဖြစ်ပြီး သဘာဝအတိုင်းဖြစ်ပေါ်လာခြင်းမဟုတ်ကြောင်း ရှင်းလင်းစွာ ညွှန်ပြနေ၏။

ထိုအချိန်မှာပင် ဘုရင်ဖြူ၏ ပုံရိပ်သည် ပြတင်းပေါက်ဘေးတွင် ပေါ်လာသည်။

"ဘော့စ်၊ အနီးအနားမှာ သံသယဖြစ်ဖွယ်လူတချို့ ပေါ်လာတယ်။"

"သူတို့က ဘယ်လိုလူစားတွေလဲ။"

ရဲရှင်းဟွေ့က တိုးတိုးလေးမေးလိုက်သည်။

"သူတို့အားလုံး အနက်ရောင်အဝတ်အစားတွေဝတ်ထားပြီး မျက်နှာဖုံးစွပ်တွေနဲ့၊ သူတို့ကျောပေါ်မှာ ဓားရှည်တွေပါတယ်။ ဒီမြူကို သူတို့ဖန်တီးခဲ့တာလို့ ကျွန်တော်ခံစားမိတယ်။"

ဘုရင်ဖြူ၏ စကားကိုကြားသောအခါ ရဲရှင်းဟွေ့က ခေါင်းညိတ်ပြီး ယာဉ်မောင်းအား ကားရပ်ခိုင်းရန် စီစဉ်လိုက်သည်။

ယခု ရန်သူ၏ တည်နေရာကို သိရှိပြီဖြစ်သောကြောင့် ရဲရှင်းဟွေ့သည် ကားထဲမှထွက်ပြီး သူတို့ကို တိုက်ရိုက်ရှင်းလင်းရန် ရည်ရွယ်သည်။

သို့သော် ရဲရှင်းဟွေ့ စကားမပြောမီမှာပင် သူ၏မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ကျန်းချန်က ဦးစွာစကားပြောလိုက်၏။

"ကားရပ်လိုက်။"

ယာဉ်မောင်းသည် ကျန်းချန်၏ စကားကြောင့် အနည်းငယ်ရှုပ်ထွေးသွားသော်လည်း များများစားစားမပြောဘဲ ကားကို ဘေးသို့ဆွဲရပ်လိုက်သည်။

နောက်မှ MPV ကား၏ ယာဉ်မောင်းသည် ရှေ့မှကားရပ်သွားသည်ကို မြင်သောအခါ ဘရိတ်ကိုလည်း နင်းလိုက်၏။

ကားတစ်စီးတည်းတွင် ရှိနေသော လျိုကောလျန်သည်လည်း ဤမြင်ကွင်းကြောင့် တည်ကြည်သွားသည်။

လျိုကောလျန်သည် မိုက်မဲသူတစ်ယောက်မဟုတ်၊။နိုင်ငံတော်က ကျန်းချန်ကို ဤနေရာသို့ စေလွှတ်ရခြင်း၏ ရည်ရွယ်ချက်ကို သူသိသည်။

"ဒါဆို အရင်က ကားမတော်တဆမှုက တကယ်ပဲ မတော်တဆမှုတစ်ခု မဟုတ်ခဲ့ဘူးလား။"

ယခင်ကနှင့် တစ်ထေရာတည်းတူညီသော မြူ၊ ဤအခိုက်အတန့်မှ ကျန်းချန်၏ မျက်နှာအမူအရာနှင့် ပေါင်းစပ်လိုက်လျှင်…။အကယ်၍ လျိုကောလျန်သည် ယခင်ကားမတော်တဆမှုမှာ မတော်တဆမှုတစ်ခုမဟုတ်ကြောင်း မတွက်ဆနိုင်သေးပါက သူသည် နည်းပြချုပ်ဆက်လုပ်ရန် မလိုအပ်တော့ပေ။

"ခင်ဗျားတို့အားလုံး ကားထဲမှာပဲနေကြ။ ဘယ်လိုအသံပဲကြားကြား အပြင်မထွက်ကြနဲ့။"

ကျန်းချန်သည် စကားပြောစက်ဖြင့် ညွှန်ကြားပြီးနောက် အခြေအနေကို စစ်ဆေးရန် ကားထဲမှထွက်ရန် ပြင်ဆင်လိုက်တော့သည်။

×××××××××××

All Chapters