တေလေဂိုဏ်း၏သူဖုန်းစားအုတ်ဂူ
Vol. 1 Ch. 61
“ ဒါကတော့ ကျုပ်သူ့ကိုသင့်လျော်မယ့်ပတ်ဝန်းကျင်တစ်ခုမှာထားတာကိုး ။ တကယ်လို့ သူ့ကိုသာ ရှောင်လင်မှာ ကိုရင်ဝတ်စေလိုက်ရင် သိုင်းပညာဘက်မှာ အခုလိုမျိုးမြန်မြန်တိုးတက်ချင်မှ တိုးတက်လာမှာ...။
လူတစ်ယောက်ကို ပြုစုပျိုးထောင်တဲ့နေရာမှာ သင့်လျော်လျှောက်ပတ်တဲ့ပတ်ဝန်းကျင်တစ်ခုကလည်းအရေးကြီးတယ်လို့ကျုပ်ဆရာကပြောဖူးတယ်။
ဒီကလေးက ငယ်ငယ်ထဲက အပေါင်းအသင်းမရှိဘဲကြီးပျင်းလာရတော့ သူ့ရဲ့စရိုက်က လူကြီးတစ်ယောက်လိုရင့်ကျက်နေပြီး တသီးတသန့်ဆန်နေတာ ။
အခုတော့ စိတ်ထားမဆိုးဘဲပျော်ပျော်နေတတ်တဲ့ ကြွယ်ယန်နဲ့ စကားနည်းပြီး အနစ်နာခံတတ်တဲ့ကြွယ်စင်းတို့ကိုသူနဲ့အတူထားလိုက်တော့ ရှောင်ယောင်က သူတို့ထဲမှာအစ်ကိုကြီးလိုတောင်ဖြစ်နေပြီ။
အခုဆိုရင် ဒီကလေးသုံးယောက်က အတော့်ကိုခင်မင်ရင်းနှီးနေကြပြီ...”
ဆရာတော်ရွှမ်းနန်က ပီတိဖြစ်သည့်လေသံဖြင့်အဖြူရောင်ဝတ်စုံဝတ်လူကို တုံ့ပြန်ပြောဆိုလိုက်ပြီး အဝေးတစ်နေရာသို့ငေးရင်း သူ၏စကားကို ဖြေးညင်းစွာဆက်လိုက်သည်။
“ ကျုပ် ငယ်ငယ်ထဲက အဖေ့ဆီကထွက်လာခဲ့ပြီး ခေါင်းမာတဲ့အဖေက ကျုပ်ကိုသားအဖြစ်ကစွန့်လွှတ်ခဲ့သလို ငါဆိုတဲ့မာနကြောင့်ကျုပ်ကလည်း ရှောင်လင်ကိုရောက်လို့ဆယ်နှစ်ကျော်ကြာတာတောင် အဖေနဲ့အစ်ကိုကြီးဆီကိုတစ်ခေါက်ကလေးမှသွားမတွေ့ခဲ့ဘူး။
ကျုပ်အစ်ကိုကြီးကိုနောက်တစ်ကြိမ်ပြန်တွေ့ရတော့ သူက အသက်မဲ့တဲ့အလောင်းတစ်ခုဖြစ်နေသလို ကျုပ်အဖေကိုတွေ့လိုက်ရတာကလည်း အဲဒီအချိန်ကနောက်ဆုံးပဲ။ အခုဆိုရင်သူသေတယ်ရှင်တယ်တောင်မသိရဘဲ နှစ်ပေါင်းများစွာပျောက်နေပြီ။
ပြီးတော့ သနားစရာကောင်းတဲ့ကျုပ်တူမလေးက လက်စားချေလိုတဲ့ဆန္ဒတစ်ခုထဲနဲ့ သူ့ဘဝကိုတောင်အပျက်စီးခံခဲ့ပြီး နောက်ဆုံးမှာ အသက်ရှည်ရှည်တောင်မနေရဘဲ ဒီကလေးကိုလူ့လောကထဲမှာတစ်ယောက်ထဲထားခဲ့ပြီးထွက်သွားပြန်တယ်။။
ကျုပ် ကျုပ်အစ်ကိုကြီးနဲ့တူမလေးတို့အပေါ်အကြွေးတွေအများကြီးတင်နေတော့ ဒီကလေးကို အကောင်းမွန်ဆုံးပြုစုပျိုးထောင်ပေးမှ ကျုပ်ရဲ့စိတ်ထဲကနောင်တတွေကျေပျက်နိုင်တယ်။
ဒါက ကျုပ်စိတ်ရင်းအတိုင်းဝန်ခံတာပဲစန်းဟုန်းလျန်...”
ရွှမ်းနန်ဆရာတော်က လေးလံသည့်လေသံဖြင့်သူ၏စကားကိုအဆုံးသတ်လိုက်သလို စန်းဟုန်းလျန်ဆိုသည့် အဖြူရောင်ဝတ်စုံဝတ်လူ၏မျက်နှာထက်တွင်လည်း ဝမ်းနည်းကြေကွဲသည့်အရိပ်အယောင်များကိုအထင်အရှားတွေ့နေရသည်။
လွန်ခဲ့သည့်နှစ်နှစ်က ရှောင်ယောင်ကို ဆရာတော်ရွှမ်းနန်ဆီသို့အပ်၍ ထွက်ခွာသွားသည့် စန်းဟုန်းလျန်မှာ ရှောင်လင်သို့နောက်တစ်ကြိမ်ပြန်ရောက်နေပြီဖြစ်သည်။
သူတစ်ဦးထဲသာမကပေ ဆရာတော်ရွှမ်းနန်တည်ခင်းသည့်ရေနွေးကြမ်းကို တစ်ခွက်ပြီးတစ်ခွက် မှုတ်သောက်နေသည့်အဖိုးစုပါ အတူပါလာသေးသည်။
မူလအစီအစဉ်အတိုင်းဆိုပါက ထိုနှစ်ယောက်မှာ နောက်တစ်နှစ်ကြာမှရှောင်ယောင်ဆီသို့ရောက်လာမည်ဖြစ်သော်လည်းမည်သည့်အတွက် စောလျှင်စွာရောက်ရှိသလာသနည်း ...။
ယခု သူတို့၏စကားဝိုင်းမှတစ်ဆင့် အတိတ်ကဝမ်းနည်းစရာအကြောင်းအရာများကိုပြန်တွေးမိလိုက်ကြ၍ စန်းဟုန်းလျန်တို့နှစ်ဦးစလုံးက တိတ်ဆိတ်သွားကြပြီး အခန်းတွင်းရှိလေထုကအနည်းငယ်ထူးဆန်းသွားသည် ။
ထိုအခြေအနေကြောင့် ရေနွေးကြမ်းသော်နေသည့်အဖိုးအိုလည်းပျင်းရိသည့်ပုံစံဖြင့် အကြောဆန့်၍ထရပ်လာသည်။
“ အွန်း...မင်းတို့နှစ်ယောက်ကရှောင်ယောင်လေ့ကျင့်နေတဲ့ခြေလှမ်းသိုင်းကို စိတ်မဝင်စားကြဘူးလား...”
အဖိုးအို၏စကားလမ်းကြောင်းခင်းပေးမှုကြောင့် စန်းဟုန်းလျန်နှင့် ဆရာတော်ရွှမ်းနန်တို့လည်း ရှေ့နောက်ယိမ်းထိုး၍ထူးဆန်းသည့်ကိုယ်ဟန်ဖြင့်လှုပ်ရှားနေသည့်ရှောင်ယောင်ကိုပြန်ကြည့်လိုက်ကြသည်။
ရှောင်ယောင်၏ခြေလှမ်းကွက်များကအစီအစဉ်မကျဘဲ သူ၏ခန္တာကိုယ်ကလည်းမကြာခဏယိမ်းထိုးလှုပ်ရှားနေသည့်တိုင် လှုပ်ရှားမှုများက လွန်စွာမြန်ဆန်ပေသည်။
သူ၏ဘဝတစ်လျှောက်လုံးတွင် ရှောင်ယောင်မှာကိုယ်ဖော့ပညာကိုသီးသန့်သင်ကြားရခြင်းမရှိသော်လည်း သူမသိလိုက်စဉ်မှာပင် သူ၏ကိုယ်ဖော့ပညာက အတော်လေးထူးချွန်သည့်အဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။
ဤသည်က သူလေ့ကျင့်နေသည့်အရက်မူးခြေလှမ်းသိုင်းနှင့်သက်ဆိုင်ပြီး ထိုသိုင်းပညာက ရှားပါးလှသည့် ကိုယ်ဖော့ပညာနှင့်ခြေလှမ်းကွက်တွဲလျက်ပါသည့်ပညာရပ်ဖြစ်ကာ ထိုသိုင်းပညာကိုအကြိမ်ကြိမ်လေ့ကျင့်နေရင်းမှ သူ၏ကိုယ်ဖော့ပညာပါ အလိုလိုတိုးတက်လာခြင်းဖြစ်သည် ။
“ ကျုပ် သူဒီလှုပ်ရှားမှုသိုင်းတတ်ထားတာကို ဝူတန်းတောင်ပေါ်ရောက်မှသိခဲ့တာ။ ကျုပ်အထင်ပြောရင် ဆရာကြီးစုသင်ပေးခဲ့တဲ့ဒီသိုင်းပညာက တေလေဂိုဏ်းရဲ့ပညာတော့ ဟုတ်ပုံမရဘူး... ကျုပ်တို့ဝူတန်းဂိုဏ်းမှာတောင် တိမ်လှေကားကလွဲပြီး ဒီလောက်အစွမ်းထက်တဲ့လှုပ်ရှားမှုသိုင်းမရှိဘူး ...”
စန်းဟုန်းလျန်က သူ၏အထင်ကိုထုတ်ဖော်ပြောလိုက်သော်လည်း ဆရာတော်ရွှမ်းနန်က ခေါင်းယမ်း၍ဝင်ပြောလိုက်သည်။
“ မဟုတ်ဘူးဒကာကြီးစန်း ဒီသိုင်းပညာက တေလေဂိုဏ်းရဲ့ပညာစစ်စစ်ပဲ။ တေလေဂိုဏ်းရဲ့သိုင်းပညာတွေကို မင်းတို့ကျုပ်တို့ သိနည်းနည်းပဲရှိတယ်မလား။
အခုဒီသိုင်းပညာက လေ့ကျင့်အောင်မြင်နိုင်တဲ့လူမရှိလို့တိမ်မြုပ်နေတဲ့ တေလေဂိုဏ်းရဲ့သိုင်းပညာတစ်ခုပဲ ။
ဒါကလည်း ကျုပ်ရဲ့ညီတော် ရွှမ်းမင်ပြောပြလို့ပါ။ သူက ရှောင်လင်ကသိုင်းပညာတွေတင်မဟုတ်ဘဲ သိုင်းလောကထဲကပညာရပ်အများစုကိုပါနှံ့နှံ့စပ်စပ်သိထားသေးတယ်...”
ရွှမ်းနန်ဆရာတော်၏စကားကြောင့် စန်းဟုန်းလျန်အံ့အားသင့်သွားသလို အဖိုးစုကလည်း ခေါင်းတညိမ့်ညိမ့်ဖြင့်ပြုံးလိုက်သည် ။
“ ရွှမ်းမင်ဆိုတာ ဗုဒ္ဓလက်ဝါးကိုယ်တော်ရဲ့ဘွဲ့အမည်မလား။ သူ့လို တည်ငြိမ်ပြီး သိုင်းပညာကိုပဲစိတ်ဝင်စားတဲ့လူတစ်ယောက်က ရှောင်ယောင်လေးရဲ့ဆရာဖြစ်နေတော့ ကျုပ်တောင်အံ့ဩသွားသေးတယ်.။
အင်း...သူကလည်းနာမည်ကျော်သလောက် တော်လည်းတော်ပါပေတယ်...”
အဖိုးစုက ဆရာတော်ရွှမ်းမင်ကိုချီးကျူးစကားပြောလိုက်သလို စန်းဟုန်းလန်ကလည်း အံ့သြသည့်ဟန်ဖြင့်မေးလိုက်သည်။
“ ဒါနဲ့ ဒီလှုပ်ရှားမှုသိုင်းက တေလေသိုင်းရဲ့မူပိုင်သိုင်းပညာဟုတ်လား ဆရာကြီးစု ။ ကျုပ်တို့ကို ရှင်းပြလို့ရမလား...”
စန်းဟုန်းလျန်၏တောင်းဆိုမှုကြောင့် အဖိုးစုလည်း တည်ကြည်လေးနက်သည့်အမူအယာဖြင့်စတင်ရှင်းပြလိုက်သည်။
“ ဒီလိုကွ ငါတို့တေလေဂိုဏ်းက တခြားဂိုဏ်းကြီးတွေလို ဌာနချူပ်အတည်တကျမရှိသလို ဂိုဏ်းဝင်တွေကလည်း နေရာအနှံ့မှာရှိပြီး ငါကိုယ်တိုင်တောင်အရေအတွက်အတိအကျကိုမသိဘူး ။။
ဒီလိုပဲ ဂိုဏ်းရဲ့ဂိုဏ်းချုပ်အဆက်ဆက်ကလည်း ပျောက်သွားတဲ့လူနဲ့ လူမသိသူမသိအနားယူတဲ့လူနဲ့ရှိကြတယ်မလား ။
ဒါကြောင့် သူတို့ရဲ့သိုင်းပညာကို တပည့်တွေကို ကြပ်ကြပ်မက်မက်သင်ကြားပေးတာမရှိသလောက်နည်းတယ်
ငါဆိုရင်လည်း အဆင့်လွန်ထိပ်သီးအဆင့်ထိရောက်အောင် ကိုယ်တိုင်လေ့ကျင့်ခဲ့ရပြီး သိုင်းဝိဇ္ဇာအဆင့်ကိုရောက်ခါနီးတော့ ငါ့ဆရာက ငါ့ကိုသိုင်းပညာနှစ်မျိုးပဲသင်ပေးပဲ ဂိုဏ်းချုပ်ရာထူးအပ်သွားတော့တာ။
အဲဒီပညာနှစ်မျိုးကတော့ လူတိုင်းသိမှာပါ တေလေဂိုဏ်းရဲ့ မူပိုင်သိုင်းပညာနှစ်ခုဖြစ်တဲ့ နဂါးနိုင်လက်ဝါးသိုင်းနဲ့ ခွေးရိုက်တုတ်သိုင်းတို့ပဲ။
ဒီနှစ်ခုကတော့ ဂိုဏ်းချုပ်တိုင်းမဖြစ်မနေသင်ကြားရဲ့သိုင်းပညာနှစ်ခုပေါ့ ။
မင်းတို့ဂိုဏ်းတွေမှာ အထွတ်အမြတ်နေရာတွေရှိသလို ငါတို့ဂိုဏ်းမှာလည်း သူဖုန်းစားအုတ်ဂူဆိုတဲ့နေရာတစ်ခုရှိတယ်။
ဂိုဏ်းချုပ်တစ်ယောက်ပဲသိခွင့်ရတဲ့ အဲဒီနေရာက အစဥ်အဆက်တေလေဂိုဏ်းချုပ်တွေ မသေခင်ခေါင်းချတဲ့နေရာဖြစ်ပြီး ဂိုဏ်းချုပ်တိုင်းမဟုတ်ပေမယ့် အတော်များများကတော့ အဲဒီနေရာကိုရောက်အောင်သွားကြတယ်။။
ဒီလိုပဲ သူဖုန်းစားအုတ်ဂူထဲမှာ အရင်ဂိုဏ်းချုပ်တွေမသေခင်ရေးမှတ်ထားကြတဲ့သိုငိးပညာအမျိူးမျိုးရှိတယ်။။
အလွှာအသီးသီးကဝင်ရောက်လာတဲ့ တေလေဂိုဏ်းသားတွေက သိုင်းပညာအမျိုးမျိုးတတ်မြောက်ကြတယ်။။
ဒါကြောင့် ငါတို့တေလေဂိုဏ်းက မူပိုင်သိုင်းပညာနည်းနည်းပဲရှိပေမယ့် ဂိုဏ်းချုပ်အတော်များများက ငါ့လိုအဆင့်ထိရောက်ကြတဲ့သိုင်းပညာရှင်တွေဆိုတော့ သူတို့တတ်မြောက်ထားတဲ့သိုင်းပညာရပ်တွေက စုံလင်များပြားလှတယ်။
အဲဒီသိုင်းပညာတွေထဲက အကောင်းဆုံးလိူ့ထင်တဲ့ပညာတွေကိုရွေးထုတ်ပြီး သူဖုန်းစားအုတ်ဂူမှာ ချန်ထားရစ်ကြတယ်။။
သူဖုန်းစားအုတ်ဂူမှာရှိတဲ့သိုင်းပညာတွေဘယ်လောက်များပြသလိုဆိုရင် ဟောဒီတာမောဆောင်ရဲ့တစ်ဝက်လောက်တောင်ရှိမယ်။။
လက်နက်မဲ့သိုင်းပညာအမျိုးမျိုး၊ ဓားသိုင်း ၊ လှံသိုင်းတွေအပြင် အတွင်းအားပညာရပ်နဲ့ကိုယ်ဖော့ပညာတွေပါပါသေးတယ်။ ပြီးတော့ သူတို့အားလုံးက ထိပ်တန်းသိုင်းပညာရပ်တွေပဲနော်...”
အဖိုးစု၏စကားကြောင့် စန်းဟုန်းလျန်နှင့်ဆရာတော်ရွှမ်းနန်တို့လည်း ပင့်သက်ရှိုက်လိုက်မိကြပြီး တေလေဂိုဏ်း၏ နက်နဲသည့်ဖုံးကွယ်ထားနိုင်စွမ်းကိုလည်းလေးစားမိသွားသည်။။
စင်စစ် သိုင်းလောကသားများသိထားသည်က တေလေဂိုဏ်းဆိုလျှင် နဂါးနိုင်လက်ဝါးဆယ့်ရှစ်ကွက်၊ ခွေးရိုက်တုတ်သိုင်းသုံးဆယ့်ခြောက်ကွက်နှင့် ခွေးရိုက်တုတ်ဝင်္ကပါတို့သာရှိသည်မဟုတ်ပါလား ။
ယခု အဖိုးစု၏စကားကြောင့်သာ တေလေဂိုဏ်းဟ ဖုံးကွယ်ထားသည့်အမွေအနှစ်အကြောင်းကိုသိခွင့်ရခြင်းဖြစ်သည်။
ထိူ့အပြင် အဖိုးစုက သူတို့ကိုရင်းနှီးခင်မင်က ယုံကြည်စိတ်လျသည့်အတွက်ကြောင့်သာ လွန်စွာအရေးကြီးသည့်လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောပြနေခြင်းဖြစ်ပေသည်။
အဖိုးစုက သူ၏စကားကိုဆက်လိုက်သည်။
“ ငါတို့လို ဂိုဏ်းချုပ်တွေရဲ့ဘဝတစ်လျှောက်မှာ သူဖုန်းစားအုတ်ဂူထဲကိုသုံးကြိမ်တိတိဝင်ခွင့်ရှိတယ် ။
ဘာကြောင့်လဲဆိုတော့ နောက်မျိုးဆက်က သိုင်းပညာနိမ့်ကျတဲ့ဂိုဏ်းချုပ်တွေအတွက် အထဲကသိုင်းပညာတွေကိုလေ့လာခွင့်ရပြီး သိုင်းပညာမြင့်မားလာစေလိုတဲ့ရည်ရွယ်ချက်ကြောင့်ပေါ့။
ငါလည်း သူဖုန်းစားအုတ်ဂူထဲကိုတစ်ကြိမ်ပဲဝင်ရသေးပေမယ့် အခုလိုသိုင်းလောကထဲမှာ ထိပ်တန်းနေရာကိုရောက်နေပြီ ။
ဒိကိစ္စတွေကို ထားပါ အခု ရှောင်ယောင်လေးသုံးနေတဲ့လှုပ်ရှားမှုသိုင်းက မသေမျိုးနတ်သားရဲ့အရက်မူးရှစ်ကွက်ဆိုတဲ့သိုင်းပညာပဲ ။
ကိုယ်ဖော့ပညာ၊ ခြေလှမ်းကွက်နဲ့ လှုပ်ရှားမှုပုံစံသုံးမျိူးပါဝင်တဲ့ ရှာမှရှားတဲ့သိုင်းပညာတစ်ခုပေါ့။ သိုင်းလောကထဲက ဘယ်ထိပ်တန်းအဆင့်ပညာနဲ့မဆိုယှဥ်လို့ရတယ်။
ပြီးတော့ ငါတို့ဂိုဏ်းရဲ့မူပိုင်သိုင်းပညာအနည်းငယ်ထဲကတစ်ခုပဲ...”
အဖိုးစုက ရှည်လျားစွာပြောဆိုပြီးနောက် သူ၏စကားကိုအဆုံးသတ်လိုက်သည်။ ထို့နောက် ပြတင်းပေါက်မှ ပေါ့ပါးစွာခုန်ထွက်သွားလိုက်ပြီး ခန္တာကိုယ်တစ်ချက်လှုပ်လိုက်ရာ သိုင်းပညာလေ့ကျင့်နေသည့်ရှောင်ယောင်၏အနီးသို့ ရိပ်ခနဲရောက်ရှိသွားလေသည်။
“ ဆရာကြီးစုကတော့ သူသာအလိုရှိရင် သိုင်းလောကတစ်ခုလုံးမှာ အတွင်းအားအကောင်းဆုံးဆိုတဲ့ဂုဏ်ပုဒ်တင်မကဘဲ ကိုယ်ဖော့ပညာအကောင်းဆုံးဆိုတဲ့ဂုဏ်ပုဒ်ကိုပါရနိုင်လောက်တယ်...”
အဖိုးစု၏ တစ္ဆေတစ်ကောင်လိုလျှင်မြန်လှသည့်အံ့မခန်းကိုယ်ဖော့ပညာကိုကြည့်ရင်း ဆရာတော်ရွှမ်းနန်ကမှတ်ချက်ပြုလိုက်သည်။
ထိုစဉ် အဖိုးစု၏အသံကြီးကထွက်ပေါ်လာသည်။
“ ဟေ့ ရှောင်ယောင်လေး ...”
အဖိုးစု၏အော်ဟစ်သံကြောင့် အရက်မူးခြေလှမ်းသိုင်းလေ့ကျင့်နေသည့်ရှောင်ယောင်မှာဆက်ခနဲဖြစ်သွားပြီး သူ၏အနီးသို့ရုတ်တရက်ရောက်ရှိလာသည့်အဖိုးအိုကို ပျော်ရွှင်ဝမ်းမြောက်စွာဖြင့်ဖတ်ထားလိုက်မိသည်။
“ အဖိုးစု ဘယ်လိုလုပ်ပြီးဒီကိုရောက်လာတာလဲ ....”
ရှောင်ယောင်လည်း မျှော်လင့်မထားဘဲရောက်ရှိလာသည့်အဖိုးအိုကြောင့် အံ့ဩမှုနှင့်အတူ စိတ်လှုပ်ရှားသွားပြီး တစ်စုံတစ်ခုကိုသိရှိဟန်ဖြင့် တာမောဆောင်ဆီသို့အလျှင်အမြန်ဝေ့ကြည့်လိုက်သည် ။
ထိုစဉ် ဆရာတော်ရွှမ်းနန်နှင့်အတူ အဆောင်တွင်းမှဖြေးညင်းစွာထွက်လာသည့်စန်းဟုန်းလျန်ကိုမြင်လိုက်ရသည့်အခါ ရှောင်ယောင်၏မျက်လုံးများတောက်ပသွားပြီး သူ၏လက်ကိုဝေ့ယမ်းကာ ပျော်ရွှင်စွာအော်ဟစ်လိုက်သည်။
“ ဦးလေးစန်း...”