မရဏလျှောက်လမ်းတစ်ဖက်ကမ်း
Vol. 1 Ch. 62
မြူနှင်းများဝေ့သီနေသည့်ချောက်ကမ်းပါးတစ်ခု
တောင်ပိုင်းဒေသ၏လူသူအရောက်အပေါက်မရှိသလောက်နည်းသည့်ကျောက်တောင်များကြားတွင် မရဏချောက်ကမ်းပါးဆိုသည့်နေရာတစ်ခုလည်းရှိနေသည်။
မြင့်မားမက်စောက်သည့်ချောက်ကမ်းပါးတစ်ခုလုံးကို တစ်နှစ်ပတ်လုံးမြူခိုးများအုံ့ဆိုင်းနေပြီး သဘာဝ၏ထူးခြားဆန်းကြယ်မှုပင်ဖြစ်ပေမည်။
ချောက်ကမ်းပါး၏အစပ်တွင် မရဏလျှောက်လမ်းဟုရေးထိုးထားသည့်ကျောက်တိုင်တစ်ခုရှိနေပြီး နှစ်ရာနှင့်ချီ၍တည်ရှိနေဟန်တူသည့်အိုဟောင်းသည့်ကျောက်တိုင်ထက်တွင်စာလုံးများကား ထင်ရှားစွာရှိနေဆဲပင်။
ကျောက်တိုင်၏အနီးတွင်ကား လက်မောင်းလုံးခန့်တုတ်သည့်သံကြိုးတစ်ချောင်းရှိနေပြီး မည်မျှဝေးကွာသည်မသိရသည့်ကျန်တစ်ဖက်ကမ်းကိုဆက်သွယ်ထားဟန်တူသည်။
သို့သော် အမြဲလိုလိုအုံ့ဆိုင်းနေသည့် မြူခိုးများကြောင့် ချောက်ကမ်းပါးတစ်ဖက်ကိုမမြင်ရဘဲ မြူများကြားသို့တိုးဝင်သွားသည့်သံကြိုးကိုသာတွေ့မြင်နေရသည်။
သံကြိုး၏အောက်ဘက်၌ မည်းမှောင်နက်ရှိုင်းသည့်ချောက်ကမ်းပါးကြီးတည်ရှိကာ အဆုံးမရှိဟုပင်ထင်ရပြီး အောက်ဘက်မှပြင်းထန်သည့်လေပြင်းများတိုက်ခတ်နေသည်။
မရဏချောက်ကမ်းပါးနှင့် ဆန်းကြယ်သည့်သံကြိုးလျှောက်လမ်းတို့က တောင်ပိုင်းဒေသ၏အဖြေရှာမရသည့်နေရာအနည်းငယ်အနက်တစ်ခုဖြစ်ပြီး ချောက်ကမ်းပါး၏အခြားတစ်ဖက်တွင်မည်သည့်အရာများရှိနေသည်ကိုလူများစွာသိလိုကြသည်။
သို့သော် မရဏလျှောက်လမ်းတည်ရှိရာ မြင့်မားမက်စောက်လှသည့်ကျောက်တောင်သို့ပင် တော်ရုံတန်ရုံကိုယ်ဖော့ပညာကောင်းသူများမတတ်ရောက်နိုင်ဘဲထိပ်တန်းအဆင့်နှင့်အထက်သိုင်းသမားများသာတတ်ရောက်နိုင်ကြသည် ။
ထိုလူများသည်လည်းအတိုင်းအဆမရှိနကိရှိုင်းသည့်ချောက်နက်ကြီးထက်၌သွယ်တန်းထားသည့်သံကြိုးပေါ်သိူ့ဖြတ်လျှောက်ရန်မဝံ့ရဲကြဘဲ မရဏလျှောက်လမ်း၏တစ်ဖက်တွင်မည်သည့်အရာများရှိနေသည်က နှစ်ရာပေါင်းများစွာကြာသည့်တိုင် ဆန်းကြယ်သည့်ပဟေဠိတစ်ခုဖြစ်နေဆဲပင်။
ကိုယ်ဖော့ပညာအံ့မခန်းကောင်းမွန်ပြီး ရဲရင့်ကာ သတ္တိကောင်းသည့်သိုင်းဝိဇ္ဇာတစ်ယောက်ယောက်သာ မရဏလျှောက်လမ်းကို စိန်ခေါ်ဝံ့ပါကသံကြိုး၏တစ်ဖက်ရှိထူးခြားသည့်နေရာကိုတွေ့နိုင်ပေမည်။
ချောက်နက်၏တစ်ဖက်ကမ်းတွင် ပြန့်ပြူးကျယ်ဝန်းသည့်မြေနေရာတစ်ခုရှိနေပြီး ထိုနေရာတွင်အိမ်ခြေငါးဆယ်ခန့်ရှိမယ့်ရွာငယ်လေးတစ်ခုတည်ရှိနေသည်။
ထိုကဲ့သို့လူသူအရောက်အပေါက်မရှိဘဲ ခြောက်ကပ်လှသည့်နေရာတစ်ခုတွင် လူများနေထိုင်သည့်ရွာတစ်ရွာရှိနေခြင်းက လွန်စွာထူးဆန်းလှပြီး ထိုအကြောင်းကိုမည်သူမှတွေးတောနိုင်ကြမည်မဟုတ်ပေ။
သို့သော် ရွာငယ်လေးက မြူခိုးများပြည့်နေသည့်ချောက်ကမ်းပါးထိပ်တွင်အမှန်ပင်တည်ရှိနေကာ သုဿာန်တစပြင်လိုအချိန်ပြည့်တိတ်ဆိတ်ခြောက်ကပ်သည့်ရွာ၏ပုံစံကလည်း ကြက်သီးမွှေးညင်းထစရာကောင်းလှသည်။
ရွာအတွင်းဘက်ရှိ ကျယ်ဝန်းသည့်ခြံဝန်းကြီး၏မြေကွက်လပ်တွင်တော့ အသက်ဆယ့်ငါး၊ ဆယ့်ခြောက်ခန့်ရှိမည့်လူငယ်လေးတစ်ဦးဓားသိုင်းလေ့ကျင့်နေသည်။
ခြံဝန်းကျယ်နှင့်စံအိမ်က ရွာ၏အတွင်းဘက်အကျဆုံးနေရာတွင်ရှိကာ သူ၏တစ်ဖက်တွင် မြင့်မားသည့်ကျောက်နံရံကြီးတစ်ခုသာရှိတော့သည်။
လူငယ်လေး၏ဘေးဘက်၌ ပတ်ဝန်းကျင်တစ်ခုလုံးပြည့်နှက်နေသည့်ဓားရိပ်များနှင့် အနိမ့်အမြင့်ညီညာခြင်းမရှိဘဲ ဓားရာများပြည့်နေသည့်မြေကွက်လပ်ပုံစံတို့က လူငယ်၏ဓားပညာမည်မျှအစွမ်းထက်သည်ကိုသိရှိနိုင်သည်။
အံ့ဩဖွယ်ကောင်းသည့်အချက်က သူ၏အသက်ကဆယ့်ခြောက်နှစ်သာသာပင်ရှိဦးမည်ဖြစ်သော်လည်းသူ၏အတွင်းအားက သိုင်းထိပ်သီးအဆင့်သို့ပင်ရောက်ရှိနေပြီဖြစ်ကာ သိုင်းလောအတွင်းမှထူးချွန်လှပါသည်ဆိုသောပါရမီရှင်များကိုပင်ရှက်ရွံ့သွားစေနိုင်သည့်အရည်အချင်းရှိနေသည်။
ထို့ထက်ပို၍ကြောက်မက်ဖွယ်ကောင်းသည်က လျှင်မြန်ခြင်း၊ ပြင်းထန်ခြင်း ၊ မာကျောခတ်ထန်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့ပေါင်းစပ်ထားသည့် လူငယ်လေး၏ဓားသိုင်းဖြစ်ပြီး မျက်တောင်တခတ်အတွင်းလေထုကိုတဝှီးဝှီးထိုးခွဲနေသည့်ဓားရိပ်များကလည်း သာမန်အဆင့်လွန်ထိပ်သီးတစ်ယောက်ကိုအစိတ်စိတ်အမွာမွာဖြစ်စေနိုင်သည်အထိအစွမ်းထက်လှသည်။
ရုတ်တရက် လူငယ်လေး၏မျက်လုံးများက လုံးဝနက်မှောင်သွားပြီးသူ၏ခန္တာကိုယ်မှအားကောင်းသည့်အတွင်းအားလှိုင်းများထွက်ပေါ်လာသည်။
အစောပိုင်းကလူငယ်လေး၏အတွင်းအားမှာ သာမန်အဆင့်လွန်ထိပ်သီးအဆင့်သာရှိသော်လည်း ယခုအခါ အဆင့်လွန်ထိပ်သီးအဆင့်၏နောက်ပိုင်းသို့ပင်ရောက်ရှိသွားပြီဖြစ်သည်။
“ ယား....”
အော်ဟစ်မာန်သွင်းသံနှင့်အတူလူငယ်လေး၏ခန္တာကိုယ်က အရိပ်တစ်ခုလိုလျှင်မြန်သည့်အရှိန်ဖြင့် နောက်တစ်ကြိမ်ထပ်မံလှုပ်ရှားလာပြီး ရူးသွပ်လောက်အောင်ကြောက်မက်ဖွယ်ကောင်းသည့်ဓားကွက်များက မုန်တိုင်းကျသလိုထွက်ပေါ်လာသည်။
ယခုအချိန်တွင် လူငယ်လေးကိုသိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ရှိသူများပင်ခက်ခက်ခဲခဲတိုက်ခိုက်ရမည်ဖြစ်ပြီး သူ၏အတွင်းအား ၊ ဓားသိုင်းနှင့် ထိပ်တန်းအဆင့်သို့ရောက်ရှိနေသည့်ကိုယ်ဖော့ပညာတို့က ဟန်ချက်ညီကာလွန်စွာကြောက်မက်ဖွယ်ကောင်းနေသည်။
“ နတ်ဆိုးလမ်းညွှန်ဓားသိုင်း...နတ်ဆိုးအော်သံ...”
လူငယ်လေး၏ပါးစပ်မှ ခပ်တိုးတိုးအသံတစ်ခုထွက်ပေါ်လာပြီး သူ၏လက်ထဲရှိဓားက ကျောက်နံရံဆီသို့ပြင်းထန်သည့်အရှိန်အဟုန်ဖြင့်ဝင်ရောက်သွားတော့သည်။
“ ဝုန်း....”
တော်လဲသံကြီးလိုကျယ်လောင်သည့်မည်ဟည်းသံကြီးနှင့်အတူ မြေပြင်တစ်ခုလုံးတုန်ခါသွားသည်ဟုပင်ထင်ရသည်။။
ရုတ်တရက်ထွက်ပေါ်လာသည့်ကြောက်မက်ဖွယ်မည်သံကြီးကြောင့် ရွာထဲရှိလူများလည်းအိမ်အပြင်သို့ထွက်ကြည့်လိုက်ကြသော်လည်း အသံထွက်ပေါ်လာရာနေက ရွာအတွင်းဘက်အကျဆုံးနေရာမှဖြစ်မှန်းသိ၍ ခေါင်းယမ်းရင်း ပြန်ဝင်သွားလိုက်ကြသည်။
ရွာအတွင်းရှိလူအများစုက လုပ်ငန်းလုပ်ချိန်မှလွဲ၍ ကျန်အချိန်များကို အိမ်တွင်းအောင်းကာ အေးဆေးတိတ်ဆိတ်စွာဖြတ်သန်းကြပြီး တစ်အိမ်နှင့်တစ်အိမ်လည်ပတ်သွားလာသည်ပင်နည်းပါးလှသည်။
ထို့ကြောင့်လည်း ရွာတစ်ခုလုံးက တိတ်ဆိတ်ခြောက်ကပ်နေပြီး လူမနေသည့်ရွာပျက်ကြီးတစ်ခုလိုထင်ရခြင်းဖြစ်သည် ။
“ တကယ်ပဲ ဒီကလေးကတော့ ရွာနဲ့ဝေးဝေးမှာလည်းသွားမကျင့်ဘူး။ ဒီလိုမျိုးလုပ်နိုင်တာ သူတစ်ယောက်ထဲကျနေတာပဲ...”
တဲစုတ်တစ်လုံးအတွင်းမှ အိပ်ချင်မူးတူးပုံစံဖြင့်ထွက်လာသည့် အဖိုးအိုတစ်ယောက်ကမကျေမနပ်ဖြင့်မည်တွန်တောက်တီးကာ ခြေတစ်ချက်ဆောင့်လိုက်သည် ။
ထို့နောက် အဖိုးအိုက တစ်ချက်သမ်းဝေ၍ တဲကုပ်လေးအတွင်းသို့ပြန်ဝင်သွားသော်လည်း အစောပိုင်းကသူခြေဆောင့်ခဲ့သည့်နေရာရှိ သုံးလက်မခန့်ထူမည့်ကျောက်ပြားကား လုံးဝပျောက်ကွယ်သွားသည်ကိုတွေ့မြင်ရမည်ဖြစ်ပြီး ထိုနေရာတွင် အဖြူရောင်ကျောက်မှုန့်များသာ ကျန်ရှိတော့ပေသည် ။
ထိုမြင်ကွင်းကိုအစအဆုံးမြင်လိုက်ရသူက တစ်ဖက်အိမ်ရှေ့ကွက်ပျစ်တွင်ကျားထိုးနေသည့်အဖိုးအိုနှစ်ယောက်ဖြစ်ပြီး သူတို့ထဲမှတစ်ယောက်က သဘောကျသည့်လေသံဖြင့်ရယ်မောလိုက်သည်။
“ ဟားဟား.. အဖိုးကြီးဖန်းကတော့ ထပ်ပြီးစိတ်တိုနေပြန်ပြီ...။ ဒါပေမယ့် ဒီကောင့်ရဲ့သိုင်းပညာတော့အတော့်ကိုတိုးတက်လာပုံရတယ်။ လေ့ကျင့်တာသိပ်မမြင်ရဘဲနဲ့တောင် သိုင်းဝိဇ္ဇာနှောင်းပိုင်းအဆင့်ကိုရောက်နေပြီ။
ဒါပေမယ့် ကျန်းလီရွာကထွက်ပြေးပြီးတဲ့နောက်မှာ ဒီကောင်က အိမ်ထဲကအိမ်ပြင်တောင်မထွက်တော့ဘူး ...”
ထိုအဖိုးကြီး ဘေးသို့လှည့်နေစဉ် ကျန်တစ်ယောက်က ကျားစေ့အချို့ကိုခိုးကြောင်ခိုးဝှက်နေရာလဲလိုက်ပြီး ခေါင်းညိမ့်ထောက်ခံလိုက်သည်။
“ မင်းပြောတာ ဟုတ်တယ် လွန်ခဲ့တဲ့အနှစ်သုံးဆယ်ကျော်က ဟိုကောင်လေးကရွာကထွက်ပြေးသွားပြီးထဲက သူငါတို့နဲ့တောင်အဆက်အဆံမရှိတော့ဘူး။
အေးလေ သူက အဲ့ကောင်လေးကိုတူသားတစ်ယောက်လိုသံယောဇဉ်ကြီးခဲ့တာကိုး။
ကောင်လေးကလည်း သိုင်းပညာလောဘကြီးလွန်းတယ် ။ တားမြစ်ထားတဲ့နှင်းငွေ့သုံးပါးသိုင်းကျမ်းကိုခိုးယူလေ့ကျင့်ပြီး ရွာကထွက်ပြေးရတဲ့အထိပဲ။
အဲဒီတုန်းက သခင်ကြီးထက်တောင်မှ အဖိုးကြီးဖန်းက ပိုပြီးဒေါသထွက်ခဲ့သေးတယ်...”
ဒုတိယအဖိုးအို၏စကားကြောင့် ပထမအဖိုးအိုလည်း ငိုင်တွေသွားပြီး ရွာအတွင်းဘက်ကိုကြည့်ကာ စိတ်မကောင်းဖြစ်သည့်လေသံဖြင့်ရေရွတ်လိုက်သည်။
“ သခင်မလေးကလည်းကံဆိုးရှာပါတယ်။ သူရွာရဲ့သခင်မဖြစ်ပြီး ကျန်းလီကိုလိုက်ရှာပေမယ့် ဟိုကသိုင်းလောကသားတွေလက်ချက်ကြောင့်သေနှင့်နေပြီ။
ဒါ့အပြင် သူခေါ်သွားတဲ့ တုညီအစ်ကိုကလည်းသုံးစားမရဘူး။ ပြိးတော့ ဒုတိယသခင်ကြီးရဲ့ မဟူရာအမှတ်အသားက သိုင်းလောကသားတစ်ယောက်စီမှာပေါ်လာတဲ့အပြင် သူ့တို့ကိုတားဆီးဖို့ရှောင်လင်ကျောင်းထိုင်ပါပေါ်လာတယ်ဆိုတော့ သူလက်လျော့ပြီးပြန်လာခဲ့ရတာ။
တကယ်လို့ သခင်မလေးသာအလိုရှိရင် ငါတို့မရဏဝတ်ရုံဆယ့်နှစ်ယောက်လုံး အပြင်လောကကိုထွက်လာပြီး သိုင်းလောကကြီးကို ပြောင်းပြန်လုပ်ပစ်နိုင်တယ်။
ဒါပေမယ့် သခင်ကြီးဆုံးပြီးတာမကြာသေးတဲ့အပြင် ကျန်းလီကပါ သေသွားတာသိရတော့ သခင်မလေးကတော်တော်စိတ်ထိခိုက်ခဲ့ပုံရတယ်...”
သူ၏စကားကြောင့် ကျန်အဖိုးအိုလည်း သက်ပြင်းရှည်ကြီးတစ်ချက်သာချလိုက်မိတော့သည်။
ထိုအချိန်တွင် ကျောက်နံရံအခြေ၌လေ့ကျင့်နေသည့်လူငယ်လေး၏ရှေ့တွင် နက်ရှိုင်းလှသည့်ဓားရာကြီးတစ်ခုရှိနေသည်။
သူ၏ရှေ့ရှိကျောက်နံရံကြီး၏ မာကျောမှုကဖော်ပြမရနိုင်ဘဲ အကောင်းစားသံမဏိဖြင့်ပြုလုပ်ထားသည့်လက်နက်များပင် ကျောက်နံရံကြီးကိုခြစ်ရာထင်အောင်လုပ်နိုင်မည်မဟုတ်ပေ။
ယခု လူငယ်လေး၏ဓားချက်ကြောင့် ကျောက်နံရံထက်တွင် တစ်ပေခန့်နက်၍ ငါးပေခန့်ရှည်ရှည်သည့်ဒေါင်လိုက်ဓားရာကြီးကျန်နေပြီး လူငယ်လေးးပုံစံကလည်း ပင်ပန်းနွမ်းနယ်ဟန်ဖြင့်ဖြူဖက်ဖြူလျော်ဖြစ်သွားသည်။
အစောပိုင်းကသူအသုံးပြုခဲ့သည့်လျှို့ဝှက်သိုင်းက သူ၏အတွင်းအားများကိုအချိနိတိုအတွင်းနှစ်ဆအထိတိုးပွားလာစေသော်လည်း အချိန်အနည်းငယ်ကြာပြီးနောက် တန်ပြန်ဆိုးကျိုးခံရပြီး သူ၏ခန္တာကိုယ်ကိုသိသိသာသာအားနည်းစေသည်။
ဤသည်က လျို့ဝှက်သိုင်း၏ပထမအဆင့်သာရှိသေးပြီး အဆင့်သုံးအဆင့်ပါသည့်ထိုလျှိူ့ဝှက်သိုင်းတစ်ခုလုံးကိုအောင်မြင်ပြီးပါက အတွင်းအားအရာတွင်ပြိုင်ဘက်မရှိသည့်အဆင့်သို့ပင်ရောက်ရှိသွားနိုင်သည်။
လောကတွင် အလကားရသည့်အရာမရှိဘဲ ဆုံးရှုံးမှုနှင့်အကျိုးအမြတ်ဆိုသည်ကယှဉ်တွဲနေတတ်၍ ထိုအဖြစ်က ထူးဆန်းသည်တော့မဟုတ်ပေ။
အကယ်၍ ထိုလျှို့ဝှက်သိုင်းသာ သိုင်းလောကအတွင်းသို့ရောက်ရှိသွားပါက သွေးချောင်းစီးလူသတ်ပွဲများဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်ပြီး လွန်ခဲ့သည့်ဆယ့်ငါးနှစ်ခန့်က နေလသိုင်းကျမ်းလုပွဲထက်ပင် ပို၍သေကြေပျက်စီးမှုများပြားပေဦးမည်။
ခြံဝန်းကျယ်ကြီး၏အလယ်ရှိစံအိမ်ရှေ့တွင် အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်အမျိူးသမီးတစ်ဦးရှိနေပြီး ကျောက်နံရံရှေ့တွင် ဓားသိုင်းလေ့ကျင့်နေသည့်လူငယ်လေးကို တစ်ချိန်လုံးကြည့်ရှုနေသည်။
ထိုအမျိူးသမီးက နန်းတွင်းအဝတ်အစားလိုရှည်လျားသည့်အနက်ရောင်ပိုးသားဝတ်စုံကိုဝတ်ဆင်ထားကာ အသက်သုံးဆယ်ဝန်းကျင်ဟုသာထင်ရပြီး လွန်စွာကျက်သရေရှိကာ လှပသည့်ရုပ်သွင်ရှိသည်။
ဟန်အမူအယာကင်းမဲ့ပြီးအေးစက်နေသည့်မျက်နှာထားက သူမ၏အလှကိုလျော့ကျမသွားစေဘဲ တော်ဝင်ဆန်ကာ မြင့်မြက်သည့်မျက်နှာမျိုးဖြစ်သည်။
သို့သော် သူမ၏အသက်အစစ်အမှန်က ငါးဆယ်နားဝန်းကျင်ပင်ရှိပြီဖြစ်ပြီး မအိုဆေးစားထားသည့်အလား ယခုအချိန်ထိလွန်စွာချောမောနေဆဲဖြစ်၏။
အမျိုးသမီးက လူငယ်လေး၏နောက်ဆုံးဓားကွက်ပြီးဆုံးချိန်တွင် မျက်မှောင်ကြုတ်လိုက်ပြီး တစ်ဦးထဲ ပြောလိုက်သည်။
“ ဒီကောင်လေးက နတ်ဆိုးလမ်းညွှန်ဓားသိုင်းနဲ့ လေနတ်ဆိုးရဲ့မိစ္ဆာခြေလှမ်းကိုအောင်မြင်ပြီးတဲ့အပြင် ဘုံနန်းသုံးဆင့်မိစ္ဆာသိုင်းကိုလည်းပထမအဆင့်အောင်မြင်ပြီးပြီ...။
သူ့ရဲ့တိုးတက်မှုကအစ်ကိုကျန်းလီထက်တောင်သာလွန်ပေမယ့် သိုင်းလောကတစ်ခုလုံးနဲ့ရင်ဆိုင်ဖို့ဆိုမလုံလောက်သေးဘူး...”
အမျိူးသမီးက စိတ်ခံစားချက်ကင်းမဲ့စွာဖြင့်ရေရွတ်လိုက်ပြီး စံအိမ်အတွင်းသို့ပြန်ဝင်သွားလိုက်သည်။
ကျောက်နံရံရှေ့မှလူငယ်သည်လည်း စံအိမ်ထဲသို့ပြန်ဝင်သွားသည့်အမျိူးသမီးကိုရိပ်ခနဲမြင်လိုက်၍ အေးစက်သည့်သူ၏မျက်နှာထက်တွင် ဝမ်းနသည့်အရိပ်အယောင်များထွက်ပေါ်လာပြီး လက်သီးကိုတင်းတင်းဆုပ်လိုက်မိသည်။
ထို့နောက် ပင်ပန်းနွမ်းနယ်နေသည့်ခန္တာကိုယ်ကိုပင်ဂရုမစိုက်ဘဲ သူ၏လက်ထဲရှိဓားကိုမြောက်ကာ ဓားသိုင်းကိုအရူးအမူးဆက်လက်လေ့ကျင့်နေတော့သည်။