← Chapters

သတ္တိရှိခြင်းနှင့်ရူးမိုက်ခြင်း

Vol. 1 Ch. 63

သတ္တိရှိခြင်းနှင့်ရူးမိုက်ခြင်း

Vol. 1 Ch. 63

လောင်းကစားမြို့တော်

မြောက်ပိုင်းဒေသ၏တောင်တန်းများကြားတွင်တည်ရှိသည့်မြို့ငယ်လေးတစ်ခုဖြစ်ပြီး လမ်းပမ်းဆက်သွယ်ရေးခက်ခဲသည့်မြို့တစ်မြို့ဖြစ်သည်။

သို့သော် လောင်းကစားမြို့တော်ထဲတွင် လိုချင်သည့်အရာမှန်သမျှကိုရရှိနိုင်သည်ဟုပင်ပြောစမှတ်ပြုကြပြီး ချွင်းချက်အနေဖြင့် ငွေကြေးလုံလုံလောက်လောက်ပါရှိရပေမည်။

မှန်ပေသည်။

တောင်ကြားများရှိမြို့ငယ်လေးက သူ၏နာမည်နှင့်လိုက်အောင် လောင်းကစားသမားတို့ပျော်စံရာသုခဘုံဖြစ်ပြီး နေ့ညမပျက်လူစည်ကားရာအရပ်ဖြစ်သည်။

မြို့လေးထဲသို့ဝင်ရောက်လိုက်ပါက စည်ကားသည့်လမ်းမများထက်တွင်လှူပ်ရှားသွားလာနေသည့်လူများကိုမြင်ရမည်ဖြစ်ပြီး ဆူညံပွတ်‌လောရိုက်နေသည့်စားသောက်ဆိုင်များ ၊ ရယ်မောသံများကြားမှ ရမ္မက်နံ့များမွန်ထူနေသည့်အပျော်အိမ်များကိုလည်း အတော်များများတွေ့နိုင်သည်။

သို့ရာတွင် လောင်းကစားမြို့တော်၏တစ်ဝက်ခန့်ကိုအမျိူးမျိုးသောလောင်းကစားရုံများက နေရာယူထားပြီး ငွေရှိပါကဘာမဆိုရနိုင်သည့်နေရာဖြစ်သည်။

တရားဥပဒေစိုးမိုးမှုမှာ လောင်းကစားမြို့တော်တွင်စကားလုံးတစ်ခုသာဖြစ်ပြီး နန်းမြို့တော်နှင့်လွန်စွာဝေးကွာသည့်ထိုအရပ်မှာ လွန်စွာပရမ်းပတာဖြစ်လှသည်။

နေ့စဉ်နှင့်အမျှလူသေဆုံးမှုများကလည်း ရှိနေပြီး မြို့၏နေရာအနှံ့တွင်တိုက်ခိုက်နေသူများကိုတွေ့ရလျှင်အထူးအဆန်းမဟုတ်ပေ။

လောင်းကစားမြို့တော်တွင် တစ်ညထဲနှင့်သူဌေးဖြစ်သွားသူများရှိသလို သူဌေးဖြစ်ပြီးမိနစ်ပိုင်းအတွင်းသတ်ဖြတ်ခံလိုက်ရသူများကလည်း ဒုနှင့်ဒေးပင်။

ထို့ကြောင့် လောင်းကစားမြို့တော်၏နံပါတ်တစ်စည်းမျဉ်းကအသတ်မခံရစေရန်ဂရုစိုက်နေရမည်ဖြစ်ပြီး ဒုတိယစည်းမျဥ်းက ကိုယ့်ကိုယ်ကိုကာကွယ်နိုင်သည့်အင်အားရှိရမည်ဖြစ်သည်။

သိုင်းလောကထဲတွင်လက်မထောင်နိုင်ပါသည်ဆိူသည့်သိုင်းထိပ်သီးများပင် လောင်းကစားမြိူ့တော်၌အသတ်ခံရခြင်းများရှိပြီး ရက်စက်ကြမ်းကြုတ်သည့်လောဘသားများပြည့်နှက်ရာနေရာလည်းဖြစ်၏ ။

သို့သော် ထိုသို့စည်းမျဉ်းကင်းမဲ့၍ပရမ်းပတာဖြစ်နေခြင်းကြောင့်ပင် နိုင်ငံတစ်ခုလုံးရှိလောင်းကစားဝါသနာ‌အိုးများနှင့် သူဌေးသူကြွယ်များက လောင်းကစားမြို့တော်သို့လာရောက်တတ်ကြပြီး မြို့တစ်ခုလုံးတွင် အမြဲလိုလိုလူစည်ကားလျက်ရှိခြင်းဖြစ်သည်။။

ရွှင်ပျော်ပျော်စားသောက်ဆိုင်

မြိုအလည်တွင်း ဟီးထနေအောင် ခမ်းနားသည့်သုံးထိပ်စားသောင်ဆိူင်ကြီးကား လောင်းကစားမြို့တော်ထဲတွင် နံပါတ်တစ်စားသောက်ဆိုင်တစ်ခုဖြစ်ပေသည်။

အထပ်သုံးခုခွဲထားသည့် ထိုစားသောက်ဆိုင်မှာ အခြားဆိုင်များထက်ဈေးနှုန်းများစွာကြီးမြင့်လှသလို ဆိုင်၏အစားအသောက်များကလည်း နန်းမြို့တော်ရှိနာမည်ကြီးဆိုင်များထက်ပင်သာလွန်သည်ဟုဆိုကြသည်။

ဆိုင်အပေါက်ဝတွင် သန်မာထွားကြိုင်းသည့်အဆင့်မြင့်သိုင်းသမားနှစ်ယောက်စောင့်လျက်ရှိပြီး တောင်တန်းကြီးများလိုခိုင်မာတောင့်တင်းသည့်သူတို့၏ပုံစံက တော်ရုံတန်ရုံလူများကိုကြောက်လန့်သွားစေနိုင်သည်။

ပထမတန်းစားအင်အားစုများတွင်ပင်အရေးပါသည့်လူများဖြစ်သည့်အဆင့်မြင့်သိုင်းသမားများမှာ ရွှင်ပျော်ပျော်စားသောက်ဆိုင်တွင် တံခါးစောင့်အဆင့်သာရှိပြီး ဤသည်က သူတို့၏အင်အားကိုပြသရာရောက်ပေသည်။

မြို့ထဲတွင် ရွှင်ပျော်ပျော်ဆိုသည့်အမည်ဖြင့်စားသောက်ဆိုင်တစ်ခုထဲသာမက အခြားလုပ်ငန်းများစွာရှိပြီး မြို့ကိုထိမ်းချူပ်ထားသည့်အဖွဲ့လက်တစ်ဆုပ်စာထဲမှတစ်ခုဖြစ်သည့် ရွှင်ပျော်ပျော်အဖွဲ့အစည်း၏ပိုင်ဆိုင်မှုများဖြစ်သည်။

စားသောက်ဆိုင်၏ဒုတိယထပ်တွင် စားသုံးသူနှစ်ဆယ်ကျော်သုံးဆယ်ခန့်သာရှိမည်ဖြစ်ပြီး လူများပြည့်နေသည့်ဆိုင်အောက်ထပ်နှင့်ကွဲပြားပေသည်။

ဒုတိယထပ်ရှိဈေးနှုန်းများက အောက်ထပ်ထက်ပို၍များပြားမည်ကိုပြောစရာမလိုဘဲသိနိုင်သလို အစားအသောက်များကလည်း သံသယဖြစ်ဖွယ်မရှိအောင် များစွာသာလွန်ပေသည်။

ထို့ကြောင့်လည်း လောင်းကစားမြို့တော်လိုကြွယ်ဝသူများပြားပြီး ငွေကိုလွယ်လွယ်ရနိုင်သည့်နေရာမျိူးတွင် ဆိုင်ဒုတိယထပ်၌စားသောက်နိုင်သူသုံးဆယ်မပြည့်ခြင်းဖြစ်သည်။

ထိုအထဲတွင် အများစုကသိုင်းသမားများဖြစ်ပြီး တစ်ကိုယ်တော်စားသောက်နေသူများရှိသလိုအပေါင်းအဖော်များနှင့်ဝိုင်းဖွဲ့နေသူများလည်းရှိသည်။

ထို့အပြင် ကိုယ်ရံတော်သိုင်းသမားအနည်းငယ်နှငိ့စားသောက်နေသူအချို့လည်းရှိပြီး ထိုလူများက လောင်းကစားမြို့တော်တွင်အပျော်ရှာရန်ရောက်ရှိလာသည့် သူ‌ဌေးများဖြစ်ကြသည်။

ထိုကဲ့သို့သောလူမျိုးကို လောင်းကစားမြို့တော်ရှိလူများက ဆူဖြိုးသည့်သိုးများဟုခေါ်ကြပြီး မြောက်များလှစွာသော သိုင်းသမားများမျက်စေ့ကျသည့်လူများလည်းဖြစ်သည်။

စည်းမျဉ်းဥပဒေကင်းမဲ့သည့်မြို့ထဲတွင် လူသတ်ဓားပြတိုက်ခြင်းက သာမန်လိုသာဖြစ်ပြီး ထိုကဲ့သို့သောလူများမှာ အများဆုံးပစ်မှတ်ထားခံရသူများလည်းဖြစ်သည်။

သို့သော် ထိုကဲ့သို့ကြွယ်ဝချမ်းသာသူများကလည်း ပါးနပ်သည့်မြေခွေးအိုကြီးများဖြစ်၍ လောင်းကစားမြိူ့တော်သို့အစောင့်အရှောက်မပါဘဲမလာကြပေ။

အနည်းဆုံးအနေဖြင့် ထိပ်တန်းအဆင့်သိုင်းသမားသူံးလေး‌ယောက်ကိုကိုယ်ရံတော်အဖြစ်ငှားလာကြသူများဖြစ်ပြီး အချို့ဆိုလျှင် အဆင့်လွန်ထိပ်သီးများကိုပင်ငှားရမ်းနိုင်ကြသည် ။

ထို့ကြောင့် တိုက်ခိုက်လုယက်ရန်ကြံစည်ကြသူများလည်း ပြိုင်ဘက်၏အခြေအနေကိုအကဲခပ်ကာ သေချာမှလှုပ်ရှားလေ့ရှိသည် ။

သို့မဟုတ်ပါက မုဆိုးမှသားကောင်အဖြစ်ပြောင်းလဲသွားနိုင်သည်မဟုတ်ပါလား။

ယခုလည်း ‌ရွှင်ပျော်ပျော်စားသောက်ဆိုင်၏ဒုတိယထပ်တွင် ကိုယ်ရံတော်များခြံရံထားသည့်သူဌေးသူကြွယ်အနည်းငယ်ရှိပြီး ဆိုင်ထောင့်ရှိလူတစ်ဦးကား အခြားလူများထက်ပို၍ ထူးခြားလှသည်။

ထိုဝိုင်းတွင်တစ်ဦးထဲထိုင်နေ၍ စားသောက်နေသူက ငွေရောင်အကောင်းစားပိုးဖဲဝတ်စုံကိုဝတ်ဆင်ထားသည့်အသက်ငါးဆယ်ဝန်းကျင်ရှိသူတစ်ဦးဖြစ်သည်။။

သူ၏ရုပ်ရည်က ခန့်ညားပြီး လူတစ်ဖက်သားကိုထွင်းဖောက်မြင်နိုင်မည့်ပုံရသည့် စူးရှသည့်မျက်လုံးများကိုပိုင်ဆိုင်ထားကာ သူ၏အနီးဝန်းကျင်တွက် ဩဇာလွှမ်းမိုးနိုင်သည့်အငွေ့အသက်တို့ရှိနေသည်။

‌ထိုလူကြီးက ဝိုင်းလုံးပြည့်မျှအစားအသောက်များကို တစ်ဦးထဲအိန္ဒြေရရစားသောက်နေကာ ဒုတိယထပ်တစ်ခုလုံးတွင် သူ၏ဝိုင်းက ဟင်းပွဲအများဆုံးဖြစ်သည်။

ထူးခြားသည့်ထိုလူကြီး၏နောက်ဘက်တွင် အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်သက်တော်စောင့်တစ်ဦးရပ်နေပြီး ခေါင်းအစခြေအဆုံးအနက်ရောင်မဝတ်အစားများကိုသာဝတ်ဆင်ထားသည့်အပြင် ခမောက်နက်တစ်လုံးကိုပါမျက်နှာတစ်ဝက်အုပ်လုမတတ်ဆောင်ထားသည်။

နောက်ကျောတွင် ဓားတစ်လက်ကိုသိုင်းလွယ်ထားသည့်သူ၏ပုံစံက သိုင်းသမားတစ်ဦးဖြစ်ကြောင်းပြောစရာမလိုဘဲသိနိုင်ကာ ဘေးဘီကိုမကြည့်ဘဲ စားသောက်နေသည့်လူကြီး၏နောက်တွင်သာ ကျောက်ရုပ်သဖွယ်ရပ်နေသည်။

ကြွယ်ဝချမ်းသာပြီး သြဇာရှိကြောင်းသိသာနေသည့် ထိုလူကြီး၏ဝိုင်းမှာ လူအများစုအကဲခပ်နေကြသည့်စားပွဲဝိုင်းဖြစ်ပြီး သူတို့၏စိတ်ထဲတွင်အကြံအစည်အမျိုးမျိုးရှိနေကြသည် ။

“ ငွေရှင်းမယ်ဟေ့...”

ငွေရောင်ဝတ်စုံဝတ်လူကြီးကစားသောက်နေခြင်းကိုလက်စသက်ကာ တည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်သည်။

သူ၏စကားအဆုံး၌ ဆိုင်လုလင်လေးတစ်ဦးက ချက်ခြင်းလိုလိုရောက်လာပြီး ကျသင့်ငွေကိုသွက်လက်စွာတွက်ချက်လိုက်သည်။

စုစုပေါင်း ရွှေသုံးတုံးဆိုသည့်ငွေပမာဏက သာမန်မိသားစုတစ်စုသုံးလခန့်လုံလုံလောက်လောက်စားသောက်နိုင်သော်လည်း ယခုမူကား စားပွဲဝိုင်းတစ်ဝိုင်းသာသာရှိသညိ။

ထို့အပြင် သူ၏စားပွဲဝိုင်းရှိစားသောက်စရာအများစုက အနည်းငယ်သာမြည်းစမ်းထားခြင်းဖြစ်ပြီး ဗိုက်ဆာ၍ စားသောက်ခြင်းမဟုတ်ဘဲ ဆိုင်၏လက်ရာကိုသိလို၍လာရောက်ခြင်းဖြစ်ဟန်တူသည်။

သို့သော် ငွေကြေးချမ်းသာသူများပင်ယခုလုပ်ရပ်ကိုဖြုန်းတီးမှုဟုတွေးကြမည်ဖြစ်သော်လည်း ငွေရောင်ဝတ်စုံဝတ်လူကြီးကား မျက်နှာတစ်ချက်မပျက်ဘဲ သူ၏နောက်ကျောရှိအထုပ်ကိုဖြုတ်ကာ အထဲမှရွှေသုံးတုံးကိုထုတ်ပေးလိုက်သည်။

ချက်ခြင်းပင် ဒုတိယထပ်တွင် တိတ်ဆိတ်သွားပြီး

လူအများစု၏မျက်လုံးများကလောဘအရောင်တောက်ကာ အထုပ်တွင်းရှိဝင်းလက်နေသည့်ရွှေတုံးများနှင့် တစ်ထပ်ကြီးရှိနေသည့် တစ်ထောင်တန်ငွေလွှဲလက်မှတ်များကိုငေးကြည့်နေသည်။

ငွေရောင်ဝတ်စုံဝတ်လူကြီးက မည်မျှချမ်းသာသည်ကိုခန့်မှန်းရန်ပင်မဖြစ်နိုင်ဘဲ သူ၏အဝတ်ထုပ်ထဲရှိပမာဏသည်ပင် ရွှေတုံးသုံးလေးဆယ် ၊အမည်မသိ ကျွန်းသေတ္တာလေးတစ်ခုနှင့် သိန်းဂဏန်းရှိမည့်ငွေလွှဲလက်မှတ်များဖြစ်သည်။

ထို့နောက် ငွေရောင်ဝတ်စုံဝတ်လူကြီးနှင့် သူ၏သက်တော်စောင့်တို့က ဒုတိယထပ်မှ ဖြေးညင်းစွာဆင်းသွားလိုက်ကြပြီးသူတို့နှင့်မရှေးမနှောင်းပင် စားပွဲဝိုင်းသုံးလေးခုမှလူများလည်းငွေရှင်း၍အလျှင်အမြန်ထွက်သွားကြတော့သည်။

အစောပိုင်းက သူ၏ကြွယ်ဝမှုကိုထုတ်ဖော်ပြသည့်ငွေရောင်ဝတ်စုံဝတ်လူကြီး၏အပြုအမူကို သတ္တိကောင်းသည်လား တုံးအသည်လားပင်ပြောဆိုရန်ခက်ခဲလှသည်။

ရွှင်ပျော်ပျော်အဖွဲ့အစည်း၏ကာကွယ်မှုအောက်တွင်ရှိသည့် စားသောက်ဆိုင်ထဲတွင်တိုက်ခိုက််မရသော်လည်း ဆိုင်ပြင်သို့ရောက်သည်နှင့်သွေးသံရဲရဲတိုက်ပွဲတစ်ခုဖြစ်တော့မည်က မေးနေစရာပင်မလိုပေ။

ငွေရောင်ဝတ်စုံဝတ်လူကြီး၏နောက်သို့လိုက်ပါသွားသည်က လူဆယ်ယောက်ကျော်ပင်ရှိပြီး ထိုအထဲရှိအနိမ့်ဆူံးလူကပင် ထိပ်တန်းအဆင့်ရှိကာ ထိုသူအားလုံးက သတ်ဖြတ်ရခြင်းကိုလက်ယဉ်နေသည့်ရက်စက်ကြမ်းကြုတ်သူများဖြစ်သည်။

ထိုသို့သော်လူများစွာ၏ပစ်မှတ်ထားခြင်းခံရသည့်လူကြီး၏ကံကြမ္မာကား...

“ စိတ်ဝင်စားစရာကောင်းတာတွေဖြစ်လာတော့မယ်.. “

ဒုတိယထပ်၏ပြတင်းပေါက်နားတွင်စားသောက်နေသည့် အစိမ်းရောင်ဝတ်စုံဝတ်သက်လက်ပိုင်းလူတစ်ယောက်က ပြုံး၍ရေရွတ်လိုက်ကာ သူ၏လက်ကိုမြောက်ကာ အော်ဟစ်လိုက်သည်။

“ ငွေရှင်းမယ်ဟေ့...”

&&&&

ရှောင်လင်ကျောင်းတော်

ကျောင်း၏အနောက်ဘက် တိတ်ဆိတ်အေးချမ်းသည့်ဇရပ်ငယ်တစ်ခုထဲတွင် လူတစ်စုရှိနေကြသည်။

အဝါရင့်ရောင်သင်္ကန်းကိုဝတ်ဆင်ထားပြီး အသက်အရွယ်ကြီးရင့်နေသည့်ဘုန်းကြီးနှစ်ပါး ၊ အသက်လေးဆယ်ကျော်အရွယ်ရှိသည့် ဘုန်းကြီးနှစ်ပါး ၊ အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး လက်တစ်ဖက်ပြတ်နေသည့်လူတစ်ယောက်နှင့် စုတ်ပြဲကာဖာတရာတေသည့်အနက်ရောင်ဝတ်စုံဝတ်အဖိူးအိုတစ်ယောက်တို့ဖြစ်သည်။

သူတို့၏အလယ်တွင် အသက်ဆယ့်နှစ်နှစ်ခန့်သာရှိမည့်ကောင်လေးတစ်ယောက်ရှိနေပြီး တစ်ဦးမှစကားမပြောကြဘဲ အခြေအနေက အနည်းငယ်ထူးဆန်းနေသည်။

ရှောင်လင်ကျောင်းတော်တွင် ဂုဏ်သိက္ခာကြီးမားလှသည့်‌တာမောအဆောင်မှူးနှင့် လောဟန်အဆောင်မှူး၊ သူ၏ဆရာရွှမ်းမင်ဆရာ‌တော်နှင့်အဖိုးလေးရွှမ်းဝန်ဆရာတော်၊ အဖိုးစု၊ ဦးလေးစန်း စသည့်လူများ၏ကြားတွင်ရှိနေသည့်ရှောင်ယောင်ကား အနည်းငယ်ကြောင်အအမျက်နှာဖြင့်ရှိနေပြီး သူ၏ပတ်လည်တွင်ရှိနေသူများကို တစ်ချက်ကြည့်လိုက်သည် ။

ထိုလူများအားလုံးက သူ့အတွက်ရောက်ရှိနေခြင်းဖြစ်ပြီး တာမောအဆောင်မှူးဆရာတော်ခုံးရှနှင့် လောဟန်အဆောင်မှူးဆရာတော်ခုံးဝန်တို့ပါ သူ့ကိုကူညီရန်ရောက်ရှိနေခြင်းဖြစ်သည်။

ယနေ့က ရှောင်ယောင်အတွက်အရေးကြီးလှသည့်နေ့တစ်နေ့ဖြစ်ပြီး သူ့ကိုသွေးကြောများဖွင့်လှစ်‌ပေးမည့် အဖိုးဟွမ်ကိုစောင့်ဆိုင်းနေခြင်းဖြစ်သည်။

မနေ့ကနံနက်ပိုင်းက အဖိုးစုနှင့် ဦးလေးစန်းတို့မျှော်လင့်မထားဘဲရောက်ရှိလာသည့်အပြင် ညဘက်တွင် အဖိုးအိုဟွမ်ပါရောက်ရှိလာသည်။

အဖိုးဟွမ်၏စကားအရ သူ၏သွေးကြောများကိုဖွင့်လှစ်ပေးရန်သင့်လျော်သည့်အချိန်ကိုရောက်နေပြီး မူလကသုံးနှစ်ခန့်စောင့်ဆိုင်းရမည်ဟုခန့်မှန်းထားသော်လည်း ရှောင်ယောင်၏ထူးချွန်လှသည့်အရည်အချင်းကြောင့် ရွှေဝတ်ရုံလွှာကျင့်စဉ်ကိုနှစ်အတွင်းကြီးကြီးမားမားတိုးတက်ခဲ့ပြီး ယခုလို သူ့ကိုကုသချိန်တစ်နှစ်စောသွားခြင်းဖြစ်၏။

အဖိုးဟွမ်က သွေးကြောမကြီးများဖွင့်လှစ်ရာတွင် သိုင်းဝိဇ္ဇာအဆင့်ရှိသည့်လူခြောက်ယောက်ကိုလိုအပ်သည်ဟုဆိုထား၍ တာမောအဆောင်မှူးနှင့်လောဟန်အဆောင်မှူးတို့ရောက်နေခြင်းဖြစ်ကာ ထိုဆရာတော်ကြီးများကလည်း ရှောင်ယောင်၏အသက်အန္တရာယ်နှင့်သက်ဆိုင်သည့်ကိစ္စဖြစ်၍ ကူညီရန်လိုလိုလားလားလက်ခံခဲ့ကြသည်။

ထို့ကြောင့် လူသူအရောက်အပေါက်နည်း၍တိတ်ဆိတ်သည့်ဤနေရာလေးကိုသူတို့ရောက်လာခြင်းဖြစ်ပြီး အဖိုးဟွမ်ကား ရှောင်လင်ကျောင်းထိုင်ဆရာတော်ကိုဂါရဝပြုနေ၍ ရောက်မလာသေးဘဲ သူ့ကိုစောင့်ဆိုင်းနေရခြင်းဖြစ်သည်။

သူ၏စိတ်ထဲတွင် သွေးကြောမကြီးများဖွင့်လှစ်ပြီးစီးသည့်အခါ သာမန်လူများလိုကျန်းမာရေးကောင်းမွန်မည့်ကိစ္စကို ယခင်က အကြိမ်များစွာကြိုတင်စဉ်းစားမိသော်လည်းယခုလိုနဖူးတွေ့ဒူးတွေ့ကြုံရသည့်အခါ ရှောင်ယောင်လည်း ငြိမ်သက်စွာထိုင်နေသော်ငြား အတွင်းပိုင်းတွင်စိတ်လှုပ်ရှားမိသည်။

ရှောင်ယောင်တစ်ယောက်မည်မျှရင့်ကျက်သည်ဟုဆိုပါစေ အသက်ဆယ်နှစ်နှစ်ကျော်သာရှိသည့်ကလေးတစ်ယောက်အနေဖြင့် သူ၏အသက်နှင်ါသက်ဆိူင်သည့်ယခုလိုကိစ္စမျိူးတွင် အနည်းငယ်စိတ်လှုပ်ရှားမိသည်ကမထူးဆန်းဘဲ ထိုအချက်ကိုရိပ်စားမိသည့် စန်းဟုန်းလျန်က ရှောင်ယောင်ကိုအားပေးသည့်အနေဖြင့် ပြုံး၍ခေါင်းညိမ့်ပြလိုက်သည်။

စန်းဟုန်းလျန်၏တည်ငြိမ်သည့်အပြုံးကြောင့်ရှောင်ယောင်၏ရင်ထဲတွင်နွေးထွေးသွားကာ ဖြေးညင်းစွာခေါင်းညိမ့်ပြလိုက်သည်။

All Chapters