← Chapters

သွေးကြောမကြီးများဖွင့်လှစ်ခြင်း

Vol. 1 Ch. 64

သွေးကြောမကြီးများဖွင့်လှစ်ခြင်း

Vol. 1 Ch. 64

“ ဒီဆေးဆရာစုတ်က ဘာလို့ကြာနေလဲမသိ ဆရာတော်တွေကိုအားနာစရာ...”

အဖိုးစုက တိတ်ဆိတ်နေသည့်အခြေအ‌နေကိုဖြိုခွင်းလိုက်ပြီး မကျေမနပ်မြည်တွန်တောက်တီးလိုက်သည်။

သူ၏စကားကြောင့်ဆရာတော်ခုံးရှက အသာပြုံး၍ပြောလိုက်သည်။

“ ရပါတယ် ဒကာကြီးစု ကျုပ်တို့ကိုအားနာစရာမလိုပါဘူး ။ ဒါနဲ့ ရွှမ်းနန် မင်းရဲ့မြေးလေးက တကယ့်ကိုထူးချွန်တာပဲ...”

တာမောဆောင်၏အဆောင်မှူးဖြစ်သည့်ဆရာတော်ခုံးရှက ပိန်ပါးသည့်ခန္တာကိုယ်ရှိကာ အသက်ရှစ်ဆယ်ဝန်းကျင်ပြီရှိပြီဖြစ်ပြီး ရှောင်ယောင်ကို သဘောကျသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။

သူ၏စကားကြောင့် ဆရာတော်ရွှမ်းနန်၏မျက်နှာထက်တွင်အပြုံးတစ်ခုပေါ်လာပြီး ရှောင်ယောင်ကိုတစ်ချက်ကြည့်လိုက်သည် ။

ဆရာတော်ခုံးရှလို ဝါစဉ်ကြီးဆရာတော်တစ်ပါး၏ချီးမွမ်းမှုကြောင့် ရှောင်ယောင်၏မျက်နှာထက်၌ အနည်းငယ်ရှက်ရွံ့သည့်အမူအယာတစ်ခုပေါ်လာပြီးလက်အုပ်ချီ၍အရိုအသေပေးကာပြန်ဖြေလိုက်သည်။

“ တပည့်တော်က ဒီလောက်အထိမဟုတ်သေးပါဘူး ဘုရား ။ အဖိုးလေးနဲ့ ဆရာရဲ့သင်ကြားပေးမှုကလည်း ကောင်းမွန်လို့ပါ...”

ရှောင်ယောင်၏နှိမ့်ချသည့်စကားကြောင့် ဆရာတော်ခုံးရှမှာ ထိုကောင်လေးကို‌ပို၍ပင်သဘောကျလာပြီး စကားတစ်ခွန်းမှမဆိုသေးသည့်ဆရာတော်ခုံးဝန်ကပင်ဝင်ပြောလာသည်။

“ ဒီကလေးရဲ့ ပါရမီကအလွန်ကောင်းမွန်တဲ့အပြင် ကြိုးစားမှူကလည်း ဩချလောက်စရာပဲ။ ရွှမ်းမင်မှာ ဒီလိုတပည့်မျိူးရှိတာ သူဂုဏ်ယူသင့်တယ်...”

သူ့ဆရာ၏စကားကြောင့် တည်ငြိမ်စွာထိုင်နေသည့် ဆရာတော်ရွှမ်းမင်လည်း သူ့ကိုဂုဏ်တတ်စေသည့် တပည့်လေးကိုကြည့်လိုက်မိသည်။

ရှောင်ယောင်၏တိုးတက်မှုမှာ သူတို့၏မျက်စေ့ရှေ့တွင်ပင်ဖြစ်၍ ဆရာတော်ခုံးရှတို့လို အတွေ့အကြုံရင့်သိုင်းပညာရှင်များပင် ရှောင်ယောင်၏ပါရမီကိုအံ့ဩရသည်။

အရေးအကြီးဆုံးက ရှောင်ယောင်၏ကြိုးစားအားထုတ်မှုဖြစ်ပြီး သူ၏ကြိုးစားမှုက ဇွဲကောင်းလှပါသည်ဆိုသည့်ကိုရင်ကြွယ်စင်းနှင့်ပင်နှိုင်းယှဉ်နိုင်သည်။

ထို့ကြောင့်လည်း ဆရာတော်ခုံးရှတို့မှာ ရှောင်ယောင်ကို သဘောကျနေရခြင်းဖြစ်ပြီး ရှောင်ယောင်က ရှောင်လင်ဂိုဏ်းသားစစ်စစ်မဟုတ်သော်ငြား လူဝတ်ကြောင်တပည့်တစ်ဦးဖြစ်၍ ရှောင်လင်ကျောင်းတော်သားဟုဆိုနိုင်ပေသည်။

ထို့ကြောင့် နောင်တစ်ချိန်တွင် ထွန်းတောက်လာမည့်ကြယ်တစ်ပွင့်က သူတို့ရှောင်လင်၏ဂုဏ်သဆင်းကိုဆောင်နိုင်မည်ဖြစ်ရာ ဆရာတော်ခုံးရှတို့ ကျေနပ်သဘောကျနေသည်ကအထူးအဆန်းတော့မဟုတ်ပေ။

စန်းဟုန်းမင်ကား ဝါစဉ်ကြီးသိုင်းပညာရှင်များကပင် ချီးကျူးနေကြသည့် ရှောင်ယောင်ကိုအပြုံးမျက်နှာဖြင့်ကြည့်‌နေကာ သူကိုယ်တိုင်ချီးကျူးခံနေရသည့်အလား ပီတိဖြစ်နေမိသည်။

“ အဟမ်း ...ရှောင်ယောင်ကို ကျုပ်လည်း နည်းနည်းပါးပါးသင်ပေးဖူးတော့ သူက ကျူပ်ရဲ့မြေးတပည့်လို့ပြောလို့ရတယ်...”

အရှက်မရှိသည့်လေသံဖြင့် ဝင်၍ဂုဏ်ယူဝံ့ကြွားနေသည့် အဖိုးစု၏စကားကြောင့် သူတို့အားလုံးပြုံးလိုက်မိကြပြီး ခပ်လှမ်းလှမ်းမှအသံတစ်ခုကိုပါကြားလိုက်ရသည်။

“ သူတောင်းစားစုတ် မင်းက ဒီကောင်လေးနဲ့ဘာမှမဆိုင်တာကို...”

စကားသံကမှ အနည်းငယ်နောက်ကျနေသေးသည်။ အဖြူရောင်ဖျင်ကြမ်းဝတ်စုံကိုဝတ်ငထားသည့်အဖိုးဟွမ်၏ခန္တာကိုယ်က သူတို့အနီးသို့ရိပ်ခနဲရောက်ရှိလာသည်။

သရဲတစ္ဆေတစ်ကောင်လိုပင်ထင်ရနိုင်သည့် အဖိုးဟွမ်၏ကိုယ်ဖော့ပညာကြောင့် ဆရာတော်ခုံးရှတို့နှစ်ပါးလည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသလို အဖိုးစုကလည်း ခေါင်းငုံ့မခံဘဲ ပြန်ပတ်လိုက်သည် ။

“ ဟမ့်..ငါကရှောင်ယောင်ကို တေလေဂိုဏ်းရဲ့မူပိုင်သိုင်းပညာဖြစ်တဲ့ မသေမျိုးနတ်သားရဲ့အရက်မူးရှစ်ကွက်ကိုသင်ပေးထားတာကွ ။

မင်းတို့နေရာမှာတောင် ဒီလိုသိုင်းပညာမျိုးကလက်ချိုးရေလို့ရအောင်နည်းလိမ့်မယ်...”

ယခုတစ်ကြိမ်တွင် အဖိူးဟွမ်မှာ စကားပြန်မပြောနိုင်ဘဲ အားစေးထည့်သလိုဖြစ်သွားလေသည် ။

အဖိုးစုနှင့်ရင်းနှီးသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်၍ ထိုသူတောင်းစား၏ကိုယ်ဖော့ပညာမည်မျှအစွမ်းထက်သည်ကိုလည်းသူအသိဆုံးဖြစ်ပြီး ထိုကဲ့သို့ ဂိုဏ်း၏မူပိုင်သိုင်းပညာမျိုးကိုပင်လက်ဆင့်ကမ်းသင်ပေးသည့် အဖိုးစု၏ရက်ရောမှုကို သူကိုယ်တိုင်ပင်လေးစားသွားမိသည်။

သို့‌သော် တစ်ယောက်ကိုတစ်ယောက်အရှုံးမပေးသူများပီပီ အနည်းငယ်စဉ်းစားပြီးနောက် ပြန်၍ချေပလိုက်သည်။

“ အဲဒီတော့ဘာဖြစ်သေးလဲ..ငါက သူ့ကို ငါလေ့ကျင့်တဲ့ သန့်စင်ခြင်းအတွင်းအားရဲ့ပထမသုံးဆင့်ကိုသင်ပေးထားတာကွ ။

ဒီသုံးဆင့်လုံးကိုအောင်မြင်ရင်အနှစ်ခြောက်ဆယ်အတွင်းအားရရှိမှာ။ နောက်ထပ်ကျန်တဲ့နှစ်ဆင့်ကိုလည်း အခုတစ်ခေါက်မှာ ငါသင်ပေးခဲ့မှာ...

ကလေးကို မင်းလိုမျိူး အသုံးမကျတဲ့ထွက်ပြေးရတဲ့ပညာကို ငါသင်ပေးမှာမဟုတ်ဘ “

ယခုတစ်ကြိမ်တွင် အဖိုးအိုဟွမ်၏စကားများကြောင့် အဖိူးစုအံ့အားသင့်ရသည့်အလှည့်ဖြစ်သည်။

အဖိုးဟွမ်ကြွားဝါနေသည့် သန့်စင်ခြင်းအတွင်းအားက ရှေးကျသည့်ထိပ်တန်းအတွင်းအားကျင့်စဉ်ဖြစ်ပြီး မည်သည့်ထိပ်တန်းအဆင့်အတွင်းအားကျင့်စဉ်နှင့်မဆိုနှိုင်းယှဉ်နိုင်သည်။

အဆင့်ငါးဆင့်ပါဝင်သည့်ထိုကျင့်စဉ်မှာ တစ်ဆင့်အောင်မြင်လျှင် အနှစ်နှစ်ဆယ်အတွင်းအားရှိပြီး လက်ရှိရှောင်ယောင်တတ်မြောက်ထားသည့်သုံးဆင့်လုံးကိုအောင်မြင်လျှင် သိုင်းဝိဇ္ဇာအဆင့်အတွင်းအားကိုရရှိပေမည်။

ဤသည်ကအဓိကအချက်မဟုတ်သေးပေ။

ထိုအတွင်းအားကျင့်စဉ်၏အဓိကကောင်းကျိုးက သူ၏နာမည်နှင့်လိုက်အောင်သန့်စင်သည့်အတွင်းအားဖြစ်ပြီး သာမန်အတွင်းအားကျင့်စဉ်များထက် အပြက်အသက်သာလွန်သည့်သန့်စင်မှူမျိူးရှိသည်။

သမားတော်တစ်ဦးဖြစ်သည့်တိုင် ကပ်စေးနဲကော်တရာဟုသူသိထားသည့်အဖိူးဟွမ်က ရှောင်ယောင်အပေါ်ယခုလိုရက်ရောမည်ဟုသူမထင်ထား၍ အဖိုးစုလည်းအချိန်အနည်းငယ်ငြိမ်သက်သွားတော့သည်။

ထိုအချိန်တွင်ကြားထဲရှိအံ့ဩတုန်လှူပ်နေသူများက ဆရာတော်ခုံးဝန်နှင့်ခုံးရှတို့သာဖြစ်သည်။

ဆရာတော်ရွှမ်းမင် ၊ စန်းဟုန်းလျန်တို့နှင့်မတူညီစွာ သူတို့နှစ်ယောက်က အဖိုးစုတို့ပြောနေသည့်ပညာရပ်နှစ်ခုအကြောင်းကိုကောင်းစွာသိထားကြရာ ထိုပညာရပ်များမည်မျှအစွမ်းထက်သည်ကိုကောင်းစွာသိထားကြသည်။

သိုင်းဝိဇ္ဇာအဆင့်ကိုရောက်ရှိပြီး‌နောက်တွင် ထိပ်တန်းအဆင့်သိုင်းပညာအများစုပင်အသုံးမဝင်သော်လည်း ထိုပညာရပ်နှစ်ခုက သူတို့လိုသိုင်းဝိဇ္ဇာအလယ်အဆင့်ပညာရှင်များအတွက်ပင်အရေးပါနေသေးသည် ။

ထို့အတူ အဖိုးအိုနှစ်ယောက်၏ ချစ်ခင်ဂရုစိုက်မှုကိုရရှိပြီး သိုင်းပညာလေ့ကျင့်စကပင် အစွမ်းထက်လှသည့်သိုင်းပညာနှစ်ခုကိုတတ်မြောက်နေသည့်ရှောင်ယောင်၏ကံကောင်းမှုကိုလည်း ပို၍ပင်အံ့အားသင့်မိသည်။

“ ကဲကဲ...အပိုတွေမပြောတော့ဘူး ကလေးကို သွေးကြောမကြီးတွေဖွင့်ပေးရအောင်...”

အဖိုးအိုဟွမ်က အဖိုးစုနှင့်‌ဆက်လက်ငြင်းခုန်ခြင်းမပြု‌တော့ဘဲ သူ၏လက်ကိုဝေ့ယမ်းရင်းပြောလိုက်သည်။

ထိုစကားကြောင့် ဇရပ်လေးထဲရှိလူအားလုံး၏အမူအယာကလေးနက်တည်ကြည်သွားပြီး အဖိူးစု၏အမူအယာပင်ပြောင်းလဲသွားကာ တည်ငြိမ်သည့်လေသံဖြင့်မေးလိုက်သည်။

“ ဟွမ်ကြီး...မင်းအောင်မြင်ဖို့ ဘယ်လောက်ရာခိုင်နှုန်းရှိလဲ။ ဒီကိစ္စက အလွန်အန္တရာယ်များတာမင်းလဲသိတယ်နော်...”

အဖိုးစုမှာ စ‌နောက်နိုင်ခြင်းပင်မရှိတော့ဘဲ အလေးအနက်ပုံစံဖြစ်နေသည် ။

အဖိူးအိူဟွမ်၏ဆေးပညာ်မည်မျှအစွမ်းထက်သည်ကိုသူအသိဆုံးဖြစ်သော်လည်း တစ်ဖက်တွင် တစ်ခုခုမှားယွင်းသွားပါက ရှောင်ယောင်၏အသက်အန္တရာယ်ထိခိုက်နိုင်၍ယခုလိုမေးလိုက်ခြင်းဖြစ်သည် ။

သူ၏ပညာကိုမေးခွန်းထုတ်ခံလိုက်ရ၍ အဖိုးအိုဟွမ်ကအနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်သွားသော်ငြား ကျန်လူများ၏စိုးရိမ်ပူပန်သည့်အကြည့်ကြောင့် တည်ကြည်သည့်အမူအယာဖြင့်ပြန်ဖြေလိုက်သည်။

“ လွန်ခဲ့တဲ့နှစ်နှစ်ကဆိုရင် ရှစ်ဆယ်ရာခိုင်နှုန်းပဲရှိပေမယ့်။ ဒီကလေးရဲ့ခန္တာကိုယ်က မျှော်လင့်ထားတာထက်ပိုကောင်းနေတဲ့ အခုကိုးဆယ့်ငါးရာခိုင်နှုန်းအထိရှိတယ်။

ပြီးတော့ ဒီကိုမလာခင် ကျောင်းထိုင်ဆရာတော်နဲ့ပါအသေအချာဆွေးနွေးလာတော့ လုံးဝအောင်မြင်‌စေရမယ်...”

အဖိုးအိုဟွမ်၏ရဲရင့်သည့်အာမခံစကားကြောင့် စန်းဟုန်းလျန်နှင့် ဆရာတော်ရွှမ်းနန်တို့လည်း အနည်းငယ်စိုးရိမ်မှုလျော့ကျသွားသည်။

“ စလိုက်ရအောင်...ဆရာတော်ခုံးရှတို့က ရန်၊ တု၊ချုံ၊ တိုင်နဲ့ယင်ကျိုဆိုတဲ့ သွေးကြောမကြီးငါးခုမှာနေရာယူထားလိုက်။ ကျုပ်က ယန်ကျိုသွေးကြောမကြီးကိုတာဝန်ယူမယ်။

ပြီးတော့ ကျုပ်အချက်ပြတာနဲ့ ပြိုင်တူ အနှစ်ခြောက်ဆယ်စာအတွင်းအားပို့လွှတ်လိုက်။ တစ်ခုရှိတာက အတွင်းအားကိုတစ်ပြိုင်နက်ပို့လွှတ်ရမှာနော်။ မဟုတ်ရင် ဒီကလေးရဲ့ခန္တာကိုယ်ထဲမှာ အားလှိုင်းတွေရှုပ်ထွေးကုန်လိမ့်မယ်။။

ရော့ ရှောင်ယောင် မင်းက ဒီဆေးလုံးတွေကိူအရင်စားလိုက် ။ ဒါက မင်းကို အနှစ်သုံးဆယ်စာအတွင်းအားကို အချိန်တခဏရအောင်ကူညီပေးလိမ့်မယ်။

ဒါမှ ငါတို့ပို့လွှတ်တဲ့အတွင်းအားတွေကိုခံနိုင်မှာ...”

အဖိူးအိုဟွမ်က ကရားရေလွှတ်သလိုတတွတ်တွတ်ပြောဆို၍အမြဲလိုလိုကိုယ်နှင့်မကွာဆောင်ထားသည့် သေတ္တာငယ်လေးတစ်ခုကိုထုတ်ယူလိုက်သည်။

ထိုသေတ္တာလေးမှာ အရွယ်အစားတစ်ထွာသာသာရှိပြီး အထူမှာ လက်နှစ်သစ်ခန့်သာရှိသည်။

အနက်ရောင်ကျွန်းသားဖြင့်ပြုလုပ်ထားသည့်ထိုသေတ္တာလေးမှာ အဖိုးအိုဟွမ်တန်ဖိုးအထားရဆုံးပစ္စည်းလည်းဖြစ်ပြီး အထဲတွင် အကန့်လေးငါးခုခွဲ၍ ဆေးပုလင်းငယ်အချို့နှင့်ရွှေရောင်ဝင်းနေသည့်အပ်ငယ်များကိုထည့်ထားသည်။

လေးငါးမျိုးခန့်ရှိမည့်ပုလင်းငယ်လေးများက လွန်စွာသေးငယ်လှသော်လည်း ထိုအထဲရှိဆေးတစ်စက်က သေခါနီးလူတစ်ယောက်ကိုပင်ပြန်ကောင်းလာစေသည်အထိအစွမ်းထက်ပေသည်။

ထို့ကြောင့်ပင် အဖိုးအိုဟွမ်ကို သိုင်းလောက၌ ဆေးတစ်စက်သမားတော်ဟုခေါ်ကြပြီး နှစ်တစ်ရာအတွင်းအတော်ဆုံးသမားတော်သုံးဦးထဲတွင်အပါအဝင်ဖြစ်သည်။

အဖိူးအိုဟွမ်က ပုလင်းများကို ယောင်၍ပင်ထိမကြည့်ဘဲ ရွှေအပ်ကလေးကိုးချောင်းကိုထုတ်ယူကာ ‌သေတ္တာအဖုံးကို ပြန်ပိတ်လိုက်သည်။

တစ်လက်မခန့်သာရှိမည့်အပ်ငယ်လေးများကရွှေအစစ်ဖြင့်ပြုလုပ်ထားခြင်းဖြစ်သည့်အပြင် အဖိူးအိုဟွမ်၏အစွမ်းအထက်ဆုံးပညာရပ်ကလည်း အပ်စိုက်ကုထုံးပင်ဖြစ်သည် ။

ထို့နောက် အဖိုးအိုဟွမ်က သေတ္တာကိုပြန်သိမ်း၍ သူ၏အင်္ကျီအတွင်းမှ အဖြူရောင်ကြွေပုလင်းလေးကိုထုတ်ယူလိုက်ပြီးအထဲမှ အနီရောင်တောက်ပသည့်ဆေးသုံးလုံးကိုရှောင်ယောင်၏လက်ထဲသို့ထည့်ပေးလိုက်သည်။

“ ကောင်လေး ဒီဆေးသူံးလုံးကိုသောက်ပြီး ခြေချိတ်ထိုင်ပြီးအတွင်းအားစုစည်းလိုက်။

သူတောင်းစားစုတ်ပေးတဲ့ လုံဇီဆေးမြစ်ကို အဓိကသုံးပြီးဖော်စပ်ထားတဲ့ ဒီဆေးသူံးလုံးက မင်းကိုအနှစ်သုံးဆယ်စာအတွင်းအားရအောင်ကူညီပေးလိမ့်မယ်...”

အဖိုးအိုဟွမ်၏စကားကြောင့် ရှောင်ယောင်သာမကကျန်လူများပင်ကြက်သေသေသွားသည်။

အနှစ်သုံးဆယ်ဆိုသည့်အတွင်းအားက သာမန်သိုင်းထိပ်သီးတစ်ယောက်၏အတွင်းအားပမာဏဖြစ်ပြီး ယခုထိုဆေးသူံးလုံးကိုသောက်ရုံဖြင့် သိုင်းထိပ်သီးအဆင့်အတွင်းအားကို ရရှိနိုင်မည်ဆိုသည့်သဘောပင်ဖြင်သည်။

သူ၏စကားအဆုံး၌တွေဝေသွားကြသည့် အခြားလူများ၏အမူအယာကိုကြောင်ကြည့်နေပြီးမှ အဖိူးဟွမ်လည်း ခေါင်းယမ်း၍ရှင်းပြလိုက်သည်။

“ ဒါက ရှောင်ယောင်ကို ယာယီပဲအတွင်းအားတိုးစေမှာပါ။ ဒါမှလည်း သိုင်းဝိဇ္ဇာအဆင့်အတွင်းအားခြောက်ခုကိုသူခံနိုင်မှာပေါ့။

လက်ရှိသူ့ရဲ့ခန္တာကိုယ်ကအတော်လေးကြံ့ခိုင်နေပြီဆိုပေမယ့်ဒီအတိုင်းသာ သွေးကြောမကြိးတွေကိုဖွင့်ရင် အတွင်းအားခြောက်ခုထည့်ပေးရုံနဲ့သူ့တစ်ကိုယ်လုံးပေါက်ကွဲသွားလိမ့်မယ် ။

အခု ကျုပ်ပေးတဲ့ဆေးလုံးတွေက သူ့ကို အနှစ်သုံးဆယ်အတွင်းအားတခဏရစေပြီးတော့ ခင်ဗျားတို့ပို့တဲ့အတွင်းအားတွေကိုထိမ်းကြောင်းနိုင်ပြီးသူ့ရဲ့သွေးကြောမကြီးတွေကိုဖွင့်လှစ်နိုင်မှာပဲ ။

ပုံမှန်ဆိုရင်အဆင့်လွန်ထိပ်သီးအဆင့်မှာ သွေးကြောသုံးခုအထိပဲဖွင့်နိုင်ပြီး နောက်ခံကောင်းပြီး ပါရမီရှိတဲ့လူတစ်ချို့ကသာ လေးခုအထိဖွင့်နိုင်တာမဟုတ်လား။

ဘယ်သူမဆို ကျန်တဲ့သွေးကြောနှစ်ခုကို သိုင်းဝိဇ္ဇာအဆင့်ရောက်မှဖွင့်နိုင်ကြတာလေ ။

ပုံမှန်ဆိုရင် အတွင်းအားပညာရပ်ကိုပေါက်မြောက်ဖိူ့သွေးကြောမကြီးခြောက်ခုဖွင့်ဖိူ့ပဲလိုအပ်ပြီးတော့ သွေးကြောမကြီးရှစ်ခုလုံးဖွင့်လှစ်ထားနိုင်တဲ့လူက သိုင်းဝိဇ္ဇာအဆင့်မှာတောင်မရှိသလောက်ရှားတယ်လေ ။

အခုဒီကောင်လေးက ထိပ်သီးအဆင့်အတွင်းအားကို ခဏလေးပဲရမယ်ဆိုပေမယ့် သူ့ရဲ့သွေးကြောမကြီးခြောက်ခုကိုဖွင့်နိုင်သွားရင် သွေးကြောမကြီးတွေပိတ်ဆို့တဲ့ရောဂါကိုကုသပြီးသားဖြစ်သလို အတွင်းအားလေ့ကျင့်တဲ့နေရာနဲ့ ထိမ်းချုပ်အသုံးပြုတဲ့နေရာမှာ သာမန်လူတွေထက်အများကြီးသာလွန်သွားမှာပဲ...

သူ့ရဲ့ပါရမီနဲ့ဆိုရင် နောင်တစ်ချိန်ကျရင် ကျုပ်တို့ထက်တောင် သာလွန်သွားဦးမယ် “

အဖိုးအိုဟွမ်ကရှည်လျားစွာရှင်းပြ၍သူ၏စကားကိုအဆုံးသတ်လိုက်သည်။

All Chapters