လမ်းစဉ်နှစ်ခုရွေးချယ်မှု
Vol. 1 Ch. 65
ရှောင်လင်ကျောင်းတော်၏အနောက်ဘက်ရှိဇရပ်ငယ်လေးတစ်ခု
အသက်ဆယ့်နှစ်နှစ်ခန့်ရှိမည့်ကလေးငယ်လေးတစ်ယောက်ကို အဝါရောင်သင်္ကန်းဆင်မြန်းထားသည့်ဘုန်းကြီးအိုနှစ်ပါး ၊ သက်လက်ပိုင်းအရွယ်ဘုန်းကြီးနှစ်ပါးနှင့် အသက်ရှစ်ဆယ်ကျော်ခန့်ရှိမည့်အဖိုးအိုနှစ်ယောက်တို့က ဝန်းရံထားသည်။
အဖြူရောင်ဝတ်စုံဝတ်လူတစ်ယောက်က အထဲကိုစိုးရိမ်တကြီးပုံစံမျိုးဖြင့်စောင်ကြည့်လျက်ရှိကြသည်။
လူများ၏အလယ်တွင်ခြေချိတ်ထိုက်ကာ တည်ငြိမ်သည့်မျက်နှာဖြင့်ရှိနေသူက ရှောင်ယောင်ပင်ဖြစ်ပြီး သူ၏နောက်ဘက်ရှိအဖိုးအိုဟွမ်က လေးနက်သည့်အသံဖြင့်ပြောလိုက်သည်။
“ ရှောင်ယောင် ဆေးလုံးတွေကိုသောက်ပြီး အတွင်းအားစုစည်းလိုက် ...ရဲရဲလုပ်..”
အဖိုးဟွမ်၏စကားကြောင့် ရှောင်ယောင်လည်းစိတ်ပိုင်းဖြတ်လိုက်ပြီးသူ၏လက်ဝါးထဲရှိနီရဲနေသည့်ဆေးလုံးသုံးလုံးကို ပါးစပ်အတွင်းပစ်ထည့်၍ဝါးမြိုလိုက်သည်။
အနည်းငယ်ပူနွေးပြီး ပြင်းရှသည့်ဆေးအရသာက သူ၏လျှာပေါ်တွင်ဖြတ်စီးသွားပြီး မြိုချလိုက်ပြီးသည့်အခါ ဝမ်းဗိုက်အတွင်းပူနွေးသည့်အားလှိုင်းကြီးတစ်ခုကထွက်ပေါ်လာတော့သည်။
ရှောင်ယောင်လည်း ထိုအဖြစ်ကြောင့်အနည်းငယ်ထိတ်လန့်မိသော်ငြား အဖိုးဟွမ်ကိုယုံကြည်မှုရှိ၍ ရုတ်တရက်ထွက်ပေါ်လာသည့်အတွင်းအားလှိုင်းများကို စုစည်းလိုက်သည် ။
အမှန်အတိုင်းဆိုရပါလျှင် ရှောင်ယောင်၏စိတ်ထဲတွင် တုန်လှုပ်မှုတို့ရှိနေပြီး သူ၏သွေးကြောများပိတ်ဆို့နေမှုကြောင့် ငယ်စဉ်ကပင် သွေးလှည့်ပတ်မှုအားနည်းကာ အတွင်းအားလေ့ကျင့်မရပေ။
အကြောင်းက သာမန်လူများလို အတွင်းအားကိုသူ၏သွေးကြောများထဲဖြတ်စီးစေလျှင် လွန်စွာဆိုးရွားသည့်နာကျင်မှုကိုခံစားရပြီး သွေးကြောများပေါက်ထွက်မည့်အန္တရာယ်ကိုပါရင်ဆိူင်ရ၍ဖြစ်သည် ။
ထို့ကြောင့်လည်း ရှောင်ယောင်မှာ မွေးစကပင် အခြားကလေးများထက်အားနည်းကာ ယခုအချိန်ထိအတွင်းအားပညာလေ့ကျင့်မရခြင်းဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် အတွင်းအားကိုမစုစည်းကဘဲ ခန္တာကိူယ်အစိတ်အပိုင်းများကိုပြုပြင်သည့် အပြင်အားလမ်းစဉ်ကိုသူလျှောက်လှမ်းနိုင်ပြီး ယခုအခါသူ၏ခံနိုင်ရန်က အတော်ပင်တိုးတက်လာသည်ဟုဆိုရမည်။
သို့သော် ဆေးလုံးများ၏အစွမ်းကြောင့် ကြီးမားသည့်အားလှိုင်းများကအဆက်မပြက်တိုးပွားလာနေပြီး ရှောင်ယောင်မှာ ထိမ်းချုပ်ရန်ပင်ခက်ခဲလာသည် ။
သိုင်းထိပ်သီးအဆင့်အတွင်းအားကိုရုတ်တရက်ရရှိလာမည်ဆိုလျှင်သိုင်းလောကသားများမှာ မည်သည့်အရာကိုပင်ဖြစ်စေစွန့်လွှတ်ဝံ့ကြမည်ဖြစ်သော်လည်း ရှောင်ယောင့်အတွက် ထိုအတွင်းအားများက ကပ်ဘေးတစ်ခုသာဖြစ်သည်။
ထို့နောက် အတွင်းအားလှိုင်းအချို့ကသူ၏သွေးကြောများဆီသို့ဝင်ရောက်သွားရာ ရှောင်ယောင်၏ခန္တာကိူယ်ကဆက်ခနဲတုန်ယငိသွားပြီး သူ၏မျက်နှာက ရှုံ့မဲ့သွားပြီးသွေးကြောများထောင်ထလာသည်။
“ အခုပဲ စလိုက်ကြတော့...”
အဖိုးဟွမ်၏အော်ဟစ်သံအဆုံး၌ ဆရာတော်ခုံးဝန်၊ ခုံးရှ၊ ဆရာတော်ရွှမ်းမင်၊ ဆရာတော်ရွှမ်းနန်နှင့် အဖိုးစုတို့က ရှောင်ယောင်၏သွေးကြောမကြီးများကိုထိကပ်ကာ သူတို့၏အတွင်းအားများကိုပို့လွှတ်လိုက်သညိ။
တစ်ချိန်ထဲမှာပင် အဖိုးစုကလည်း သူ၏အတွင်းအားကိုအနှစ်ခြောက်ဆယ်စာအထိလျော့ချ၍ ရှောင်ယောင်၏ကျန်သွေးကြောမကြီးတစ်ခုဆီသို့ပို့လွှတ်လိုက်သည်။
အဆမတန်များပြားပြီး နက်ရှိုင်းသည့်သည့်အတွင်းအားလှိုင်းများက သွေးကြောမကြီးများမှတစ်ဆင့်ဝင်ရောက်လာရာ ရှောင်ယောင်၏ခန္တာကိုယ်က တဆက်ဆက်တုန်ယင်လာပြီး လွန်စွာပြင်းထန်သည့်နာကျင်မှုကြောင့် ထိမ်းချုပ်မထားနိုင်ဘဲအော်ဟစ်လိုက်မိသည်။
“ အား....”
တောတောင်အနှံပဲ့တင်ထပ်သွားသည်အော်သံက ဇရပ်တစ်ခုလုံးကိုတုန်ဟည်းသွားစေပြီး အဝေးရှိရှောင်လင်ကျောင်းတော်အတွင်းရှိသိုင်းပညာလေ့ကျင်နေသည့်ဘုန်းကြီးကိုရင်များပင် အထိတ်တလန့်ဖြစ်သွားကြသည် ။
“ ပြင်းလိုက်တဲ့အတွင်းအား ...ဘယ်သူများပါလိမ့်...”
ကျောင်းတော်၏တံခါးနီဆောင်တွင်ရှိနေသည့် ကျားနဂါးဆရာတော်များပင် ရှောင်ယောင်၏အသံကို အတွင်းအားပြည့်ဝသည့်ပညာရှင်တစ်ယောက်ဟုထင်မြင်နေကြသည် ။
ဓမ္မဆောင်ထဲတွင် ဘုန်းကြီးတစ်ပါးနှင့်စကားပြောနေသည့် ကျောင်းထိုင်ဆရာတော်ကား ကျောင်း၏အနောက်ဘက်ကိုမျှော်ကြည့်လိုက်ရင်း အနီးရှိ တံခါးနီအဆောင်မှူးကို ဖြေးညင်းစွာပြောလိုက်သည်။
“ ညီတော် ခုံးတု ကျားနဂါးဆရာတော်ဆယ်ပါးကိုစေလွှတ်ပြီး အေးငြိမ်းမှု ဇရပ်ကို ဘယ်သူမှမသွားနိုင်အောင်..ကာကွယ်ခိုင်းလိုက်ပါ...”
ရုတ်တရက်မဆီမဆိုင်ပြောဆိုလာသည့် ရှောင်လင်ကျောင်းထိုင်ဆရာတော်၏ စကားကြောင့် တံခါးနီအဆောင်မှူးမှာ အံ့အားသင့်မိသွားသော်လည်း တစ်စုံတစ်ခုကိုပြန်မှတ်မိလိုက်၍ ကျောင်းထိုင်ဆရာတာ်ကိုဂါရဝပြုကာ တံခါးနီဆောင်သို့ ချက်ခြင်းပြန်သွားတော့သည်။
ထိုအချိန်တွင် သိုင်းဝိဇ္ဇာခြောက်ယောက်၏အတွင်းအားများအဆက်မပြက်တိုးဝင်နေမှုကြောင့် ရှောင်ယောင်၏ခန္တာကိုယ်မှ ပေါက်ကွဲတော့မည့်အဆင့်သို့ရောက်ရှိနေပြီး ခန္တာကိုယ်တစ်ခုလုံး တစ်စစီဖြစ်လုမတတ်နာကျင်မှုကြောင့် သတိလစ်တော့မည့်အခြေအနေသို့ရောက်ရှိနေသည်။
အပြင်မှစောင့်ကြည့်နေသည့် စန်းဟုန်းလျန်၏မျက်နှာထက်တွင်လည်း လွန်စွာစိုးရိမ်ပူပန်သည့်အမူအယာကိူအထင်အရှားတွေ့မြင်နိုင်ပြီး တစ်စုံတစ်ခုပြောမည်ပြုလိုက်သော်လည်းအနှောင်အယှက်ဖြစ်မည်စိုး၍ လက်သီးကိုသာကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်တော့သည်။
သူ၏လက်သည်းများက လက်ဖဝါးအတွင်းသို့ဖောက်ဝင်၍သွေးစက်စက်ကျဆင်းလာသည့်တိုင် စန်းဟုန်းလျန်မှာ သိရှိဟန်မတူဘဲ အခြေအနေဆိုးရွားနေသည့်ရှောင်ယောင်ကိုသာ စိုးရိမ်တကြီးကြည့်ရှုနေသည်။
“ ကောင်လေး မင်းရဲ့ကိုယ်ထဲကရှိနှင့်ပြီးတဲ့အတွင်းအားတွေကိုသုံးပြီး ကျန်တဲ့အတွင်းအားခြောက်ခုကိုထိမ်းကြောင်းလိုက်။ ပြီးရင် မင်းရဲ့သွေးကြောခြောက်ခုလုံးကို လုံးဝဖြတ်စီးခိုင်းလိုက် ....”
သူ၏ဘဝတစ်လျှောက်အဆိုးရွား ဆုံးဖြစ်သည့် ဝေဒနာကိုခံစားနေရကာ ဖော်ပြမရသည့်နာကျင်မှုကြောင့် သတိလစ်တော့မည့်ရှောင်ယောင်လည်း အဖိုးဟွမ်၏စကားကနားထဲသို့တိုးဝင်လာ၍ နောက်ဆုံးလက်ကျန်အသိစိတ်လေးကိုသုံးကာ အဖိုးဟွမ်ပြောသည့်အတိုင်းလုပ်ဆောင်လိုက်သည်။
ယခုလိုအခြေအနေမျိုးတွင် သူ၏လုပ်ရပ်သာချွတ်ချော်သွားပါက အတိုင်းမသိများပြားသည့်အတွင်းအားများကြောင့် သွေးကြောများပေါက်ကွဲ၍ တစ်ကိုယ်လုံးအပိုင်းပိုင်းအစစဖြစ်သွားနိုင်သော်လည်း ရှောင်ယောင်မှာ စွန့်စားကာ အဖိုးအိုဟွမ်ပြောသည့်အတိုင်းလုပ်ဆောင်ရန်ကိုရွေးချယ်လိုက်သည်
“ ဖောက်...ဖောက်...”
တစ်စုံတစ်ခုအက်ကွဲသံလို ခပ်အုပ်အုပ်အသံများက တစ်ချက်ပြီးတစ်ချက်မည်လာပြီး အသံတစ်ချက်မည်လာတိုင်းရှောင်ယောင်၏ခန္တာကိုယ်ကတုန်ယင်သွားတတ်သည်။
သို့သော် သူ၏မျက်နှာထက်ရှိနာကျင်မှုက တစ်စထက်တစ်စလျော့ကျလာပြီး ရှောင်ယောင်၏ခန္တာကိုယ်ထဲရှိသွေးကြောမကြီးများထဲတွင် အတွင်းအားလှိုင်းများ လွတ်လပ်စွာဖြတ်သန်းစီးဆင်းလာသည်။
ယခုအခြေအနေကိုမည်သို့ဖော်ပြရမည်ပင်မသိပေ။
နှစ်ပေါင်းရာထောင်ချီအောင်ငရဲကျလာသူတစ်ယောက်က မျက်တောင်တခတ်အချိန်လေးလွတ်မြောက်ခွင့်ရသလို စိတ်ကူးမကြညိ့နိုင်သည့်နာကျင်မှူကိုအဆက်မပြက်ခံစားလာရပြီး ရုတ်တရက်သက်သာပျောက်ကင်းသွားသည့်အတွက် ရှောင်ယောင်၏မျက်ဝန်းများထဲမှမျက်ရည်များပင်ကျဆင်းလာမိသည် ။
“ ရပြီ အောင်မြင်သွားပြီ...”
ရှောင်ယောင်၏အခြေအနကိုတစ်ချိန်လုံးအကဲခပ်နေသည့်အဖိုးအိုဟွမ်က ဝမ်းမြောက်သည့်လေသံဖြင့်ပြောရင်းသူ၏လက်ကိုပြန်ရုတ်လိုက်သည်။
ထို့နောက် ဆရာတော်ခုံးရှတို့နှစ်ပါးနှင့် ဆရာတော်ရွှမ်းနန်တို့လညး ရှောင်ယောင်၏ခန္တာကိူယ်နှင့်ထိကပ်ထားသည့်သူတို့၏လက်များကိုပြန်ရုတ်လိုက်ကြသည် ။
ရုတ်တရက် ထောက်ပံ့နေသည့်အတွင်းအားလှိုင်းများပြန်လည်ဆုတ်ခွာသွားရာ ရှောင်ယောင်လည်း အားပြက်သလိုခံစားလိုက်မိပြီးသူ၏ခန္တာကိုယ်က ဇရပ်ကြမ်းပြင်ပေါ်သို့ ချက်ခြင်းလဲကျသွားတော့သည်။
ထိုဖြစ်ရပ်ကြောင့် အားလုံးအံ့ဩထိတ်လန့်သွားကြပြီး အဖိုးစုက ရှောင်ယောင့်ကိုထူမမည်ပြုလိုက်စဉ် စန်းဟုန်းလျန်က ဇရပ်ထဲသို့ရိပ်ခနဲဝင်ရောက်လာကာ ရှောင်ယောင်ကိုပွေ့ထူရင်း အဖိုးအိုဟွမ်ကိုဒေါသတကြီးအော်ဟစ်လိုက်သည်။
“ ဆရာကြီးဟွမ် ဒါကဘာဖြစ်သွားတာလဲ ကုသမှုလုံးဝအောင်မြင်ရပါစေမယ်ဆို...”
ပုံမှန်အချိန်များတွင် တည်ငြိမ်အေးဆေးလှသည့်စန်းဟုန်းလျန်၏မျက်နှာထက်၌ ထိတ်လန့်တုန်လှုပ်ခြင်း ၊စိုးရိမ်ပူပန်ခြင်းနှင့် ဒေါသတို့ရောယှက်နေရာ အဖိုးဟွမ်ကိုပင်း တင်းမာခတ်ထန်သည့်လေသံဖြင့်အော်ဟစ်နေပြီဖြစ်သည် ။
“ ဟိုမှာကြည့်လိုက်...”
အဖိုးဟွမ်က ရှင်းပြရမှာကိုပင်ပျင်းရနေသည့်အလား မေးငေါ့ပြလိုက်ပြီး မသုံးလိုက်ရသည့်သူ၏ရွှေအပ်ကိုးချောင်းကို ဆေးသေတ္တာထဲသို့ပြန်သိမ်းနေသည်။
ထိုစဉ် အခြားလူများ၏ထူးဆန်းသည့်အကြည့်ကြောင့် စန်းဟုန်းလျန်လည်းသူ၏ရင်ခွင်ထဲသို့ပြန်ကြည့်လိုက်ရာ မျက်လုံးပွင့်နေပြီဖြစ်သည့် ရှောင်ယောင်က သူ့ကိုအံ့သြသည့်မျက်ဝန်းများဖြင့်ကြည့်ရှုနေသည်ကိုတွေ့လိုက်ရသည်။
&&&&
“ ဒီတော့ ကုသမှက အောင်မြင်ခဲ့တယ်ပေါ့...”
ကျောင်းထိုင်ဆရာတော်က သူ၏ရှေ့တွင် ရိုကျိုးသည့်ကိုယ်ဟန်ဖြင့်ထိုင်နေသည့်လူတစ်စုကိုကြည့်ကာ အပြုံးမျက်နှာဖြင့်မေးလိုက်သည်။
ရှောင်ယောင် ၊ စန်းဟုန်းလျန်နှင့်အဖိုးအိုနှစ်ယောက်တို့က ကျောင်းထိုင်ဆရာတော်၏အဆောင်သို့ရောက်ရှိနေခြင်းဖြစ်ပြီး ဆရာတော်ခုံးဝန်တို့ကား သူတို့၏လုပ်စရာကိစ္စများရှိသေး၍ တာမောဆောင်နှင့်လောဟန်အဆောင်သို့ပြန်သွားကြပြီဖြစ်သည်။
ကျောင်းထိုင်ဆရာတော်၏ အေးချမ်းပြီးကြင်နာမှုပြည့်ဝသည့်မေးခွန်းကြောင့် ရှောင်ယောင်၏ရင်ထဲတွင်နွေထွေးသွားပြီး ကြည်ညိုလေးစားသည့်လေသံဖြင့်ပြန်ဖြေလိုက်သည်။
“ အဖိုးဟွမ်ရဲ့ကုသပေးမှုကြောင့် တပည့်တော်ရဲ့ရောဂါကို လုံးဝပျောက်ကင်းအောင်ကုသနိုင်ပါပြီဘုရား...”
ရှောင်ယောင်၏ယဉ်ကျေးသည့်ပုံစံကြောင့် ဆရာတော်လည်း ခေါင်းတညိမ့်ညိမ့်ဖြင့်ပြုံးလိုက်ပြီး အဖိုးအိုဟွမ်က ဝင်ပြောလိုက်သည်။
“ ဒါ့အပြင် ဒီကောင်လေးက သွေးကြောမကြီးခြောက်ခုကိုဖွင့်ပြီးဖြစ်လို့ သူရဲ့ခရီးလမ်းက ဖြောင့်ဖြူးနေပြီ။
အလွန့်အင်မတန်ကံကောင်းတဲ့လူတစ်ချို့ကလွဲလို့ ကျန်တဲ့လူတွေက သွေးကြောမကြီးခြောက်ခုကိုဖွင့်ဖို့ သိုင်းဝိဇ္ဇာအဆင့်ထိရောက်ဖို့လိုအပ်တယ်လေ.။
ဘာပဲဖြစ်ဖြစ် အခုဆိုရင်သူက တစ်ဝက်လောက်အားစိုက်ထုတ်လိုက်တာနဲ့ သူများထက်နှစ်ဆအကျိုးဖြစ်ထွန်းတော့မယ်...”
အဖိုးဟွမ်၏စကားကြောင့် ရှောင်ယောင်လည်း သွေးကြောမကြီးခြောက်ခုပွင့်ခြင်းမှာ သူထင်ထားသည်ထက်ပင်အကျိုးများကြောင်းသိလိုက်သည်။
ထို့အပြင် ယခုအချိန်၌ သူခန္တာကိုယ်ထဲတွင် ပြောပလောက်အောင်အတွင်းအားမရှိသေးသော်လည်း လွန်စွာနေထိုင်ကောင်းမွန်၍ ပေါ့ပါးသွက်လက်နေသည်ဟုခံစားမိနေသည်။
ကျောင်းထိုင်ဆရာတော်က ရှောင်ယောင်ကိုကြည့်၍ မေးလိုက်သည်။
“ ဒါဆိုရင် မင်းဘယ်လမ်းကိုလျှောက်မယ်လို့ဆုံးဖြတ်ထားလဲ။ အခုလျှောက်လက်စဖြစ်တဲ့ အပြင်အားလမ်းစဉ်ကိုဆက်ပြီးလျှောက်မလား။
အပြင်အားလမ်းစဉ်က အခုချိန်မှာတိမ်မြုပ်နေပေမယ့် သူ့ရဲ့အစွမ်းက အထင်မသေးသင့်ဘူး။။ရှေးခေတ်ကဆိုရင် ထိပ်တန်းအဆင့်တိုက်ခိုက်နေရသမားတွေက သိုင်းဝိဇ္ဇာအဆင့်တွေကိုတောင်သတ်ဖြတ်နိုင်ပြီး ဓားလှံလက်််နက်မတိုးဘဲ အဆိပ်ကိုလည်း ကြောက်စရာမလိုတဲ့အတွက် သူတို့မှာအားနည်းချက်ဆိုတာ အလွန်နည်းတယ်။။
ဒါမှမဟုတ် အတွင်းအားလမ်းစဉ်ကိုလျှောက်ချင်သလား။ သွေးကြောမကြိးခြောက်ခုကိုဖွင့်ပြီးထားတော့ မင်းရဲ့လမ်းမှာ အတားအဆီးမရှိတော့ဘူးလို့တောင်ပြောလို့ရတယ်။။
မင်းရဲ့လက်ရှိအခြေအနေနဲ့ဆိုရင် အတွင်းအားလမ်းစဉ်ကိုလျှောက်ရင် အစွမ်းထက်သိုင်းပညာရှင်တစ်ယောက်ဖြစ်လာနိုင်ပေမယ့် အချိန်တိုအတွင်းတော့ သူများတွေကိူအမှီလိုက်နိုင်ဖို့မဖြစ်နိုင်ဘူး...”
ဆရာတော်၏စကားကြောင့် ရှောင်ယောင်လည်း တွေဝေငေးငိုင်သွားတော့သည်။