အွန်းမျို့ဂျီ (Onmyoji)
Vol. 7 Ch. 85
ကျန်းချန် ဒဏ်ရာရရှိသွားမှန်း သိသော်လည်း ရဲရှင်းဟွေ့ သူ့အား သွားမကြည့်ခဲ့ချေ။ ရန်သူများ ကျန်ရှိနေသေး၍ လက်ရှိနေရာတွင်ပင် ဆက်လက်ရပ်နေခဲ့သည်။
တစ်ဖက်တွင်မူ ကျန်းချန်သည် သူ့ထံသို့ ဒယိမ်းဒယိုင်ဖြင့် လျှောက်လှမ်းလာနေခဲ့၏။ သူ လှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် သွေးစွန်းနေသော ခြေရာတစ်ခု ကျန်ရစ်နေခဲ့သည်။
ရဲရှင်းဟွေ့နှင့် တစ်မီတာ နှစ်မီတာခန့်သာ ကွာတော့သည့် အချိန်သို့ရောက်မှ ရဲရှင်းဟွေ့ သူ့ကို သေချာစွာ မြင်လိုက်ရလေ၏။ ရဲရှင်းဟွေ့တစ်ဦးတည်းသာမက ယာဉ်အပြင်ဘက်မှ စောင့်ကြည့်နေသော လျိုကောလျန်နှင့် ကျန်အဖွဲ့သားများလည်း သူ့အား တွေ့သွားကြလေသည်။
ထိုအချိန်တွင် ကျန်းချန်၏ကိုယ်ပေါ်၌ ဓားဒဏ်ရာပေါင်းများစွာဖြင့် ပြည့်နှက်နေပြီး သူ၏ညာဘက်ခြေသလုံး၌လည်း ရှူရိကန် နှစ်ခု စိုက်ဝင်လျက်ရှိသည်။
“ရဲရှင်းဟွေ့... လူ... လူတိုင်းကိုခေါ်ပြီး... ပြေးတော့”
ရဲရှင်းဟွေ့၏ရှေ့သို့ ရောက်သောအခါ ကျန်းချန်သည် ထိုစကားတစ်ခွန်းကို ဆိုပြီးနောက် မြေပြင်ပေါ်သို့ ပုံလဲကျသွားလေတော့သည်။
ဤမြင်ကွင်းကို တွေ့လိုက်ရသောအခါ ယာဉ်ပေါ်မှ လျိုကောလျန်တစ်ယောက် အန္တရာယ်ကို လုံးဝဂရုမစိုက်နိုင်တော့။ သူသည် ရှေးဦးသူနာပြုအိတ်ကို အလျင်အမြန်ဆွဲယူကာ ကျန်းချန်အား အရေးပေါ်ကုသမှုပေးရန် ယာဉ်ပေါ်မှ ပြေးဆင်းလာခဲ့သည်။
လျိုကောလျန်နှင့် အဖွဲ့သားတစ်ဦး ယာဉ်အပြင်သို့ ခြေချလိုက်သည့် အခိုက်အတန့်မှာပင် ရှူရိကန်များ အမြောက်အများ သူတို့၏လည်မြိုဆီသို့ တည့်တည့်မတ်မတ် ပျံသန်းလာတော့၏။
ကံကောင်းစွာဖြင့် ရဲရှင်းဟွေ့က ကားတံခါးနှင့် တစ်မီတာခန့်သာ ဝေးလေသည်။ သူက လျှပ်တပြက်အတွင်း ၎င်းတို့ရှေ့သို့ ဝင်ကာလိုက်ပြီး သူ၏ သံမဏိလက်သည်းများဖြင့် ထိုရှူရိကန်များကို ပုတ်ထုတ်ဖယ်ရှားလိုက်သည်။
ရန်သူများ တိုက်ခိုက်လာသည်နှင့်တစ်ပြိုင်နက် ရဲရှင်းဟွေ့သည် သူ၏ တတိယမျက်လုံးကို ချက်ချင်းပင် ဖွင့်လှစ်အသုံးပြုလိုက်သည်။
“ကောင်းကင်ဘုံ၏ ဥပဒေသသည် ထင်ရှားပြီး ပထဝီမြေဘုံ၏ ဥပဒေသသည် နက်နဲလှ၏…..။ ယင်နှင့်ယန် ဓာတ်တော်များ ပေါင်းစပ်ကာ ရေစောင့်နတ်တို့ ကိုယ်ထင်ပြစေ……။ ဝိညာဉ်အလင်းတန်းဖြင့် ရေဓာတ်ကို စုစည်းလျက် ကောင်းကင်နှင့်မြေကြီးအား ဆက်သွယ်ပြီး ဥပဒေသဟူသမျှကို နာခံစေ…..။ ယင်ယန်ကြေးမုံပြင်၌ သရုပ်အမှန် အလျင်အမြန် ပေါ်လာစေ…..။ သရုပ်အမှန် အလျင်အမြန် ပေါ်လာစေ….။ အကျွန်ုပ်သည် မောဝ်နတ်ဘုရားသုံးပါး၏ အမိန့်တော်ကို နာခံပါ၏…..။ အမိန့်တော်သည် ဥပဒေသကဲ့သို့ မြဲမြံစွာ တည်စေသတည်း….”
ဂါထာကို ရွတ်ဆိုပြီးသည်နှင့် ရဲရှင်းဟွေ့၏ မျက်လုံးများမှ ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး ထူထပ်လှသော မြူခိုးများကြားမှ သက်ရှိချီစွမ်းအင် နှစ်ခုကို ထွင်းဖောက်မြင်ရသွားလေသည်။
ရဲရှင်းဟွေ့သည် ယခင်က တတိယမျက်လုံးကို ဖွင့်လှစ်ခဲ့ဖူးသော်လည်း ပတ်ဝန်းကျင်၌ မည်သည့် ချီစွမ်းအင်ကိုမျှ မတွေ့ခဲ့ရပေ။ ဖြစ်နိုင်သည်မှာ ထိုနင်ဂျာများတွင် ၎င်းတို့၏တည်ရှိမှုကို ဖုံးကွယ်ထားနိုင်သော စွမ်းရည်တစ်မျိုး ရှိသောကြောင့် ဖြစ်လိမ့်မည်ဟု ရဲရှင်းဟွေ့ တွေးဆလိုက်လေ၏။ အစောက နင်ဂျာနှစ်ဦး တိုက်ခိုက်လိုက်ချိန်တွင်မူ ချီစွမ်းအင်များ ချက်ချင်းပင် ထင်ရှားစွာ ပေါ်ထွက်လာလေသည်။
“ဘုရင်ဖြူ သူတို့ကို ကာကွယ်ထား”
ရဲရှင်းဟွေ့သည် ထိုလူနှစ်ဦး၏ နေရာကို အတိအကျသိရှိသွားလျှင် ဘုရင်ဖြူကို အမိန့်ပေးလိုက်ပြီး ၎င်းတို့ရှိရာသို့ ပြေးဝင်သွားလေတော့သည်။
ယခုလေးတင်မှ ချုံခိုတိုက်ခဲ့ကြသည့် လူနှစ်ဦးမှာ သူတို့ကိုယ်သူတို့ ပြန်ဖုံးကွယ်ရန် ချီစွမ်းအင်များကို ပြန်လည်တည်ငြိမ်စေရန် ကြိုးစားနေကြဆဲ ဖြစ်သည်။
ရဲရှင်းဟွေ့၏ အမြင်အာရုံထဲမှ ထိုချီစွမ်းအင်နှစ်ခုမှာ တဖြည်းဖြည်းနှင့် မှိန်ဖျော့လာနေခဲ့သည်။ သည်အတိုင်းဆက်သွားမည်ဆိုလျှင် မကြာမီပင် ထိုချီစွမ်းအင်များ မြူထူထူများထဲသို့ ပျောက်ကွယ်သွားကြလိမ့်မည်။
သို့သော် အချိန်နှောင်းသွားခဲ့လေပြီ။ အဘယ်ကြောင့်ဆိုသော် ရဲရှင်းဟွေ့က နှစ်ေယာက်ထဲမှ တစ်ယောက်ရှေ့သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သောကြောင့်ပင်။ သူ၏လက်သီးပေါ်မှ သံမဏိလက်သည်းကို ခပ်ပြင်းပြင်း လွှဲယမ်းလိုက်လျှင် ထိုနင်ဂျာမှာ ခုခံချိန်ပင် မရလိုက်ဘဲ သွေးအိုင်ထဲသို့ လဲကျသွားလေတော့၏။
ရဲရှင်းဟွေ့ ထိုတစ်ယောက်ကို ရှင်းပြီးလျှင် ခြေလှမ်းအနည်းငယ် လျှောက်၍ အခြားနင်ဂျာတစ်ဦးရှိရာသို့ သွားလိုက်ပြီး သူ၏သံမဏိလက်သည်းဖြင့် တစ်ခါထပ်ခုတ်လိုက်ကာ အဆုံးသတ်ေပးလိုက်သည်။
ရဲရှင်းဟွေ့ နင်ဂျာနှစ်ဦးကို ရှင်းပြီးချိန်နှင့် တပြိုင်နက်တည်းမှာပင် မီနီဗန်ကားရှိရာဘက်မှ လျိုကောလျန်၏ ထိတ်လန့်တကြား အော်သံ ထွက်ပေါ်လာခဲ့သည်။
ထိုအသံကိုကြားသောအခါ ရဲရှင်းဟွေ့သည် စကားတစ်ခွန်းမျှမဆိုဘဲ ချက်ချင်းပင် နောက်သို့ပြေးထွက်သွားခဲ့တော့သည်။
နဂိုမူလနေရာသို့ ပြန်ရောက်သောအခါ လျိုကောလျန်နှင့် အခြားနှစ်ဦးကို မတွေ့ရတော့ပေ။
“သူဌေး….အဲဒီ နည်းပြဝတုတ် ကျန်းချန်ကို ကားပေါ်တင်ပြေးသွားပြီ”
ဘုရင်ဖြူ၏ အသံထွက်ပေါ်လာသည်။
ရဲရှင်းဟွေ့ ဘုရင်ဖြူကို ကြည့်လိုက်သောအခါ ဘုရင်ဖြူ၏ နှုတ်သီးနှင့် လည်ပင်းအနီးရှိ အဖြူရောင်အမွှေးများတွင် သွေးများ စွန်းထင်းနေသည်ကို တွေ့လိုက်ရလေ၏။
ရဲရှင်းဟွေ့က သူ့ကိုကြည့်နေသည်ကို မြင်လျှင် ဘုရင်ဖြူက ရှင်းပြ၏။
“ခုနက နင်ဂျာတစ်ယောက် တိုက်ခိုက်လာလို့ ကျွန်တော် သူ့မျက်လုံးတစ်လုံးကို ဆိတ်ထုတ်လိုက်တယ်”
“အသက်ရာကျော်ရှိတဲ့ ငှက်အိုကြီး ပီသပါပေတယ်…မဆိုးဘူး အရည်အချင်းရှိသားပဲ”
ရဲရှင်းဟွေ့သည် သူ့ကို ချီးကျူးလိုက်ပြီးနောက် သူ၏ရွှေရောင်မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။
ထိုနင်ဂျာမှာ ဒဏ်ရာရသွားသဖြင့် သူ၏ချီစွမ်းအင်ကို ပြန်ဖုံးကွယ်ရန် ခက်ခဲလိမ့်မည်မှာ အသေအချာပင်။ ထို့ကြောင့် ရဲရှင်းဟွေ့က ထိုအခွင့်အရေးကို အသုံးချပြီး ထိုနင်ဂျာကို ရှာလိုက်သည်။
ရဲရှင်းဟွေ့ ထင်မှတ်ထားသည့်အတိုင်းပင် မလှမ်းမကမ်းတွင် ချီစွမ်းအင်တစ်ခုကို အမှန်ပင် မြင်လိုက်ရသည်။
ရဲရှင်းဟွေ့ ဘုရင်ဖြူအား နေရာကို စောင့်ကြပ်ရန် မှာကြားလိုက်ပြီး ထိုချီစွမ်းအင်ရှိရာသို့ ပြေးသွားလိုက်လေ၏။
ထိုနင်ဂျာမှာမူ အဆိတ်ခံလိုက်ရသော မျက်လုံးကို လက်တစ်ဖက်ဖြင့် ဖိအုပ်ထားကာ ကျန်လက်တစ်ဖက်ဖြင့် ဖုန်းတစ်လုံးကိုကိုင်၍ နားတွင်ကပ်ထား၏။
“သခင်ကြီး ချင်ဖုန်း ကျွန်တော်တို့ ကျရှုံးသွားပါပြီ….သခင် ကိုယ်တိုင်လှုပ်ရှားပေးပါ….”
ထိုနင်ဂျာ စကားဆုံးသည်နှင့် ရဲရှင်းဟွေ့က သူ၏နောက်ကျောသို့ ရောက်ရှိသွားလေပြီ။
ဤတစ်ကြိမ်တွင်မူ ရဲရှင်းဟွေ့က သူ့ကို ချက်ချင်းမသတ်သေးပေ။ ထိုအစား သူ၏လည်ပင်းကို လက်တစ်ဖက်ဖြင့် ဖမ်းဆွဲလိုက်ပြီး အခြားလက်တစ်ဖက်ဖြင့်မူ သူ၏ဖုန်းကိုယူကာ တိုက်ရိုက်ချေမွပစ်လိုက်သည်။ နောက်ဆုံးတွင် အထူးစွမ်းရည်ကိုအသုံးပြု၍ ထိုသူ့အား စိတ်ညှို့လိုက်လေသည်။
“မင်းကို ငါမေးမယ်….. ဒီမှာ လူဘယ်နှယောက် ချုံခိုတိုက်ခိုက်နေတာလဲ…. အသက်ရှင်ကျန်နေသေးတဲ့သူ ဘယ်နှယောက်ရှိလဲ…အသက်ရှင်နေတဲ့သူတွေအကြောင်း အားလုံး ငါ့ကိုပြောပြ…”
“စုစုပေါင်း ဆယ့်သုံးယောက် ချုံခိုတိုက်ခဲ့ပါတယ်….ငါးယောက် အသက်ရှင်ကျန်ပါသေးတယ်….ဂျိုနင်း မွန်ဇူအိုက စနိုက်ပါနေရာမှာရှိတဲ့ လက်ဖြောင့်တပ်သားတွေကို ရှင်းေနတယ်….တိုက်ခိုက်ဖို့ပြင်ဆင်နေတာက ကျွန်တော်နဲ့ နောက်ထပ် ချူနင်းတစ်ယောက်….အပြင်စည်းမှာတော့ ဂျိုနင ချင်ဖုန်းနဲ့ သူကာကွယ်ပေးနေတဲ့ အွန်းမျို့ဂျီသခင်မတို့ ရှိနေပါတယ်…..” ဟု စိတ်ညှို့ခံထားရသော နင်ဂျာက ပြန်ဖြေသည်။
“အွန်းမျို့ဂျီ…..” အွန်းမျို့ဂျီ ဆိုသောစကားကို ကြားသောအခါ ရဲရှင်းဟွေ့၏ စိတ်ထဲတွင် 【QQ အမဲသားခေါက်ဆွဲ...】 ကို သတိရသွား၏။
လူငါးယောက်သာ ကျန်တော့သည်ကို သိလိုက်ရပြီးလျှင် ရဲရှင်းဟွေ့ ထိုနင်ဂျာအား တိုက်ရိုက်ပင် အဆုံးသတ်လိုက်တော့လေသည်။
“ဒီပတ်ဝန်းကျင်မှာ ပုန်းကွယ်နေတဲ့ နောက်ဆုံး ချူနင်တစ်ယောက်ကို ရှင်းလင်းလိုက်တာနဲ့ ချင်ဖုန်းလို့ခေါ်တဲ့ ဂျိုနင်းနဲ့ အွန်းမျို့ဂျီဆိုတဲ့လူကို သွားရှာလို့ရပြီ”
“ငါမှန်းတာ မမှားရင်... ကျန်းချန်ကို ဒဏ်ရာအပြင်းအထန်ရအောင် လုပ်ခဲ့တဲ့သူက အဲဒီဂျိုနင်နဲ့ အွန်းမျို့ဂျီပဲ ဖြစ်ရမယ်…”
သူရေရွတ်လိုက်ပြီးနောက် တတိယမျက်လုံးဖြင့် ပတ်ဝန်းကျင်ကို တစ်ဖန်ပြန်၍ စစ်ဆေးလိုက်သော်လည်း မည်သည့်အရာကိုမျှ မတွေ့ရတော့ချေ။
ရဲရှင်းဟွေ့ ပြန်လှည့်မည်ပြုလိုက်စဉ်မှာပင် တောင်စောင်းပေါ်မှ စနိုက်ပါနေရာဘက်မှ သေနတ်သံများ ထွက်ပေါ်လာပြန်သည်။ တဆက်တည်းမှာပဲ ရဲရှင်းဟွေ့သည် သူနှင့် ငါးမီတာ ခြောက်မီတာခန့်အကွာတွင် တစ်ခုခု မြေပြင်ပေါ်သို့ ပြုတ်ကျလာသံကို ကြားလိုက်ရ၏။
ရဲရှင်းဟွေ့ လျှောက်သွား၍ ကြည့်လိုက်သောအခါ ၎င်းမှာ သေနတ်ဖြင့် ပစ်သတ်ခံထားရသော နင်ဂျာတစ်ဦးဖြစ်နေလေသည်။
ဇီးကွက်က မွန်ဇူအိုဟုခေါ်သော ဂျိုနင်းကို ရှင်းလင်းလိုက်ပြီဖြစ်ကြောင်း ရဲရှင်းဟွေ့ သိလိုက်ပြီ။
…
ထိုအချိန်မှာပင်….။
တောင်စောင်းပေါ်၌…...။
ဇီးကွက်သည် စနိုက်ပါနေရာတွင် တစ်ဖန်ပြန်၍ မှောက်လျက် အသင့်ရှိနေသည်။ သူ၏နောက်တွင်မူ မွန်ဇူအို၏ အလောင်းမှာ သွေးအိုင်ထဲ၌ လဲလျောင်းနေပြီး မျက်လုံးနှင့် လည်ပင်းတို့တွင် အရိုးကိုပင်မြင်နိုင်သည်အထိ ကြီးများဒဏ်ရာများ ရှိနေလေသည်။
ဇီးကွက်၏ ကိုယ်ပေါ်တွင်လည်း ဓားဒဏ်ရာအချို့ ရှိနေသော်လည်း မည်သည့်ဒဏ်ရာမျှ ပြင်းထန်ခြင်းမရှိပေ။ သူက သူ၏ကြွက်သားများကို ထိန်းချုပ်လိုက်ရုံဖြင့် သွေးထွက်ခြင်းကို လုံးဝရပ်တန့်သွားစေနိုင်သည်လေ။
…
နောက်ဆုံးကျန်ရှိသော ချူးနင်းကိုပါ ရှင်းလင်းပြီးဖြစ်သည်ကို တွေ့သောအခါ ရဲရှင်းဟွေ့သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သွားရမည့်ဘက်ကိုေရွးချယ်ပြီး ထိုနေရာသို့ ပြေးထွက်သွားခဲ့သည်။
အရပ်မျက်နှာကို မည်သို့အတိအကျသိနိုင်သနည်းဟု မေးလျှင်မူ ကျန်းချန်ကဲ့သို့ပင် ရဲရှင်းဟွေ့ကလည်း မြူခိုးအထူထပ်ဆုံးရှိရာအရပ်သို့သာ ပြေးသွားခြင်းဖြစ်ပြီး ထိုလမ်းသည် အမှန်ပင်ဖြစ်ရပေမည်။
ရဲရှင်းဟွေ့သည် အမြင်အာရုံမှာ မီတာဝက်အောက်ပင် မရှိတော့သည့် မြူခိုးများထူထပ်ေသာ နေရာသို့ ပြေးဝင်သွားသည်နှင့် မြူခိုးတို့သည် စတင်၍ ပြယ်လွင့်လာသည်။
“ဟင်... နောက်ဆုံးလူနှစ်ယောက် ထွက်ပြေးသွားကြတာလား…”
၎င်းကိုမြင်သောအခါ ရဲရှင်းဟွေ့ အနည်းငယ်ရှုပ်ထွေးစွာ တွေးလိုက်မိသည်။
ရဲရှင်းဟွေ့ အံ့ဩနေစဉ်မှာပင် ထူထပ်သောမြူခိုးတို့သည် လုံးဝကင်းစင်သွားလေပြီ။
မြူခိုးများ ကြည်လင်သွားပြီးနောက် ရဲရှင်းဟွေ့သည် သူနှင့် ဆယ်မီတာပင်မပြည့်သော အကွာအဝေးတွင် အမျိုးသမီးနှစ်ဦး ရပ်ကာ သူ့ကိုကြည့်နေသည်ကို တွေ့လိုက်ရသည်။
တစ်ဦးမှာ အဖြူရောင် ကာရီဂီနုဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်လုံးများပေါ်တွင် အဖြူရောင်အဝတ်စတစ်ခုဖြင့် စည်းနှောင်ထားရာ သူမသည် မျက်မမြင်တစ်ဦးလော သို့တည်းမဟုတ် အကြောင်းမဲ့သက်သက် စည်းထားခြင်းလော ဆိုသည်ကိုမူ ရှင်းလင်းစွာ မသိနိုင်ပေ။
သူမသည် သစ်သားတစ်လုံးတည်းဖြင့် ပြုလုပ်ထားသော စားပွဲခုံလေးတစ်ခု၏နောက်တွင် ဒူးထောက်ထိုင်နေပြီး စားပွဲပေါ်၌ လက်ဖက်ရည်ကြမ်းအသုံးအဆောင်များကို တင်ထားသည်။ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ခန့်ညားထည်ဝါသော အငွေ့အသက်ကို ခံစားရ၏။ သို့သော်... အားလံုးမှာ သူ၏အစ်ကိုကြီး၌ မွေးရာပါရှိနေသော ခန့်ညားမှုနှင့်မူ နှိုင်းယှဉ်၍မရ။ သူမက သူမဝတ်ဆင်ထားသည့် အသုံးအဆောင်များအပေါ်မှာသာ လုံးလုံးမှီခိုနေခြင်းဖြစ်လေ၏။
သူ၏အစ်ကိုကြီးဆိုလျှင် လမ်းဘေးဈေးမှ ဈေးပေါပေါအဝတ်အစားများကိုသာ မကြာခဏ ဝတ်ဆင်တတ်သည်လေ။
အခြားအမျိုးသမီးတစ်ဦးမှာမူ အနက်ရောင်ကို ဝတ်ဆင်ထားသည်။ ရဲရှင်းဟွေ့ ယခင်က သတ်ခဲ့သော နင်ဂျာများနှင့်မတူဘဲ ဤအမျိုးသမီးနင်ဂျာသည် ယခင်နင်ဂျာများကဲ့သို့ တစ်ကိုယ်လုံးကို လုံခြုံစွာဖုံးကွယ်ထားခြင်းမရှိသည့်အပြင် သူမ၏မျက်နှာကိုလည်း အနက်ရောင်မျက်နှာဖုံးဖြင့် ဖုံးအုပ်မထားချေ။
သူမ၏ ကိုယ်အပေါ်ပိုင်းတွင် အနက်ရောင်ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သေချာကြည့်လျှင် အတွင်းခံ ကွက်စိတ်အင်္ကျီကိုပင် မြင်နိုင်ပေသည်။ ကိုယ်အောက်ပိုင်းတွင်မူ အနက်ရောင်ခြေအိတ်ရှည်နှင့် ဘွတ်ဖိနပ်ရှည်ကို တွဲဖက်ဝတ်ဆင်ထားသည်။
ဤဝတ်စုံနှင့်သာဆိုလျှင် သူမအား နင်ဂျာဟု မသိလျှင် ရဲရှင်းဟွေ့ သူမအား အရွယ်ရောက်ပြီးသူများအတွက် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဟုပင် ထင်သွားနိုင်ပေသည်။