← Chapters

ထုန်ရှဲ့မြွေနဂါးလား…..။

Vol. 7 Ch. 87

ထုန်ရှဲ့မြွေနဂါးလား…..။

Vol. 7 Ch. 87

ရဲရှင်းဟွေ့၏ရှေ့သို့ရောက်နေသော ချင်းယွဲ့သည် အဝေးမှချောင်းနေသည့် ဇီးကွက်ကို သူမ၏မြေခွေးမျက်လုံးများဖြင့် ယခင်အတိုင်းပင် စိုက်ကြည့်လိုက်၏။

သို့သော် ဤတစ်ကြိမ်တွင်တော့ အခြေအနေက ယခင်နှင့်မတူတော့။ ချင်းယွဲ့၌ အဝေးမှနေ၍ စိတ်အာရုံကို လှည့်စားနိုင်စွမ်းရှိသည်ကို ကြိုတင်သိထားသောကြောင့် ဇီးကွက်က ဘုရင်ဖြူကို သူ၏ဘေးတွင် အဆင်သင့်ထားလိုက်သည်။ သူသာ ပုံရိပ်ယောင်ထဲ နောက်တစ်ကြိမ်ကျရောက်သွားပါက ဘုရင်ဖြူက သူ့အား ချက်ချင်းပင် နှိုးပေးလိမ့်မည်။

ဇီးကွက်က နောက်တစ်ကြိမ် ပုံရိပ်ယောင်ကမ္ဘာထဲ ရောက်သွားရန် အသင့်ပြင်လိုက်သော်လည်း သူ့ထံတွင် မည်သည့်အရာမျှ ဖြစ်ပေါ်မလာခဲ့ပေ။

“စိတ်ကိုသာ ကြိုတင်ပြင်ဆင်ထားရင် ဒီပညာက အသုံးမဝင်တော့ဘူးပဲ”

ထိုသို့ရေရွတ်ပြီးနောက် ဇီးကွက်သည် ချင်းယွဲ့ထံသို့ နောက်ထပ်တစ်ချက် ပစ်ခတ်လိုက်ပြန်သည်။

…

တစ်ဖက်တွင်လည်း ရဲရှင်းဟွေ့က ချင်းယွဲ့ကို စတင်တိုက်ခိုက်ရန် ပြင်ဆင်နေ၏။ ဤအမျိုးသမီးမှာ အလွန် ဒုက္ခပေးနိုင်သော ပြိုင်ဘက်တစ်ဦးဖြစ်လိမ့်မည်ဟု သူ့စိတ်ထဲတွင် အလိုလိုသိနေ၍ ဦးစွာလက်ဦးမှုရယူရန် ကြံရွယ်လိုက်သည်။

သို့သော် သူ ခြေထောက်တွင်အားယူကာ ချင်းယွဲ့ထံ ပြေးဝင်မည်အပြုမှာပင် သေနတ်သံက ထပ်မံထွက်ပေါ်လာပြန်သည်။

သေနတ်သံအဆုံးတွင် ရဲရှင်းဟွေ့၏ဦးခေါင်းတစ်ခုလုံး စူးခနဲ ထိုးကိုက်သွားပြီး သူ၏တစ်ကိုယ်လုံးမှာ ရှေ့သို့ မှောက်လျက် လဲကျသွားတော့လေ၏။

“သေစမ်း... နာလိုက်တာ...” ရဲရှင်းဟွေ့က ဦးခေါင်းနောက်စေ့ကို ဖိအုပ်ရင်း ပြန်ထလာခဲ့သည်။ သူ၏လက်ကို ခေါင်းမှခွာလိုက်သောအခါ ပုံပျက်ပန်းပျက်ဖြစ်နေသော ကျည်ဆန်တစ်တောင့်ကို တွေ့လိုက်ရ၏။

မျက်နှာချင်းဆိုင်တွင်ရှိ‌ေသာ ချင်းယွဲ့မှာဤမြင်ကွင်းကိုတွေ့လိုက်ရသောအခါ မျက်လုံးများပ ပြူးကျယ်သွားတော့လေ၏။

“ဒီတရုတ်လူမျိုးက ဘယ်လိုသတ္တဝါဆန်းလဲ။ ဒီလောက်ထိဖြစ်တာတောင် မသေဘူးတဲ့”

…

မြေပြင်မှပြန်ထလာသော ရဲရှင်းဟွေ့က ဇီးကွက်ရှိရာ တောင်စောင်းသို့ လှမ်း၍ကြည့်လိုက်သည်။

“ဇီးကွက်များ တိုက်ခိုက်ခံလိုက်ရတာလား….”

“ငါ့မှာ Wolverineရဲ့စွမ်းရည်နဲ့ အာဒါမန်တီယမ်ဦးခေါင်းခွံ ရှိနေလို့သာ တော်တော့တယ်”

သူ့ကိုလာမှန်သောကျည်ဆန်မှာ ဇီးကွက်၏နေရာမှ လာတာဖြစ်၍ ဇီးကွက် တိုက်ခိုက်ခံလိုက်ရပြီဟု သူ ပထမဆုံးတွေးလိုက်မိသည်။

ထို့ကြောင့် သူချက်ချင်းပင် တတိယမျက်လုံးကိုဖွင့်ကာ ဇီးကွက်ရှိရာသို့ ကြည့်လိုက်သည်။ ထိုနေရာရှိ ချီစွမ်းအင်မှာမူ ဇီးကွက်၏ချီစွမ်းအင်ပင် ဖြစ်နေဆဲ။

‘ကျွမ်းကျင်လက်ဖြောင့်သမားဖြစ်ပြီးတော့တောင် လူမှားပစ်ရသလားကွာ’

တောင်စောင်းပေါ်မှ ဇီးကွက်ကလည်း သူလူမှားပစ်ခတ်မိသွားသည်ကို သိလိုက်လေ၏။

ဇီးကွက်က မျက်လုံးကို ခပ်ကြမ်းကြမ်းပွတ်သပ်လိုက်ပြီး စနိုက်ပါမှန်ပြောင်းမှတစ်ဆင့် ချင်းယွေ့ကို စူးစိုက်ကြည့်ကာ စိတ်ထဲမှ ကြိမ်းဝါးလိုက်သည်။

“သေစမ်း... ဒါ ဒီမိန်းမရဲ့ လက်ချက်ပဲ ဖြစ်ရမယ်..”

ဒီအမျိုးသမီးက သူ့လိုကျွမ်းကျင်သူတစ်ယောက်၏ အမြင်အာရုံကိုပင် လွှမ်းမိုးနိုင်မှန်း သိလိုက်ရသည့်အခါ သူလည်း လက်လွတ်စပယ် ပစ်ခတ်ဖို့ မဝံ့တော့ပေ။

သို့သော် ဦးခေါင်းကို တည့်တည့်ထိမှန်ပြီးနောက်မှာပင် အသက်ရှင်ကျန်နေသေးသည့် ရဲရှင်းဟွေ့ကြောင့် ဇီးကွက်မှာ အတော်လေး တုန်လှုပ်သွားရ၏။

“ရဲရှင်းချန်ရဲ့ ညီဆိုတဲ့အတိုင်းပဲ….”

ယခင်က ရဲရှင်းဟွေ့၏ အံ့ဖွယ်စွမ်းအားများကို မြင်ရတိုင်း ဇီးကွက်တို့အုပ်စုက “မစ္စတာရဲချန်ရဲ့သားဆိုတဲ့ အတိုင်းပါပဲ” ဟု ဆိုလေ့ရှိကြသည်။

ယခုအခါတွင်မူ သူတို့၏ ပါးစပ်ဖျား၌ “သူက ရဲရှင်းချန်ရဲ့ ညီဆိုတဲ့အတိုင်းပဲ” ဟူ၍သာ ရှိတော့သည်။

ရဲရှင်းချန်၏ သူတို့စိတ်များအပေါ် လွှမ်းမိုးနိုင်မှု ပုံရိပ်ကြီးပါပေ…။

…

ရဲရှင်းဟွေ့က လက်ထဲမှသွေးစွန်းနေသော ကျည်ဆန်ကို လွှင့်ပစ်လိုက်သည်။ ဇီးကွက်ဘက်မှာ ဘာတွေဖြစ်နေလဲဆိုသည်ကို သူဂရုမစိုက်တော့။ အကယ်၍ ဇီးကွက်သာ သစ္စာဖောက်ပြီး နောက်တစ်ကြိမ်ပစ်လာဦးမည်ဆိုလျှင်ပင် သူကြောက်နေမည်မဟုတ်။ အကြောင်းမှာ Wolverine၏စွမ်းရည်က သူ့အတွက် အကြီးမားဆုံးသော အားကိုးရာဖြစ်နေသောကြောင့်ပင်။

ရဲရှင်းဟွေ့ ဇီးကွက်အကြောင်းကို ဆက်မတွေးတော့ဘဲ ချင်းယွေ့ထံသို့ တရှိန်ထိုး ပြေးဝင်သွားလိုက်သည်။

“စနိုက်ပါကျည်ဆန်ကိုတောင် ခံနိုင်ရည်ရှိတဲ့ ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားမှတော့ သာမန်နည်းလမ်းတွေနဲ့ အနိုင်ယူဖို့ မလွယ်လောက်ဘူးပဲ”

ချင်းယွေ့သည် ထိုသို့ရေရွတ်ရင်း နောက်သို့ဆုတ်လိုက်သည်။ သူမ၏လက်များဖြင့် ကြာမုဒြာပုံသဏ္ဌာန်များဖွဲ့ကာ ဂါထာမန္တန်များကို ရွတ်ဆိုရင်း စက္ကူရုပ်လေးတစ်ခုကို ရှေ့သို့ပစ်ထုတ်လိုက်၏။

“ထွက်လာလော့….ထုန်ရှဲ့မြွေနဂါး”

ချင်းယွဲ့က ထုန်ရှဲ့မြွေနဂါးဟု ခေါ်ထုတ်လိုက်သည်ကို ကြားသောအခါ ရဲရှင်းဟွေ့လည်း အံ့အားသင့်သွားသည်။

ထုန်ရှဲ့မြွေနဂါးဟူသည်မှာ တိမ်နှင့်မြူခိုးကို စီးနင်းနိုင်သော ပျံသန်းနိုင်သည့်မြွေတစ်မျိုးဖြစ်ပြီး နတ်သားရဲတစ်ကောင်ဖြစ်သည်။ ဒဏ္ဍာရီများအရ လေးပါးသောနတ်သားရဲများ၏အောက်တွင် ဂိုချန်နတ်သားရဲနှင့် အဆင့်တူသတ်မှတ်ခံရသည့်သားရဲပင်။

“သေစမ်း... ဒီမိန်းမက တရုတ်ဒဏ္ဍာရီထဲက ထုန်ရှဲ့မြွေနဂါးကို တကယ်ဆင့်ခေါ်နေတာတော့ မဟုတ်ဘူးမလား”

ရဲရှင်းဟွေ့ အံ့ဩနေစဉ်မှာပင် စက္ကူရုပ်လေးသည် သတ္တဝါကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားတော့လေ၏။

ထိုသတ္တဝါ၏ ပုံသဏ္ဌာန်အမှန်ကို မြင်လိုက်ရသောအခါ ရဲရှင်းဟွေ့မှာ ရယ်ချင်စိတ်ကို မနည်းထိန်းထားလိုက်ရသည်။

ချင်းယွဲ့၏ ရှီကီဂါမီ ထုန်ရှဲ့မြွေနဂါးမှာ အမှန်ပင် မြွေကြီးတစ်ကောင်ဖြစ်သော်လည်း ဒဏ္ဍာရီထဲက ထုန်ရှဲ့မြွေနဂါးနှင့်တော့ ဘာမှမဆိုင်ပေ။ တိမ်စီး၍ မြူနင်းနိုင်ခြင်းကို မဆိုနှင့်….ရှိသင့်ရှိထိုက်သော အတောင်ပံများပင်မပါဘဲ လုံးလုံးလျားလျား ဧရာမစပါးကြီးမြွေတစ်ကောင်သာ ဖြစ်နေသည်။

“ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလိုက်တာကွယ်…. မြွေဖြစ်ရုံနဲ့ ထုန်ရှဲ့မြွေနဂါးတဲ့… ဒီလိုဆို နဂါးစိမ်းလို့ပဲ ခေါ်လိုက်ပါလား…”

ရဲရှင်းဟွေ့က ခနဲ့တဲ့တဲ့ဆိုလိုက်သည်။

သူ၏စကားကြောင့် ထုန်ရှဲ့မြွေနဂါးက ဒေါသထွက်သွားဟန်ဖြင့် သူ့ထံသို့ ပြေးဝင်လာသည်။

သူ၏ကြီးမားသော ခန္ဓာကိုယ်မှာ ထရပ်ကားငယ်တစ်စီးနှယ် ရှိသော်လည်း ရဲရှင်းဟွေ့မှာ လုံးဝတုန်လှုပ်ခြင်းမရှိဘဲ နေရာမှာပင် မလှုပ်မယှက် ရပ်စောင့်နေလိုက်၏။

ထုန်ရှဲ့မြွေနဂါး သူ့ရှေ့သို့ ရောက်လာသောအခါမှ ရဲရှင်းဟွေ့က သူ၏သံမဏိလက်သည်းများကို လွှဲယမ်းကာ ၎င်း၏ဝမ်းဗိုက်ကို ခွဲထုတ်လိုက်သည်။

ကြီးမားသောခန္ဓာကိုယ်မှ ပန်းထွက်လာသောသွေးများကြောင့် ရဲရှင်းဟွေ့တစ်ကိုယ်လုံး နီရဲသွားတော့လေသည်။

ထုန်ရှဲ့မြွေနဂါး သေဆုံးသွားသည်နှင့် သူ၏ခန္ဓာကိုယ်မှာ ပျက်စီးနေသောစက္ကူရုပ်လေးအဖြစ် ပြန်ပြောင်းလဲသွားပြီး ရဲရှင်းဟွေ့ကိုယ်ပေါ်မှ သွေးများလည်း တစ်ခါတည်း ပျောက်ကွယ်သွား၏။

သူက ထုန်ရှဲ့မြွေနဂါးကို အာရုံစိုက်နေစဉ် မလှမ်းမကမ်းမှ ချင်းယွဲ့က နောက်ထပ် ကြာမုဒြာပုံသဏ္ဌာန်ပုံသဏ္ဌာန်များနှင့် ဂါထာများ စတင်ရွတ်ဆိုနေသည်ကိုတော့ သတိမပြုလိုက်မိချေ။

ရဲရှင်းဟွေ့က ထုန်ရှဲ့မြွေနဂါးကို အပြီးသတ်ရှင်းလင်းလိုက်ချိန်သည် ချင်းယွဲ့၏နောက်ထပ် ယင် နှင့် ယန် တာအိုပညာရပ် တစ်ခုဖြစ်သည့် 【နတ်ဆိုးနှင်ခြင်း】ကို ဆင့်ခေါ်လိုက်ချိန်နှင့် ကွက်တိပင်။

ထိုပညာရပ်ကို ထုတ်ဖော်လိုက်သည်နှင့် တစ်ပိုင်းတစ်စ ပွင့်လင်းမြင်သာနေသော ဝိညာဉ်ပုံရိပ်များက ချင်းယွဲ့၏ဘေးတွင် ပေါ်ထွက်လာကြသည်။

သူတို့ထဲမှတစ်ဦးမှာ ဇီးကွက်၏သေနတ်ချက်ဖြင့် သေဆုံးခဲ့ရသော အမျိုးသမီးနင်ဂျာ ချင်ဖုန်းပင်ဖြစ်သည်။

အခြားပုံရိပ်များမှာလည်း ရဲရှင်းဟွေ့နှင့် ဇီးကွက်တို့ သတ်ဖြတ်ခဲ့သည့် နင်ဂျာများပင်တည်း။

“ကဲ... မင်းတို့ကို သတ်ခဲ့တဲ့သူဆီကနေ ကိုယ်တိုင်လက်စားချေကြ”

ချင်းယွေ့သည် ရဲရှင်းဟွေ့ကို လက်ညှိုးထိုးပြကာ အသက်မဲ့သောမျက်လုံးများဖြင့် ဝိညာဉ်အုပ်စုကို အမိန့်ပေးလိုက်သည်။

ထိုဆင့်ခေါ်ခံဝိညာဉ်များသည် အမိန့်ကိုကြားသည်နှင့် တုံ့ဆိုင်းမနေဘဲ ရဲရှင်းဟွေ့ထံသို့ ပြေးဝင်သွားလာကြတော့သည်။

စောစောက ထုန်ရှဲ့မြွေနဂါးဆိုတာက အာရုံလွှဲဖို့သက်သက်ပင်ဖြစ်ကာ တကယ့်တိုက်ကွက်အစစ်က သည်ဝိညာဉ်တွေဖြစ်နေလိမ့်မည်ဟု ရဲရှင်းဟွေ့ မထင်ထားခဲ့ပေ။

သို့သော် ဤဝိညာဉ်များကို ဖြေရှင်းရသည်မှာ ထုန်ရှဲ့မြွေနဂါးအတုထက်ပင် ပိုလွယ်ကူလိမ့်မည်ဟု သူခံစားမိသည်။

သူသည်လည်း မောဝ်ရှန်းတာအိုပညာရပ် ဆက်ခံသူတစ်ဦးဖြစ်သည်ကို မမေ့သင့်။ အမွေအနှစ်မှာ မပြည့်စုံသော်လည်း သူ၏ရှေ့မှဝိညာဉ်များကို ဖြေရှင်းရန်အတွက်မူ လုံလောက်သည်ထက် ပိုနေသေးသည်။

သူက ၎င်းတို့ကို ချက်ချင်းဖြေရှင်းနိုင်သော်လည်း ထိုဝိညာဉ်များ၏တိုက်ခိုက်မှုကို ခံရလျှင် မည်သို့ခံစားရမည်ကို သိလိုစိတ်ဖြင့် ချက်ချင်းမတုံ့ပြန်ဘဲ နေရာမှာပင် ရပ်စောင့်နေလိုက်သည်။

ထိုဝိညာဉ်များက ရဲရှင်းဟွေ့ ဘာစဉ်းစားနေသည်ကို ဂရုမစိုက်ဘဲ သူ့ထံသို့ မဆင်မခြင်ပြေးဝင်လာ၏ ကြားထဲတွင် ခလုတ်ကန်သင်းများမရှိသဖြင့် သူ၏ခန္ဓာကိုယ်ထဲမှ တိုက်ရိုက်ပင် ဖြတ်သန်းသွားကြသည်။

တစ်ချိန်တည်းမှာပင် ရဲရှင်းဟွေ့သည် အေးစက်သောခံစားမှုတစ်ခု သူ၏ကိုယ်ထဲသို့ ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရသည်။ ဤခံစားမှု ဖြစ်ပေါ်လာပြီး ပျောက်ကွယ်သွားသောအခါ သူ၏စိတ်စွမ်းအင်နှင့် ဝိညာဉ်နှစ်ခုလုံး အနည်းငယ်အားနည်းသွားသလို ခံစားလိုက်ရ၏။

“ဒီလောက်ပဲလား…” ရဲရှင်းဟွေ့သည် ဝိညာဉ်များ၏တိုက်ခိုက်မှုကို တွေ့ကြုံပြီးနောက် ချင်းယွေ့ကို မထီမဲ့မြင် ကြည့်လိုက်သည်။

အမှန်တကယ်တွင်မူ ရဲရှင်းဟွေ့၏ဝိညာဉ်စွမ်းအားက အလွန်အမင်း အားကောင်းနေသောကြောင့်ဖြစ်သည်။ သာမန်လူတစ်ဦးသာ ဤဝိညာဉ်များ၏ တိုက်ခိုက်ခြင်းကိုခံရပါက စိတ်ဒဏ်ရာရသွားမည်ဖြစ်ပြီး အခြေအနေဆိုးလျှင်မူ ဝိညာဉ်ပင် လွင့်စဉ်သွားနိုင်သည်။

ချင်းယွဲ့၏မျက်နှာအမူအရာမှာမူ ရဲရှင်းဟွေ့၏ခနဲ့တဲ့တဲ့စကားကို ကြားသော်လည်း တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်နေခဲ့သည်။

All Chapters