တရုတ်ပြည်၏ အပြင်းထန်ဆုံး
Vol. 7 Ch. 92
“မင်း ပုံရိပ်ယောင်မသုံးဘူးလို့ မပြောခဲ့ဘူးလား” ရှောက်ကုန်း ကျစ်ဟယ်၏စကားကိုကြားသောအခါ ရဲရှင်းဟွေ့ နားမလည်နိုင်စွာ ကြည့်လိုက်သည်။
“ဟင်... ငါ ပုံရိပ်ယောင် သုံးခဲ့လို့လား”
“မင်းမသုံးဘူး ဟုတ်လား။ ဒါဆို ခုနက ဘာဖြစ်သွားတာလဲ။ စားပွဲတင်တင်းနစ်ဘောလုံးတစ်လုံးက အရိပ်ယောင်တွေ ထွက်နိုင်တယ်လို့တော့ မပြောနဲ့နော်”
ရဲရှင်းဟွေ့ - ???
ထိုအခါမှ ရဲရှင်းဟွေ့ နားလည်သွားသည်။ သူ့ရှေ့မှ ဤကောင်လေးမှာ စားပွဲတင်တင်းနစ်ကို လုံးဝမကစားတတ်ပေ။ မကစားတတ်သည်ဟု မဆိုနိုင်သော်လည်း သူက အခုမှစ ကစားသူတစ်ဦးသာ ဖြစ်သည်။ လမ်းပေါ်က ကျပန်းတွေ့ရသော အဘိုးအို အဘွားအိုတစ်ဦးကပင် သူ့ကိုအနိုင်ရနိုင်ပေလိမ့်မည်။
…
ရှောက်ကုန်း ကျစ်ဟယ်သည် သူ၏ကံကိုမယုံနိုင်စွာဖြင့် နောက်တစ်ကြိမ် ဘောလုံးတည်ပေးလိုက်ပြန်သည်။
ရဲရှင်းဟွေ့သည်လည်း ညှာတာမနေတော့ဘဲ သူ၏ရက်ကက်ကို အားအပြည့်ဖြင့် လွှဲရိုက်လိုက်ပြန်၏။ ဤတစ်ကြိမ်တွင်မူ ဘောလုံးသည် ရှောက်ကုန်း ကျစ်ဟယ်၏ ခန္ဓာကိုယ်အောက်ပိုင်းကို တိုက်ရိုက်ထိမှန်သွားသောကြောင့် သူသည် ကိုယ်ကိုကုန်းလိုက်ရသည်။
“ငါ... ငါအရှုံးပေးပါတယ်... ငါမကစားတော့ဘူး...”
ရှောက်ကုန်း ကျစ်ဟယ်သည် သူ၏ခန္ဓာကိုယ်အောက်ပိုင်းကို ဖိကိုင်ရင်း သူ၏ရယ်မောခြင်းကို ထိန်းချုပ်ရန် ကြိုးစားနေသော ဒိုင်လူကြီးအား အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
ဒိုင်လူကြီးသည် ဤသည်ကိုကြားသောအခါ နောက်ဆုံးတွင် ရဲရှင်းဟွေ့အား အနိုင်ရရှိသူအဖြစ် ကြေညာလိုက်တော့သည်။
ဤပွဲမှာ အလွန်ပင် ဟာသမြောက်သည်ဟု ဆိုနိုင်ပေသည်။ လူငယ်သခင်လေး၏ လူပုံအလယ်တွင် အဝတ်ချွတ်ခြင်းသာမက ပေါင်ကြားကို ဘောလုံးအမှန်ခံရသည့် မြင်ကွင်းလည်း ပါဝင်ခဲ့သည်။ ဤမြင်ကွင်းနှစ်ခုကို အကြောင်းပြုကာ ကမ္ဘာတစ်ဝှမ်းမှလူများသည် ရှောက်ကုန်း ကျစ်ဟယ် စားပွဲတင်တင်းနစ်ကို လုံးဝကစားတတ်ခြင်းရှိမရှိကိုပင် မဆွေးနွေးကြတော့ပေ။
ရှောက်ကုန်း ကျစ်ဟယ် ထိုလူငယ်သခင်လေးမှာမူ ကမ္ဘာကြီးတစ်ခုလုံး၏ရှေ့မှောက်တွင် အနည်းငယ်သော နာမည်ဆိုးကို ရရှိသွားခဲ့သည်။
…
နောက်ဆုံး တစ်ဦးချင်းပြိုင်ပွဲတစ်ပွဲ ကျန်ရှိနေသေးသည် - ရဲရှင်းဟွေ့နှင့် မာလု။
ဤပွဲက တစ်ဦးချင်းချန်ပီယံကို ဆုံးဖြတ်ပေးပေလိမ့်မည်။
မူလက ရဲရှင်းဟွေ့သည် ချန်ပီယံဆုကို မာလုအား တိုက်ရိုက်ပေးအပ်ရန် စီစဉ်ထားခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူသည် ဤပြိုင်ပွဲတစ်ခုတည်းတွင်သာ ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး မာလုမှာမူ ကွဲပြားသည်။ မာလုသည် တရုတ်ပြည်၏ ဝါရင့်ကစားသမားတစ်ဦးဖြစ်ပြီး အနာဂတ်တွင် ကစားရမည့်ပွဲများစွာ ရှိနေသေး၏။
ရဲရှင်းဟွေ့က သူ၏အတွေးများကို ထုတ်ဖော်ပြောပြခဲ့သော်လည်း မာလုက သဘောမတူခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူသည် သူ၏ကိုယ်ပိုင်အစွမ်းဖြင့် ရွှေတံဆိပ်ကို ဆွတ်ခူးလိုခဲ့သည်။ ဤသည်ကိုမြင်သောအခါ ရဲရှင်းဟွေ့သည် မာလုနှင့် တရားမျှတသောပွဲတစ်ပွဲကို ကစားရုံသာ တတ်နိုင်တော့သည်။
မာလု၏ဒဏ်ရာရနေသော လက်ကောက်ဝတ်သည် ယခုလေးတင်က နားနေပြီးနောက် ပွဲကိုဆက်လက်ကစားနိုင်ရန် လုံလောက်စွာ ပြန်လည်သက်သာလာခဲ့သည်။
ပွဲစတင်ပြီဖြစ်သည်။
ဤတရုတ်အသင်းအတွင်းပြိုင်ပွဲသည် ယခင်ပွဲအားလုံးထက် ပိုမိုစိတ်လှုပ်ရှားဖွယ်ကောင်းခဲ့သည်။ မာလုသည် သူ၏လက်ကောက်ဝတ် ဒဏ်ရာရနေသည်ကို သိသည်။ အကယ်၍ သူ ယခင်ပွဲကဲ့သို့ ကစားပါက ပွဲ၏အလယ်ပိုင်းတွင် သူအသေအချာပင် ရှုံးနိမ့်ပေလိမ့်မည်။ ထို့ကြောင့် ဤပွဲတွင် မာလုသည် သူ၏ပုံမှန် တည်ငြိမ်သောကစားဟန်ကို အသုံးမပြုတော့ဘဲ အလွန်ပြင်းထန်စွာ စတင်ကစားခဲ့သည်။
ရဲရှင်းဟွေ့မှာမူ သူသည်လည်း ခံစစ်ဖြင့်မကစားတော့ဘဲ မာလုနှင့်အတူ အပြန်အလှန်ရိုက်ချက်များဖြင့် စတင်ကစားတော့၏။
ပတ်ဝန်းကျင်မှ ပွဲကြည့်ပရိသတ်များနှင့် ရုပ်မြင်သံကြားမှ ပွဲကိုကြည့်ရှုနေသူများသည် ရဲရှင်းဟွေ့နှင့် မာလုတို့၏ပြိုင်ပွဲကြောင့် အလွန်စိတ်လှုပ်ရှားနေကြသည်။ အကြောင်းမှာ ၎င်းမှာ အလွန်ပင် သည်းထိတ်ရင်ဖိုဖွယ်ကောင်းသောကြောင့် ဖြစ်သည်။
နားနေဆောင်တွင် ထိုင်နေသော ရှောက်ကုန်း ကျစ်ဟယ်သည် ဤပွဲကိုကြည့်ရင်း လုံးဝမှင်သက်သွားသည်။
“သူငါ့ကို မလိမ်ခဲ့ဘူး... သူတကယ်ပဲ ပုံရိပ်ယောင်မသုံးခဲ့ဘူး”
ရှောက်ကုန်း ကျစ်ဟယ်သည် ပုံရိပ်ယောင်တစ်ခုကဲ့သို့ စားပွဲပေါ်၌ ဟိုဟိုဒီဒီ ပျံသန်းနေသော ဘောလုံးကိုကြည့်ရင်း သူ၏မျက်လုံးများသည် တဖြည်းဖြည်းနှင့် အာရုံစူးစိုက်မှု ပျောက်ကွယ်သွားသည်။
…
ကွင်းအတွင်း၌ ရမှတ်မှာ နှစ်မှတ်-တစ်မှတ်သို့ ရောက်ရှိသွားလေပြီ။ ဦးစွာ နှစ်မှတ်ရရှိသူမှာ ရဲရှင်းဟွေ့မဟုတ်ဘဲ လက်ကောက်ဝတ်ဒဏ်ရာဖြင့်ရှိသော မာလုဖြစ်သည်။
ဤသည်မှာ ရဲရှင်းဟွေ့က လျှော့ပေးနေသောကြောင့်မဟုတ်ဘဲ သူ၏ခန္ဓာကိုယ်ထဲမှ အာဒါမန်တီယမ် သတ္တုစပ်မှာ အလွန်လေးလံသောကြောင့်ဖြစ်ပြီး သူ၏အမြန်နှုန်းအချို့ကို အနည်းငယ် သက်ရောက်မှုရှိစေသည်။ အာဒါမန်တီယမ် သတ္တုစပ်နှင့် အသားကျသွားသည်နှင့် ထိုအလေးချိန်အနည်းငယ်မှာ များစွာမသက်ရောက်တော့သော်လည်း ရဲရှင်းဟွေ့သည် Wolverine၏စွမ်းရည်ကို ရရှိသည်မှာ ရက်အနည်းငယ်သာ ရှိသေးသည်။ သာမန်ပြေးခြင်းနှင့် ခုန်ခြင်းအတွက် သက်ရောက်မှုမှာ သိသာထင်ရှားခြင်းမရှိသော်လည်း စားပွဲတင်တင်းနစ်ကစားခြင်းမှာ ပြေးခုန်ပစ်ပြိုင်ပွဲတစ်ခု မဟုတ်ပေ။ စားပွဲတင်တင်းနစ်သည် အသေးစိတ်ကို အလွန်အမင်း အာရုံစိုက်ရသေးသည်။
မာလုသည်လည်း ဤအချက်ကို သတိပြုမိပြီး ထို့ကြောင့် သူသည် ထိုအချက်ကိုပစ်မှတ်ထား၍ ထူးချွန်သော နည်းစနစ်ကျသည့် ရိုက်ချက်များစွာကို ကစားခဲ့သည်။
“တကယ်ပဲ... တရုတ်ပြည်ရဲ့ ထိပ်တန်းကစားသမားတစ်ယောက် ပီသပါပေတယ် တကယ်ပဲ အားကောင်းတယ်” ရဲရှင်းဟွေ့က သက်ပြင်းချရင်း ဆိုလိုက်ပြီး ဘောလုံးတည်ပေးကာ စတုတ္ထပွဲကို စတင်လိုက်သည်။
စတုတ္ထပွဲတွင် ရဲရှင်းဟွေ့သည် အသေးစိတ်ကို အာရုံစိုက်မှုနည်းပါးသောကြောင့် ရှုံးနိမ့်သွားပြန်သည်။
နောက်ဆုံးတွင် ချန်ပီယံမှာ မာလုဖြစ်ပြီး ရဲရှင်းဟွေ့က ဒုတိယနေရာကို ရရှိခဲ့သည်။ ရဲရှင်းဟွေ့သည် ချန်ပီယံဆုအပေါ် စွဲလမ်းမှုမရှိပေ။ တရုတ်ပြည်က အနိုင်ရသမျှ ကာလပတ်လုံး သူကျေနပ်သည်။
နောက်ဆုံး တတိယနေရာကိုမူ ရှောက်ကုန်း ကျစ်ဟယ်က ရရှိသွားသည်။ ရှောက်ကုန်း ကျစ်ဟယ် ကစားမတတ်သော်လည်း သူ၏ပြိုင်ဘက်မှာလည်း ဂျပန်နိုင်ငံသားကစားသမားတစ်ဦးပင် ဖြစ်သည်။
…
တစ်ဦးချင်းပြိုင်ပွဲများ ပြီးဆုံးပြီးနောက် နှစ်ယောက်တွဲပြိုင်ပွဲများ အချိန်ရောက်လာသည်။
တရုတ်သည် နှစ်ယောက်တွဲပြိုင်ပွဲများတွင်လည်း ချန်ပီယံနှင့် ဒုတိယချန်ပီယံဆု နှစ်ခုလုံးကို ဆွတ်ခူးခဲ့သည်။ ချန်ပီယံနှင့် ဒုတိယချန်ပီယံအတွဲနှင့်ဆိုလျှင် သူတို့ရှုံးနိမ့်ရန် ခဲယဉ်းလှသည်။
ဒုတိယချန်ပီယံ နှစ်ယောက်တွဲဆုကိုမူ နောက်မှရောက်လာသော တရုတ်နိုင်ငံမှ နှစ်ယောက်တွဲကစားသမားအတွဲတစ်တွဲက ရရှိသွားသည်။
…
ပွဲအပြီးတွင် ရဲရှင်းဟွေ့နှင့် လျိုကောလျန်တို့သည် ပြိုင်ပွဲကျင်းပရာနေရာမှ အတူတကွ ထွက်ခွာလာကြသည်။ နေရာမှထွက်ခွာလာစဉ် ရဲရှင်းဟွေ့သည် ဇီးကွက်အား နေရာအပြင်ဘက်မှ ခုံတန်းတစ်ခုပေါ်တွင်ထိုင်ရင်း ငှက်တစ်ကောင်နှင့် ကစားနေသည်ကို တွေ့လိုက်ရသည်။ ငှက်ဟုဆိုရာတွင် ဘုရင်ဖြူဖြစ်ပြီး အခြားသို့မတွေးပါနှင့်။ သူတို့၏ယခင်က ရဲဘော်ရဲဘက်စိတ်ဓာတ်ကြောင့်လော သို့မဟုတ် ဇီးကွက်၏အမည်ကြောင့်လောမသိ ဘုရင်ဖြူသည် သူ့နှင့် အတော်ပင် ရင်းနှီးသောဆက်ဆံရေး ရှိသည်။
ရဲရှင်းဟွေ့ထွက်လာသည်ကိုမြင်သောအခါ ဇီးကွက်သည် ချက်ချင်းပင် လျှောက်လာခဲ့ပြီး ဘုရင်ဖြူမှာမူ သူ၏ပခုံးပေါ်တွင် ထိုင်နေသည်။
ဇီးကွက်သည်လည်း ယခင်က ရဲရှင်းဟွေ့၏ပွဲကို ကြည့်ရှုခဲ့သည်။ သူသည် ပွဲကိုအာရုံသိပ်မစိုက်သော်လည်း ရှောက်ကုန်း ကျစ်ဟယ်၏ လူပုံအလယ်တွင် အဝတ်ချွတ်ခြင်းမှာ အတော်ပင် စိတ်ဝင်စားဖွယ်ကောင်းသည်ဟု သူထင်သည်။
“မင်းတော်တော်ကစားနိုင်တာပဲလို့ ငါပြောရမယ်” ဇီးကွက်က တွေ့တွေ့ချင်းပင် စနောက်လိုက်သည်။
“ဟားဟား။ နိုင်ငံရပ်ခြားရောက်နေမှတော့ ပျော်ပျော်ပါးပါး နေရမှာပေါ့”
ရဲရှင်းဟွေ့ စကားဆုံးသည်နှင့် ဇီးကွက်က သူ့ကို ဘေးသို့ဆွဲခေါ်သွားသည်။
“ငါပြောမယ်... ပွဲပြီးရင် မြန်မြန်ထွက်သွားကြရအောင်” ဇီးကွက်က အနည်းငယ်တည်ကြည်သောလေသံဖြင့် ဆိုလိုက်သည်။
“ဟင်... အဲဒီလောက် အရေးကြီးလို့လား”
“အရမ်းအရေးကြီးတယ်။ မင်းဒုက္ခပေးခဲ့တဲ့ကောင်လေးက ဂျပန်ဧကရာဇ်ရဲ့ အငယ်ဆုံးသားတော်ပဲ။ ဒီနိုင်ငံရဲ့ခေါင်းဆောင်ရဲ့သားကို ကမ္ဘာကြီးတစ်ခုလုံးရဲ့ရှေ့မှောက်မှာ ဒုက္ခပေးခဲ့ပြီးမှတော့ သူက မင်းကို အလွတ်ပေးလိမ့်မယ်လို့ ထင်နေလား”
“ကောင်းပြီ။ ငါတို့ အခုပဲထွက်သွားကြမယ်”
ဇီးကွက်၏ ရှင်းပြချက်ကိုကြားသောအခါ ရဲရှင်းဟွေ့သည်လည်း သူအနည်းငယ် ဒုက္ခရှာမိပြီဖြစ်ကြောင်း သိရှိသွားသည်။
“ငါတို့ သီးခြားလှုပ်ရှားတာ အကောင်းဆုံးပဲ။ ဒီလိုဆိုရင် နည်းပြလျိုကောလျန်နဲ့ တခြားလူတွေလည်း ပိုလုံခြုံသွားလိမ့်မယ်” ဇီးကွက်က နောက်ဆုံးတွင် ဖြည့်စွက်ပြောလိုက်၏။
ရဲရှင်းဟွေ့က ခေါင်းညိတ်လိုက်ပြီး ဇီးကွက်ပြောသည်မှာ မှန်သည်ဟု ခံစားမိသည်။
…
လျိုကောလျန်သည် ရဲရှင်းဟွေ့နှင့် ဇီးကွက်တို့ တရုတ်ပြည်သို့ ဦးစွာပြန်ရန် စီစဉ်နေသည်ကို သိရှိသောအခါ သူငြင်းဆန်ရန် ကြံရွယ်ခဲ့သည်။ အကြောင်းရင်းမှာ ယခင်က တရုတ်အသင်းအပေါ် တိုက်ခိုက်မှုပင်ဖြစ်သည်။ အကယ်၍ သူတို့တစ်ယောက်တည်း ခရီးသွားပါက အန္တရာယ်ရှိနိုင်ပေသည်။ လျိုကောလျန်သည် တရုတ်ပြည်မှ လူများက သူတို့ကို အိမ်ပြန်ရန် အစောင့်အရှောက်လာကြမည်ဖြစ်ကြောင်း သတင်းရရှိပြီးဖြစ်သည်။
“စိတ်မပူပါနဲ့ နည်းပြ ခင်ဗျား ကျွန်တော်တို့ရဲ့အစွမ်းကို မြင်ဖူးပြီးသားပဲ” ထိုသို့ပြောပြီးနောက် ရဲရှင်းဟွေ့သည် လျိုကောလျန်အား စကားပြောခွင့်မပေးဘဲ လှည့်ထွက်ကာ ဇီးကွက်နှင့် ဘုရင်ဖြူတို့နှင့်အတူ ထွက်ခွာသွားတော့သည်။
ရဲရှင်းဟွေ့၏ကျောပြင်ကိုကြည့်ရင်း လျိုကောလျန်သည် ရဲရှင်းဟွေ့ အဆင်ပြေပါစေဟု စိတ်ထဲမှ ဆုတောင်းနေခဲ့သည်။
…
“စကားမစပ်... ငါတို့ဘယ်မှာလဲ” ရဲရှင်းဟွေ့က ပတ်ဝန်းကျင်ကိုကြည့်ရင်း ဇီးကွက်အား မေးလိုက်သည်။
ဇီးကွက်က အနည်းငယ် စကားမပြောနိုင်ဖြစ်သွားသည်။
“ငါပြောမယ်... ငါတို့ကို ဒီကိုဦးဆောင်ခေါ်လာတာ မင်းပဲလေ ပြီးတော့ ငါတို့ကို ဒါဘယ်နေရာလဲလို့ မေးနေတာလား”
“ကောင်းပါပြီ” ရဲရှင်းဟွေ့က ပခုံးတွန့်လိုက်ပြီး သူ၏ပတ်ဝန်းကျင်ကို စတင်၍ လေ့လာကြည့်ရှုတော့သည်။ ဤနေရာတွင် လူများစွာရှိပြီး သူတို့အားလုံးမှာ အရပ်မျက်နှာတစ်ခုတည်းသို့ လျှောက်သွားနေကြသည်။
ရဲရှင်းဟွေ့သည် လူအုပ်၏ ဦးတည်ရာနောက်သို့ လိုက်သွားပြီး တောင်စောင်းပေါ်တွင် “နိုဂိဘုရားကျောင်း” ဟု ရေးသားထားသော ဒေါင်လိုက်ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသည်။
“နိုဂိဘုရားကျောင်း?”
ဒီနေရာမှာတော့ နိုဂိဘုရားကျောင်းအကြောင်း အတိုချုံးပြောပြချင်ပါတယ်။
နိုဂိဘုရားကျောင်းကို ၁၉၂၃ ခုနှစ်မှာ တည်ဆောက်ခဲ့တာပါ။ မေဂျီခေတ် (၁၈၆၈-၁၉၁၂) က ဗိုလ်ချုပ်ကြီး နိုဂိ မာရဲ့စုကဲနဲ့ သူ့ဇနီး နိုဂိ ရှိဇုကိုတို့အတွက် ရည်စူးပြီး တည်ဆောက်ထားတာပါ။ နိုဂိ မာရဲစုကဲက ဂျပန်စစ်တပ်ရဲ့ ထိပ်တန်းဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး စစ်ဝါဒကို သစ္စာရှိစွာ ထောက်ခံသူပါ။ တရုတ်ပြည်သူတွေအပေါ်မှာ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေလည်း ကျူးလွန်ခဲ့သူပါ။ မေဂျီဧကရာဇ် ကွယ်လွန်တဲ့အခါမှာတော့ သူကိုယ်တိုင်လည်း အဆုံးစီရင်သွားခဲ့ပါတယ်။
ဒီလိုနောက်ခံသမိုင်းကြောင်းရှိတဲ့ နိုဂိဘုရားကျောင်းကို တွေ့တဲ့အခါ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်က ဘာတွေလုပ်မလဲဆိုတာ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။
နောက်တစ်ခုကတော့ ဇာတ်လိုက်ဟာ နောက်ပိုင်းမှာ စွမ်းရည်အသစ်တွေ ရရှိလာပါလိမ့်မယ်။ အဲဒါတွေက နည်းပညာနဲ့ဆိုင်တဲ့ စွမ်းရည်တွေလား ဒါမှမဟုတ် သဘာဝလွန်စွမ်းရည်တွေလားဆိုတာ စာဖတ်သူတို့အနေနဲ့ ဘယ်လိုထင်ပါသလဲ။
ပြီးတော့ "နောက်တစ်ခု" လို့ပြောဖြစ်တာ တော်တော်ကြာပြီနော်။
နောက်တစ်ခု...