တစ္ဆေများ မွေးမြူရာဌာန
Vol. 7 Ch. 93
အနီးရှိ တောင်စောင်းပေါ်မှ နတ်ကွန်းမှာ နာမည်ဆိုးဖြင့် ကျော်ကြားသော နိုဂိနတ်ကွန်းဖြစ်မှန်း သိလိုက်ရသည့်အခါ ရဲရှင်းဟွေ့၏စိတ်ထဲတွင် နှမြောစိတ်တစ်ခု ချက်ချင်းဝင်ရောက်လာသည်။ ဤနေရာမှ အကြောင်းမဲ့ ထွက်သွားလျှင် တစ်စုံတစ်ခု လွဲချော်သွားတော့မည့်အလား ခံစားလိုက်ရ၏။
နိုဂိနတ်ကွန်းကို စိုက်ကြည့်နေသော ရဲရှင်းဟွေ့အား သူ့ဘေးမှ ဇီးကွက်က နားမလည်ဟန်ဖြင့် မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
“ဘာမှမဖြစ်ပါဘူး” ရဲရှင်းဟွေ့က ခေါင်းခါလိုက်ပြီးနောက် ဆက်ပြော၏။ “ငါတို့ ဒီအတိုင်းကြီး ထွက်သွားလို့ မဖြစ်ဘူးလို့ ခံစားနေရလို့ပဲ”
ဇီးကွက်: ...
“မင်း... အဲဒီ နိုဂိနတ်ကွန်းကို သွားကြည့်ဖို့ စီစဉ်နေတာတော့ မဟုတ်ဘူးမလား” ဇီးကွက်က တောင်စောင်းပေါ်မှ နိုဂိနတ်ကွန်းကို လက်ညှိုးထိုးရင်း မေးလိုက်သည်။
“အင်း မင်းတစ်ဝက်မှန်တယ် ကြည့်တာက တစ်ပိုင်း ဒါပေမဲ့ မျက်မြင်တောင်မတွေ့ဖူးဘဲနဲ့ ဘယ်လိုလုပ် မီးရှို့လို့ဖြစ်မှာလဲ”
ရဲရှင်းဟွေ့၏ အဖြေစကားအဆုံးတွင် ဇီးကွက်မှာ မှင်တက်သွားလေသည်။
ယခုအချိန်တွင် ရဲရှင်းဟွေ့ ရှောင်ကုန်း ရှီအိုက်အား အနိုင်ယူခဲ့ခြင်းသည် ဂျပန်နိုင်ငံကို ပါးတစ်ချက်ရိုက်လိုက်ခြင်းနှင့် တူညီသည်။ ယခု သူသာ နိုဂိနတ်ကွန်းကို မီးရှို့လိုက်ပါက နောက်တစ်ချက်ဆင့်ရိုက်လိုက်သလို ဖြစ်သွားပေလိမ့်မည်။
“မဖြစ်ဘူး ငါတို့သာ ဒီလိုလုပ်လိုက်ရင် ဂျပန်နိုင်ငံကနေ တကယ်ပြန်ထွက်နိုင်မှာ မဟုတ်တော့ဘူး”
ရဲရှင်းဟွေ့၏ စိတ်ကူးကို သိသွားလျှင် ဇီးကွက်က ပြတ်ပြတ်သားသားပင် ငြင်းဆန်လိုက်၏။
“ကောင်းပြီလေ ဒါဆို မင်းအရင်သွားနှင့်လိုက်။ ငါက နိုဂိနတ်ကွန်းကို မီးရှို့ပြီးမှ လိုက်ခဲ့မယ်”
စကားဆုံးသည်နှင့် သူက နိုဂိနတ်ကွန်းရှိရာသို့ ခြေဦးလှည့်လိုက်တော့သည်။
ထိုမြင်ကွင်းကိုမြင်သောအခါ ဘုရင်ဖြူကလည်း နောက်မှလိုက်ပါသွားလေသည်။
“ဟေး မင်းတို့ ဒီလို ပေါ့ပေါ့ဆဆလုပ်နေမှတော့ ငါလည်းပြန်လို့မဖြစ်တော့ဘူး ငါတစ်ယောက်တည်းသာ ပြန်သွားရင် ရဲရှင်းချန်က ငါ့ကိုအရှင်လတ်လတ် ဆွဲဖြဲပစ်လိမ့်မယ်”
နိုဂိနတ်ကွန်းကို မီးရှို့ရန် ရဲရှင်းဟွေ့၏ စိတ်ပိုင်းဖြတ်ထားမှုကို မြင်သောအခါ ဇီးကွက်မှာလည်း နောက်မှလိုက်သွားရုံမှတပါး အခြားမရှိတော့ချေ။
…….
နိုဂိတောင်ပေါ်သို့ လျှောက်တက်လာရင်း ရဲရှင်းဟွေ့၏ခေါင်းထဲသို့ အကြောင်းအရာတစ်ခု ရုတ်တရက်ဝင်ရောက်လာခဲ့သည်။ ထိုအရာမှာ သူ၏အစ်မဖြစ်သူအိမ်တွင် တွေ့ခဲ့ရသော အစီရင်ခံစာပင် ဖြစ်သည်။
‘ယာဆုကုနိနတ်ကွန်းအား တရုတ်လူမျိုးစုံတွဲမှ မီးရှို့ဖျက်ဆီး’
ယာဆုကုနိဝိညာဉ်နှိမ်နင်းဂါထာကို မီးရှို့ခဲ့သော ထိုစုံတွဲအပြင် အခြားလူတစ်ဦးလည်း ရှိသေး၏။ ထိုသူမှာ သူ၏ဖခင် စစ်ဘုရင်ပင် ဖြစ်သည်။ ရဲရှင်းဟွေ့သည် သူ့ဖခင်၏ ဘဝရာဇဝင်ထဲတွင် ယာဆုကုနိနတ်ကွန်းအား မီးရှို့ခဲ့ကြောင်း တစ်ခါက ဖတ်ဖူးခဲ့သည်။ သို့သော် ရဲရှင်းဟွေ့သည် ယခုတစ်ကြိမ် ယာဆုကုနိနတ်ကွန်းကို မီးရှို့ခဲ့သောစုံတွဲနှင့် သူ၏ဖခင် မိခင်တို့ကို ဆက်စပ်တွေးတောခြင်းမပြုခဲ့ပေ။
ယာဆုကုနိနတ်ကွန်းကို မီးရှို့ရဲသည့် ထိုစုံတွဲအကြောင်း တွေးမိသောအခါ ရဲရှင်းဟွေ့မှာ အလွန်ပင်အထင်ကြီးလေးစားမိသည်။ သူသာ ထိုသူတို့ မည်သူမည်ဝါမှန်း သိခဲ့ပါလျှင် သူတို့နှင့် သွေးသောက်ညီအစ်ကို ဖွဲ့မိမည်မှာ သေချာသည်။ သူတို့အားလုံးက ဂျပန်နတ်ကွန်းကို မီးရှို့ခဲ့ကြသူများဖြစ်ရာ သွေးသောက်ညီအစ်ကို ဖွဲ့လိုက်လျှင်လည်း သဘာဝကျပေလိမ့်မည်။
……
လူနှစ်ယောက်နှင့် ငှက်တစ်ကောင်တို့သည် တောင်စောင်းတစ်ဝက်ရှိ ဂျပန်နတ်ကွန်း၏ဝင်ပေါက်သို့ လျင်မြန်စွာပင် ရောက်ရှိလာကြသည်။
နိုဂိနတ်ကွန်း၏ ဝင်ပေါက်တွင် ဆိုင်းဘုတ်တစ်ခု စိုက်ထူထား၏။ ရဲရှင်းဟွေ့က ထိုဆိုင်းဘုတ်ကို လက်ညှိုးထိုးပြရင်း သူ့ဘေးမှ ဇီးကွက်ကို မေးလိုက်သည်။ “ဒီမှာ ဘာရေးထားတာလဲ”
ထိုအမေးကိုကြားသော် ဇီးကွက်က ဆိုင်းဘုတ်ကို လှမ်းကြည့်လိုက်ပြီး အနည်းငယ် တင်းမာသွားသော မျက်နှာဖြင့် ပြောလိုက်၏။ “ဒီအပေါ်က အဓိပ္ပာယ်အကျဉ်းက... နိုဂိနတ်ကွန်းထဲကို ဝင်လိုက်တာနဲ့ နိုဂိနတ်ကွန်းကို အရိုအသေပေး ဝတ်ပြုကိုးကွယ်ရာရောက်တယ်လို့ ဆိုလိုတယ်...”
ဇီးကွက်၏ ရှင်းပြချက်ကြောင့် ရဲရှင်းဟွေ့မှာလည်း မျက်မှောင်ကြုတ်သွားလေသည်။
ရဲရှင်းဟွေ့က ဘေးနှစ်ဖက်ကို လှည့်ပတ်ကြည့်ရှုလိုက်ရာ နိုဂိတောင်၏ တောင်စောင်းတစ်ခုလုံးအား ခြံစည်းရိုးများဖြင့် ကာရံထားသည်ကို တွေ့လိုက်ရ၏။ နိုဂိတောင်သို့ ဝင်လိုပါက ဤဝင်ပေါက်မှတစ်ဆင့်သာ ဝင်ရောက်နိုင်ပေသည်။
“ဘာလုပ်ကြမလဲ။ လမ်းလွှဲသွားကြမလား”
ဇီးကွက်မှာလည်း နိုဂိနတ်ကွန်း၏ ပင်မတံခါးပေါက်မှ မသွားလိုသောကြောင့် လမ်းလွှဲသွားရန် အကြံပြုလိုက်သည်။ အဆိုးဆုံးတော့ ခြံစည်းရိုးကို ကျော်ခွသွားရုံသာ သူနှင့် ရဲရှင်းဟွေ့၏ခွန်အားဖြင့် လွယ်လွယ်ကူကူပင် ကျော်သွားနိုင်ပေသည်။
ရဲရှင်းဟွေ့က ခေါင်းညိတ်လိုက်ပြီး အတွင်း၌ တစ္ဆေ သို့မဟုတ် အလားတူသတ္တဝါများ ကိန်းအောင်းနေခြင်းရှိမရှိ သိလိုစိတ်ဖြင့် သူ၏ တတိယမျက်လုံးကို ဖွင့်လိုက်လေသည်။
တတိယမျက်လုံးပွင့်သွားသည်နှင့် တစ်ပြိုင်နက် ရဲရှင်းဟွေ့သည် နိုဂိနတ်ကွန်း၏ နေရာတစ်ခုတွင် တိုင်လုံးသဖွယ် မည်းနက်နေသော ဓာတ်ငွေ့တစ်ခုကို တွေ့မြင်လိုက်ရသည်။ ၎င်းမှာ တစ္ဆေချီစွမ်းအင်ဖြစ်ကြောင်း ရဲရှင်းဟွေ့သိလိုက်ပြီး ဤမျှထူထပ်သော တစ္ဆေချီစွမ်းအင်တို့ စုစည်းနေခြင်းက နိုဂိနတ်ကွန်းအတွင်း၌ တစ္ဆေများကို ဖုံးကွယ်ထားရာ နေရာတစ်ခုရှိနေကြောင်း ညွှန်ပြနေတော့သည်။
တစ္ဆေချီစွမ်းအင်ကို ရှာဖွေတွေ့ရှိပြီးနောက် မောဝ်ရှန်းဂိုဏ်း၏ အမွေဆက်ခံသူတစ်ဦးအနေဖြင့် တစ္ဆေများကို သွားရောက်ဖမ်းဆီးရန်မှာ သူ့တာဝန်ပင် ဖြစ်၏။ ထို့အပြင် ထိုတစ္ဆေများသည် ဂျပန်နိုင်ငံသားများ၏ နှစ်ပေါင်းများစွာ ဝတ်ပြုပူဇော်မှုကို ခံခဲ့ကြရသူများလည်း ဖြစ်သည်။
ရဲရှင်းဟွေ့က ထိုအကြောင်းကို စဉ်းစားကာ ခေါင်းညိတ်လိုက်ပြီး ဘေးဘက်သို့ လျှောက်သွားလိုက်သည်။
လူသူမမြင်နိုင်သော နေရာတစ်ခုသို့ရောက်သော် ရဲရှင်းဟွေ့က ဘုရင်ဖြူကို ဦးစွာပျံတက်၍ ခြံစည်းရိုးနောက်ကွယ်တွင် လူရှိမရှိ စစ်ဆေးစေသည်။ ဘုရင်ဖြူကင်းထောက်ပြီးနောက်တွင်မှ ရဲရှင်းဟွေ့နှင့် ဇီးကွက်တို့ ခုန်ကျော်ဝင်ရောက်လိုက်ကြ၏။ ထို့နောက် ရဲရှင်းဟွေ့ရောက်ရှိသွားသောနေရာမှာ တစ္ဆေချီစွမ်းအင်တို့နှင့် အနီးဆုံးနေရာပင်ဖြစ်နေတော့သည်။
“ငါပြောမယ်... ငါတို့တကယ်ကြီး နေ့ခင်းကြောင်တောင် ယာဆုကုနိနတ်ကွန်းကို မီးရှို့ကြတော့မှာလား။ အဲဒါ အရမ်းပေါ်တင်ဖြစ်မနေဘူးလား”
ဇီးကွက်၏ အမေးကိုကြားသော် ရဲရှင်းဟွေ့က ခေါင်းခါကာ ပြောလိုက်သည်။ “လုံးဝ ပေါ်တင်မဖြစ်ဘူး နေ့ခင်းဘက်မီးရှို့တာက အသင့်တော်ဆုံးပဲ”
ဇီးကွက်မှာ နေ့ခင်းဘက်မှ အဘယ့်ကြောင့်မီးရှို့ရသည်ကို နားမလည်ခဲ့ပေ။ သို့သော် ရဲရှင်းဟွေ့မှာ နေ့ခင်းဘက်က ယန်ချီက တစ္ဆေချီစွမ်းအင်ကို ဖိနှိပ်နိုင်ကြောင်း သိလေသည်။ ညဘက်သာဆိုလျှင် တစ္ဆေချီစွမ်းအင်က အခုထက် အဆပေါင်းများစွာ ပိုအားကောင်းသွားမည်ဖြစ်သည်။ ထိုအချိန်မှ သူတို့နှင့် ရင်ဆိုင်ရမည်ဆိုလျှင် အလွန်တရာ ခက်ခဲသွားပေလိမ့်မည်
……
ခြံစည်းရိုးကို ကျော်ပြီးနောက် ရဲရှင်းဟွေ့သည် တစ္ဆေချီစွမ်းအင်၏ဗဟိုချက်မရှိရာသို့ လျှောက်သွားလေသည်။
ဗဟိုချက်မသို့ရောက်သော် ထိုတစ္ဆေချီစွမ်းအင်၏ ဗဟိုချက်မှာ ဝတ်ပြုရာနေရာ၏ နောက်ကွယ်တွင်ဖြစ်နေကြောင်း ရဲရှင်းဟွေ့ သိလိုက်ရသည်။ နောက်ကွယ်မှ အမှောင်ခန်းသည် ဝတ်ပြုရာနေရာနှင့် ဆက်စပ်နေပြီး ဝတ်ပြုရာနေရာမှ အမွှေးတိုင်ငွေ့များကို အခန်းတွင်းမှ တစ္ဆေများက အပြည့်အဝစုပ်ယူနိုင်ကာ သူတို့၏ တစ္ဆေချီစွမ်းအင်ကို တိုးမြှင့်ရန်အတွက် အသုံးပြုနိုင်ပေသည်။
ထိုအကြောင်းကို တွေးမိလျှင် ရဲရှင်းဟွေ့က ဇီးကွက်ကို ပြောလိုက်၏။ “ဇီးကွက် မင်းအပြင်မှာစောင့်နေ ငါအရင်ဝင်သွားလိုက်မယ်”
“ဟေး မီးရှို့ပြီးတာနဲ့ ပြန်ထွက်ခဲ့ကြရအောင် အတွင်းထဲမှာ တစ်မျိုးကြီးပဲလို့ ငါအမြဲခံစားနေရတယ် မကောင်းတဲ့ နိမိတ်တစ်ခုခုလိုပဲ”
“ငါ့အထင်တော့ မင်းရဲ့အလိုလိုသိစိတ်က တော်တော်မှန်သားပဲ။ မကောင်းတဲ့နိမိတ်ရှိနေလို့ပဲ ငါက ဝင်ကြည့်ချင်တာပေါ့”
ထိုသို့ဆိုပြီးနောက် ရဲရှင်းဟွေ့သည် သူ၏ရှေ့မှ အခန်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လှမ်းဝင်သွားတော့သည်။
…….
ထိုအချိန်မှာပင်...
နိုဂိနတ်ကွန်း၏ ဝင်ပေါက်၌...
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ချင်းယွဲ့ထံသို့ သတင်းပို့နေလေသည်။ “သခင်မလေးချင်းယွဲ့ သခင်မလေး စောင့်ကြည့်ခိုင်းထားတဲ့ လူနှစ်ယောက် နိုဂိနတ်ကွန်းထဲကို ဝင်သွားတဲ့ပုံပါပဲ ဒါပေမဲ့ ပင်မဝင်ပေါက်ကမဟုတ်ဘဲ ခြံစည်းရိုးကို ကျော်ဝင်သွားကြတာ”
ချင်းယွဲ့သည် ထိုစကားကိုကြားသော် ပထမဦးစွာ နိုဂိနတ်ကွန်းဝင်ပေါက်မှ ဆိုင်းဘုတ်ကို လှမ်းကြည့်လိုက်ပြီး ထို့နောက် ပြုံးလိုက်ကာ... “ဟားဟား... သူတို့က နိုဂိနတ်ကွန်းထဲကို ဝင်ပြီး ဘာလုပ်ကြမလို့လဲ”
ထိုစဉ်မှာပင် ချင်းယွဲ့သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။ ထိုအရာမှာ နိုဂိနတ်ကွန်းအတွင်း၌ တစ္ဆေမွေးမြူရာနေရာတစ်ခု ရှိနေခြင်းပင်တည်း။
“ဒုက္ခပဲ... အဲဒီတရုတ်ကောင်လေး တစ္ဆေမွေးမြူတဲ့နေရာကိုများ သွားတာမဟုတ်လောက်ပါဘူးနော်”
တစ္ဆေမွေးမြူရာနေရာဆိုသည်မှာ အမည်နှင့်လိုက်အောင်ပင် တစ္ဆေများမွေးမြူရန်အတွက် အသုံးပြုခြင်းဖြစ်သည်။ နတ်ကွန်းတစ်ခုအတွင်း၌ တစ္ဆေများကို မွေးမြူထားခြင်းဖြင့် ထိုတစ္ဆေများသည် အမွှေးတိုင်များ၏ ပူဇော်သက္ကာရကိုလည်း လက်ခံရရှိကာ သာမန်တစ္ဆေများထက် ပိုမိုအားကောင်းလာကြသည်။
နိုဂိနတ်ကွန်းတွင်သာမက သူမရှိနေသော ဟိုကိုကုနတ်ကွန်းတွင်ပင် တစ်ခုရှိလေသည်။ ထို့အပြင် သူတို့ အာဘယ့်မျိုးနွယ်စုကြီးမှာလည်း မကြာသေးမီက လှုပ်ရှားမှုအချို့ ပြုလုပ်နေသောကြောင့် တစ္ဆေမွေးမြူရာနေရာများမှ တစ္ဆေများမှာလည်း မကြာသေးမီကမှ မတည်မငြိမ်ဖြစ်နေခဲ့သည်။
“သွားပြီ... မဖြစ်ဘူး ငါ သူ့ကိုဆွဲထုတ်လာမှဖြစ်မယ်”
မိမိဘာသာ ရေရွတ်ရင်း ချင်းယွဲ့သည် နိုဂိနတ်ကွန်းအတွင်းသို့ လျှောက်ဝင်သွားလေသည်။ ချင်းယွဲ့သည် ရဲရှင်းဟွေ့၏လုံခြုံရေးကို စိုးရိမ်သောကြောင့် စိတ်ပူနေခြင်းမဟုတ်ပေ။ အကယ်၍ ရဲရှင်းဟွေ့သာ သေဆုံးသွားပါက သူပိုင်ဆိုင်သော တာအိုပညာလမ်းစဉ်ကျမ်းအမွေအနှစ်ကို သူမရရှိနိုင်တော့မည်ကို စိုးရိမ်သောကြောင့်သာ ဖြစ်သည်။
……
ရဲရှင်းဟွေ့သည် တစ္ဆေမွေးမြူရာနေရာ၏ အခန်းတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ထူထပ်သောတစ္ဆေချီစွမ်းအင်များရှိသည့် ဤနေရာအား ဝင်ရောက်ခြင်းမပြုရန် ဤနေရာမှလူများလည်း သိသောကြောင့် ဖြစ်ကောင်းဖြစ်မည်။ အဆောက်အဦ၏ အပြင်ဘက်၌ဖြစ်စေ အတွင်းဘက်၌ဖြစ်စေ စောင့်ကြပ်သူ သို့မဟုတ် သန့်ရှင်းရေးလုပ်သူ တစ်ဦးတစ်ယောက်မှ မရှိခဲ့ချေ။ အပြင်ဘက်တွင် ရဲရှင်းဟွေ့သည် အခန်းနှင့်ခြံဝန်းပတ်လည်၌ ဝင်ရောက်ခြင်းမပြုရန် တားမြစ်ထားသော ဆိုင်းဘုတ်များကိုလည်း တွေ့မြင်ခဲ့ရသည်။
အတွင်းသို့ဝင်လိုက်သည်နှင့် ရဲရှင်းဟွေ့မှာ နေရာအနှံ့ဖုန်များထူထပ်နေသည်ကို တွေ့လိုက်ရပြီး လူသူမဝင်ရောက်သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ကြောင်း ပြသနေလေသည်။ ထို့အပြင် အခန်းတစ်ခုလုံးရှိ ပြတင်းပေါက်အားလုံးကိုလည်း သစ်သားပြားများဖြင့် ပိတ်ထား၏။ ကံကောင်းသည်မှာ တတိယမျက်လုံးတွင် ညအမြင်အာရုံစွမ်းရည်ပါသောကြောင့်သာ သို့မဟုတ်ပါက သူသည် ဤနေရာသို့ဝင်ရောက်သည်နှင့် မျက်စိကန်းသွားသလိုပင် ဖြစ်သွားပေလိမ့်မည်။