← Chapters

ဒုတိယကမ္ဘာစစ်မှ တစ္ဆေ

Vol. 7 Ch. 94

ဒုတိယကမ္ဘာစစ်မှ တစ္ဆေ

Vol. 7 Ch. 94

တတိယမျက်လုံးကိုဖွင့်ကာ တစ္ဆေချီစွမ်းအင်အထူထပ်ဆုံးနေရာသို့ ရဲရှင်းဟွေ့ ကြည့်လိုက်လျှင် မြေအောက်ထပ်သို့ ဆင်းသွားသည့် လှေကားတစ်စင်းကို တွေ့မြင်လိုက်ရသည်။

လှေကားအတိုင်း ဆင်းလိုက်ပြီးနောက် သူရောက်ရှိသွားသည်မှာ ကျယ်ဝန်းသော ခန်းမဆောင်ကြီးတစ်ခုဖြစ်ပြီး ထိုခန်းမဆောင်၏ ဗဟိုတွင် နာမည်ကမ္ဗည်းပြားများစွာကို တည်ထား၏။ ထိပ်ဆုံးမှ ကမ္ဗည်းပြားပေါ်တွင် ရေးထိုးထားသောအမည်မှာ 【နိုဂိ မာရဲ့ဆုကဲ】 ဟူ၍သာ ဖြစ်သည်။

ထိုအခိုက်မှာပင် ပိုမိုထူထဲသော တစ္ဆေချီစွမ်းအင်တို့သည် အရပ်လေးမျက်နှာမှနေ၍ လှိုင်းလုံးကြီးများသဖွယ် သူ့ထံသို့ တိုးဝင်လာတော့သည်။

ဤတစ္ဆေချီစွမ်းအင်ကို ခံစားလိုက်မိသည်နှင့် ရဲရှင်းဟွေ့က ချက်ချင်းပင် ဂါထာတစ်ခုကို ရွတ်ဆိုလိုက်ရာ သူ၏ကိုယ်ထည်ပတ်လည်တွင် ရွှေရောင်အလင်းကန့်လန့်ကာတစ်ခု ပေါ်ထွက်လာသည်။ ထိုရွှေရောင်အလင်းတွင် တစ္ဆေချီစွမ်းအင်ကို ဖြေဖျောက်နိုင်စွမ်းရှိသောကြောင့်ဖြစ်မည် မူလကပင် ထူးဆန်းအေးစက်နေသော ခန်းမဆောင်ကြီးမှာ ချက်ချင်းပင် ပို၍လှိုင်းထန်လာတော့၏။

တတိယမျက်လုံးဖွင့်ထားသော ရဲရှင်းဟွေ့သည် တစ္ဆေချီစွမ်းအင်အမျှင်တန်းများ တဖြည်းဖြည်း လူရိပ်များအဖြစ် ပုံပေါ်လာသည်ကို စောင့်ကြည့်နေလိုက်သည်။

သူ၏မျက်စိရှေ့မှ ပုံရိပ်များမှာ ဒုတိယကမ္ဘာစစ်အတွင်းမှ ဂျပန်တော်ဝင်စစ်တပ်၏ ယူနီဖောင်းများကို ဝတ်ဆင်ထားကြသည်။ ခေါင်းဆောင်ဖြစ်ဟန်တူသူမှာ ရှည်လျားသော ကာတာနာဓားကို ကိုင်ဆောင်ထားပြီး သူ၏ယူနီဖောင်းပေါ်တွင်လည်း စစ်ဘက်ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်မျိုးစုံဖြင့် တန်ဆာဆင်ထား၏။ ရဲရှင်းဟွေ့သာ မမှားဘူးဆိုလျှင် ဤသူမှာ နိုဂိ မာရဲ့ဆုကဲပင် ဖြစ်ပေမည်

နိုဂိ မာရဲ့ဆုကဲက ရဲရှင်းဟွေ့နှင့် သူ့အားပတ်လည်ဝန်းရံထားသော ရွှေရောင်အလင်းကို ကြည့်ကာ ဂျပန်လို နားမလည်နိုင်သောစကားများကို တရစပ်ပြောဆိုနေသည်။ ရဲရှင်းဟွေ့မှာမူ တစ်လုံးတစ်ပါဒမျှ နားမလည်ခဲ့ချေ။

သူနားမလည်သော်ငြား ဤတစ္ဆေများကို တိုက်ခိုက်ရန်ကိုတော့ မည်သည့်အရာကမှ မတားဆီးနိုင်ခဲ့။

ရဲရှင်းဟွေ့က နှုတ်မှ ဂါထာကို ရွတ်ဆိုရင်း လက်ဝါးအတွင်းမှ မိုးကြိုးတစ်ချက်ကို တိုက်ရိုက် ပစ်လွှတ်လိုက်သည်။ လျှပ်စီးတစ်ချက်က မှောင်မိုက်နေသော ခန်းမဆောင်ကြီးကို ခဏတာလင်းထိန်သွားစေပြီးနောက် ဂျပန်စစ်သားယူနီဖောင်းဝတ် ပြင်းထန်သောတစ္ဆေအချို့မှာ လက်ဝါးမိုးကြိုးထိမှန်ကာ မီးခိုးလုံးများအဖြစ်သို့ ချက်ချင်းပြောင်းလဲပျောက်ကွယ်သွားတော့သည်။

ရဲရှင်းဟွေ့ တိုက်ရိုက်တိုက်ခိုက်လာသည်ကိုမြင်သော် နိုဂိ မာရဲ့ဆုကဲမှာ နားမလည်နိုင်သော စကားများကို ထပ်မံပွစိပွစိပြောဆိုလိုက်ပြီးနောက် သူ၏လက်ထဲမှ ကာတာနာဓားကိုဆွဲထုတ်ကာ ရဲရှင်းဟွေ့နားလည်သည့် တစ်ခုတည်းသောစကားစုကို အော်ဟစ်လိုက်တော့သည် -【ယာဂျိဂဲဂဲ】

နိုဂိ မာရဲ့ဆုကဲ၏ အမိန့်ပေးသံအဆုံးတွင် ပြင်းထန်သောတစ္ဆေစစ်သားရာပေါင်းများစွာသည် ရဲရှင်းဟွေ့ထံသို့ ချက်ချင်းပင် ပြေးဝင်တိုက်ခိုက်လာကြသည်။

ထိုမြင်ကွင်းကိုမြင်သော်လည်း ရဲရှင်းဟွေ့မှာ လုံးဝပင် တုန်လှုပ်ခြင်းမရှိခဲ့ပေ။

ရဲရှင်းဟွေ့၏ လက်ရှိစွမ်းရည်ဖြင့်ဆိုလျှင် တစ္ဆေနတ်ဘုရား သို့မဟုတ် တစ္ဆေဘုရင်အဆင့်များမဟုတ်သရွေ့ သူသည် လွယ်လွယ်ကူကူပင် ဖြေရှင်းနိုင်၏။ ထို့အပြင် ဤပြင်းထန်သောတစ္ဆေများ၏ တစ္ဆေချီစွမ်းအင်မှာ အားကောင်းသော်လည်း သူတို့ကိုယ်တိုင်မှာမူ အလွန်တရာ အားနည်းနေကြောင်း ရဲရှင်းဟွေ့ ပြောနိုင်၏။ အကြောင်းမှာ သူတို့သည် တစ်စုံတစ်ယောက်၏ ထိန်းချုပ်မွေးမြူခြင်းကို ခံထားရပြီး ကျင့်ကြံခြင်းနည်းလမ်းတစ်စုံတစ်ရာမရှိဘဲ အမွှေးတိုင်ငွေ့ကိုသာ စုပ်ယူ၍ သူတို့၏တစ္ဆေချီစွမ်းအင်အဆင့်ကို တိုးမြှင့်နေသောကြောင့်ပင် ဖြစ်သည်။

တစ်ချိန်ချိန်တွင် ဤသို့မွေးမြူထားသော ပြင်းထန်သောတစ္ဆေများအား မျိုချခံရမည်မှာ ကြိုတင်ခန့်မှန်းနိုင်လေသည်။

…….

ပြင်းထန်သောတစ္ဆေရာပေါင်းများစွာ ပြေးဝင်လာသည်နှင့် ရဲရှင်းဟွေ့သည် အမှောင်ခွင်းဂါထာကို တစ်ဖန်ပြန်လည်အသုံးပြုလိုက်သည်။

အမှောင်ခွင်းဂါထာကို ရွတ်ဆိုလိုက်သည်နှင့် ရဲရှင်းဟွေ့၏ ကိုယ်ထည်ပတ်လည်မှ ရွှေရောင်အလင်းမှာ ပို၍ပင်တောက်ပလာ၏။ ရဲရှင်းဟွေ့အနားသို့ ချဉ်းကပ်လာသော မည်သည့်ပြင်းထန်သောတစ္ဆေမဆို ချက်ချင်းပင် မီးလောင်ကျွမ်းသွားပြီး ထို့နောက် မီးခိုး လုံးများအဖြစ်သို့ ပြောင်းလဲပျောက်ကွယ်သွားသည်။

သို့သော် ပြင်းထန်သောတစ္ဆေတစ်ကောင် ပျက်စီးသွားတိုင်း ရဲရှင်းဟွေ့၏ ပတ်လည်မှ ရွှေရောင်အလင်းမှာ အနည်းငယ် မှေးမှိန်သွားတတ်သည်။

ထိုအဖြစ်ကိုမြင်သော် ရဲရှင်းဟွေ့သည် သူ၏စိတ်ထဲမှ တာအိုပညာလမ်းစဉ်ပညာရပ်များကြားထဲတွင် အမြန်ပင်ရှာဖွေလိုက်ရာ လက်ရှိအခြေအနေနှင့် သင့်တော်သော ဂါထာတစ်ခုကို မကြာမီပင် တွေ့ရှိသွားတော့သည်။

တစ္ဆေအမြစ်ဖြုတ် အမင်္ဂလာပယ်ရှားခြင်းဂါထာ။

ဤပြင်းထန်သောတစ္ဆေများအားလုံးမှာ ဒုတိယကမ္ဘာစစ်မှ စစ်ရာဇဝတ်ကောင်များဖြစ်ကြပြီး သူတို့၏ယုတ်မာမှုအဆင့်မှာ မနိမ့်ကျသည်မှာ သေချာသည်။ တစ်စုံတစ်ယောက်ကသာ သူတို့ကို ဤနေရာတွင် တစ္ဆေအဖြစ် မွေးမြူမထားပါက ငရဲတစ်ဆယ့်ရှစ်ထပ်သို့ ကျရောက်ရမည်မှာ အကြွင်းမဲ့ပင် ဖြစ်သည်။

“ကောင်းကင်ဘုံ၏ အမိန့်တော်အရ နန်းကိုးဆောင်သို့ တက်လော့ နတ်ဒေဝါအပေါင်းတို့ နေရာတကျရှိကြကုန်၏ နတ်သခင်ထံ ခစားကြကုန်၏။ ဝိညာဉ်တို့ စိတ်ဝိညာဉ်တို့ သဟဇာတဖြစ်ကာ သန့်စင်ပြီး အတွင်းအင်္ဂါငါးပါးတို့ ကြွယ်ဝစွာရှင်သန်ပြီး နတ်ဓာတ်အပေါင်းတို့ နက်ရှိုင်းစွာ စီးဆင်း၍ ခုနစ်ပါးသောအရည်တို့ ပြည့်ဝကုန်၏။ မီးနှင့် နတ်စွမ်းအင်တို့ လဲလှယ်၍ တစ္ဆေတို့ကိုဖယ်ရှားပြီး အမင်္ဂလာကိုပယ်ရှားလော့။ နတ်ဘုရားတို့ အမြဲထာဝစဉ် ရှင်သန်ကြပါစေ ဥပဒေကဲ့သို့ မြဲမြံစွာတည်ပါစေ….ဖမ်း!”

နောက်ဆုံးစကားလုံး “ဖမ်း” ဟု အော်ဟစ်လိုက်သည်နှင့် ရဲရှင်းဟွေ့၏ ကိုယ်ထည်ပတ်လည်မှ ရွှေရောင်အလင်းမှာ ကြေမွသွားပြီးနောက် သူအားဗဟိုပြု၍ ထူးဆန်းသော စွမ်းအင်တစ်ခု အပြင်သို့ ပျံ့နှံ့ထွက်ပေါ်လာသည်။

ဤစွမ်းအင်သည် ပြင်းထန်သောတစ္ဆေတစ်ကောင်နှင့် ထိတွေ့လိုက်သည်နှင့် ထိုပြင်းထန်သောတစ္ဆေမှာ ချက်ချင်းပင် မီးခိုးလုံးများအဖြစ်သို့ ပြောင်းလဲပြီး လုံးဝပျောက်ကွယ်သွားတော့၏။

ရှိရှိသမျှ ပြင်းထန်သောတစ္ဆေအားလုံးကို ဖယ်ရှားပြီးမှသာ ရဲရှင်းဟွေ့သည် ဂါထာရွတ်ဆိုနေသော သူ၏လက်ကို ပြန်ချလိုက်သည်။

ဤအချိန်တွင် ခန်းမဆောင်ကြီးအတွင်း၌ မည်သည့်ပြင်းထန်သောတစ္ဆေတစ်ကောင်မျှ မရှိတော့ဘဲ ထူထပ်သောတစ္ဆေချီစွမ်းအင်တို့သာ လှည့်ပတ်နေဆဲဖြစ်၏။

ထိုအဖြစ်ကိုမြင်သော် ရဲရှင်းဟွေ့သည် တစ္ဆေချီစွမ်းအင်တို့ကို ထပ်မံ၍ ဂရုမစိုက်တော့ချေ။

နောက်ဆုံးတော့ ဤနေရာက ဂျပန် တရုတ်ပြည်မဟုတ်သဖြင့် ဤတစ္ဆေချီစွမ်းအင်က သူ့အိမ်ကို ထိခိုက်စေမည်မဟုတ်ပေ

…….

ထိုအချိန်မှာပင်...

အပြင်ဘက်၌...

ဇီးကွက်တစ်ယောက် ချင်းယွဲ့နှင့် ထိပ်တိုက်ရင်ဆိုင်နေရ၏။

ယခုအချိန်တွင် ဇီးကွက်မှာ သူ၏မျက်လုံးများကို တင်းတင်းမှိတ်ထားပြီး ရှေ့မှောက်မှ အမျိုးသမီးကို မျက်စိဖြင့်မကြည့်ဘဲနေသည်။ အကြောင်းမှာ သူသာမျက်စိဖွင့်လိုက်လျှင် သူမ၏ မာယာပညာဖြင့် ထိန်းချုပ်ခံရမည်ကို သူသိသောကြောင့်ဖြစ်သည်။

ဘုရင်ဖြူမှာလည်း အနီးအနားမှ သစ်ပင်တစ်ပင်ပေါ်တွင်ရပ်နေကာ ရှေ့မှအမျိုးသမီးကို စိုက်ကြည့်နေလေသည်။

“မျိုးရိုးနာမည် ရဲ ဆိုတဲ့ကောင်လေး ဝင်သွားပြီလား”

ချင်းယွဲ့က မျက်လုံးများကို တင်းတင်းမှိတ်ထားသော ဇီးကွက်ကိုစိုက်ကြည့်ရင်း အေးစက်သောလေသံဖြင့် မေးလိုက်သည်။

“ဘာလဲ။ မင်းဝင်ချင်လို့လား။ ငါမင်းကို အလွယ်တကူတော့ ဝင်ခွင့်ပြုမှာမဟုတ်ဘူး”

စကားပြောနေရင်း ဇီးကွက်သည် ဓားမြှောင်တစ်ချောင်းကို ထုတ်ယူလိုက်သည်။

ချင်းယွဲ့က ခေါင်းခါကာ ပြောလိုက်၏။ “သေသွားတဲ့လူတွေက... အခုငါ့အတွက် အသုံးမဝင်တော့ဘူး”

ထိုသို့ဆိုပြီးနောက် ချင်းယွဲ့သည် ထွက်ခွာရန် ရည်ရွယ်လိုက်သည်။ သူမ၏အမြင်တွင် ရဲရှင်းဟွေ့သည် သေရွာသို့လားရမည်မှာ သေချာပြီး သူ၏တာအိုပညာလမ်းစဉ်အမွေအနှစ်ကိုလည်း ရနိုင်တော့မည်မဟုတ်ပေ

ချင်းယွဲ့က ထွက်ခွာလိုသော်လည်း ဇီးကွက်က ခွင့်မပြုခဲ့ချေ။

“ဟေး မင်းစကားကို ရှင်းရှင်းလင်းလင်းပြောစမ်း”

“စာသားအတိုင်းပဲလေ။ အဲဒီအိမ်ထဲကိုဝင်သွားရင် သူအသက်ရှင်လျက်ပြန်ထွက်လာမှာ လုံးဝမဟုတ်ဘူး။ အတွင်းထဲမှာ ပြင်းထန်တဲ့တစ္ဆေရာပေါင်းများစွာ ရှိတယ်။ ငါဝင်သွားရင်တောင် ပြန်ထွက်နိုင်ချင်မှထွက်နိုင်မှာ”

လူယုတ်မာတို့ စကားများတတ်သည် ဟူသောစကားပုံအတိုင်းပင်။ ချင်းယွဲ့သည် ဤတစ္ဆေမွေးမြူရာနေရာ၏ အသေးစိတ်အချက်အလက်များကို ဖွင့်ချလိုက်ရုံသာမက သူမ၏နတ်ကွန်းတွင်လည်း တစ္ဆေမွေးမြူရာနေရာတစ်ခုရှိကြောင်းကိုပါ ဖော်ပြလိုက်လေသည်။

နောက်ဆုံးတွင် သူက ကြွားဝါလိုက်သေး၏။ အဓိပ္ပာယ်အကျဉ်းမှာ... မင်းတို့ တရုတ်တာအိုပညာကျင့်စဉ်က အဲ့လောက်မကောင်းပါဘူး တစ္ဆေမွေးမြူတဲ့နေရာထဲဝင်သွားရင် သေဖို့သာပြင်ထားတော့

ချင်းယွဲ့၏ ရှင်းပြချက်ကြောင့် ဇီးကွက်၏မျက်နှာမှာ တင်းမာသွားသည်။

ဇီးကွက်၏ မျက်နှာပျက်နေသည်ကိုမြင်သော် ချင်းယွဲ့က တိုးတိုးလေးရယ်မောလိုက်ပြီး ထွက်ခွာသွားတော့သည်။ ဇီးကွက်ကို ဘယ်လိုဖြေရှင်းမလဲဆိုလျှင်တော့ အဲဒါကို ကြမ်းတမ်းတဲ့နင်ဂျာတွေကပဲ တာဝန်ယူပါစေ သူမကိုယ်တိုင်တော့ လက်ပါမှာမဟုတ်ဘူး

…….

ချင်းယွဲ့ထွက်ခွာသွားသည်ကို ကြားပြီးနောက် ဇီးကွက်က မျက်လုံးဖွင့်လိုက်ပြီး သူ၏နောက်ကွယ်မှ တံခါးကို လှမ်းကြည့်လိုက်သည်။ အသက်ပြင်းပြင်းတစ်ချက်ရှူပြီး ဇီးကွက်သည် အတွင်းဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် လှမ်းဝင်သွားလေသည်။

သို့သော် သူဝင်မသွားခင်မှာပင် ရဲရှင်းဟွေ့သည် အတွင်းထဲမှ ထွက်လာခဲ့သည်။

“မင်း ဘာမှမဖြစ်ဘူးလား”

ရဲရှင်းဟွေ့ကို မြင်သော် ဇီးကွက်က အလွန်စိတ်လှုပ်ရှားစွာ မေးလိုက်၏။

“ငါ့မှာ ဘာဖြစ်နိုင်စရာရှိလို့လဲ”

ရဲရှင်းဟွေ့အား သေချာစေ့စေ့စပ်စပ်ကြည့်ရှုပြီးမှ ဇီးကွက်က အစောပိုင်းက ချင်းယွဲ့နှင့်ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြလေသည်။

ချင်းယွဲ့ထံတွင်လည်း ထိုသို့သော တစ္ဆေမွေးမြူရာနေရာတစ်ခုရှိကြောင်း သိလိုက်ရသော် ရဲရှင်းဟွေ့မှာလည်း မျက်မှောင်ကြုတ်သွားသည်။

“အဲဒီနေရာကလည်း စစ်ရာဇဝတ်ကောင်တစ္ဆေတွေကို မွေးမြူတဲ့နေရာပဲလား”

သူရေရွတ်လိုက်ရင်း ရဲရှင်းဟွေ့၏ စိတ်ထဲတွင် ချင်းယွဲ့ရှိနေသောနတ်ကွန်းသို့ တစ်ခေါက်လောက် သွားလည်ကြည့်ရန် စိတ်ကူးပေါက်လာသည်။

သို့သော် ထိုအချိန်မှာပင် ရဲရှင်းဟွေ့နှင့် ဇီးကွက်ထံသို့ ရှူရိကန်များစွာ ပျံသန်းလာလေ၏။

ထိုအဖြစ်ကိုမြင်သော် ဇီးကွက်က သူ၏ဓားမြှောင်ကို ချက်ချင်းထုတ်ယူကာ အကြိမ်ပေါင်းများစွာ အလျင်အမြန်ပင် ယမ်းခါလိုက်သည်။ “ဒင် ဒင် ဒင်...” ဟူသော အသံများသာကြားလိုက်ရပြီး ရှူရိကန်များစွာကို သူက ခုတ်ချလိုက်လေသည်။

သို့သော် ဒါသာလျှင်မဟုတ်ပေ။ ရှူရိကန်များ အသုံးမဝင်ကြောင်းမြင်သော် တိုက်ခိုက်သူများက ကာတာနာဓားများဖြင့် တိုက်ရိုက်ပင် ပြေးဝင်တိုက်ခိုက်လာကြသည်။

ထိုမြင်ကွင်းကိုမြင်သော် ရဲရှင်းဟွေ့က သူ၏ဘေးမှ ဘုရင်ဖြူကို ပြောလိုက်၏။ “ဘုရင်ဖြူ မင်းအဲဒီအမျိုးသမီးကို သွားစောင့်ကြည့်ထား။ သူဘယ်နတ်ကွန်းကလဲဆိုတာ ငါသိချင်တယ်”

ထိုအမေးကိုကြားသော် ဘုရင်ဖြူသည် ချင်းယွဲ့ထွက်ခွာသွားသော အရပ်သို့ လိုက်ပါသွားလေသည်။

ဘုရင်ဖြူထွက်ခွာသွားပြီးနောက် ရဲရှင်းဟွေ့နှင့် ဇီးကွက်တို့သည်လည်း တိုက်ခိုက်လာသော နင်ဂျာများနှင့် ရင်ဆိုင်တိုက်ခိုက်ကြတော့သည်။

ဤတစ်ကြိမ်တွင် ရဲရှင်းဟွေ့သည် စစ်မှန်သော နင်ဂျူစုပညာမည်သို့မည်ပုံရှိသည်ကို နောက်ဆုံးတွင် တွေ့မြင်လိုက်ရလေသည်။ တိုက်ခိုက်လာသောနင်ဂျာများမှာ ဟန်ပြသာဖြစ်ပြီး အမှန်တကယ်အဓိကတိုက်ခိုက်သူများမှာ နောက်မှမီးလုံးများမှုတ်ထုတ်နေသော ဂျိုနင်နှစ်ယောက်ပင်ဖြစ်သည်။ ထို့အပြင် နောက်ထပ်ဂျိုနင်နှစ်ယောက်သည် မြေအောက်မှပေါ်ထွက်လာပြီး သူတို့၏ကူနိုင်များဖြင့် ရဲရှင်းဟွေ့နှင့် ဇီးကွက်တို့၏ သေကွင်းများသို့ တိုက်ရိုက်ပင်ထိုးစိုက်လာကြသည်။

စစ်မှန်သောနင်ဂျူစုပညာကို တွေ့မြင်လိုက်ရသည့်အခါ ရဲရှင်းဟွေ့၏ စိတ်လှုပ်ရှားမှုမှာ တစ်စက္ကန့်ပင်မခံလိုက်ဘဲ ငြီးငွေ့သွားရတော့သည်။

“ချီး! Naruto နဲ့ တော်တော်ကွာတာပဲ”

သူရေရွတ်လိုက်ပြီးနောက် ရဲရှင်းဟွေ့နှင့် ဇီးကွက်တို့သည် ရှိရှိသမျှနင်ဂျာအားလုံးကို ရှင်းလင်းလိုက်ကြသည်။

ဤနင်ဂျာများကို ရှင်းလင်းပြီးနောက် ရဲရှင်းဟွေ့နှင့် ဇီးကွက်တို့သည် အလောင်းများထံမှ ပစ္စည်းများကို လုယက်ကြတော့သည်။ လက်နက်အချို့ကိုတွေ့ရှိသည့်အပြင် ကားသော့အနည်းငယ်လည်း ပါလေသည်။

“အိုး? နင်ဂျာတွေလည်း ကားမောင်းကြတာပဲလား”

သူညည်းညူလိုက်ပြီး ကားသော့များကို ဇီးကွက်ထံပစ်ပေးကာ ပြောလိုက်၏။ “ဇီးကွက် ဓာတ်ဆီသွားယူခဲ့”

ထိုအမေးကိုကြားသော် ဇီးကွက်က ခေါင်းညိတ်ပြီး တောင်အောက်မှ ကားပါကင်ဆီသို့ ထွက်ခွာသွားလေသည်။

ဆယ်မိနစ်ခန့်ကြာလျှင် ဓာတ်ဆီပုံးတစ်ပုံးဖြင့် ပြန်လည်ရောက်ရှိလာခဲ့သည်။

ဓာတ်ဆီရှိလျှင် မီးရှို့ရန်မှာ အလွန်လွယ်ကူသွားပေပြီ။

သူသည် သစ်သားအိမ်ပတ်လည်တွင် ဓာတ်ဆီဖြန်းလိုက်ပြီး ရဲရှင်းဟွေ့က လေလမ်းကြောင်းကို ထပ်မံစစ်ဆေးလိုက်သည်။ လေက အိမ်တစ်ကွင်းလုံးကို မီးလောင်ကျွမ်းစေနိုင်သည်ဟု ခံစားရသောအခါ သူသည် မီးခြစ်တစ်လုံးထုတ်ယူကာ မီးစတင်ရှို့လိုက်လေသည်။ ဓာတ်ဆီ၏ အားဖြည့်မှုကြောင့် မီးတောက်များမှာ ချက်ချင်းပင် တဟုန်းဟုန်းတောက်လောင်သွားတော့၏။

လိမ္မော်ရောင်-အနီရောင် မီးတောက်များနှင့် တစ္ဆေချီစွမ်းအင်တို့ရောနှောနေသော မီးခိုးလိပ်များ တက်လာသည်ကို ကြည့်ရင်း ရဲရှင်းဟွေ့သည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ဇီးကွက်နှင့်အတူ ထိုနေရာမှ ထွက်ခွာသွားတော့လေသည်။

All Chapters